လူကောင်း
Vol. 30 Ch. 444
*ဒါက …*
သူတို့ တော်တော်များများ၏ မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာ ပေါ်လာသည်။
*ဒီလူချမ်းသာတွေက အရူးတွေပဲ၊ ငါတို့လို ကုမ္ပဏီလေးတွေရဲ့ ခံစားချက်ကိုတောင် ထည့်မတွက်ဘူး၊ စစချင်းကတည်းက သူတို့ ဖြုတ်တာကို ခံလိုက်ရပြီ*
သူတို့ ပါးစပ်အဟောင်းသား ဖြစ်နေသော်လည်း ဘာစကားလုံးမှ ထွက်မလာချေ။
သူတို့သည်လည်း ယင်းအတွက် ယှဉ်ပြိုင်ချင်ပါသည်။ သို့သော် ပိုက်ဆံ မရှိသဖြင့် သူတို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါ။
“ဟားဟား ငါတို့ ထန်လူမျိုး ဆေးဝါး ထုတ်လုပ်ရေးကလည်း လိုက်ကစားပေးရတာပေါ့”
အဘိုးအိုများထဲမှ တစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလာသည်။
“ငါတို့ သုံးသောင်း ပေးမယ်”
ဤသို့နှင့် ဈေးက နောက်ထပ် ငါးထောင် တက်သွားလေပြီ။
“အဘိုးကြီးထန်၊ ခင်ဗျားတို့ ထန်လူမျိုး ဆေးဝါး ထုတ်လုပ်ရေးက ဘယ်ဆေးဝါးသစ် တီထွင်မှုကိုမှ အစပျိုးပြီး မလုပ်ဖူးပါဘူး၊ ဒီတစ်ခေါက် ခင်ဗျား ဘာလို့ ဝင်ပါရတာလဲ”
မျက်မှန်နှင့် ယဉ်ကျေးပုံရသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မေးလာသည်။ ထို့နောက် သူက သူ့နံပါတ်ကို ထောင်၍ ကြေညာလေသည်။
“ထျန်းချီ ဆေးဝါးထုတ်လုပ်ရေးက သုံးသောင်းတစ်ထောင် ပေးတယ်”
“ဟားဟားဟား အနောက်တိုင်း ဆေးတွေ လုပ်တာအပြင် ဒီဧရာမ စပါးအုံးမြွေကြီးကို နေလှန်းပြီး တရုတ် တိုင်းရင်းဆေးအဖြစ် တန်းသုံးလို့ရတယ်ကွ၊ ဘာလို့ ငါက မဝယ်ဘဲ နေရမှာလဲ”
ထန်အဘိုးအိုက ရယ်မောလေသည်။
“မင်းလေလံဈေးကလည်း တွန့်တိုလိုက်တာ၊ သုံးသောင်းခွဲကွာ”
“ကျုပ်တို့က ခင်ဗျားတို့ ထန်လူမျိုး ဆေးဝါး ထုတ်လုပ်ရေးလောက် မချမ်းသာဘူး”
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆက်မပြိုင်တော့ပေ။
“၃၈၀၀၀”
ယခုတစ်ခေါက် လေလံဆွဲသူက ဟွေဟုန် ဆေးဝါး ထုတ်လုပ်ရေးပင်။
ထန်အဘိုးအိုက မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“၄၀၀၀၀”
ဈေးက မတန်တဆ ပမာဏသို့ ရောက်သွားမှန်း သိသာလှသည်။ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီးများတောင်မှ ချီတုံချတုံ ဖြစ်နေပြီး သူတို့ ဆက်၍ လေလံဆွဲသင့်၊ မသင့် မသေချာ ဖြစ်နေကြလေသည်။
[လခွမ်း ငါးရာဂရမ်အတွက် လေးသောင်းတဲ့၊ ဒီဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီတွေ ရူးနေပြီလား]
[အပေါ်ကလူ၊ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီက ဘယ်လောက် အမြတ်ရနိုင်လဲ မင်း မသိဘူးလား၊ အခု ဂရမ် ငါးရာလိုက် ဝယ်တယ်ဆိုပင်မယ့် သူတို့ ဆေးအဖြစ် ပြန်ပြောင်းထုတ်ရင် ဂရမ်အလိုက် ပြန်ပါလာမှာပဲလေ]
[ဂရမ် ငါးရာကို လေးသောင်း၊ ဒီဧရာမ စပါးအုံးမြွေကြီးက အနည်းဆုံး တစ်တန်အတိလောက် ရှိလောက်တယ် မဟုတ်လား၊ ဒါဆို သန်းလေးဆယ်လောက် ရှိမှာပဲ]
[သန်းလေးဆယ်ဆိုတာ ဘာမို့လို့လဲ၊ ရဲ့နတ်ဘုရားက သန်းနှစ်ရာပေးမယ်ဆိုတုန်းက ဘယ်လောက်ထိ တည်ငြိမ်နေလဲ မင်း မမြင်ဘူးလား]
…
ဟွေဟုန် ဆေးဝါးထုတ်လုပ်ရေးသည် သည်းခြေအိတ်ကို ရထားသဖြင့် ရလဒ်များနှင့် ပတ်သက်၍ ကျေနပ်နေသည်။ အနည်းဆုံးတော့ သူတို့ လက်ချည်းသက်သက် မပြန်ရတော့ပါ။ သို့သော် အခြားသော ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီများမှာ ဆက်လက်၍ မထိုင်နိုင်တော့ပါ။
“ရဲ့နတ်ဘုရား၊ ဒီမှာ ကုမ္ပဏီတွေ အများကြီး ရောက်နေတာ၊ မင်း ငါတို့ကို လက်ဗလာနဲ့ ပြန်ခွင့်မပြုသင့်ဘူး”
“ဟုတ်တယ် ရဲ့နတ်ဘုရား၊ ငါတို့လို အသေးစား လုပ်ငန်းလေးတွေကို အခွင့်အရေး ပေးပါဦး၊ ငါ မင်းကို တောင်းဆိုတာပါ”
“ရဲ့နတ်ဘုရား၊ ငါတို့ ဒီကို စိတ်ရင်းအပြည့်နဲ့ လာခဲ့တာပါ၊ မင်း ဧရာမ စပါးအုံးမြွေကြီးကို တစ်ကောင်လုံး မရောင်းဘဲ ထားလို့ မရဘူးလား”
ကုမ္ပဏီများ၏ ကိုယ်စားလှယ်များအားလုံးက ရဲ့လင်းချန်ကို အသနားခံသော အကြည့်များဖြင့် ကြည့်လာ ကြသည်။
သူတို့ တကယ်ပင် အကြံကုန်နေလေပြီ။ ကုမ္ပဏီကြီးများ အနားမှာ ရှိနေလျင် သူတို့ ဘာကိုမှ မရနိုင်ပါ။
“အားလုံးပဲ၊ ရှင်တို့ ကျွန်မရဲ့ နိမ့်ကျတဲ့ အကြံကို နားထောင်ချင်စိတ် ရှိရဲ့လားတော့ မသိဘူး”
ထိုစဉ် တုန်းမြောင်မြောင်က စကားစလာသည်။
သူမသည် ဤနေရာ၌ အငယ်ဆုံး ဖြစ်သော်လည်း ကြောက်ရွံ့ဟန် မပြဘဲ တည်ငြိမ်စွာ ပြောလေသည်။
“ဧရာမ စပါးအုံးမြွေကြီးက တစ်ကောင်တည်း ရှိတာပါ၊ ကျွန်မတို့ ဒီလို ဆက်ပြိုင်နေရင် ကျွန်မတို့ရဲ့ ညီညွတ်မှု ပျက်စီးသွားရုံပဲ ရှိလိမ့်မယ်၊ ဒါပေမဲ့ ကျွန်မတို့ ရဲ့နတ်ဘုရားကိုလည်း နစ်နာအောင် လုပ်လို့ မဖြစ်ဘူး၊ ကျွန်မတို့ အပိုင်းတွေ အများကြီး ပိုင်းပြီး ဈေးကို ငါးသောင်း ထားလိုက်သင့်တယ်လို့ ကျွန်မ ထင်တယ်၊ ရှင်တို့ရော ဘယ်လို သဘောရလဲ”
သူမ စကားက လူတိုင်းကို တည်ငြိမ်သွားစေပြီး သူတို့၏ မျက်လုံးအရောင်များ တောက်လာစေသည်။
ဂရမ် ငါးရာကို ငါးသောင်း၊ ယင်းက ဂရမ် ငါးရာကို လေးသောင်းထက် များပုံပေါ်သော်လည်း တကယ်တမ်း၌ မတူညီပါ။
ပထမဆုံး အချက်မှာ ဂရမ်ငါးရာကို ငါးသောင်း ဖြစ်သဖြင့် သူတို့အတွက် ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်လုံးကို ဝယ်ရန် မလိုအပ်ပါ။ တစ်ယောက်က ဂရမ် ငါးရာဖိုးသာ ဝယ်လျင် ယွမ်ငါးသောင်းသာ ကုန်ကျပေမည်။ ထိုပမာဏက ကုမ္ပဏီများအတွက် မပြောပလောက်ပါ။ တကယ်တမ်းတွင် သူတို့သည် ဈေးမြင့်မည်ကို စိုးရိမ်နေခြင်း မဟုတ်ဘဲ သန်းချီသော ပိုက်ဆံများကို တစ်ခါတည်း ထုတ်သုံးရန် အခက်တွေ့ နေခြင်းသာ ဖြစ်သည်။
ဒုတိယအချက်မှာ လေလံပွဲက မပြီးသေးပေ။ နောက်ဆုံးဈေးက ငါးသောင်းထက် မကျော်သွားနိုင်ဟု ဘယ်သူမှ အာမမခံနိုင်ပါ။
ထို့အပြင် ဂရမ် ငါးရာကို ငါးသောင်း ဖြစ်သဖြင့် ဈေးက အတော်လေး မြင့်သည်ဟု ပြောနိုင်သောကြောင့် ရဲ့လင်းချန်ကို စော်ကားရာလည်း မရောက်တော့ပေ။
တုန်းမြောင်မြောင်က အရာအားလုံးကို အဆင်ပြေ ချောမွေ့စွာ တွေးတောနိုင်သည်ကိုတော့ ဝန်ခံရပေမည်။ သူမသည် လေလံပွဲ စစချင်းကတည်းက အကြံမပေးခဲ့ပေ။ ထိုသို့ လုပ်ပါက သူမကို ကဖျက်ကယက် လုပ်သူဟုသာ ထင်သွားကြပေမည်။ သို့သော် သူမသည် လေလံပွဲ လုံးဝဥဿုံ ရပ်နေချိန်တွင် ဝင်ပြောသဖြင့် အကျိုးသက်ရောက်မှုက အတော်လေး ကောင်းပေသည်။
ပို၍ အရေးကြိးသည့် အခကျ်မှာ မူလလေလံပွဲပုံစံနှင့်ဆိုလျင် သူမ ဘာကိုမှ မရနိုင်ပါ။ သို့သော် သူမ၏ အကြံပေးမှုနှင့်အတူ သူမ၏ ကုမ္ပဏီက ဧရာမ စပါးအုံးမြွေကြီး၏ အသားတစ်ပိုင်းကိုပါ ရနိုင်ပေတော့မည်။
“ဒီအကြံက သိပ်ကောင်းတယ်လို့ ကျွန်တော် ထင်တယ်”
ဘယ်သူမှ အသံမထွက်ခင် ရဲ့လင်းချန်က ချက်ချင်း သဘောတူလိုက်သည်။
“ခုနက လေလံဈေးက လေးသောင်းကို ရောက်နေတာ မဟုတ်လား၊ ကျွန်တော် ငါးသောင်း မလိုဘူး၊ လေးသောင်းနဲ့ ထားလိုက်တာပေါ့၊ လူနာတွေရဲ့ ဝန်ထုပ်ဝန်ပိုး လျော့သွားအောင် ကူညီထည့်ဝင်တဲ့ သဘောနဲ့ ကျွန်တော် တစ်သောင်း ဈေးလျှော့လိုက်ပါမယ်”
“ဒီဧရာမ စပါးအုံးမြွေကြီးက သာမန်မြွေတွေထက် ပိုကျစ်လျစ်ပြီးတော့ အလေးချိန် ကီလိုဂရမ် ၈၀၀ ရှိတယ်၊ ကျွန်တော်တို့ လူတစ်ယောက်ကို ငါးဆယ် ကီလိုဂရမ်နဲ့ ကန့်သတ်လိုက်တာပေါ့”
[ရဲ့နတ်ဘုရားက အကောင်းဆုံးပဲ၊ ငါတို့ ရဲ့နတ်ဘုရားကို ချစ်တယ်]
[ဝါး ဝါး ဝါး ရဲ့နတ်ဘုရားက သိပ်ချောတာပဲ၊ ဒီဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီတွေက ဆေးကို သက်သက်သာသာနဲ့ ထုတ်ပေးမယ်လို့ မျှော်လင့်ရတာပဲ]
[ယောက်ျားရေ၊ ကျွန်မ ရှင့်ကို ချစ်တယ်နော်]
[ထွီ … ငကြွားကောင်၊ မင်း သိပ်ကြီးကျယ်နေရင်လည်း အလကား ပေးလိုက်လေ၊ လူလိမ်ကောင်]
[အပေါ်မှာ ပြောထားတဲ့ကောင်က ခေါင်းနဲ့ တံခါးနဲ့ ညပ်နေတာပဲ၊ မင်းဦးနှောက်ကို တံခါးက ညှစ်ချလိုက်တာကိုး]
[နောက်ဆုံးတော့ ငါကိုယ်တိုင် မြင်ခဲ့ရပြီပဲ၊ ဒီလို လောဘကြီးတဲ့ လူတွေက ငါတို့ကမ္ဘာမှာ တကယ် ရှိနေတာပဲ၊ ရွံဖို့ ကောင်းလိုက်တာ]
[အဲ့ဒီ ဧရာမ စပါးအုံးမြွေကြီးကို ရဲ့နတ်ဘုရားက သူ့အသက်ကို စွန့်စွားပြီး အမဲလိုက်ခဲ့တာ၊ မင်းက ဘေးထိုင် ဘုပြော သမား သက်သက်ပဲ၊ မင်းကို ဘယ်သူက ရဲ့နတ်ဘုရားကို ဝေဖန်ခွင့် ပေးထားတာလဲ]
[စိတ်ခံစားချက် ဖျက်ဆီးရေးသမားတွေ လာပါပြီ၊ သူတို့ရဲ့ ဉာဏ်ရည် တိမ်ကောမှုကို ပြနေတာပါလား]
…
နောက်ဆုံးတွင် ဧရာမ စပါးအုံးမြွေကြီးအား ငါးရာဂရမ်ကို လေးသောင်းဈေးဖြင့် ရောင်းချခဲ့သည်။ ရဲ့လင်းချန်ကို အံ့ဩစေသည့် အချက်မှာ တုန်းမြောင်မြောင်က ငါးဆယ် ကီလိုဂရမ်အတွက် လေးသန်းကို ထုတ်သုံးနိုင်ခြင်း ဖြစ်သည်။ သို့သော် သူမ ဤအတွက် အတော်လေး ရဲရင့်ပြတ်သားထားရမှန်း သိသာလှသည်။
“ရဲ့နတ်ဘုရား၊ ရှင်က ကျွန်မ အတော်လေး လေးစားရတဲ့ လူတစ်ယောက်ပါ”
တုန်းမြောင်မြောင်က မြွေအသားကို ဝယ်ယူပြီးနောက် ရဲ့လင်းချန်အား စိတ်ရင်းအတိုင်း ချီးမွမ်းလေသည်။
ဧရာမ စပါးအုံးမြွေကြီးကို ခွဲခြမ်း ရောင်းချလိုက်သည့်အတွက် အခြားကောင်းကျိုးတစ်ခုလည်း ရှိပါသေးသည်။ ယင်းမှာ ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ်ပြီး ဈေးကို အမြင့်ဆုံး ထားမည့်ကိစ္စမှ ရှောင်ရှားပြီးသား ဖြစ်သွားခဲ့သည်။
တုန်းမြောင်မြောင်နှင့် ရဲ့လင်းချန်တို့ နှစ်ဦးလုံးသည် ထိုအချက်ကို နားလည်ကြသည်။ ထို့ကြောင့်ပင် သူ တုံ့ဆိုင်းမနေဘဲ တုန်းမြောင်မြောင်၏ အကြံကို ချက်ချင်း သဘောတူလိုက်ခြင်း ဖြစ်သည်။
ရဲ့လင်းချန်က သူ့နှာခေါင်းသူ ပွတ်နေသည်။
*ငါ့ကိုယ်ငါ လူကောင်းစာရင်းထဲ သွင်းမိသွားတာလား*
မြွေအသားကို ရပြီးနောက် လူတိုင်း ပျော်ရွှင်စွာ ထွက်ခွာသွားပြီး သူတို့၏ သုတေသနအတွက် စိတ်မရှည်စွာ ပြန်ပြေးသွားကြသည်။ ထို့အပြင် မြွေအသားသည်လည်း သင့်တော်သော ပတ်ဝန်းကျင်၌ မြန်နိုင်သမျှ မြန်မြန် သိမ်းဆည်းရန် လိုအပ်ပေသည်။
ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်လုံးနှင့် ၎င်း၏ သည်းခြေအိတ်ကို စုစုပေါင်း ၆၉ သန်းဖြင့် ရောင်းချနိုင်ခဲ့၏။
သခင်လေးဝေ့ ကမ်းလှမ်းသောဈေးကဲ့သို့ ရူးချင်စရာ မကောင်းသော်လည်း ယင်းက လူတော်တော် များများအတွက် မျက်စိကျစရာ ပမာဏ ဖြစ်နေဆဲပင်။
“ဝိုး … ရှင်တော့ ပွတာပဲ”
ကျောက်လျန့်ရင်က မျက်လုံးများ မှိတ်မတတ် ပြုံးနေပြီး မသိလျင် ထိုပိုက်ဆံ အားလုံး ရသွားသူက သူမဟုပင် ထင်မှတ်မှားရသည်။
“ရဲ့နတ်ဘုရား၊ မင်းရဲ့ အသားတင် အမြတ်က ချက်ချင်း ထောင်တက်သွားတာပဲ၊ ငါက ငါ့ဘဝသက်တမ်း တစ်ဝက်လောက် အလုပ် ကြိုးစားခဲ့တာ၊ ဒါပေမဲ့ မင်း ဖမ်းမိခဲ့တဲ့ ဧရာမ စပါးအုံးမြွေကြီးနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ဘူး၊ အံ့ဩစရာပဲ”
ဟွမ်လေ့က မှတ်ချက်ချသည်။
တစ်ဖက်တွင်မူ ဝေ့တရွှင်းက သူတို့ နေ့လယ်စာ စားခဲ့သော အသားကို အမှတ်ရသွားသည်။
“အသား ငါးရာဂရမ်က လေးသောင်း တန်တယ်၊ ငါတို့ နေ့လယ်စာတုန်းက မြွေအသား ၁.၅ ကီလိုဂရမ်နီးပါး ချက်ခဲ့တာလေ၊ မြတ်စွာဘုရား၊ ဒါ ငါ့ဘဝရဲ့ အကောင်းဆုံးပဲ၊ ငါ ဒါကို တစ်သက်လုံး ကြွားနေလို့ ရပြီ”
ညဘက်တွင် ရဲ့လင်းချန်က ထပ်မံ၍ ချက်ပြုတ်ပြီး အနာကွန်ဒါမြွေအား ညစာအဖြစ် စားသုံးကြလေသည်။
မြွေသားပေါင်း၊ မြွေသားကင်၊ မြွေသားနှပ်ကြော်၊ ဟင်းလျာက မြွေသားတို့နှင့် ပြည့်နေလေ၏။
သို့သော် သူတို့သည် ခံစားချက် အလွန် ကောင်းမနေပါ။ အဘယ်ကြောင့်ဆိုသော် ရဲ့လင်းချန်၊ ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် ဤနေရာ၌ သုံးရက်တိတိ ရှိခဲ့သည်။ နောက်တစ်နေ့၌ သူတို့သည် မှိုအိမ်လေးမှ ထွက်ခွာကြ ပေတော့မည်။
မိသားစုသဖွယ် သုံးရက်မျှ နေခဲ့ပြီးနောက် နှုတ်ဆက်ခွဲခွာချိန်၌ ဝမ်းနည်းသည်က သူတို့အတွက် သဘာဝပင်။
နှုတ်ဆက်ခွဲခွာရမည့်အတွက် ဝမ်းနည်းခြင်းတို့က လေထုထဲ ရစ်ဝဲနေသည်။ ရဲ့လင်းချန်၏ လက်ရာကောင်းသော ဟင်းလျာများကို စားမိပြီးနောက်မှသာ ဝမ်းနည်းမှုတို့က လျော့ကျသွားလေ၏။
…