အသွင်ပြောင်းလဲခြင်းနိဒါန်း
Vol. 29 Ch. 443
ဝါးပေလွှာပေါ်တွင် နာမည်များစွာ ရေးထွင်းထားပါသော်လည်း နာမည်တစ်ခုက အလွန် ပေါ်လွင်ထင်ရှားနေသည်။
ထိုနာမည်၏ အရောင်က ခရမ်းနီရောင်ဖြစ်ပြီး ထိုနာမည်ကို ရေးထွင်းစဉ်က သွေးများ စီးကျသွားခဲ့သည့်အလားပင်။
‘ အစ်ကိုကြီး ’
ရွှီချင်းသည် တည်ငြိမ်သောအမူအရာဖြင့် နာမည်ကို ကြည့်လိုက်သည်။ မည်သည့်ခံစားချက်အရိပ်အငွေ့မျှ သူ့မှာ ရှိမနေပေ။ သို့သော်ငြား သံတုတ်ကို ဆုပ်ကိုင်ထားသော သူ၏လက်မှာ မမြင်နိုင်သော အားတစ်ခု သက်ရောက်သွားသည်။
သူသည် အကြည့်လွှဲလိုက်ပြီး ဝါးပေလွှာကို သိမ်းထားလိုက်သည်။ ထို့နောက် ကောင်းကင်ယံရှိ ဆည်းဆာရောင်ခြည်တန်းများကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်နှင့် ယန်ယန်တို့ကို နူးညံ့ညင်သာစွာ ပြောလိုက်သည်။
“ ကျနော် ခဏလောက် တံခါးပိတ်ကျင့်ကြံဦးမယ် ”
ယန်ယန်သည် ရွှီချင်းက အနည်းငယ် စိတ်မကြည်မလင်ဖြစ်နေပုံရသည်ကို ခပ်ရေးရေး သတိထားမိ၍ ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။
“ သွား ချင်းလေး၊ အစ်ကိုကြီး ရှိနေရင် တတိယမြောက်နန်းတော် တည်ဆောက်ဖို့ စိတ်မပူနဲ့ ”
ခေါင်းဆောင်သည် ထိုင်လိုက်ပြီး ရယ်မောလိုက်သည်။
“ အစ်ကိုကြီး၊ ဒီတစ်ခေါက် ကျနော် ကျင့်ကြံနေတုန်း အဆိပ်နည်းနည်း ဖြူးထားလောက်တယ်။ အရမ်းကြီး နီးနီးကပ်ကပ် မနေနဲ့။ တစ်ခုခု မမျှော်လင့်ထားတာ ဖြစ်လာရင် ချက်ချင်း ထွက်သွားလိုက်။ ကျနော့်ကို ကြည့်မနေနဲ့ ”
ရွှီချင်းက သတိပေးလိုက်သည်။
ထိုစကားကို ခေါင်းဆောင် ကြားသောအခါ အနည်းငယ် လေလုံးထွားရန် ပြင်လိုက်ပါသော်လည်း အတန်ငယ် တွေးတောပြီးနောက် အလျင်အမြန်ပင် အဝေးသို့ သွားလိုက်သည်။
ရွှီချင်း၏အဆိပ်ကို သူ ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးပြီး ထူးဆန်းသည်ထက် ထူးဆန်းလာသည်ဟု ခံစားရသည်။
ယန်ယန်၏ မျက်လုံးများသည်လည်း ပြူးကျယ်သွားပြီး ချက်ချင်း နောက်ဆုတ်သွားသည်။ လူဆိုးထိန်းဌာန၏ အကျဉ်းထောင်ထဲမှာ အဆိပ်မိသွားသော ညဉ့်ငှက်အဖွဲ့ဝင်များကို သူမ ပြန်တွေးမိလိုက်သည်။
သူတို့နှစ်ယောက် ထိုသို့ ဖြစ်သွားသည်ကို မြင်၍ ရွှီချင်း စိတ်သက်သာရာရသွားသည်။ ယခုတစ်ခေါက် ကောင်းကင်နန်းတော်ထဲသို့ အဆိပ်တားမြစ်ဆေးကို သူ ထည့်ချင်သည်။ သူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားပြီး ဖြစ်နိုင်ချေအန္တရာယ်များကို တွက်ချက်ထားပါသော်လည်း အမျိုးမျိုး ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား။
ယင်းအပြင် ယခုတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာတွင် အချိန်မည်မျှကြာမြင့်မည်ကို သူ မသိပေ။ ထို့ကြောင့် မှော်စစ်သင်္ဘော၏ ထိန်းချုပ်မှုကို ခေါင်းဆောင်အား လက်လွှဲပေးလိုက်ပြီး အခန်းလေးထဲ ဝင်သွားသည်။
အခန်းလေးထဲ သူ ခြေချလိုက်သည့်အခိုက် တစ်ခုခုကို ရုတ်တရက် တွေးမိလိုက်ပြီး ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။
“ အစ်ကိုကြီး၊ အရင်က အစ်ကိုကြီးရဲ့ မှော်သင်္ဘောကို ကျနော် မြင်ဖူးတယ်လို့ မထင်ဘူး ”
ခေါင်းဆောင်သည် ဘဝင်ခိုက်နေသောအမူအရာဖြင့် ကြွားလုံးထုတ်လိုက်သည်။
“ လျှို့ဝှက်ဆန်းကြယ်တဲ့နေရာမှာ ငါ့မှော်သင်္ဘောကို ပြုပြင်ရအောင်လို့ ထားထားတာကွ။ အဲဒါပြီးစီးသွားရင် အပြင်ထုတ်လာခဲ့မှာ။ အဲဒါကို မြင်ရင် အဘိုးကြီး သေချာပေါက် အံ့သြသွားစေရမယ်လို့ ငါ အာမခံတယ် ”
ရွှီချင်းသည် ခေါင်းဆောင်၏ ချဲ့ကားပြောဆိုသော စကားများကို အသားကျနေပြီဖြစ်ပြီး ခေါင်းညိတ်ကာ အခန်းထဲသို့ ဝင်သွားသည်။
အခန်းထဲ ရောက်ပြီးနောက် အခန်းတံခါးကို သူ ပိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ သူသည် အစီအရင်တစ်ခုကို အသက်သွင်းလိုက်ပြီး အခန်းလေးကို လုံးလုံးလျားလျား ချုပ်နှောင်လိုက်ကာ သူ၏အရှိန်အဝါများ အပြင်သို့ မထွက်အောင် တားဆီးလိုက်သည်။
ယင်းနောက် ဓမ္မအသုံးအဆောင်ပစ္စည်းတချို့အား ထုတ်လိုက်ပြီး ဘေးပတ်လည်တွင် တပ်ဆင်လိုက်သည်။
ယင်းနောက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခိုးရာပါပစ္စည်းများကို စိစစ်ရန် သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ အထူးသဖြင့် ဝိညာဉ်သခင်မယုံကျင်း၏ ဂူထဲမှ ရရှိခဲ့သော ပုလင်းများနှင့် အိုးများပင်။ သူသည် တစ်လုံးပြီးတစ်လုံး ဖွင့်လိုက်ပြီး သက်စောင့်အား ပါဝင်သော ပစ္စည်းများကို ရှာဖွေလိုက်သည်။
အဆိပ်တားမြစ်ဆေးကို ရင်ဆိုင်ရာတွင် အသုံးဝင်သည်မှာ သက်စောင့်အား မဟုတ်ပါလား။
ရွှီချင်းသည် ရွေးချယ်ပြီးနောက် တခြားပစ္စည်းများကိုလည်း စစ်ဆေးကြည့်လိုက်သည်။ အရာအားလုံး အဆင်သင့်ဖြစ်သောအခါ မျက်လုံးများကို မှိတ်၍ အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် ဆန္ဒမွန်သေတ္တာကို ထုတ်လိုက်သည်။
ရွှီချင်းသည် ဆန္ဒမွန်သေတ္တာကို ချက်ချင်း မဖွင့်ပေ။ လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းကျောက်စိမ်းပေလွှာတစ်ခု ပေါ်လာသည်။
ထိုကျောက်စိမ်းပေလွှာသည် ယခင်က အဆိပ်တားမြစ်ဆေးနှင့်အတူ ဆန္ဒမွန်သေတ္တာထဲ ရှိနေခဲ့သော ပစ္စည်းဖြစ်သည်။
ထိုအချိန်၌ ရွှီချင်းသည် ကျောက်စိမ်းပေလွှာကို လက်ဖြင့် ကိုင်ထားသည်။ သူ၏အဆိပ်ခံနိုင်ရည်သည် ကျောက်စိမ်းပေလွှာပေါ်ရှိ အဆိပ်အကြွင်းအကျန်များကို အတိုင်းအတာတစ်ခုအထိ လျစ်လျူရှုနိုင်ပြီ ဖြစ်သည်။ သူ့မှာ ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုစားနိုင်စွမ်းလည်း ရှိသည်။ ထို့ကြောင့် သူ၏ညာလက်က အနည်းငယ် မည်းနက်လာပါသော်ငြား ပုပ်သိုးဆွေးမြေ့လောက်အောင်အထိ မဖြစ်ပေ။
သူ၏နတ်အာရုံ တိုးဝင်သွားသည်နှင့် ရွှီချင်း၏စိတ်ထဲ မိုးခြိမ်းသံအလား ရှေးဆန်သောအသံကြီး မြည်ဟည်းလာပြန်သည်။
“ မဟာတာအိုဆိုတာ ဘာလဲ ”
“ မဟာတာအို ( ၃၀၀၀ ) က ကိုးကွယ်ယုံကြည်မှုကို ဦးတည်သွားနိုင်တယ်။ အဲဒီမဟာတာအို ( ၃၀၀၀ ) ထဲမှာ အဆိပ်တာအို ပါလား ”
“ လောကကြီးထဲက လူတွေက မိစ္ဆာနဲ့ အဆိပ်ကို ရွံရှာစက်ဆုပ်ကြတယ်။ အဲဒီလို အစဉ်အလာမဟုတ်တဲ့နည်းလမ်းတွေက ကြီးကြယ်မြင့်မြတ်မှုဆီ ရောက်နိုင်လား ”
“ တစ်ခါက ငါလည်း တွေးခဲ့ဖူးတယ်။ နတ်လောကအပြင်ဘက်ကို ထွက်လာတဲ့ လူသားမဟုတ်တဲ့မျိုးနွယ်ဝင်တစ်ယောက်ကို မသတ်မိခင် အချိန်အထိ အဆိပ်ကို ရွံရှာစက်ဆုပ်ခဲ့တယ်။ အဲဒီကျင့်ကြံသူရဲ့ တိုက်ရည်ခိုက်ရည်က ကြောက်စရာကောင်းသလို သူ လေ့ကျင့်တဲ့တာအိုကလည်း သွေးအေးရက်စက်တယ်။ သူ မသေခင် ငါ့ကို ရက်စက်ကြမ်းကြုတ်တဲ့အကြည့်နဲ့ စူးစူးစိုက်စိုက်ကြည့်သွားတယ်။ အဲဒီအကြည့်ကြောင့် ငါ့ကျင့်ကြံခြင်းအဆင့်က တစ်နေ့ပြီးတစ်နေ့ လျော့ကျလာတယ်။ ဆယ်ရက်ကြာတဲ့အခါ ငါ သာမန်လူတစ်ယောက်ဖြစ်သွားပြီး လူ့လောကမှာ နာကျင်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုဝေဒနာတွေကို နှစ်ခြောက်ဆယ်တိတိ ခံစားတွေ့ကြုံခဲ့ရတယ်။ ရတနာတွေ မရေမတွက်နိုင်လောက် အသုံးပြုခဲ့ရတယ်။ နောက်တော့ ငါ အသက်ပြန်ရှင်လာခဲ့တယ်။ ငါ့ခန္ဓာကိုယ်ထဲကနေ အဲဒီအဆိပ်ကိုလည်း ထုတ်လိုက်ပြီး ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲလိုက်တယ် ”
“ အဲဒီအချိန်ကစပြီး ကပ်ဘေးကြီး ကျရောက်မလာခင်အချိန်အထိ အဲဒီဆေးလုံးကို လေ့လာနေခဲ့တယ်။ ငါ အောင်မြင်အောင် မလေ့လာနိုင်ခဲ့လို့ ဒီဆေးလုံးကို နောက်မျိုးဆက်အတွက် ချန်ထားခဲ့တယ် ”
“ ဒီဆေးက အဆိပ်ဆေးဖြစ်သလို တားမြစ်ချက်လည်း ရှိတယ်။ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဒီဆေးကို ရသွားရင် ကိုယ်တိုင် အသုံးမချနဲ့။ အဆုံးမဲ့ပျက်စီးခြင်းနဲ့ ကြုံတွေ့လိုက်ရပြီး သေကိန်းဆိုက်သွားမယ်။ အဆင့်နိမ့်ကောင်းကင်နန်းတော် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဒီဆေးကို ရသွားရင် ကောင်းကင်နန်းတော်ထဲက ရွှေအမြုတေနေရာမှာ ဒီဆေးကို အစားထိုးနိုင်တယ်။ အဲဒါဆိုရင် တခြားသူတွေနဲ့ မတူညီတဲ့ အဆိပ်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမယ် ”
“ အဲဒီအခါ သက်စောင့်ဝိညာဉ်က ပြောင်းလဲသွားပြီး ဒီတားမြစ်ဆေးလုံးရဲ့ လမ်းစဉ်ကို လျှောက်လှမ်းနိုင်မယ် ”
“ ငါ့တွက်ချက်မှုတွေအရတော့ တားမြစ်လမ်းစဉ်မှာ လူတစ်ယောက်က အဆိပ်ကိုသုံးပြီး လောကကြီးကို တုန်ခါသွားအောင်လုပ်နိုင်တယ်။ အသက်ကြီးငယ်မရွေး ဖျက်ဆီးပစ်နိုင်တယ်။ ဒါဟာ နတ်လောကရဲ့ ကြောက်စရာကောင်းပြီး ခန့်မှန်းမရနိုင်တဲ့နည်းလမ်းပဲ။ နောက်ဆုံးမှာ နတ်လောကဟာ မျိုးနွယ်အားလုံးရဲ့ ဘုံရန်သူတော်ကြီး ဖြစ်သွားတယ် ”
ရွှီချင်း၏ မျက်လုံးများထဲတွင် အခိုင်အမာဆုံးဖြတ်လိုက်ဟန် အရိပ်အယောင် ထင်ဟပ်လာသည်။
“ အဲဒီအဆိပ်တားမြစ်ဆေးကို ကောင်းကင်နန်းတော်ထဲမှာ ထားမယ် … အဲဒီဆရာကြီးရဲ့ လေသံကို နားထောင်ကြည့်ရတာ ကောက်ချက်ချထားတဲ့ပုံပဲ။ ဒါပေမဲ့ သူ စမ်းမကြည့်ဖူးလို့ ငါ မယုံဘူး ”
“ သူ့စမ်းသပ်ချက်တွေ ကျရံှုးသွားတာ သိသာတယ် ”
“ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြီးမားတဲ့အန္တရာယ် ရှိနေသေးတာပဲ။ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမယ်ဆိုတော့ မှန်းဆလို့မရဘူး ”
ရွှီချင်းသည် ရေရွတ်လိုက်ပါသော်လည်း သူ့မျက်ဝန်းများထဲရှိ ခိုင်မာပြတ်သားသောစိတ်က လျော့ကျမသွားပေ။
“ ဒါပေမဲ့ ငါက ဒီအဆိပ်နဲ့ အသားကျအောင် အမြဲတမ်း လုပ်နေတာ။ အဆိပ်ဒဏ်ကို အတိုင်းအတာတစ်ခုအထိ ငါ ခံနိုင်ရည်ရှိလာသလို ပိုးကောင်နက်တွေနဲ့လည်း ပေါင်းစပ်ခဲ့ပြီးပြီ။ ပိုးကောင်နက်တွေလည်း ခဏလောက် အသက်ရှင်နေနိုင်တယ် ”
“ အဆိပ်ဒဏ်ကို ငါ လုံးဝ ခံနိုင်ရည်မရှိသေးဘူးဆိုပေမဲ့ ငါ လုပ်နိုင်သလောက်အထိ လုပ်ပြီးပြီ။ အဆိပ်ဒဏ်ကို ထပ်ပြီးခံနိုင်အောင် လုပ်ဖို့ ငါ့အတွက် ခက်တယ် ”
“ အရေးကြီးဆုံးက အဲဒီအဆိပ်တားမြစ်ဆေးက ဓာတ်ပျယ်သလောက်နီးနီး ဖြစ်နေလို့ ညှိုးခြောက်နေတဲ့ အခြေအနေ ဖြစ်နေပြီ။ ပြီးတော့ ပြီးတစ်ဝက်အဆိပ်ဆေးဖြစ်လို့ မပြည့်စုံသေးဘူး ”
“ ဒီလိုသာ ဆက်ဖြစ်နေရင် ညှိုးခြောက်သွားတဲ့အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာမှာပဲ။ လုံးဝ ညှိုးခြောက်သွားပြီး ဓာတ်ပျယ်သွားတဲ့ဆေးဖြစ်သွားရင် အဲဒီဆေးရဲ့ တန်ဖိုးက ကြီးကြီးမားမား လျော့ကျသွားမှာပဲ။ ဒီအဆိပ်ဆေးနဲ့ ပေါင်းစည်းလိုက်တာပဲ ဒီဆေးကို ပြန်ရှင်လာနိုင်ချေရှိတာ ”
“ ငါ ဆက်ပြီး စောင့်နေရင် အဓိပ္ပာယ်မရှိဘူး။ အနာဂတ်က ဘယ်လိုတွေဖြစ်လာမလဲ ငါ မသိဘူး။ ဒါပေမဲ့ စောင့်နေတာက ငါ့ရည်မှန်းချက်ကို ကျေနပ်စေမှာ မဟုတ်ဘူး။ ငါ ပိုအစွမ်းထက်ချင်ရင် စွန့်စားရမှာပဲ ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်ထဲရှိ တတိယမြောက် ကောင်းကင်နန်းတော်ကို အာရုံခံလိုက်သည်။ ထိုနန်းတော်၏ ကိုးဆယ့်ကိုး ရာခိုင်နှုန်းက ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ အပြည့်အဝ ရုပ်လုံးပေါ်လာရန် ရွှေအမြုတေတစ်ခုသာ လိုတော့သည်။
“ ကျင့်ကြံခြင်းလမ်းစဉ်က ဘယ်လိုလုပ် ချောမွေ့မှာလဲ။ ငါတို့အနေနဲ့ ကြီးမားတဲ့ အန္တရာယ်တွေကို သေချာပေါက် ကြုံရမှာပဲ ”
ရွှီချင်းသည် ဆန္ဒမွန်သေတ္တာကို ဖွင့်လိုက်သည်။
ထိုသံသေတ္တာကို ဖွင့်လိုက်သည့်အခိုက် မည်းနက်နေသော ဆေးလုံးတစ်လုံး ပေါ်လာသည်။
ထိုဆေးသည် ယခင်ကနှင့် ယှဉ်လျှင် များစွာ ညှိုးခြောက်နေပြီး အဆိပ်များစွာ မကျန်တော့ပေ။ ဆန္ဒမွန်သေတ္တာကို ပထမအကြိမ် ဖွင့်ပြီး ပြင်ပလောကကြီးနှင့် ထိတွေ့လိုက်ပြီးနောက် ညှိုးခြောက်သည့်အခြေအနေက ပို၍ ဆိုးဝါးလာဟန် တူသည်။
ထိုအချက်ကို ရွှီချင်း ရှာတွေ့ထားသည်မှာ ကြာပြီ ဖြစ်သည်။ ထိုသို့ ဆက်သွားနေပါက ထိုဆေးသည် အနှစ်သာရကင်းမဲ့သော ဆေးလုံး ဖြစ်သွားမည်ကို သူ သိသည်။ အဆိပ်က အချိန်တိုင်း အငွေ့ပျံနေပြီး လောကကြီးထဲမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားမည် ဖြစ်သည်။
သိပ်သည်းထူထပ်သော အဆိပ်ငွေ့များ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားစဉ် ရွှီချင်းသည် ပထမဆုံး အဆိပ်ငွေ့များကို ရှူရှိုက်မိသူဖြစ်ပြီး ခန္ဓာကိုယ် တုန်ရီသွားသည်။
သူသည် အတိုင်းအတာတစ်ခုအထိ အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိပြီး ခရမ်းရောင်သလင်းကျောက် ရှိနေသည့်တိုင်အောင် အဆိပ်တားမြစ်ဆေးက သူ့တစ်ကိုယ်လုံး အလျင်အမြန် မည်းနက်သွားစေသည်။ သို့သော်လည်း ရွှီချင်းသည် ထိုအရာများကို ဂရုမစိုက်တော့ပေ။ သူသည် ခိုင်မာပြတ်သားသောစိတ်ဖြင့် သေတ္တာထဲရှိ အဆိပ်ဆေးကို ကောက်ယူလိုက်သည်။
ထို့နောက် သူ၏ညာလက်သည် မကောင်းဆိုးဝါးအခြေအနေသို့ ရောက်သွားပြီး ဖောက်ထွင်းမြင်ရလာကာ အဆိပ်ဆေးကို ဆုပ်လိုက်သည်။
ထိုအဆိပ်ဆေးသည် အံ့သြတုန်လှုပ်စရာကောင်းသည်။ ရွှီချင်း၏ ညာလက်က မကောင်းဆိုးဝါးအခြေအနေသို့ ပြောင်းလဲသွားသည့်တိုင်အောင် လက်ထဲမှ အနက်ရောင်အမျှင်တန်းများကို မြင်နေရသေးသည်။ လက်က ထိုအခြေအနေသို့ ရောက်သွားသည့်တိုင်အောင် အဆိပ်ဓာတ်က သက်ရောက်နေသေးသည်။
သူသည် ထိုအချက်များကို လျစ်လျူရှုလိုက်ပြီး ညာလက်ဖြင့် အဆိပ်ဆေးကို ယူလိုက်ပြီး သူ၏ဒန်တျန်ထဲသို့ အလျင်အမြန် သွတ်သွင်းလိုက်သည်။
သူသည် အသိပင်လယ်ကို စစ်ဆေးသောအခါနှင့် ရန်သူများ၏ ကောင်းကင်နန်းတော်များကို ထိတွေ့သောအခါတွင် ထိုသည်ကို ကြိမ်ဖန်များစွာ လုပ်ခဲ့ဖူးသည်။ သို့သော်လည်း သူ့ကိုယ်သူ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သည်။
ယင်းသည် သူ တွေးမိသည့် နည်းလမ်းလည်း ဖြစ်သည်။
ထိုဆေးကို မျိုချလိုက်ပါက သူ၏ခန္ဓာကိုယ်က ထိုဆေးကို ခံနိုင်ရည် ရှိမည်မဟုတ်ကြောင်း ရွှီချင်း ခံစားရသည်။ သူသာ အဆိပ်ဆေးကို ကောင်းကင်နန်းတော်ဆီသို့ တိုက်ရိုက်ပို့လွှတ်လိုက်ပါက သူ တွက်ချက်ကြည့်ရသရွေ့ အောင်မြင်နှုန်း ပို၍ပင် မြင့်မားသည်။
ထို့ကြောင့် သူ တွေဝေတွန့်ဆုတ်မနေပေ။ မကောင်းဆိုးဝါးလက်ကြီးက သူ၏အသွေးအသားများကို ဖြတ်ကျော်ပြီးနောက် သူ၏အသိပင်လယ်ထဲသို့ ချင်းနင်းဝင်ရောက်ကာ ချက်ချင်းနီးကပ်သွားပြီး တတိယမြောက်နန်းတော်ကို ထိတွေ့လိုက်သည်။
ထိုဖြစ်စဉ်သည် အလွန်တရာ နာကျင်ပြီး အဆိပ်ဆေးစွမ်း ကျူးကျော်မှုလည်း ရှိသည်။
သို့သော် ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး မရပ်တန့်ပေ။ ထိုကိစ္စကို သူ မြန်မြန်ဆောင်ရွက်နိုင်လေ ပိုကောင်းလေဖြစ်သည်ကို သူ သိသည်။
ထို့ကြောင့် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ညာလက်က တတိယမြောက်နန်းတော်ကို ထိသွားသည်နှင့် အထဲသို့ သွတ်သွင်းလိုက်သည်။ သူသည် တတိယမြောက်နန်းတော်ထဲသို့ လက်ဝါးကို ထည့်ကာ အဆိပ်တားမြစ်ဆေးကို အထဲသို့ ချလိုက်သည်။
ထို့နောက် သူ၏ညာလက်ကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။
သူ၏လှုပ်ရှားမှုများ မြန်ဆန်ပါသော်လည်း သူ့ခန္ဓာကိုယ်တစ်လျှောက် ပြင်းထန်သော နာကျင်မှုများ ပျံ့နှံ့လာသည်။ ခန္ဓာကိုယ် တုန်ရီလာပြီး သွေးတစ်ပွက် အန်လိုက်သည်။
သူ၏ကိုယ်တွင်းအင်္ဂါများသည်လည်း နာကျင်လာပြီး သူ နေမထိထိုင်မသာ ဖြစ်လာသည်။ သူ ပြန်ကောင်းမလာခင် တတိယမြောက်ကောင်းကင်နန်းတော်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
တတိယမြောက်နန်းတော်မှ အဆိပ်တားမြစ်ဆေးအစွမ်းများ ငလျင်လှုပ်ခတ်သည့်အလား အဖက်ဖက်သို့ ပျံ့နှံ့လာသည်။ အဆိပ်ဓာတ်များသည် ရွှီချင်း၏ အသိပင်လယ်တစ်လျှောက် ပျံ့နှံ့သွားပြီး သူ၏ဝိညာဉ်ကို သက်ရောက်ကာ သူ့တစ်ကိုယ်လုံး စိမ့်ဝင်နေသည်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီလာပြီး ပုပ်သိုးဆွေးမြေ့လာသည်။ သူ၏အသိပင်လယ် ညှိုးခြောက်လာပြီး သက်စောင့်ဝိညာဉ်မှာ မှိန်ဖျော့ဖျော့ဖြစ်လာသည်။
အဆိပ်တားမြစ်ဆေး၏ အဆိပ်ဓာတ်က အလွန် ကြောက်စရာကောင်းသည်။
တချိန်တည်းမှာပင် တတိယမြောက်ကောင်းကင်နန်းတော်ရှိ အုတ်ခဲများနှင့် တိုင်များမှ အမျှင်တန်းများ ဖြာထွက်လာပြီး အဆိပ်ဓာတ်များ ထုတ်လွှတ်နေသော အဆိပ်တားမြစ်ဆေးနှင့် အလျင်အမြန် ချိတ်ဆက်သွားသည်။
ယင်းသည် ပေါင်းစည်းခြင်းနှင့် အသွင်ပြောင်းလဲခြင်း ဖြစ်သည်။
ကျင့်ကြံသူများ၏ ကောင်းကင်နန်းတော်ထဲတွင် မည်သည့်ပြင်ပရွှေအမြုတေမဆို ပေါ်လာသည်နှင့် ကောင်းကင်နန်းတော်က ချက်ချင်း ပေါင်းစည်းလိုက်မည် ဖြစ်သည်။ ထိုပေါင်းစည်းခြင်း ပြီးစီးသွားသည်နှင့် အသွင်ပြောင်းခြင်း ပြီးမြောက်သွားမည်ဖြစ်ပြီး ရွှေအမြုတေက မွေးရာပါရတနာ ဖြစ်လာမည်ဖြစ်သည်။
အစက တတိယမြောက်နန်းတော်သည် ရွှေရောင်ဖြစ်သည်။ ထိုအချိန်၌ ထိုအမျှင်တန်းများ အဆိပ်တားမြစ်ဆေးနှင့် ပေါင်းစည်းသွားသောအခါတွင် တတိယမြောက်နန်းတော်တစ်ခုလုံး တဖြည်းဖြည်း မည်းနက်လာသည်။
ထိုဖြစ်စဉ်သည် အလွန် နှေးကွေးသည်။
တတိယမြောက်ကောင်းကင်နန်းတော်တစ်ခုလုံး မည်းနက်သွားသောအခါမှာသာ အဆိပ်တားမြစ်ဆေးနှင့် လုံးလုံးလျားလျား ပေါင်းစည်းသွားကြောင်း အဓိပ္ပာယ်ရပေသည်။
ထိုအခါမှသာ ထိုအဆိပ်တားမြစ်ဆေးကို သွယ်ဝိုက်သောနည်းအားဖြင့် သူ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး တတိယမြောက်ကောင်းကင်နန်းတော်နှင့် ချိတ်ဆက်နေသော မွေးရာပါပစ္စည်း ဖြစ်လာပေမည်။
ထိုအချိန်ရောက်လျှင် တတိယမြောက်ကောင်းကင်နန်းတော်ကို သူ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့နေသော အဆိပ်များကို ဆင့်ခေါ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ထိုရှည်လျားသော ပေါင်းစည်းခြင်းအချိန်ကာလသည် ရွှီချင်းအတွက် သေရေးရှင်ရေး စမ်းသပ်ချက်တစ်ခု ဖြစ်သည်။
ပေါင်းစည်းခြင်း မပြီးမြောက်သေးခင် အဆိပ်ဒဏ်ကို သူ မခံနိုင်ပါက သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်စီးသွားမည် ဖြစ်သည်။
ရွှီချင်း၏ ခန္ဓာကိုယ် တုန်ရီသွားသည်။ အဆိပ်တားမြစ်ဆေးမှ မယှဉ်သာအောင် သိပ်သည်းထူထပ်သော အဆိပ်များ သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့သွားသည်။
ဖော်ပြရန် ခက်ခဲသော သည်းခြေခိုက်လုမတတ်နာကျင်မှုကြောင့် သူ အလိုလို ညည်းညူလိုက်ရသည်။
ထိုနာကျင်မှုသည် ယခင်က သူ ကြုံခဲ့ရသည့် သေရေးရှင်ရေးအခြေအနေများထက် ကျော်လွန်သည်။ ရေသူမကျွန်းဘုရားကျောင်း၌ ဖြစ်စေ၊ နဂါးလှည်း၌ ဖြစ်စေ ယခုခံစားရသည့်နာကျင်မှုနှင့် ကွာခြားသည်။ ထိုအချိန်က နာကျင်မှုက အပြင်ဘက်မှ ခန္ဓာကိုယ်အတွင်းဘက်သို့ ပျံ့နှံ့လာခြင်း ဖြစ်သည်။
ထို့ကြောင့် သူ ခက်ခက်ခဲခဲ ခုခံနိုင်ခဲ့သည်။
ယခုနာကျင်မှုသည် အတွင်းပိုင်းမှ အပြင်ဘက်သို့ ပျံ့နှံ့လာခြင်း ဖြစ်သည်။
သို့သော်လည်း ထိုခံစားချက်ကို ယခင်က ရွှီချင်း မကြုံခဲ့ဖူးသည် မဟုတ်ပေ။ ထိုမိုးသည်းသောညက သူ့နှလုံးသားတစ်ခုလုံး စုတ်ပြတ်သွားခဲ့ပြီး သူ၏မှတ်ဉာဏ်ထဲရှိ နံရံများ ပြိုကွဲကာ အနက်ရှိုင်းဆုံး နာကျင်မှုကို ခံစားခဲ့ရသည်။
ထိုနာကျင်မှုနှင့် ယှဉ်ပါက ယခုသည် ဘာမှမဟုတ်ပေ။
ယခုအချိန်တွင် ရွှီချင်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်ကို သဘောမကျပေ။
သူသည် နီမြန်းနေသော မျက်လုံးများဖြင့် အံတင်းတင်းကြိတ်လိုက်ရာ သူ၏သွေးပျက်ခမန်း အော်ဟစ်သံက ခပ်တိုးတိုးအသံများအဖြစ် သွားကြားထဲမှ ထွက်လာသည်။
တချိန်တည်းမှာပင် သူ၏ဝမ်းဗိုက်ရှိ ခရမ်းရောင်သလင်းကျောက်က အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာသည်။ ခရမ်းရောင်အလင်းများ ရွှီချင်း၏ တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး အဆိပ်ဒဏ်ကို ခုခံနေသည်။
ရွှေကျီးကန်းကြီး ရုပ်လုံးပေါ်လာပြီး ရွှီချင်းကို မီးတောက်များဖြင့် မှုတ်ကာ အားဖြည့်ပေးလိုက်သည်။
အသိပင်လယ်ထဲတွင် စုစည်းထားသော အင်မော်တယ်ချီများသည်လည်း သူ၏ ဝန်ထုပ်ဝန်ပိုးကို ကူထမ်းလိုက်သည်။
သက်စောင့်မီးအိမ်များဖြင့် ဖြစ်လာသော ကောင်းကင်နန်းတော်နှစ်ခုက ကွန်ခြာများကို ထုတ်လွှတ်လိုက်ပြီး သူ့ကို အားဖြည့်ပေးလိုက်သည်။ နောက်ဆုံးတွင် တစ္ဆေဧကရာဇ်တောင်သည် အနက်ရောင်အလင်းများကို ထုတ်လွှတ်ကာ အရာအားလုံးကို ဖိနှိပ်လိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။