← Chapters

ညီလေး၊ မြန်မြန် ပြေး

Vol. 29 Ch. 440

ညီလေး၊ မြန်မြန် ပြေး

Vol. 29 Ch. 440

ဝတ်စုံနီမိန်းမပျို၏ ကျင့်ကြံခြင်းအဆင့်က သာမန်မဟုတ်ပေ။ ထိုအချိန်၌ သူမ၏မျက်လုံးများ စူးရှဝင်းလက်သွားသည်။ သူမ၏နောက်ဘက်ရှိ သွေးရေကန်က တဝေါဝေါ မြည်ဟည်းလာပြီး ကန်ထဲတွင် မျက်လုံးတစ်လုံး ပေါ်လာသည်။

ထိုမျက်လုံး၏ ဒေါင်လိုက်သူငယ်အိမ်မှ ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ထုတ်လွှတ်လိုက်သည်။ ၎င်း၏အကြည့်သည် ဖိနှိပ်နိုင်သည့်အစွမ်း ရှိဟန်တူသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးလောကကြီးက ရောင်ပြန်ဟပ်သွားပြီး ရွှီချင်းရှိရာအရပ်သို့ ကြည့်လိုက်သည်။

ရွှီချင်း လျစ်လျူရှုထားသည်။

ထိုအမျိုးသမီးသည် ကောင်းကင်နန်းတော်တစ်ဆောင်နှင့် ရွှေအမြုတေအဆင့်သာ ရှိသည်။ ဒုတိယအဆင့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်နှင့် သူမ၏ကိုယ်ပိုင်စွမ်းအားများ ပူးပေါင်းလိုက်လျှင် နန်းတော်နှစ်ဆောင်ကို သံသယမရှိ ယှဉ်နိုင်ပေမည်။ တခြားပြိုင်ဘက်သာ ဆိုပါက ချက်ချင်းပင် သူမ၏ဖိနှိပ်ခြင်း ခံရပေမည်။

သို့သော် ရွှီချင်း၏ အစွမ်းကို သူမ မသိပေ။

ရွှီချင်းသည် ကောင်းကင်နန်းတော်နှစ်ဆောင်ရှိပါသော်လည်း ဖုံးကွယ်ထားလေ့ရှိသည်။ ထို့ပြင် သူ၏ဒုတိယအဆင့် ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကိုလည်း ထုတ်ဖော်ခြင်း မရှိပေ။

ဂရုတစိုက် စစ်ဆေးမကြည့်ပါက သူ၏အစစ်အမှန်စွမ်းအားကို မြင်နိုင်ရန် အလွန်ခက်ပေမည်။

ထို့ကြောင့် ဝတ်စုံနီမိန်းမပျို အောင်မြင်နိုင်ရန် မဖြစ်နိုင်ပေ။

အရာအားလုံးသည် တခဏလေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရွှီချင်းသည် ပေါက်ကွဲထွက်လာသော ကျင့်ကြံခြင်းစွမ်းအားများနှင့်အတူ တဟုန်ထိုး ပြေးတက်သွားသည်။ သူသည် မိန်းမပျို၏ တိုက်ခိုက်မှုကို မမှုဘဲ ရွှေရောင်သွေးစက်အနီးသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်သွားပြီး ရွှေရောင်သွေးစက်ကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက် ရွှေရောင်သွေးစက်ကို သိမ်းဆည်းလိုက်ပြီး လှစ်ခနဲ လှုပ်ရှားကာ အဝေးသို့ ပြေးထွက်သွားသည်။ သူသည် အရှိန်တင်ရန် တွန်းကန်အားကိုပင် အသုံးချလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ထိုအခြင်းအရာအားလုံး ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဝတ်စုံနီမိန်းမပျို၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ တာအိုသွေးစက် လုယူခံလိုက်ရသည်ကို မြင်၍ ဝတ်စုံနီမိန်းမပျို၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပေါ်လာသည်။ ဝတ်စုံနီမိန်းမပျိုသည် ညာလက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် မိစ္ဆာတစ္ဆေကြီး၏ မျက်လုံးများ ပွင့်လာပြီး ကြက်သွေးရောင်အလင်းများ ဖြာထွက်လာသည်။

“ နင်က သေချာဖုံးကွယ်ထားတာပဲ။ ဒါပေမဲ့ နန်းတော်သုံးဆောင်ပဲမလား။ ငါလဲ လုပ်နိုင်ပါတယ် ”

မိန်းမပျိုက လျှာထိပ်ကို ကိုက်လိုက်ပြီး မိစ္ဆာတစ္ဆေတံစဉ်ပေါ်သို့ သွေးအနည်းငယ် ထွေးထုတ်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် တူညီသော ကြက်သွေးရောင်အလင်းများ ဝင်းလက်လာသည်။

“ လီထူက ကံကောင်းခြင်းကို အမွေဆက်ခံတယ်။ တာအိုအမှတ်အသားတွေက ရှာဖွေရ ခက်တယ်။ အရှင်ရွှမ်ယုံ၊ ကျေးဇူးတော်ကို ချီးမွမ်းသောအားဖြင့် လမ်းညွှန်ပြသပေးပါ။ တိုက်ပွဲဝိညာဉ် ဆင်းသက်ပါလော့။ ကျွန်ုပ်ဂိုဏ်းကို ခရီးထွက်ဖို့ ဆောင်မတော်မူပါ ”

ထိုစကားများသည် ရှေးခေတ်လေသံဖြင့် ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုလိုက်ခြင်း ဖြစ်သည်။ ထိုစကားများ ပဲ့တင်ထပ်သွားသည်နှင့် လောကကြီးကို အင်အားတချို့ သက်ရောက်သွားပုံရပြီး လေအေးများ တဟူးဟူး တိုက်ခတ်လာသည်။

ထိုလေအေးများသည် ဤနေရာရှိ ဖိအားများကို မမှုဘဲ ဝတ်စုံနီမိန်းမပျို၏ ပတ်လည်တွင် လျင်မြန်စွာ စုစည်းလာသည်။ ပို၍ တိတိကျကျဆိုရလျှင် ဝတ်စုံနီမိန်းမပျို၏ လက်ထဲရှိ မိစ္ဆာတစ္ဆေတံစဉ်ကြီးပတ်လည်တွင် စုစည်းလာခြင်း ဖြစ်သည်။

လေအေးအောက်တွင် မိစ္ဆာတစ္ဆေကြီး၏ မျက်လုံးများ ပို၍ပင် နီမြန်းလာသည်။ မိန်းမပျိုသည်လည်း အတူတူပင်။

နီမြန်းခြင်းက အကန့်အသတ်သို့ ရောက်ရှိသွားပြီးနောက် မိစ္ဆာတစ္ဆေကြီးသည် ပါးစပ်ကြီးကို ဟ၍ မိန်းမပျို၏ လက်ကို ကိုက်လိုက်သည်။

ထို့နောက် လျှို့ဝှက်စွမ်းအားတစ်မျိုးဖြင့် အားဖြည့်ပေးခြင်း ခံလိုက်ရသည့်အလား မိန်းမပျို၏ တစ်ကိုယ်လုံး တုန်ရီသွားသည်။ မိန်းမပျို ခေါင်းမော့လိုက်သောအခါ မျက်လုံးများထဲတွင် စူးရှတောက်ပသော အရိပ်အယောင်များ ပေါ်လာသည်။ မိန်းမပျိုသည် ညာလက်ကို မြှောက်၍ မနီးမဝေးတွင် အရှိန်တင်၍ သွားနေသော ရွှီချင်းထံသို့ ရွယ်ကာ ဝှေ့ယမ်းလိုက်သည်။

ထို့နောက် ခပ်အက်အက်အသံ လွင့်ပျံလာသည်။

“ ပြန်လာခဲ့ ”

ထိုအသံသည် အဘွားအိုတစ်ဦးက မိန်းမပျိုနှင့်အတူ တွဲဖက်၍ ပြောလိုက်သည်နှင့် ဆင်တူသည်။ အသံများ ထပ်သွားပြီး အလွန် ထူးဆန်းသောလေသံဖြစ်သွားသည်။

ထိုလျှို့ဝှက်အတတ်သည် ဝတ်စုံနီမိန်းမပျိုက ပြင်ပအထောက်အပံ့အနေဖြင့် ပိုမိုအားကောင်းသော အတိုက်အခိုက်စွမ်းရည်များကို ရရှိစေရန် ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းတိုက်ပွဲဝိညာဉ်အား လမ်းညွှန်နေသည်နှင့် ဆင်တူသည်။

ထိုအသံ ဟိန်းထွက်လာသည့်အခိုက် ရွှီချင်း၏ခန္ဓာကိုယ် ရပ်သွားသည်။ မမြင်ရသော အားလှိုင်းတစ်ခုက သူ့ကို အရပ်မျက်နှာအနှံ့မှ ဆွဲခေါ်နေပြီး သူ့တစ်ကိုယ်လုံး ချုပ်နှောင်ခံနေရသည့်အလား ခံစားလိုက်ရသည်။

“ ညီလေး၊ ဂရုစိုက်။ အဲဒီမိန်းမက လီထူဂိုဏ်းရဲ့ လျှို့ဝှက်အတတ်ကို အသုံးချပြီး ခန္ဓာကိုယ်ထဲက တိုက်ပွဲဝိညာဉ်ကို လမ်းညွှန်ပေးနေတာ ”

မနီးမဝေးရှိ ခေါင်းဆောင်က ထိုဖြစ်ရပ်ကို မြင်၍ အော်ပြောလိုက်သည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ ထိုစွမ်းအားသည် မကောင်းဆိုးဝါးတစ်ကောင်နှင့် ပိုဆင်သည်ဟု သူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီး ရုတ်တရက် ဝင်းလက်လာကာ တခဏလေးအတွင်း သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ မကောင်းဆိုးဝါးစွမ်းအားများ ပြိုကွဲသွားသည်။

ရွှီချင်း၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ထွက်ခွာရန်ပြင်လိုက်သည်။ သို့သော်လည်း အမှန်စင်စစ် ဝတ်စုံနီမိန်းမပျိုက သူ့ကို နောက်မှ ဆွဲယူရန် ကြိုးစားလိုက်ခြင်း မဟုတ်ပေ။ ထိုသို့ ဆွဲယူခြင်းသည် ဖြစ်နိုင်ချေ မမြင့်မားကြောင်း သူမ ကောင်းစွာ သိသည်။

သူမ၏ရည်ရွယ်ချက်က ရွှီချင်း၏လှုပ်ရှားမှုများကို ရပ်တန့်သွားစဉ် ရွှီချင်းကို ဖမ်းမိနိုင်ရန် ဖြစ်သည်။

ထို့ကြောင့် သူမက လက်ကိုဝှေ့ယမ်းလိုက်သည့်တချိန်တည်းမှာပင် ရွှီချင်းထံသို့ တဟုန်ထုး ဦးတည်သွားလိုက်ပြီ ဖြစ်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ ဆွဲအားများ ပျောက်ပျက်သွားသည်နှင့် ဝတ်စုံနီမိန်းမပျိုက အနီးသို့ ရောက်နေပြီ ဖြစ်သည်။ ဝတ်စုံနီမိန်းမပျို၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်နန်းတော်သုံးဆောင် စွမ်းအားများ ထွက်ပေါ်လာပြီး ကြောက်ခမန်းလိလိအားလှိုင်းတစ်ခု ဖြစ်သွားကာ တံစဉ်မှာ ယိမ်းနွဲ့နေသည့်အလား လှုပ်ရှားသွားသည်။

လူတစ်ရပ်စာရှည်သော ထိုတံစဉ်ကြီးသည် အစစ်အမှန်ထင်ရသော်လည်း ရံဖန်ရံခါ ပုံရိပ်ယောင် ဖြစ်သွားတတ်သည်။ တံစဉ်ကြီးက မြန်ဆန်စွာ ရွေ့လျားနေသည်ဖြစ်၍ အနက်ရောင်လခြမ်းကွေးသဏ္ဍာန်ပုံရိပ်များစွာ ဖြစ်ပေါ်လာကာ လေဟာနယ်ကို ထိုးခွင်း၍ ရွှီချင်း၏ လည်ပင်းဆီသို့ ရောက်သွားသည်။

ဝတ်စုံနီမိန်းမပျို၏ မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ်များ၊ သူ့ကိုယ်သူ ယုံကြည်ခြင်းများဖြင့် ပြည့်နေသည်။

ယခင်က ကောင်းကင်နန်းတော်သုံးဆောင်ကျင့်ကြံသူမျာကို သူမ သတ်ဖြတ်ခဲ့ဖူးသည်။

သူမ၏လက်ထဲရှိ မိစ္ဆာတစ္ဆေတံစဉ်ကြီးသည် ဂိုဏ်း၏ ရတနာတစ်ပါး ဖြစ်သည်။ ထိုတံစဉ်ကြီးသည် ထူးခြားသောဇစ်မြစ်ရှိသည်။ ဂိုဏ်း၏မှတ်တမ်းများအရ မြင့်မြတ်သောနယ်မြေနှင့် ဆက်စပ်နေပုံရသည်။

ထိုတံစဉ်ကြီးသည် အကာအကွယ်များအားလုံးကို မမှုပေ။ တစ်ဖက်လူတွင် အကာအကွယ်အလွှာများနှင့် အကာအကွယ်ပစ္စည်းများ ရှိနေသည့်တိုင်အောင် တံစဉ်ကြီးရှေ့တွင် အချည်းနှီး ဖြစ်သွားရမည် ဖြစ်သည်။

ထိုအချိန်၌ ခေါင်းဆောင်၏ အော်ဟစ်သံ လွင့်ပျံလာသည်။

“ ညီလေး၊ ဂရုစိုက်။ အဲဒီကလေးမက ထူးဆန်းတယ်။ အဲဒီတံစဉ်ကို အခုမှ ငါ မှတ်မိတယ်။ လီထူဂိုဏ်းရဲ့ ရတနာတစ်ပါးပဲ။ အဲဒီတံစဉ်ကို အကာအကွယ်တွေကို ထိုးဖောက်ပြီး သွားနိုင်တယ်လို့ ပြောကြတယ် ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုအနက်ရောင်တံစဉ်ကြီးက မည်မျှထူးခြားပြီး ဝတ်စုံနီမိန်းမပျို၏ လျှို့ဝှက်အတတ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ အာရုံခံနိုင်သည်။ ထိုအချိန်၌ သူ၏ခန္ဓာကိုယ် ရုတ်တရက် မည်းနက်လာပြီး သူ၏အမြန်နှုန်း ထိုးတက်သွားကာ သူ့ရှေ့ရှိ တံစဉ်ကြီးကို ပွတ်ကာသီကာဖြင့် ရှောင်တိမ်းလိုက်သည်။

သူက တံစဉ်ကြီးကို ရှောင်တိမ်းနိုင်လိုက်ပါသော်ငြား တံစဉ်ကြီးဆီမှ ဖိအားများ ထွက်လာရာ ရွှီချင်း၏ ကျင့်ကြံခြင်းစွမ်းအားများ မငြိမ်မသက် ဖြစ်သွားသည်။

ထိုကဲ့သို့ အခြေအနေကို ပထမဆုံးအကြိမ် ရွှီချင်း ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

ဝတ်စုံနီမိန်းမပျိုသည် ခုတ်ပိုင်းလိုက်ပြီးနောက် တံစဉ်ကို ထပ်မံဝှေ့ယမ်းလိုက်သည်။ သူမ၏ပစ်မှတ်သည် ရွှီချင်း၏လည်ပင်း ဖြစ်နေဆဲပင်။

ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူသည် နောက်ဆုတ်ပြီး ရှောင်တိမ်းလိုက်ရင်း သူ့ခန္ဓာကိုယ်ထဲရှိ မငြိမ်မသက်ဖြစ်နေခြင်းကို ဖိနှိပ်လိုက်ပြီး တံစဉ်ကို အကဲခတ်လိုက်သည်။ တဖြည်းဖြည်းနှင့် ထိုတံစဉ်က အစစ်အမှန်ဖြစ်ပုံရပါသော်လည်း အမှန်စင်စစ် ဂါထာ၏ စွမ်းအားဖြင့် ရုပ်လုံးပေါ်နေခြင်း ဖြစ်သည်ကို နားလည်လိုက်သည်။

ထိုမိန်းမပျိုက ငါးကြိမ်မြောက်ဝှေ့ယမ်းပြီးနောက် ခြောက်ကြိမ်မြောက်ဝှေ့ယမ်းလိုက်သောအခါတွင် ရွှီချင်း၏ မျက်လုံးများထဲ နားလည်သည့်အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး တိုးဝင်လာသော တံစဉ်ကို တားဆီးလိုက်သည်။

တံစဉ်က ချက်ချင်း နီးကပ်လာသည်။ ထိုအချိန်တွင် ရွှီချင်း၏ ညာလက်သည် ရုတ်တရက် ပုံရိပ်ယောင် ဖြစ်သွားသည်။

ယင်းသည် ကွေ့ယုံသိုတောက်အတတ်ဖြစ်ပေသည်။

ထိုအတတ်သည် သူ၏ညာလက်ကို မကောင်းဆိုးဝါးအခြေအနေသို့ ပြောင်းလဲပေးလိုက်သည်။

မကောင်းဆိုးဝါးအခြေအနေသည် ဂါထာများ၏ စွမ်းအားကို ကျော်လွှားနိုင်သည်။ ယင်းသည် သဘာဝလွန်မိစ္ဆာမျိုးနွယ်၏ မွေးရာပါ စွမ်းရည်များအနက် တစ်ခု ဖြစ်သည်။ ထိုအချိန်က တံစဉ်ကြီးက ရွှီချင်း၏ ဖောက်ထွင်းမြင်ရသော ညာလက်ကို ကျော်ဖြတ်သွားသည်။

ရွှီချင်း၏ မျက်လုံးများထဲ လူသတ်ချင်စိတ်များဖြင့် ဝင်းလက်သွားသည်။ မိန်းမပျို၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူ၏မကောင်းဆိုးဝါးလက်သည် တံစဉ်ကြီး၏ လက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။

ထိုတံစဉ်ကို ဆုပ်ကိုင်လိုက်သည့်အခိုက် ရွှီချင်းသည် အတင်းအကြပ် ဆွဲလိုက်ပြီး ထိုအဟုန်ဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။

သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက တံစဉ်၏ အလျား ဖြစ်သည်။

ထိုအချိန်၌ ရွှီချင်းက တံစဉ်၏ ဆွဲအားကို အသုံးချ၍ ဝင်ရောက်သွားရာ သူတို့နှစ်ယောက် ချက်ချင်း နီးကပ်သွားသည်။ မိန်းမပျို မျက်နှာပျက်သွားစဉ် ရွှီချင်းသည် ခေါင်းကို နောက်လှန်၍ မိန်းမပျို၏ မျက်နှာဖုံးအား အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်သည်။

မိန်းမပျိုထံမှ ဗလုံးဗထွေး ညည်းညူသံ ပျံ့လွင့်လာသည်။ မျက်နှာဖုံးပေါ်တွင် အက်ကြောင်း ပေါ်လာသည့်တချိန်တည်းမှာပင် ရွှီချင်းသည် ဘယ်လက်ဖြင့် လက်ဟန်များ ဖော်လိုက်သည်။ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ပင်လယ်ကြီးတစ်စင်း ဖြစ်သွားပြီး ပင်လယ်အော်သံအတတ် ထွက်ပေါ်လာသည်။

ဘေးပတ်လည်ရှိ ပင်လယ်ကြီးမှာ ရေလှိုင်းကြီးများ ပေါ်လာသည်။ ရွှီချင်းသည် ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့နောက်မှ ပထမလှိုင်း တဝုန်းဝုန်း ထွက်ပေါ်လာပြီး သူ့ကို ကျော်ဖြတ်၍ မိန်းမပျိုကို ဝုန်းခနဲ ဝင်တိုက်သွားသည်။

မိန်းမပျို၏ ပတ်လည်တွင် အကာအကွယ်အလင်းတန်း ပေါ်လာပြီး ပင်လယ်အော်သံအတတ်၏ ပထမလှိုင်းကို တားဆီးလိုက်သည်။

ရွှီချင်းသည် အံ့အားသင့်မသွားပေ။ လီထူဂိုဏ်းထဲတွင် ထိုမိန်းမပျို၏ အဆင့်အတန်းက သေချာပေါက် မြင့်မားနေပေမည်။ ထိုမိန်းမပျိုတွင် ထိုကဲ့သို့ အကာအကွယ်ရှိနေသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။

ထို့ကြောင့် သူသည် အလျဉ်စလို မလှုပ်ရှားပေ။ ထိုအချိန်၌ ဒုတိယမြောက်၊ တတိယမြောက်နှင့် စတုတ္ထမြောက်လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ဝင်ရောက်သွားသည်။ တဝုန်းဝုန်း ရေလှိုင်းသံများကြားတွင် မိန်းမပျို၏ အကာအကွယ်အလွှာ ပုံပျက်ရှုံ့တွလာသည်။

မိန်းမပျို၏ စိတ်အာရုံသည် ရေလှိုင်းများနှင့် ရွှီချင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် တံစဉ်အပေါ်သို့ ရောက်နေသည်။ ရေလှိုင်းများက အကာအကွယ်အလွှာကို ရိုက်ခတ်လိုက်သည်နှင့် မရေမတွက်နိုင်သော ပိုးကောင်လေးများက အကာအကွယ်အလွှာအပေါ် ကပ်တွယ်ကာ အဆိပ်များ ထုတ်လွှတ်၍ အကာအကွယ်အလွှာအား တိုက်စားနေသည်ကို မိန်းမပျို သတိမပြုမိပေ။

ရွှီချင်းကို သူမ မသိသလို ရွှီချင်း၏ တိုက်ခိုက်ရေးနည်းလမ်းများကိုလည်း နားမလည်သည့်အပြင် ရွှီချင်းက မည်မျှရက်စက်ကြမ်းကြုတ်သည်ကိုလည်း မသိပေ။ သို့သော်လည်း ရွှီချင်းက ယခင်ကနှင့် မတူသည်ကို အာရုံခံမိလိုက်သည်။ သူ၏ညာလက်က ပြုတ်တူကြီးအလား တံစဉ်ကို ကိုင်ထားပေရာ မည်မျှပင် သူမ ရုန်းကန်ပါစေ လှုပ်မရအောင် ဖြစ်နေသည်။

ယင်းအပြင် အစောပိုင်းက ရွှီချင်း၏ ညာလက်က တံစဉ်အား အမှုမထားသည်ကို မြင်၍ စိတ်ထဲ ခံစားချက်လှိုင်းများ ရိုက်ခတ်သွားခဲ့ရသည်။

ဂိုဏ်းထဲမှာ ထိုတံစဉ်ကို သူမ အမွေဆက်ခံရရှိခဲ့ပြီး အသိအမှတ်ပြုခံခဲ့ရသည့်အချိန်ကတည်းက ဂိုဏ်းထဲရှိ ဆိုးယုတ်သောလူများ မရေမတွက်နိုင်လောက်အောင် သူမ၏လက်ထဲတွင် သေဆုံးခဲ့သည်။ လီထူဂိုဏ်းသည် နေရာကောင်းတစ်ခု မဟုတ်ပေ။ မိုက်ရူးရဲဆန်သော လူပေါင်းစုံ ရှိနေသည့် နေရာဖြစ်သည်။

လီထူဂိုဏ်းတွင် အသက်ရှင်ချင်ပါက ဂိုဏ်းထဲမှာ မြင့်မားသော အဆင့်အတန်းများရှိသည့် ဆွေမျိုးများ ရှိနေသည့်တိုင်အောင် တချိန်လုံး ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မိန်းမပျိုသည် အချိန်အများစုတွင် ကိုယ့်ကိုယ်ကိုယ် အားကိုးခဲ့သည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် အားကိုးရင်း သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီးနောက် ဂိုဏ်းထဲမှ သက်ဆိုင်သောအဆင့်အတန်းနှင့် လေးစားမှုကို တစ်ဆင့်ချင်း ရရှိခဲ့သည်။ အပြင်ထွက်ခွင့်ကိုလည်း ရလာခဲ့သည်။

သူမ၏အိမ်မက်များအနက် တစ်ခုနှင့် အနည်းငယ် ကွာဝေးနေပါသေးသော်လည်း မည်သို့ပင်ဆိုစေ ဤတံစဉ်ကြီးက သူမကို အလွန် အထောက်အကူ ဖြစ်စေခဲ့သည်။

ထို့ကြောင့် တံစဉ်ကြီးကို သူမ လက်မလွှတ်နိုင်ပေ။

ထိုစဉ် ပိုးကောင်နက်များ၏ တိုက်စားခြင်းအောက်တွင် သူမ၏ပတ်လည်ရှိ အကာအကွယ်အလွှာ ပျက်စီးသွားသည်။ အကာအကွယ်အလွှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစဉ် ရွှီချင်း၏ မျက်လုံးများထဲ လူသတ်ချင်စိတ်များဖြင့် ဝင်းလက်သွားသည်။

သူက ညာလက်ကို ဆတ်ခနဲ ဆန့်ထုတ်လိုက်ပြီး သူ၏လက်ထဲရှိ ဝိညာဉ်မီးတောက်က အနက်ရောင်ဓားမြှောင်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး မိန်းမပျို၏ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေသော လည်တိုင်ကြော့ကြော့ကို အညှာအတာမဲ့စွာ ခုတ်ပိုင်းလိုက်သည်။

သွေးစိမ်းများ ပန်းထွက်လာပါသော်လည်း ခေါင်းပြတ်မသွားပေ။

ရွှီချင်း၏ ဓားမြှောင်နီးကပ်သွားသည့်အခိုက် ရွှီချင်း၏စိတ်ထဲ သေရေးရှင်ရေးခံစားချက်တစ်ခု ပြင်းပြင်းပြပြ ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ နေရာတိုင်း တုန်ရီနေသည်။

ထိုတိုက်ပွဲကို မနီးမဝေးမှ ကြည့်နေသော ခေါင်းဆောင်ပင် မျက်လုံးများ ပြူးကျယ်သွားပြီး အထိတ်တလန့် အော်ဟစ်လိုက်သည်။

“ ချီးပဲ ”

“ ညီလေး၊ မြန်မြန်ပြေးတော့။ အဲဒီမိန်းမက တစ်ခုခုတော့ တစ်ခုခုပဲ။ အဲဒါက ထိုက်စီရှန်းမုန်ဂိုဏ်းမှာ နားလည်ဖို့ အခက်ဆုံး ထိုက်စီသွေးနယ်ပယ်ဆိုတာပဲ။ အဆင့်လေးတစ်ခုပဲ အောင်မြင်ထားရင်တောင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ အဲဒီသွေးနယ်ပယ်ကို အောင်မြင်ထားတဲ့သူတွေက စရိုက်အမျိုးမျိုး ရှိတယ်လို့ ပြောကြတယ် ”

“ အကျင့်စရိုက်တစ်ခု တိုးသွားတိုင်း သူတို့အမြင်မှာ လောကကြီးက အရောင်တစ်ခု ကင်းမဲ့သွားတယ်။ စရိုက်ဆယ့်တစ်မျိုးကို ရောက်သွားရင် သူတို့အမြင်မှာ သွေးရောင်ပဲ ကျန်တော့တယ်။ အဲဒါက အထွတ်အထိပ်အဆင့်ပဲ ”

“ ဒီမိန်းမက ထိုက်စီရှန်းမုန်ဂိုဏ်းကလား၊ လီထူဂိုဏ်းကလားဟ။ သူက ထူးဆန်းလိုက်တာ ”

ခေါင်းဆောင်၏ အထိတ်တလန့် အော်ဟစ်သံ ထွက်ပေါ်လာစဉ် ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ တံစဉ်ကြီးကို ကမန်းကတန်း လွှတ်ချလိုက်ပြီး နောက်ဆုတ်သွားသည်။

သူ နောက်ဆုတ်လိုက်စဉ် မိန်းမပျို၏ ခန္ဓာကိုယ်ထဲမှ သွေးရောင်အလင်းတန်းတစ်တန်း ရုတ်တရက် ဖြာထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ထိုအလင်းတန်း ဖြာထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး သွေးအကျဉ်းထောင်ကြီးတစ်ခု ဖြစ်သွားပုံရသည်။

“ ဟီး ဟီး ဟီး ”

ထိုရယ်မောသံသည် သွေးပျက်ချောက်ချားစရာစိတ်ဆန္ဒကို သယ်ဆောင်လာသည်။ တချိန်တည်းမှာပင် မိန်းမပျိုက ခေါင်းမော့လိုက်သည်။

မိန်းမပျို၏ လည်ပင်းမှာ သွေးများ စီးကျနေသေးပါသော်လည်း ထိုဒဏ်ရာက သေစေလောက်သည် မဟုတ်ပေ။ မိန်းမပျိုသည် လက်ကို မြှောက်၍ ဒဏ်ရာအား စမ်းကြည့်လိုက်သည်။ လက်တွင် သွေးများ ပေကျံသွားသည်ကို မြင်၍ မိန်းမပျို၏ မျက်လုံးများထဲ စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်များ ပေါ်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ငါ့ကို ဒဏ်ရာရအောင် လုပ်တာ နင်လား ”

All Chapters