← Chapters

ရူးသွပ်သွားသော သခင်မယုံကျင်း

Vol. 29 Ch. 441

ရူးသွပ်သွားသော သခင်မယုံကျင်း

Vol. 29 Ch. 441

တွန်းကန်အား အကူအညီဖြင့် ရွှီချင်းသည် နောက်ထပ် အရှိန်မြင့်တက်သွားသည်။ ဝတ်စုံနီမိန်းမပျို၏အသံ ဟိန်းထွက်လာသည့်အခါတွင် သူသည် ပေငါးရာအကွာသို့ ဆုတ်ခွာသွားပြီ ဖြစ်ပြီး ခေါင်းဆောင်ဘေးသို့ ရောက်သွားသည်။

သူသည် မိန်းမပျို၏ မျက်လုံးများထဲက ရှုပ်ထွေးသောအမူအရာများကို ကြည့်ပြီး ရင်ထဲတွင် ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်မသက်မသာ ဖြစ်လာသည်။ တချိန်တည်းမှာပင် ခေါင်းဆောင်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး ရွှီချင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။

“ မလှုပ်နဲ့ ”

ရွှီချင်း၏ ခြေလှမ်းများ ရပ်သွားသည်။ ခေါင်းဆောင်၏စကားများက သူ့ကို အတွေးနက်သွားစေသည်။ ထို့ကြောင့် သူသည် ခေါင်းမော့၍ သူ့ရှေ့ရှိ ဝတ်စုံနီမိန်းမပျိုကို ကြည့်လိုက်သည်။

ဝတ်စုံနီမိန်းမပျိုသည် စိတ်ရှုပ်ထွေးသောအမူအရာဖြင့် နေရာတွင် ရပ်နေသည်။ မိန်းမပျို၏လက်ရှိ သွေးများက လျင်မြန်စွာ အငွေ့ပျံနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွားသည့် ပါးလျသော သွေးမြူများ ဖြစ်လာသည်။

ထိုသွေးမြူများသည် ထူထပ်သိပ်သည်းသည်ထက် သိပ်သည်းလာပြီး ဆက်လက်ပြန့်ကားသွားသည်။ နောက်ဆုံးတွင် သွေးစီးကြောင်းများအဖြစ် ဝတ်စုံနီမိန်းမပျို၏ပတ်လည်သို့ စီးဆင်းသွားသည်။

သွေးအမြောက်အမြား စီးဆင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ကြောက်ခမန်းလိလိအငွေ့အသက်များနှင့် သိပ်သည်းထူထပ်သော အနံ့အသက်တစ်ခုကို ထုတ်လွှတ်နေသည့် သွေးစီးကြောင်း ရာချီရှိလာသည်။

ယင်းမှာ အလွန် ထူးဆန်းသည်။

ယင်းအပြင် အရေအတွက်က တရိပ်ရိပ် တိုးပွားနေဆဲပင်။

ဝတ်စုံနီမိန်းမပျို၏ မျက်လုံးများထဲရှိ စိတ်ရှုပ်ထွေးခြင်းများ သိပ်သည်းထူထပ်လာပြီး ပတ်ဝန်းကျင်ရှိ သွေးများက ခွဲထွက်ကာ ပို၍ မြန်ဆန်စွာ လည်ပတ်လာသည်။

တခဏလေးအတွင်း သွေးစီးကြောင်းများသည် ရာဂဏန်းမှ တစ်ထောင်အထိ ရှိလာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ တစ်ကွင်းပြီးတစ်ကွင်း ဖြစ်လာသည်။

ထိုမြင်ကွင်းသည် လူတစ်ယောက်ကို သွေးပျက်ချောက်ချားသွားစေသည်။

ဝတ်စုံနီမိန်းမပျိုရှိရာအရပ်မှ တဟူးဟူးတိုက်ခတ်နေသော လေအေးများက ရွှီချင်း၏ခန္ဓာကိုယ်ပေါ် ကျရောက်နေသည်။ ရွှီချင်း၏ကိုယ်ပေါ်ရှိ မွေးညင်းပေါက်များ ထောင်ထလာပြီး မျက်လုံးများ မှေးသွားကာ နေရာတွင် မလှုပ်မယှက် ရပ်နေသည်။

ရွှီချင်း၏နှစ်ပေါင်းများစွာ သတ်ဖြတ်ခဲ့သော အတွေ့အကြုံများအရ အန္တရာယ်အတွက် အလိုလိုသိစိတ် ဖြစ်လာခဲ့သည်။ ယခုအခါ ထိုအသိစိတ်နှင့် ခေါင်းဆောင်၏ သတိပေးချက်က သူ့ကို မလှုပ်ရှားရန် ပြောနေသည်။

သူ လှုပ်ရှားလိုက်သည်နှင့် ပြင်းထန်သော အန္တရာယ်ကြီးကို ရင်ဆိုင်လိုက်ရမည် ဖြစ်သည်။

ထိုခံစားချက်သည် ထူးဆန်းပြီး ယုတ္တိမရှိပေ။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင် သူ ကြည့်သည်ဖြစ်စေ ဝတ်စုံနီမိန်းမပျိုသည် ကောင်းကင်နန်းတော်သုံးဆောင် ရွှေအမြုတေအဆင့်သာ ရှိသည်။ သို့သော်လည်း ရွှီချင်းကို ပြင်းထန်သော အန္တရာယ်တစ်ခု ခံစားရစေသည်။

ခေါင်းဆောင်သည်လည်း မလှုပ်ရှားဘဲ သူ့မျက်နှာက ပို၍ပင် တည်ကြည်နေသည်။ သူသည် ဝတ်စုံနီမိန်းမပျိုကို စူးစိုက်ကြည့်ရင်း ရွှီချင်းကို အသံပို့လွှတ်လိုက်သည်။

“ မလှုပ်ရှားနဲ့၊ ဒီမိန်းမက ထူးဆန်းတယ်။ လီထူဂိုဏ်းရဲ့ အထွတ်အမြတ်ပစ္စည်းနဲ့ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို ရထားရုံတင်မကဘူး၊ ထိုက်စီရှန်းမုန်ဂိုဏ်းက ကျင့်ကြံရအခက်ဆုံး သွေးနယ်ပယ်ကိုလည်း တတ်မြောက်ထားတယ် ”

“ ဟိုးရှေးကတည်းက ဒီသွေးနယ်ပယ်ကို လူနည်းစုလောက်ပဲ အောင်မြင်ခဲ့ကြတာ။ ဒီသွေးနယ်ပယ်အောက်မှာ အဆင့်တူတဲ့ရန်သူတွေကို ခဏလေးနဲ့ သတ်နိုင်တယ်လို့ ဆိုကြတယ်။ အဲဒါ မှန်လား၊ မှားလား ငါ မသိဘူး။ ဒါပေမဲ့ ငါတို့ မစမ်းကြည့်တာ အကောင်းဆုံးပဲ ”

“ အဲဒီနယ်ပယ်ထဲမှာ အားနည်းချက်လို့တောင် ပြောမရတဲ့ အားနည်းချက်တစ်ခု ရှိတယ်။ အဲဒါက တစ်ဖက်လူရဲ့ အမြင်အာရုံထဲက လောကကြီးက လှုပ်ရှားနေတဲ့အရာတွေဆိုရင် သိပ်အာရုံခံနိုင်တာ ”

ရွှီချင်းသည် ခေါင်းဆောင်၏ အသံထဲမှ လေးနက်တည်ကြည်သောအရိပ်အငွေ့များကို ခံစားမိသည်။

သူသည် ဝတ်စုံနီမိန်းမပျိုကို စူးစိုက်ကြည့်လိုက်ပြီး တဖြည်းဖြည်း မျက်လုံးများ မှေးသွားသည်။

ထိုအချိန်၌ ဘေးပတ်ဝန်ကျင်တွင် အသံစိုးစဉ်းမျှ ထွက်မလာတော့ပေ။ တရွှီရွှီလေတိုက်ခတ်သံများနှင့် ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားအရှိန်အဝါမှ ဖြစ်ပေါ်လာသော လေဟာနယ်အက်ကွဲသံများသာ ပဲ့တင်ထပ်နေသည်။

ကိုယ်ပွား၏ မျက်နှာမှ လာနေသော တိုက်စားသံလည်း ရှိနေသည်။ ယင်းအသံသည် ရေပူဖောင်းလေးအမြောက်အမြား အက်ကွဲနေသည့်အသံနှင့် ဆင်တူသည်။ ထိုအသံသည် တာအိုသွေးစက်ကို ရွှီချင်း ယူဆောင်သွားပြီးနောက် စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

နှာခေါင်းသည် ပထမဆုံး အရည်ပျော်လာပြီး ထိုမှတစ်ဆင့် မျက်လုံးများနှင့် ပါးစပ် ဖြစ်သည်။ ထိုအခြင်းအရာအားလုံးသည် ကိုယ်ပွား၏ မျက်နှာကို မယှဉ်သာအောင် အရုပ်ဆိုးသွားစေသည်။

တချိန်တည်းမှာပင် မျက်နှာကြီးတစ်ခုလုံး၏ အရောင်အဆင်းက မည်းနက်လာသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် အရည်ပျော်နေသော ဖြစ်ရပ်ကို သတိမထားမိပေ။ သူတို့အကြည့်များအားလုံး ဝတ်စုံနီမိန်းမပျိုပေါ် ရောက်နေသည်။

ထိုအချိန်၌ ဝတ်စုံနီမိန်းမပျို၏ မျက်လုံးများသည် ငေးကြောင်နေဆဲ ဖြစ်ပြီး အာရုံစိုက်မနေသည့်အလားပင်။ မိန်းမပျိုသည် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို ကြည့်နေပုံရပါသော်လည်း သူမ၏မျက်လုံးများထဲတွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့မရှိသည့်အလား ခံစားနေရစေသည်။

“ နင်တို့လား ”

ဝတ်စုံနီမိန်းမပျိုက ခပ်တိုးတိုး ပြောလိုက်သည်။

ထိုကဲ့သို့ အကြည့်နှင့် ထပ်ခါထပ်ခါ ပြောဆိုသောစကားများသည် ရွှီချင်း၏ ရင်ထဲတွင် သတိထားသွားစေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေကျီးကန်းဆေးမှင်ကြောင်သည်လည်း တရိပ်ရိပ် လောင်ကျွမ်းလာပြီး ခေါင်းပေါ်ရှိ ကောင်းကင်သရဖူက တဖျပ်ဖျပ်ဝင်းလက်လာသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နန်းတော်များ တုန်ခါလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်နေသော ပိုးကောင်နက်များက တိုက်ခိုက်ရန် တာဆူနေသည်။

ခေါင်းဆောင်သည်လည်း အတူတူပင်။ သူ့ခန္ဓာကိုယ်မှ လေအေးများ တဟူးဟူး တိုက်ခတ်လာပြီး သူ၏သူငယ်အိမ်များထဲရှိ မျက်နှာသည်လည်း မျက်လုံးများ ပွင့်လာသည်။ ယင်းအပြင် အနီးကပ်ကြည့်ပါက အနည်းငယ် မငြိမ်မသက် ဖြစ်နေသည့်အလား မျက်လုံးအိမ်များထဲရှိ မျက်နှာက လှုပ်ယမ်းနေသည်။

သူတို့ တစ်ဖက်နှင့် တစ်ဖက် မျက်နှာချင်းဆိုင်လိုက်ကြသည့်အခိုက် ဝတ်စုံနီမိန်းမပျိုက ညာခြေထောက်ကို မြှောက်လိုက်သည်။

ဘေးပတ်လည်ရှိ သွေးရေများ၏ အမြန်နှုန်းက ရုတ်တရက် မြင့်တက်သွားပြီး တရွှီရွှီမြည်သံများ ထွက်ပေါ်လာသည်။ ထိုသွေးရေများသည် အရာအားလုံးကို ပိုင်းဖြတ်ပစ်နိုင်သည့်အလား ရွှီချင်းနှင့် ခေါင်းဆောင်တို့ထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

သို့သော် ထိုအချိန်၌ ကောင်းကင်ယံမှ စူးစူးရှရှအော်ဟစ်သံ ရုတ်တရက် လွင့်ပျံလာသည်။

“ မင်းတို့ ဘာလုပ်တာတုံး ”

ထိုအသံသည် ကျယ်လောင်ပြီး မိုးကြိုးပစ်သံကိုပင် ကျော်လွန်သည်။ မရေမတွက်နိုင်သော မိုးကြိုးများ ပေါက်ကွဲထွက်လာသည့်အလားပင်။ ထိုအသံကြောင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ ခန္ဓာကိုယ်များ တုန်ရီသွားပြီး သွေးများအန်သွားကာ နောက်ဆုတ်သွားကြသည်။

ဝတ်စုံနီမိန်းမပျို၏ ပတ်လည်ရှိ သွေးများသည်လည်း တုန်ရီသွားပြီး အလျင်အမြန် ပြန်လည်စီးဆင်းသွားကာ ဝတ်စုံနီမိန်းမပျို၏လက်ထဲ ပြန်ရောက်သွားသည်။ ယင်းသည် သွေးပြန်ဖြစ်သွားပြီးနောက် ဝတ်စုံနီမိန်းမပျို၏ အမူအရာ ပုံပျက်သွားသည်။ တခဏလေးအတွင်း မျက်လုံးများထဲတွင် ရှုပ်ထွေးခြင်းများ ပျောက်ကွယ်သွားပြီး ယခင်ကအတိုင်း စူးရှပြတ်သားခြင်းမျိုး ပြန်ပေါ်လာသည်။ သူမသည် တွေဝေတွန့်ဆုတ်မနေဘဲ အရပ်မျက်နှာတစ်ခုသို့ အလျင်အမြန် ဆုတ်သွားသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် မည်သည့်အရာကိုမျှ ဂရုစိုက်နေရန် အချိန်မရှိဘဲ အစွမ်းကုန် ထွက်ပြေးလိုက်ကြသည်။

သူတို့နှစ်ယောက် ထွက်သွားပြီး တချိန်တည်းမှာပင် ကောင်းကင်ယံရှိ ဝိညာဉ်သခင်မယုံကျင်းသည် ဒေါသတဝင်းဝင်းလက်နေသော မျက်လုံးများဖြင့် ဝုန်းခနဲ ပြေးလွှားလာသည်။ သူမ၏ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျနေပြီး အဝတ်အစားများ စုတ်ပြဲနေသည်။

စောစောက ကောင်းကင်ယံတွင် သေရေးရှင်ရေးတိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေရသည်ဖြစ်၍ မြေပြင်ကို အာရုံမစိုက်နိုင်ခဲ့ပေ။ ယခု လှမ်းကြည့်လိုက်သောအခါ သူမ၏ကိုယ်ပွားပတ်လည်ရှိ လူသားကလေးသုံးယောက်ကို မြင်ခဲ့ရသည်။ ကိုယ်ပွားက ဝေဝါးနေသည့်အလား ကိုယ်ပွား၏အမူအရာက တစ်ခုခုလွဲမှားနေခဲ့သည်။

ယင်းကြောင့် ဒိန်းခနဲ ရင်ခုန်သွားရသည်။ သူမသည် တွေဝေတွန့်ဆုတ်မနေဘဲ ဒဏ်ရာအရခံကာ ဖောက်ထွက်လိုက်သည်။ အနီးကပ် ကြည့်လိုက်သောအခါတွင် ခန္ဓာကိုယ်တုန်ရီသွားပြီး မယုံကြည်နိုင်ခြင်းများဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

ကိုယ်ပွား၏ မည်းနက်နေသောအမူအရာကို သူမ မြင်ရသည်။

မျက်နှာလက္ခဏာများ အရည်ပျော်နေသည်ကို သူမ မြင်ရသည်။

ဖော်ပြ၍ မရနိုင်လောက်အောင် အရုပ်ဆိုးနေသည်ကို သူမ မြင်ရသည်။

အလှအပကို ချစ်မြတ်နိုးသော အမျိုးသမီးတစ်ယောက်အတွက် ထိုဖြစ်ရပ်မှ ဖြစ်ပေါ်လာသော စိတ်ခံစားချက်များသည် မိုးမြေတုန်ဟီးသွားလောက်ပေသည်။

ဝိညာဉ်သခင်မယုံကျင်း၏ခန္ဓာကိုယ် အပြင်းအထန် တုန်ရီနေပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူမ၏ရင်ထဲမှ အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်ပုံရသော အမျက်ဒေါသများ တလိပ်လိပ် တက်လာသည်။

“ မင်း ”

“ မင်း ”

“ မင်းတို့ ကိုယ့်သေတွင်းကို တူးနေတာပဲ ”

ဝိညာဉ်သခင်မယုံကျင်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ရူးသွပ်သွားသည်။ ထို့နောက် လက်ကို မြှောက်၍ ရွှီချင်း၊ ခေါင်းဆောင်နှင့် ဝတ်စုံနီမိန်းမပျိုတို့ကို လက်ဝါးဖြင့် ရိုက်ရန် ပြင်လိုက်သည်။

ထိုစဉ် ကောင်းကင်ယံမှ ဓားကိုင်နှစ်ယောက်က သူမနောက်သို့ ပြေးလိုက်လာသည်။

သူတို့သည်လည်း မြေပြင်ပေါ်ရှိ ကိုယ်ပွား၏ မျက်နှာသွင်ပြင်များနှင့် မည်းနက်နေသော မျက်နှာကို မြင်သွားပြီး ထွက်ပြေးနေသော ရွှီချင်းတို့သုံးယောက်ကိုလည်း တွေ့သွားသည်။ သူတို့ရင်ထဲ ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

သူတို့သုံးယောက်က ရုပ်ဖျက်ထားကြပါသော်လည်း သူတို့အမူအရာများက ဓားကိုင်များ၏ အမြင်အာရုံထဲတွင် အလွန် ရှင်းလင်းနေသည်။

လူသားများဖြစ်ကြောင်း ဓားကိုင်များ သတိထားမိလိုက်ကြပြီးနောက် ထိုသုံးယောက်သည် ယင်ဟွမ်ပြည်နယ်ရှိ လူသားမျိုးနွယ်အင်အားစုများမှ သတ္တိရှိပြီး ထူးခြားသော လူငယ်များ ဖြစ်မည်ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်သည်။ ယင်းအပြင် သူတို့သုံးယောက်သည် ဓားကိုင်ရုံးခွဲနှင့် ခွဲခြား၍ မရနိုင်လောက်အောင် ချိတ်ဆက်နေပေမည်။

ထိုသို့မဟုတ်ပါက ဓားကိုင်၏ အစီအစဉ်ကို သူတို့ သိရန် မဖြစ်နိုင်ဘဲ ဤနေရာရှိ အခြေအနေကို အခွင့်အရေး ယူကာ ချိန်သားကိုက် လှုပ်ရှားနိုင်မည် မဟုတ်ပေ။

ထိုအကြီးအကဲများသည် ကိုယ်ပွား၏မျက်နှာကို ခိုးယူသွားကြသော ထိုလူငယ်သုံးယောက်ကို မြင်၍ ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။

သို့သော် ထိုလူငယ်များက လူသားများ ဖြစ်နေ၍ သူတို့မှာ ကာကွယ်ရန် တာဝန်ရှိပေသည်။ ထို့ကြောင့် ဝိညာဉ်သခင်မယုံကျင်းကို ရပ်တန့်ရန် အစွမ်းထက် နတ်အတတ်များကို ထုတ်ဖော်လိုက်ကြပြီး ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

ဝိညာဉ်သခင်မယုံကျင်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ အန္တရာယ်ကြောင့် ရင်ထဲမှ အမျက်ဒေါသများကို ယာယီဖိနှိပ်လိုက်ရပြီး ရွှီချင်းတို့သုံးယောက်ကို တိုက်ခိုက်ခြင်းအား လက်လျော့လိုက်သည်။

သူမ၏အဝတ်အစားများ စုတ်ပြဲနေပြီး အဝတ်အစားများမှ အကာအကွယ်အလွှာများ မရှိတော့သည်ဖြစ်၍ သူမသည် ရန်သူကို ရင်ဆိုင်ရန် ရတနာဝတ်စုံများ နောက်ထပ်ယူချင်စိတ်ဖြင့် လေထဲကို ဖမ်းဆုပ်လိုက်သည်။

သူမ ဖမ်းဆုပ်လိုက်စဉ် ဂူကြီး တဂျိမ်းဂျိမ်း မြည်ဟည်းသွားသည်။ အဝတ်အစားများ တစ်ခုပြီးတစ်ခု ပျံထွက်လာပြီး ဝိညာဉ်သခင်မယုံကျင်းထံသို့ ဦးတည်သွားသည်။

သို့သော်လည်း အဝတ်အစားများ အနီးသို့ ရောက်သောအခါတွင် ဝိညာဉ်သခင်မယုံကျင်း၏ မျက်လုံးများ ပြူးကျယ်သွားပြန်ပြီး စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ ရှေ့မှ စုတ်ပြဲနေသော အဝတ်အစားများကို ကြည့်ရင်း ရင်ထဲမှ အံ့သြစိတ်ကို မဖြေဖျောက်နိုင်ပေ။

ထိုအဝတ်အစားများသည် ဆိုးဆိုးဝါးဝါး စုတ်ပြဲနေခြင်း ဖြစ်သည်။

အလှဆင်ထားသော ပန်းပွင့်ပန်းခက်များနှင့် ရတနာပစ္စည်းများအားလုံး မရှိတော့ပေ။

အဝတ်အစားများ၏ ပုံပန်းသွင်ပြင်က အရုပ်ဆိုးလှသည်။ တချို့က လိုက်ကာများ ဖြစ်သွားပြီး တချို့က အပေါက်အပြဲများဖြင့် ပြည့်နေသည်။

အမှန်စင်စစ် ဝိညာဉ်သခင်မယုံကျင်းသာ မဟုတ်၊ ဓားကိုင်များသည်လည်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။

ထိုစုတ်ပြဲနေသော အဝတ်အစားများကို ကြည့်၍ သူတို့၏မျက်နှာများ တစ်မျိုး ဖြစ်သွားသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့နှစ်ယောက်ကို သူတို့ အလွန် အထင်ကြီးသွားပြီး မနေနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် အသံပို့လွှတ်လိုက်ကြသည်။

“ အဲဒီကလေးတွေက ဘယ်သူတွေလဲ။ ရက်စက်လှချည်လား ”

ဝိညာဉ်သခင်မယုံကျင်းမှာမူ ထိုစုတ်ပြဲနေသော အဝတ်အစားများကို ကြည့်၍ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ခန္ဓာကိုယ် တုန်ရီလာသည်။ နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင် ထွက်နေပုံရသည်။ ထိုဝတ်စုံတစ်စုံချင်းစီက သူမ အမြတ်တနိုး တန်ဖိုးထားရသော ဝတ်စုံများ ဖြစ်ပါသော်လည်း ယခုကဲ့သို့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အရာအားလုံးထက် သာလွန်သော ရင်ထဲမှ တဆစ်ဆစ်နာကျင်ခြင်းသည် စူးစူးဝါးဝါးအော်ဟစ်သံအဖြစ် ပြောင်းလဲကာ ပါးစပ်မှ ထွက်လာသည်။

“ မင်းတို့သုံးယောက်ကို ပြာဖြစ်အောင်လုပ်ပြီး မင်းတို့ခန္ဓာတွေနဲ့ ဝိညာဉ်တွေကို ဖျက်ဆီးပစ်မယ်ဟေ့ ”

ထိုအသံများသည် စူးရှကျယ်လောင်လွန်းသည်ဖြစ်၍ ကောင်းကင်ဘုံကိုးထပ်သို့တိုင်အောင် ပဲ့တင်ထပ်သွားသည်။ ထိုအသံတွင် နာကြည်းခံပြင်းခြင်းနှင့် မုန်းတီးခြင်းများ ကိန်းအောင်းနေသည်။

ဝိညာဉ်သခင်မယုံကျင်းသည် ဆင်ခြင်တုံတရားပျောက်သွားပြီ ဖြစ်သည်။ သူမသည် လူသတ်ချင်စိတ်အပြည့်ဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်တို့ထံ တန်းတန်းမတ်မတ် ပြေးသွားသည်။

ကောင်းကင်ယံရှိ တခြားကိုယ်ပွားသည်လည်း စူးစူးရှရှ အော်ဟစ်၍ မည်သည်ကိုမျှ ဂရုစိုက်မနေဘဲ ဝတ်စုံနီမိန်းမပျိုထံသို့ ပြေးသွားသည်။

ထိုသူခိုးလေးသုံးယောက်ကို မည်သည့်နည်းဖြင့်ဖြစ်စေ သူမ သတ်ဖြတ်ချင်နေသည်။

သို့သော်လည်း သူမ၏အခြေအနေနှင့် အပြုအမူများသည် သူမနှင့် တိုက်ခိုက်နေသည့် ဓားကိုင်သုံးယောက်အတွက် အလွန့်အလွန် ရှားပါးသော အခွင့်အရေးတစ်ရပ် ဖြစ်သွားသည်။

ဆင်ခြင်တုံတရား ပျောက်ကွယ်လာလေလေ သူတို့အတွက် ဝိညာဉ်သခင်မယုံကျင်းကို ချုပ်နှောင်ရန် လွယ်ကူလေ ဖြစ်သည်။ တခဏလေးအတွင်း သူတို့သည် ကျင့်ကြံခြင်းအခြေခံများကို ထုတ်ဖော်၍ အစွမ်းကုန် တားဆီးလိုက်သည်။

ထိုတားဆီးခြင်းကြောင့် ဝိညာဉ်သခင်မယုံကျင်းသည် လူဆိုးလေးများအား သတ်ဖြတ်ချင်သည့်စိတ်ကို အထမြောက်အောင် မစွမ်းဆောင်နိုင်တော့ပေ။ ထိုသို့ ဖြစ်လေလေ ပို၍ ရူးသွပ်လာလေပင်။ ယင်းကြောင့် ဓားကိုင်အကြီးအကဲသုံးယောက်၏ ချုပ်နှောင်ခြင်းက ပို၍ပင် ချောမွေ့လာသည်။

ထွက်ပြေးနေသော လူသုံးယောက်သည် ထိုဖြစ်ရပ်ကို မြင်ကြသည်။

ခေါင်းဆောင်နှင့် ရွှီချင်းတို့၏ ဦးရေခွံများ ထူပူသွားပြီး အရှိန်တင်လိုက်ကြသည်။ ဝတ်စုံနီမိန်းမပျိုမှာမူ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်လာရပြီး ပို၍ပင် ခံရခက်လာသည်။ ဂူထဲမှ ကိစ္စကို သူမ မလုပ်ခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း ယခုအခြေအနေက ရှင်းပြလျှင် အချည်းနှီး ဖြစ်ပေမည်။ ဝတ်စုံနီမိန်းမပျိုသည် အံတင်းတင်းကြိတ်ကာ နောက်လှည့်မကြည့်ဘဲ မြန်ဆန်စွာ ထွက်ပြေးသွားသည်။

သူတို့သုံးယောက်သည် အမြင့်ဆုံးအထိ အရှိန်တင်လိုက်ရာ မကြာခင် ရွှီချင်းနှင့် ခေါင်းဆောင်တို့ ယန်ယန်ရှေ့သို့ ရောက်သွားသည်။

စကားပြောနေရန် အချိန်မရှိသည်ဖြစ်၍ ရွှီချင်းသည် ယန်ယန်ကို ဆွဲခေါ်ကာ မှော်စစ်သင်္ဘောကို ထုတ်၍ တက်လိုက်သည်။ ခေါင်းဆောင်က နောက်မှ ကပ်လျက် လိုက်ပါလာသည်။

မှော်စစ်သင်္ဘောကြီးသည် သက်တန့်ရောင်အလင်းတန်းအသွင် ပြောင်းလဲ၍ လေကို ထိုးခွင်းသွားသည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ ပင်မနယ်မြေမှ ထွက်သွားသည်။

နောက်ရှိ ဝိညာဉ်သခင်မယုံကျင်းမှာမူ ရူးသွပ်ခြင်းများ၊ မုန်းတီးခြင်းများဖြင့် စူးစူးဝါးဝါး အော်ဟစ်နေဆဲပင်။

သူမအတွက် ယနေ့သည် ဘဝတစ်လျှောက် အကြီးမားဆုံး ကပ်ဘေးကြီးတစ်ခု ဖြစ်သည်။ ဓားကိုင်ရုံးခွဲက လာရောက်ချုပ်နှောင်သည်သာမက ကိုယ်ပွားသည်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ တာအိုသွေးလည်း ဆုံးရှုံးသွားခဲ့ရသည်။ တစ်ဘဝလုံး အမြတ်တနိုး ထားခဲ့ရသည့် ရတနာဝတ်စုံများမှာမူ စုတ်ပြဲသွားပြီ ဖြစ်သည်။

သူမ၏ကျင့်ကြံခြင်းအဆင့်သည် နက်ရှိုင်းပါသော်ငြား အလှအပကို ချစ်မြတ်နိုးသော သူမအတွက် ယင်းသည် ဘဝတစ်လျှောက် တစ်ခါမှ မကြုံဖူးသော ကိစ္စကြီးတစ်ခု ဖြစ်သည်။

အမှန်စင်စစ် နှိုင်းယှဉ်ဆိုရလျှင် ဓားကိုင်ရုံးခွဲကို သူမအနေဖြင့် ထိုမျှ မမုန်းတီးပေ။ သူမ အမုန်းဆုံးမှာ ထိုမိုက်ရူးရဲဆန်သော သူခိုးလေးသုံးယောက်သာ ဖြစ်သည်။

All Chapters