← Chapters

ဒီဘဝမှာ အတူတူခရီးဆက်ကြစို့

Vol. 29 Ch. 442

ဒီဘဝမှာ အတူတူခရီးဆက်ကြစို့

Vol. 29 Ch. 442

“ တန်တယ်ဟေ့၊ တန်တယ်ဟေ့ ”

ရွှီချင်း၏မှော်စစ်သင်္ဘောကြီးသည် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ ပင်မနယ်မြေမှ ထွက်လာခဲ့ပြီဖြစ်ပြီး အရှိန်တင်၍ သွားနေသည်။ သင်္ဘောကြီးနှင့် တိုက်ပွဲကွင်းပြင်မှာ အလွန် ကွာခြားသွားပြီ ဖြစ်သည်။

ခေါင်းဆောင်သည် သင်္ဘောကုန်းပတ်တွင် ခြေကားယား လက်ကားယားဖြင့် လှဲနေပြီး မူလရုပ်ရည်ကို ပြန်ပြောင်းထားပြီ ဖြစ်သည်။ သူသည် မောဟိုက်ပင်ပန်းစွာ အသက်ရှူနေပါသော်လည်း သူ့မျက်လုံးများထဲတွင် ကျေနပ်သည့်အရိပ်အယောင်များဖြင့် တောက်ပနေသည်။

သူသည် အစာဝသွားသည့်အလား လေချဉ်ပင် တက်နေသည်။

“ ဟားဟား ချင်းလေး မင်းနဲ့ပေါင်းပြီး ကိစ္စကြီးတွေ လုပ်ရတာ ပိုယုံကြည်စိတ်ချရတုံးပဲ။ ဒီတစ်ခေါက် ငါ ဘာမှမဖြစ်သွားဘူး။ ဒါ ထူးထူးဆန်းဆန်းပဲ ”

ခေါင်းဆောင်သည် ထိုအကြောင်းကို တွေးလေလေ ပို၍ ဘဝင်ခိုက်လာလေပင်။ သူသည် ထိုင်လိုက်ပြီး ကုန်းပတ်ကို ပုတ်လိုက်ရာ တဘုန်းဘုန်းမြည်သံများ ထွက်လာသည်။

“ မင်း မသိဘူး ချင်းလေး။ အရင်က ကျန်းစန်းနဲ့ ကိစ္စကြီးတွေ လုပ်ခဲ့တုံးက ငါ အမြဲတမ်း ခြေလက် တစ်ခုမဟုတ် တစ်ခု ဆုံးတာပဲ ”

“ တစ်ယောက်တည်းလုပ်ရင် ပိုဆိုးတယ်။ ငါ့ခေါင်းကို ဆုံးရှုံးလုနီးပါး ဖြစ်သွားတဲ့အခါတွေ ရှိတယ်။ ပြီးတော့ အဲဒီခွေးကောင်ကျန်းစန်းက အမြဲ ကောင်းတဲ့ပစ္စည်းကို ယူတာကွ ”

ခေါင်းဆောင်က ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

ရွှီချင်းသည် ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ရုပ်ရည်အစစ်အမှန်ကို ဖုံးကွယ်ထားဆဲပင်။ ထိုစကားကို သူ ကြား၍ ခေါင်းကို လှမ်းကြည့်လိုက်ပါသော်လည်း သူ မယုံပေ။

ရွှီချင်းက ကြည့်နေသည်ကို မြင်၍ ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏စိတ်က အပြင်းအထန် အလုပ်လုပ်နေပါသော်လည်း မျက်နှာတွင် မပေါ်စေဘဲ ဆက်လက် သက်ပြင်းချကာ ဆိုလိုက်သည်။

“ မင်း ငါ့အကြောင်းကို သိပါတယ်။ သူငယ်ချင်းတွေကို တန်ဖိုးထားတယ်ဆိုတာ။ ကျန်းစန်းက ညီအစ်ကိုကောင်းတစ်ယောက်ပါ။ သူ လိုချင်တယ်ဆိုရင် ငါ တွန့်တိုမနေဘဲ ပေးပစ်လိုက်မှာ ”

“ ဒီတော့ အကြိမ်တိုင်း ငါက နည်းနည်းယူပြီး သူ့ကို အများကြီး ခွဲပေးတယ်။ ဟင်း မင်းနဲ့က အဲဒီလိုမဟုတ်ဘူး။ အမြဲတမ်း တစ်ယောက်တစ်ဝက် ခွဲယူကြတယ်။ တရားမျှတတယ်ဆိုတာ အဲဒါပဲလေ ”

ခေါင်းဆောင်သည် လိမ်ပြောသောအခါ မျက်နှာသည် နီမြန်းနေခြင်းမရှိသလို နှလုံးခုန်သံ မြန်ဆန်နေခြင်းလည်း မရှိပေ။ သူက ပို၍ပင် နူးညံ့လာသည်။

ရွှီချင်းသည် ချက်ချင်း သတိထားသွားပြီး ခေါင်းဆောင်၏အတွေးစများကို ရိပ်စားမိလိုက်သည်။

“ ဆရာတူညီလေး၊ ဘာလို့ ဒီလိုကြည့်နေရတာတုံး။ အာ အာ အာ ငါ နားလည်ပြီ။ ဥပမာတစ်ခု ပြခိုင်းတာလား။ ကိစ္စမရှိပါဘူး။ ငါတို့က တစ်ဂိုဏ်းတည်းက လာတဲ့ ဆရာတူညီအစ်ကိုတွေလေ။ တစ်ဝက်စီဆိုတာ ခွဲဝေဖို့ သိပ်ကောင်းတဲ့ နည်းလမ်းပဲ ”

“ အစ်ကိုအကြီးဆုံးအနေနဲ့ အရင်ဆုံး ဥပမာ ပြမယ်။ မင်းကို အကြွေးတင်နေတဲ့ ဝိညာဉ်ကျောက်တုံးသုံးသန်းကို တစ်ဝက် ပယ်ဖျက်လိုက်ပြီ ”

ခေါင်းဆောင်က ရင်ဘတ်ကို ပုတ်လိုက်သည်။ သို့သော်လည်း သူက စကားများစွာ ပြောခဲ့ပြီး သူ့ပါးစပ် ပွင့်လာခဲ့သည်ဖြစ်၍ စောစောက သူ စုပ်ယူခဲ့သည့် ကိုယ်ပွား၏ အင်မော်တယ်ချီများ သူ့ပါးစပ်မှ လွင့်ထွက်လာသည်။

ခေါင်းဆောင်သည် မြန်ဆန်စွာ ပါးစပ်ပိတ်လိုက်သည်။ သူ ခက်ခက်ခဲခဲ ယူခဲ့ရသည့် အဖိုးတန်ပစ္စည်းလေးအား ယခုကဲ့သို့ လွင့်ပါးပျောက်ကွယ်သွားမည်ကို သူ အလိုမရှိပေ။

ရွှီချင်းသည် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။ ခေါင်းဆောင် ဆိုလိုချင်သည်ကို သူ သိသည်။

“ ခေါင်းဆောင်၊ ကျနော် တံခါးပိတ်ကျင့်ကြံတော့မယ် ”

“ ချင်းလေး၊ တစ်ယောက်တည်း စားတာ ကောင်းတဲ့အကျင့် မဟုတ်ဘူးနော် ”

ရွှီချင်းက မသိချင်ယောင်ဆောင်နေသည်ကို ခေါင်းဆောင် မြင်၍ အလျင်အမြန် ပြောလိုက်ပါသော်လည်း သူ ပြောလိုက်သည်နှင့် သူ့ပါးစပ်မှ အင်မော်တယ်ချီများ လွင့်ပျံလာပြန်သည်။

ရွှီချင်းသည် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်ပြီး ခေါင်းဆောင်၏ အင်မော်တယ်ချီများ လွင့်ပျံသွားသည်ကို သတိထားမိသွားကာ အပြင်လူများ မမြင်နိုင်သော အရိပ်လေးက ထိုအင်မော်တယ်ချီများကို အလျင်အမြန် စုပ်ယူလိုက်သည်။ ထို့ကြောင့် သူသည် မျက်နှာသေဖြင့် ပန်းသီးတစ်လုံး ထုတ်လိုက်ပြီး ခေါင်းဆောင်ကို ပစ်ပေးလိုက်သည်။

ခေါင်းဆောင်သည် ပန်းသီးကို အလိုလို ဖမ်းယူလိုက်ပြီး ရွှီချင်းကို တွေဝေတွန့်ဆုတ်သည့်အမူအရာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

“ ညီလေး၊ ကောင်းကောင်းလုပ်နော် ”

“ ကျနော် နားလည်ပါတယ် ”

ရွှီချင်းက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်ကာ ခန္ဓာကိုယ်ထဲရှိ တတိယမြောက် ကောင်းကင်နန်းတော်ကို ရုပ်လုံးဖော်လိုက်သည်။ ထိုကောင်းကင်နန်းတော်ထဲတွင် အဆိပ်တားမြစ်ဆေးကို သူ ထည့်မည် ဖြစ်သည်။

ထိုဖြစ်စဉ်သည် အနည်းငယ် စွန့်စားရပါသော်လည်း ထိုအဆိပ်ဆေးကို ယခင်က ရွှီချင်း လေ့လာခဲ့ဖူးသည်။ တစ်ဖက်တွင် ထိုအဆိပ်သည် ပြီးတစ်ဝက်ဖြစ်နေသော ဆေးဖြစ်သည်။ တခြားတစ်ဖက်တွင် အချိန်များစွာ ဖြတ်သန်းခဲ့ရသည်ဖြစ်၍ အဆိပ်ဓာတ်များ ညှိုးခြောက်နေသည်။

အပြင်လောကကြီးနှင့် ထိတွေ့လိုက်သောအခါတွင် ပို၍ သိသာသည်။ ထိုအဆိပ်သာ ဓာတ်ပျယ်သွားသောအဆိပ်ဖြစ်သွားခဲ့ပါက ပြန်လည်ထုတ်လုပ်မရနိုင်သော ဇစ်မြစ်မရှိသည့် ရေကဲ့သို့ ဖြစ်သွားပြီ ဖြစ်ပြီး ထိုအဆိပ်၏ တန်ဖိုး ကြီးမားစွာ လျော့ကျသွားမည် ဖြစ်သည်။

ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန်လုပ်နိုင်လျှင် ကောင်းသည်။ တချိန်တည်းမှာပင် ဤခရီးမှ သူ ရခဲ့သည့် အကျိုးအမြတ်များကိုလည်း တွက်ဆကြည့်နေသည်။

ယခုတစ်ခေါက်တွင် သူ နှိုင်းယှဉ်၍မရလောက်အောင် ကြီးကြီးမားမား ရရှိခဲ့သည်။ သူ၏သိုလှောင်အိတ်ထဲတွင် အားဖြည့်ရတနာများအပြင် ပစ္စည်းမျိုးစုံဖြင့် ပြည့်နေသည်။ မှန်များနှင့် ပုလင်းများလည်း ရှိသည်။ ထိုပစ္စည်းများသည် အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ကို များစွာ အထောက်အကူ ဖြစ်စေသည်။

သူသည် အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဖြစ်၍ တစ်ခုချင်း မစစ်ဆေးနိုင်ပေ။ ထို့ကြောင့် သူ အာရုံစိုက်လိုက်သည်မှာ အသိပင်လယ်ထဲတွင် စုစည်းထားသော အင်မော်တယ်ချီများနှင့် တစ္ဆေဧကရာဇ်တောင်ကြီးသာ ဖြစ်သည်။

ထိုအချိန်၌ ရွှီချင်း၏ ထိန်းချုပ်မှုအောက်တွင် တစ္ဆေဧကရာဇ်တောင်ကြီးသည် အသိပင်လယ်ထဲရှိ အင်မော်တယ်ချီများကို ဆက်လက်ဝါးမျိုမနေတော့ပေ။ တစ္ဆေဧကရာဇ်ကြီး၏ မျက်နှာပုံကြမ်းက ရွှီချင်း၏မျက်နှာနှင့် နှစ်ဆယ်မှ သုံးဆယ်ရာခိုင်နှုန်းအထိ တူနေပြီ ဖြစ်သည်။

ထိုသို့သာ ဆက်သွားနေလျှင် မည်သို့ ဖြစ်လာမည်ကို ရွှီချင်း မသိပေ။ သူ၏ဆရာကို မေးကြည့်ရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။

ယင်းအပြင် သူ လုယူခဲ့သည့် တာအိုသွေးလည်း ရှိသည်။

ထိုသွေးက မည်သို့ အသုံးဝင်သည်ကို မသိပါသော်လည်း သူ၏အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီးက တုန်ရီလာနေသည်ကို အာရုံခံမိလိုက်သည်။ ထိုသွေးမှ ထုတ်လွှတ်နေသော သက်စောင့်အားများက အဆင်ပြေပါသော်ငြား ထိုသက်စောင့်အားများတွင် တာအိုကျက်သရေများ ပို၍ ကိန်းအောင်းနေသည်။

သူ၏ ယခင်လေ့လာမှုမှတစ်ဆင့် ထိုပစ္စည်းသည် ဝိညာဉ်သခင်မယုံကျင်း၏ ကိုယ်ပွားကို ထိန်းချုပ်သည့် နည်းလမ်းများအနက် တစ်ခု ဖြစ်တန်ရာသည်။

ရွှီချင်း အတွေးနက်နေစဉ် ခေါင်းဆောင်သည် စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်သည်။ သူသည် ရွှီချင်း ရသွားသည့် တာအိုသွေးကို အလွန် မနာလိုဖြစ်နေသည်။

သို့သော်လည်း ရွှီချင်းက ရသွားခဲ့သည်ဖြစ်ရာ သူ ပွင့်ပွင့်လင်းလင်း တောင်းဆိုရန် မသင့်တော်ပေ။ စောစောက ထိုသွေးစက်အတွက် သူ အရိပ်အမြွက် ပြောခဲ့သည်။

သူ၏အမူအရာက ခါးသီးသောအမူအရာ ဖြစ်လာပြီး စိတ်ဓာတ်ကျသည့်အရိပ်အယောင် ပေါ်လာသည်။ သူသည် ခေါင်းမော့၍ သေရည်အိုးကို မြှောက်ကာ တစ်ကျိုက် သောက်လိုက်သည်။

“ ဘဝက ခက်ခဲလိုက်တာ ”

“ ဒီတစ်ခေါက် ဖိအားဒဏ်ခံနိုင်တဲ့ ဓမ္မအသုံးအဆောင် နှစ်ဆယ်ကျော်နဲ့ ကိုယ်ယောင်ဖျောက် ဓမ္မအသုံးအဆောင် လေးဆယ်ကျော် ကုန်သွားတယ်။ ပိုဆိုးတာက ခန္ဓာကိုယ်ထဲက မမြင်ရတဲ့အန္တရာယ်ကလဲ ပေါက်ကွဲတော့မယ့်လက္ခဏာတွေ ပြနေပြီ။ ညီလေး၊ တစ်နေ့ကျရင် မင်းမှာ အစ်ကိုကြီး ရှိတော့မှာ မဟုတ်ဘူး ”

ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထို့နောက် ပုလင်းလေးကို ထုတ်၍ ပစ်ပေးလိုက်သည်။

ထိုပုလင်းတွင် သွေးသုံးဆယ်ရာခိုင်နှုန်း ပါဝင်သည်။

“ အဲဒါ လုံလောက်လား ”

ရွှီချင်းက မေးလိုက်သည်။

ခေါင်းဆောင်က အလျင်အမြန် ယူလိုက်ပြီး သ့ူမျက်နှာပေါ်မှ ခက်ခဲပင်ပန်းသည့်အရိပ်အယောင်များ ပျောက်သွားသည်။ သူသည် ဝမ်းသာပျော်ရွှင်စွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

“ လုံလောက်တယ်၊ လုံလောက်တယ်။ ညီလေး၊ မင်းက သိပ်သဘောကောင်းတာပဲ။ နောင်ကျ တစ်ခုခု ဖြစ်လာရင် အစ်ကိုကြီး မင်းဘက်မှာ သေချာပေါက် ရှိနေမယ် ”

ခေါင်းဆောင်သည် ပြောရင်း တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ့ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး အချိန်အတော်ကြာပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်ပြီး စိတ်လှုပ်ရှားသည့်အမူအရာ ပေါ်လာသည်။

“ နောက်ထပ်အချုပ်အနှောင် ငါ ဖွင့်နိုင်တယ် ”

“ ချင်းလေး၊ အစ်ကိုကြီးလည်း သဘောထား မသေးပါဘူးကွ။ ဒါ မင်းဖို့ ”

ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာဖြင့် သေတ္တာတစ်လုံးကို ထုတ်၍ ရွှီချင်းထံ ပစ်ပေးလိုက်သည်။

“ အဲဒါ မြို့ပျက်တစ်ခုမှာ ငါ ရှာတွေ့ခဲ့တဲ့ ပစ္စည်းပဲ။ စောစောက ဝတ်စုံနီမိန်းမက မင်းကို သူ့လက်နက်နဲ့ အနိုင်ကျင့်တာ မြင်တော့ အဲဒါပေးဖို့ တွေးနေတာ။ အဲဒါကို နောက်ကျ ပြုပြင်လိုက်ရင် အသုံးဝင်လာလိမ့်မယ် ”

ရွှီချင်းသည် သေတ္တာကို ဖမ်းကာ ဖွင့်ကြည့်လိုက်သည်။ သေတ္တာထဲတွင် အလွန် စူးရှချွန်ထက်သော အေးစက်စက်အလင်းများ ဖြာထွက်နေသည့် ဓားမြှောင်ပုံတုံးတစ်လက် ရှိနေသည်။

ထိုဓားမြှောင်ပေါ်တွင် သွေးဆာနေသော အရှိန်အဝါများ ဖြာထွက်နေသည့် မျက်လုံးတစ်လုံးပုံစံ သဘာဝရုပ်ပုံတစ်ပုံ ရှိသည်။

ရွှီချင်းသည် မြင်မြင်ချင်း သဘောကျသွားသည်။ သူက အမှန်ပင် သင့်တော်သော ဓားမြှောင်တစ်လက် မရှိခဲ့ပေ။ ဝိညာဉ်မီးတောက်ကို ဓားမြှောင်အဖြစ် အသွင်ပြောင်းနိုင်ပါသော်လည်း လက်ထဲတွင် ဆုပ်ကိုင်လိုက်သည့်အခါ တစ်ခုခု လိုအပ်နေသလို ခံစားနေခဲ့ရသည်။

သူသည် ခေါင်းဆောင်ကို စိတ်ရင်းဖြင့် ကြည့်လိုက်သည်။

“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ”

“ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုဘူး။ နောင်ကျ ငါတို့ ကိစ္စကြီးတွေ လုပ်ရဦးမှာ။ ငါ အခု စီစဉ်နေတာ။ ဒါပေမဲ့ အခုလောလောဆယ် အရေးကြီးဆုံးက ငါတု့ိရခဲ့တဲ့အကျိုးအမြတ်တွေကို အင်အားတိုးပွားအောင် လုပ်ဖို့ပဲ။ ပြီးရင် ဓားကိုင်ရုံးခွဲကို သွားပြီး ဓားကိုင်တစ်ယောက် ဖြစ်လာအောင် လုပ်ကြမယ် ”

ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ ဓားကိုင်တစ်ယောက် ဖြစ်လာရေးသည် သူ၏ ရူးသွပ်ခြင်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“ ငါပြောတာ ယုံလိုက် ညီလေး။ ဓားကိုင်တစ်ယောက် ဖြစ်လာမှပဲ နောင်မှာ လူသားမျိုးနွယ်ရဲ့ အဓိကနယ်မြေကို ဝင်ခွင့်ရမှာ။ ယင်ဟွမ်ပြည်နယ်က သိပ်ကျဉ်းတယ်။ ဒီလောကကြီးက အင်မတန် ကျယ်ပြန့်တာ။ အဆုံးအစမဲ့ အနာဂတ်နဲ့ လှပတဲ့အရာတွေက ငါတို့ကို စောင့်နေတာ ”

“ တော်ဝင်နန်းမြို့တော်ဒေသကို ငါ သွားချင်တယ်။ လူသားမျိုးနွယ်ရဲ့ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအတတ်တွေကို ငါ ကျင့်ကြံချင်တယ်။ ဝမ်ကူးဒေသကြီးတစ်လျှောက်သွားပြီး မိုးသားတိမ်စိုင်တွေထဲအထိ သွားချင်တယ်။ မြင့်မြတ်သောနယ်မြေလို့ခေါ်တဲ့နေရာကိုလည်း သွားကြည့်ချင်သေးတယ် ”

“ ငါ လိုချင်တာတွေ များနေလို့ ပိုပြီး ရူးသွပ်နေတာ။ ညီလေး၊ ဒီဘဝမှာ အတူတူ ခရီးဆက်ကြစို့ ”

ခေါင်းဆောင်၏ စကားများကိုကြား၍ ရွှီချင်း၏ မျက်လုံးများထဲ လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူသည် ခေါင်းညိတ်လိုက်ပြီး ထိုစကားများကို မြဲမြံစွာ မှတ်သားထားလိုက်သည်။

ဒီဘဝမှာ အတူတူ ခရီးဆက်ကြစို့ …

ယန်ယန်သည် ထိုမြင်ကွင်းကို မြင်၍ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

“ ညီမကော လိုက်မယ် ”

ရွှီချင်းတို့သုံးယောက် မှော်သင်္ဘောကြီးဖြင့် ပျံသန်းသွားသည့်တချိန်တည်းမှာပင် ဝိညာဉ်ချုပ်နှောင်ရာတောင်ရှိ စစ်ပွဲသည်လည်း အထွတ်အထိပ်သို့ ရောက်သွားသည်။ ယခုတစ်ကြိမ်တွင် ဓားကိုင်ရုံးခွဲသည် သေချာ ပြင်ဆင်လာခဲ့ပြီး အနိုင်ယူရန် ယတိပြတ် ဆုံးဖြတ်လာခဲ့သည်။

ဝိညာဉ်ချုပ်နှောင်ရာတောင်က တားမြစ်ဓမ္မရတနာတစ်ခုကို အသုံးပြုခဲ့သည့်တိုင်အောင် ဧရာမနန်းတော်ကြီးတစ်ဆောင် ပေါ်လာပြီး အရာအားလုံးကို ဖိနှိပ်လိုက်သည်။

တစ္ဆေဧကရာဇ်တောင်ကြီး တည်ရှိရာအရပ်၌ တစ္ဆေဧကရာဇ်ကြီး၏ ယန်ဝိညာဉ်ခုနစ်ပါးမှဖြစ်လာသော မိစ္ဆာခုနစ်ဖော်သည် ထိုကိစ္စကို အာရုံခံမိပြီး သွားရောက်ကူညီချင်သည်။ သို့သော် သေချာပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သော ဓားကိုင်ရုံးခွဲမှ နောက်တစ်စုက သူတို့ကို ဟန့်တားလိုက်သည်။

ဤစစ်ပွဲ၏ ဦးတည်ချက်ကို ဆုံးဖြတ်ထားခဲ့ပြီဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ နောက်ဆုံးတွင် ဝိညာဉ်သုံးဖော်အနက် တတိယမြောက်ဝိညာဉ်ဖြစ်သော ဝိညာဉ်သခင်မယုံကျင်းကို ဓားကိုင်ရုံးခွဲက ချုပ်နှောင်လိုက်သည်။ ယခုတစ်ခေါက် သူတို့ပစ်မှတ်က ဝိညာဉ်သခင်မယုံကျင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သခင်မယုံကျင်းသည် အားအနည်းဆုံး ဖြစ်ပြီး အသက်ရှင်လျက် ချုပ်နှောင်ရန် အသင့်တော်ဆုံး ဖြစ်သည်။

ယင်ဝိညာဉ်သုံးပါးအနက် တစ်ခုကို ထိန်းချုပ်နိုင်သမျှ တစ္ဆေဧကရာဇ်ကြီး ပြန်လည်အသက်ရှင်လာရန် မဖြစ်နိုင်ပေ။ ယင်းသည် သူတို့ မျှော်လင့်နိုင်သည့် အကောင်းဆုံး တိုက်ပွဲရလဒ်ဖြစ်သည်။ သူတို့သာ ဆက်လက်တိုက်ခိုက်နေပါက ဓားကိုင်ရုံးခွဲက အင်အားကြီးမားနေသည့်တိုင်အောင် ခေါင်းကိုက်နေရမည်သာ ဖြစ်သည်။

ဖုန်းဟိုင်မြို့တော်မှ ထုတ်ပြန်ထားသည့်အမိန့်က တည်ငြိမ်ရေးကို ဦးစားပေးသည်။ သူတို့သာ ဤကိစ္စကို လွန်လွန်ကျူးကျူး လုပ်ဆောင်လိုက်ပြီး ဖုန်းဟိုင်မြို့တော်ကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါက ဝိညာဉ်သုံးဖော်ကို ချုပ်နှောင်လိုက်သည့်တိုင်အောင် အရည်အချင်း မပြည့်ဝခြင်းကို ထုတ်ဖော်ပြသရာ ရောက်ပေမည်။

ထို့ကြောင့် ဝိညာဉ်သခင်မယုံကျင်းကို အသက်ရှင်လျက် ဖမ်းဆီးလိုက်ပြီးနောက် ဓားကိုင်ရုံးခွဲက ထွက်သွားရန် ရွေးချယ်လိုက်သည်။

ဝိညာဉ်သုံးဖော်အနက် ပထမနှင့် ဒုတိယသည် ငြိမ်သက်နေပြီး ဓားကိုင်ရုံးခွဲက မတားဆီးပေ။ သူတို့သည် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော မြေခွေးအိုကြီးများဖြစ်ကြသည်။ အစက ထိုကိစ္စကို ရှုပ်ထွေးကောင်း ရှုပ်ထွေးနေနိုင်ပါသော်လည်း ယခုတွင် ရှင်းလင်းသွားပြီ ဖြစ်သည်။

အငယ်ဆုံးမှာ သေမည် မဟုတ်ပေ။ အတိုင်းအတာတစ်ခုအထိ ဓားစာခံအဖြစ် ချုပ်နှောင်ခံထားရမည် ဖြစ်သည်။

စစ်ပွဲကြီး ပြီးဆုံးသွားပြီး ဓားကိုင်ရုံးခွဲ ထွက်သွားပြီးနောက် ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်၏ တခြားအရပ်ရှိ အတန်ငယ်ဝေးသောနေရာတွင် တောင်ကြီးတစ်လုံးရှိသည်။

ကောင်းကင်ယံရှိ ဆည်းဆာရောင်ခြည်တန်းများအောက်တွင် တောင်လေများ တဟူးဟူး တိုက်ခတ်နေပြီး အနီရောင်ဝတ်စုံမှာ တဖျပ်ဖျပ်လွင့်နေသည်။

ဝတ်စုံနီမိန်းမပျိုသည် လူတစ်ယောက်အရွယ် ရှည်လျားသော မိစ္ဆာတစ္ဆေတံစဉ်ကြီးကို ကိုင်ထားရင်း ဝိညာဉ်သုံးဖော်ရှိရာအရပ်သို့ ရပ်ကြည့်နေသည်။

ဝတ်စုံနီမိန်းမပျို၏ လည်ပင်းတွင် အနာမကျက်သေးသော အမာရွတ်တစ်ခု ရှိသည်။

အမာရွတ်သည် အလွန် ရှည်လျားပြီး ကြောက်စရာကောင်းသည်။ အနည်းငယ် နက်သွားပါက သူမ၏သွေးကြောများနှင့် လည်ပင်းကို ဖြတ်သွားမည် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ဝတ်စုံနီမိန်းမပျိုသည် ရွှီချင်းတို့အုပ်စု ထွက်သွားသည့်အရပ်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများထဲတွင် စူးရှတောက်ပခြင်းများ တဖြည်းဖြည်း အားကောင်းလာသည်။

အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော အဖြူရောင်မျက်နှာဖုံးအောက်မှ ချိုလွင်သော ရယ်သံ ထွက်ပေါ်လာသည်။

“ အဲဒီနာမည်နှစ်ခုကို မှတ်ထားလိုက် ”

ဝတ်စုံနီမိန်းမပျို၏အသံ လွင့်ပျံသွားစဉ် တံစဉ်ကြီးပေါ်ရှိ မိစ္ဆာတစ္ဆေကြီး၏ မျက်လုံးများ ပွင့်လာပြီး နတ်အာရုံကို ပို့လွှတ်လိုက်သည်။

“ နာမည်တွေက ဘာလဲ ”

“ တစ်ခုက ခွေးရူး၊ နောက်တစ်ခုက တစ္ဆေလက် ”

ဝတ်စုံနီမိန်းမပျိုက တည်ငြိမ်စွာ ပြောလိုက်သည်။

မိစ္ဆာတစ္ဆေသည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး ထိုနာမည်နှစ်ခုကို မှတ်သားထားလိုက်သည်။ နောင်တွင် ထိုသူနှစ်ယောက်က သူ၏အာရုံစက်ကွင်းထဲ ပေါ်လာသမျှ ချက်ချင်း အာရုံခံမိမည် ဖြစ်သည်။

“ ဒါနဲ့ ငါ မသတ်ရသေးတဲ့ နာမည်တွေ ရွတ်ပြဦး။ ငါ မေ့သွားမှာ စိတ်ပူတယ် ”

“ လောကခွေး၊ ရုပ်ကြွင်း၊ ဒေါ်လေး၊ လက်ခြောက်ချောင်း၊ မျောက်ခေါင်း … ”

မိစ္ဆာတစ္ဆေကြီးက တစ်ခုပြီးတစ်ခု ရွတ်ပြလိုက်သည်။ နာမည်ပေါင်း တစ်ရာကျော်ရှိပြီး ဝတ်စုံနီမိန်းမပျိုသည် ထိုနာမည်များကို နားထောင်ရင်း လျှောက်သွားသည်။

တစ်နေရာအရောက်တွင် ဝတ်စုံနီမိန်းမပျို၏လက်ထဲတွင် ကျောက်တုံးလေးတစ်တုံး ပေါ်လာသည်။ ဝတ်စုံနီမိန်းမပျိုသည် ကျောက်တုံးကို ကိုင်၍ လည်ပင်းရှိ အမာရွတ်ပေါ်တင်ကာ ညင်သာစွာ ပွတ်သပ်လိုက်သည်။

ထိုကျောက်တုံးလေးသည် အလွန် ထူးဆန်းသည်။ အမာရွတ်ကို ပွတ်သပ်လိုက်သည်နှင့် အမာရွတ်က တဖြည်းဖြည်း လွင့်ပါးကာ ပျောက်ကွယ်သွားသည်။

“ ငါ တာဝန်နည်းနည်းလောက် လုပ်ပြီးသွားရင် ပိုမြင့်တဲ့အာဏာကို ရလာမှာပဲ။ ဒါဆို ယင်ဟွမ်ပြည်နယ်ကနေ ထွက်သွားခွင့်ရမယ်။ အဲဒီအချိန်ကျရင် ရတနာမုဆိုးစခန်းကို ငါ သွားရမယ် ”

လေထဲတွင် နီမြန်းသောဝတ်စုံက ဆည်းဆာနေမင်းကြီးကို ရောင်ပြန်ဟပ်နေသည်။

ဝတ်စုံနီမိန်းမပျိုသည် ဝေးသည်ထက်ဝေးရာသို့ လျှောက်သွားသည်။

အလွန်ဝေးကွာသောအရပ်ရှိ မှော်စစ်သင်္ဘောကြီးပေါ်တွင် ရွှီချင်းသည် ဝါးပေလွှာတစ်ခုကို ထုတ်လိုက်သည်။

သူ တွေးတောလိုက်ပြီးနောက် သူ့ကို ဝတ်စုံနီမိန်းမပျို ကြည့်လိုက်စဉ်အခါက ဝတ်စုံနီမိန်းမပျို၏ မျက်လုံးများထဲတွင် လူသတ်ငွေ့များ ရှိနေသည်ကို သူ့စိတ်ထဲ ပေါ်လာသည်။ ထို့ကြောင့် နာမည်တစ်ခုကို ဝါးပေလွှာပေါ် ရေးထွင်းလိုက်သည်။

ဝတ်စုံနီ အမျိုးသမီး …

All Chapters