← Chapters

လက်ကောက်ဝတ်က ရွှေရောင်အလင်း ( ၁ )

Vol. 29 Ch. 444

လက်ကောက်ဝတ်က ရွှေရောင်အလင်း ( ၁ )

Vol. 29 Ch. 444

သုံးရက်ကြာသွားသည်။

တတိယမြောက်နန်းတော်နှင့် အဆိပ်တားမြစ်ဆေး ပေါင်းစည်းခြင်းသည် နှေးကွေးစွာ ဖြစ်ပွားနေသည်။

တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း …

ရွှီချင်း၏ ခန္ဓာကိုယ် ပုပ်ပွလာပါသော်လည်း နေရာမှာပင် ထိုင်နေဆဲဖြစ်ကာ အစွမ်းကုန် ခုခံနေသည်။

ပြီးခဲ့သည့် သုံးရက်အတွင်း ခရမ်းရောင်သလင်းကျောက်၊ သက်စောင့်မီးအိမ်များနှင့် တစ္ဆေဧကရာဇ်တောင်ကြီးအပြင် ရွှီချင်းသည် ပိုးကောင်နက်လေးများကိုလည်း ထုတ်လွှတ်ခဲ့သည်။

သူ၏ ထိန်းချုပ်မှုအောက်တွင် ထိုပိုးကောင်နက်များသည် သူ့ခန္ဓာကိုယ်ထဲ တိုးဝင်သွားပြီး သူ၏အသွေးအသားထဲရှိ အဆိပ်ဆေးမှ အဆိပ်များကို စုပ်ယူလိုက်သည်။

ထိုနည်းလမ်းများသည် အဆိပ်တားမြစ်ဆေးနှင့် ပေါင်းစည်းခြင်းကဏ္ဍတွင် ရွှီချင်း ပြင်ဆင်ထားသော ပထမလှိုင်းအကူအညီ ဖြစ်သည်။

သို့သော်လည်း အဆိပ်တားမြစ်ဆေး၏ အဆိပ်ဓာတ်က ပြင်းထန်ပြီး ရွှီချင်း၏ ပထမလှိုင်း ပြင်ဆင်မှုက မထိရောက်ပေ။ သူ၏ခန္ဓာကိုယ်က သိသိသာသာ ပုပ်ပွလာသည်။

ပေါင်းစည်းခြင်းဖြစ်စဉ်က သေမင်းခြေသံများထက် ပို၍ မြန်ဆန်နေရန် ထိုအရာများအပေါ်တွင်သာ သူ အားထားနိုင်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း လေးရက်ကုန်လွန်သွားသည်။ သူ၏တတိယမြောက်ကောင်းကင်နန်းတော်နှင့် အဆိပ်ဆေးတို့၏ ပေါင်းစည်းခြင်းနှင့် ပြောင်းလဲခြင်းဖြစ်စဉ်က နောက်ဆုံးတွင် ခုနစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်လာသည်။

သို့သော် ထိုလေးရက်တာအတောအတွင်း ပြင်းထန်သော နာကျင်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ရွှီချင်း ခံစားခဲ့ရသည်။ သူ့မှာ ခံနိုင်ရည်များစွာ မရှိတော့ဘဲ တိတ်ဆိတ်စွာသာ ခုခံနေရသည်။

သူ ထိုင်နေသည့်နေရာတွင် သွေးမည်းများ ဖုံးလွှမ်းထားသည်။

ထိုသွေးမည်းများသည် သူ၏အသွေးအသားများ ပုပ်ပွရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူ၏ခန္ဓာကိုယ် ပိန်ချုံးခြောက်ကပ်သွားပြီး သူ၏အသွေးအသားများ လုံးလုံးလျားလျား ပုပ်ပွဆွေးမြေ့လာသည်။ သူ့လက်မှာ အသားများစွာ မရှိတော့ဘဲ မည်းနက်သောအရိုးများ တုန်လှုပ်ချောက်ချားစရာကောင်းလောက်အောင် ပေါ်နေသည်။

အဆိပ်တားမြစ်ဆေးမှ အဆိပ်သည် သူ့ခန္ဓာကိုယ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။ သူ၏အသိပင်လယ်မှာပင် အပေါက်များဖြင့် ပြည့်နှက်လာပြီး သူ၏သက်စောင့်ဝိညာဉ်က မယှဉ်သာအောင် မှိန်ဖျော့လာသည်။

သူ သေခါနီး ဖြစ်နေပေပြီ။

အမှန်စင်စစ် ယခုအချိန်တိုင်အောင် သူ ခုခံနိုင်ခြင်းသည်ပင် အံ့သြစရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ယင်းသည် သူ၏ စုဆောင်းခဲ့ခြင်း ရလဒ်ဖြစ်သည်။

အဆိပ်တားမြစ်ဆေးကို ပေါင်းစပ်ခြင်းနှင့် ပတ်သက်၍ ထိုဆေးကို ချန်ထားရစ်ခဲ့သည့် ကြီးမြတ်သော ပုဂ္ဂိုလ်သည်ပင် မအောင်မြင်ခဲ့ပေ။

ထိုပုဂ္ဂိုလ်သာ အမှန်တကယ် အောင်မြင်သွားခဲ့ပါက ဤမပြီးသေးသော အဆိပ်ဆေးကို နောင်တများစွာဖြင့် ချန်ထားရစ်ခဲ့မည် မဟုတ်ပေ။

ထိုပုဂ္ဂိုလ်သည်ပင် ထူးခြားဆန်းကြယ်သော ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်မှာ သေချာသည်။ သူ၏အကာအကွယ်အောက်မှာပင် မအောင်မြင်ခဲ့ပေ။ သို့ဖြစ်ပေရာ ထိုပေါင်းစည်းခြင်းဖြစ်စဉ်က မည်မျှ ခက်ခဲသည်ကို မှန်းဆကြည့်နိုင်သည်။

ထို့ကြောင့် အရာအားလုံးက သဘောတရားအရသာ ဖြစ်နိုင်ချေ ရှိသည်။

ရွှီချင်းမှာ သူ့ကို ကာကွယ်ပေးနေသည့် သက်စောင့်မီးအိမ်နှစ်လုံးသော်လည်းကောင်း၊ အဆိပ်ဓာတ်ကို ဖိနှိပ်ပေးနေသည့် တစ္ဆေဧကရာဇ်တောင်ကြီးသည်လည်းကောင်း၊ သူ၏အဆိပ်ဒဏ်ခံနိုင်ရည်နှင့် သူ့ကို ကူညီပေးနေသော ပိုးကောင်နက်များသော်လည်းကောင်း ရှိနေသည့်တိုင်အောင် လမ်းဆုံးသို့ သူ ရောက်နေသည်။

ခရမ်းရောင်သလင်းကျောက်က အစွမ်းကုန် လည်ပတ်နေပြီး ရွှီချင်း၏ သေခြင်းတရားကို နှောင့်နှေးအောင် သက်စောင့်အားများ ထုတ်လွှတ်နေပါသော်ငြား ခရမ်းရောင်သလင်းကျောက်မှာလည်း အကန့်အသတ် ရှိပေသည်။

အရိပ်လေးသည် မည်သည့်ခံစားချက်ကိုမျှ မပြတော့ပေ။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း အလွန် သတိထားနေသည်။

ရွှီချင်းထံမှ ထုတ်လွှတ်နေသော သေမင်းအရှိန်အဝါကို သူတို့ အာရုံခံမိနေပြီး ရင်ထဲတွင် စိတ်ရှုပ်ထွေးနေသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေ အတိတ်က ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်ခြင်းများနှင့် ခြိမ်းခြောက်ခြင်းများကြောင့် သူတို့မှာ သစ္စာဖောက်ရန်အတွေးများ မရှိပေ။ ထိုအတွေးများ ပေါ်လာသည့်တိုင်အောင် မလုပ်ဝံ့ကြပေ။

နောက်ထပ်နေ့ဝက်ကုန်လွန်သွားပြီးနောက် ရွှီချင်း၏ ဆံပင်များ မရှိတော့ဘဲ ခြေထောက်များက အရိုးမည်းများ ဖြစ်နေပြီ ဖြစ်သည်။

သူ၏မိစ္ဆာဆန်သောမျက်နှာသည် ယခုတွင် အရိုးများ ပေါ်နေပြီ ဖြစ်သည်။ မျက်နှာပေါ်ရှိ ပုပ်ပွပျက်စီးနေသော အသားစိုင်များသည် သွေးမည်းများအဖြစ် ပြောင်းလဲကာ မြေပြင်သို့ ကြမ်းတမ်းစွာ စီးကျနေသည်။

သူ၏မျက်ခွံများသည်လည်း ပျောက်သွားပြီဖြစ်ပြီး အသက်မဲ့သောအကြည့်နှင့် မျက်ဝန်းများ ပေါ်လာသည်။ သူ၏အသက်က လျင်မြန်စွာ လွင့်ပါးပျောက်ကွယ်နေသည်။

ထိုအချိန်၌ ခရမ်းရောင်သလင်းကျောက်က အကူအညီ မဖြစ်တော့ပေ။ ရွှီချင်း ကျရှုံးသွားတော့မည့်ဆဲဆဲတွင် ရွှီချင်း၏မျက်လုံးများထဲ အသက်ဓာတ်အရိပ်အငွေ့များ ရုတ်တရက် ပေါ်လာသည်။

ထိုအရိပ်အငွေ့များကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အရိပ်လေးတို့ တုန်ရီသွားသည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုအပြုအမူကြောင့် တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာပြီး သူသာ အားအနည်းငယ် စိုက်ထုတ်လိုက်သည်နှင့် သူ၏ခေါင်းက လည်ပင်းမှ ပြုတ်ထွက်သွားတော့မည့်အလားပင်။

ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီးနောက် အသွေးအသားအနည်းငယ်မျှသာ ကျန်တော့သော ညာလက်ကို မြှောက်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ကြိုတင်ချထားသည့် ပုလင်းလေးကို မြှောက်လိုက်သည်။

ထိုပုလင်းကို ခွဲချေလိုက်ပြီးနောက် ဗလာနတ္ထိအဆင့်တာအိုသွေး ပျံထွက်လာပြီး သူ့ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားသည်။

ယင်းသည် ရွှီချင်း ပြင်ဆင်ထားသည့် အကူအညီ ဒုတိယလှိုင်း ဖြစ်သည်။

တခဏလေးအတွင်း ထိုသွေးက ရွှီချင်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

တာအိုသွေးမှ သက်စောင့်အားက ရွှီချင်း၏တစ်ကိုယ်လုံးသို့ ချက်ချင်း တိုးဝင်ပျံ့နှံ့သွားသည်။ သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးရင်း အသိပင်လယ်ထဲရှိ တစ္ဆေဧကရာဇ်တောင်ကြီးသည်လည်း ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။

သို့သော်လည်း ထိုသွေးစက်ထဲရှိ သက်စောင့်အားနှင့် ယှဉ်ပါက ထိုသွေးစက်ထဲရှိ တာအိုကျက်သရေက ပို၍ အရေးပါသည်။

ထို့ကြောင့် တာအိုသွေးစက်က သက်စောင့်အားကို အနည်းငယ်သာ ထောက်ပံ့ပေးနိုင်ပါသော်လည်း တစ္ဆေဧကရာဇ်တောင်ကြိးကို ကြီးမားသော အကူအညီ ဖြစ်စေခဲ့သည်။

ထိုအချိန်၌ တစ္ဆေဧကရာဇ်တောင်ကြီးသည် တာအိုကျက်သရေကို စုပ်ယူခြင်း ပို၍ပင် ပီပြင်ထင်ရှားလာသည်။

တစ္ဆေဧကရာဇ်တောင်ကြီးသည် သိပ်သည်းထူထပ်သော ကျက်သရေတော်များကို ထုတ်လွှတ်လိုက်ပြီး မျက်နှာသည်လည်း ရွှီချင်း၏မျက်နှာနှင့် ပို၍ ဆင်တူလာသည်။ ယင်းသည် ပြီးပြည့်စုံသော ပုံဖော်ခြင်းအတွက် ကြီးမားသော ခြေလှမ်းကြီးတစ်လှမ်း လှမ်းလိုက်သကဲ့သို့ ခံစားရစေသည်။

ထိုအပြောင်းအလဲသည် အရည်အသွေးရှိသော ပြောင်းလဲခြင်းနှင့် ပို၍ ဆင်တူသည်။ ထိုသွေးစက်သာ မရှိပါက ထိုကဲ့သို့ အရည်အသွေးရှိသော ပြောင်းလဲခြင်းမျိုး အထမြောက်ရန် မဖြစ်နိုင်သလောက်ပင်။

တာအိုသွေးစက်သည် ဝိညာဉ်သစ်စေ့ သို့မဟုတ် ဝိညာဉ်အမြစ်တစ်ခုကို ပေးစွမ်းလိုက်ဟန်တူသည်။

ယခင်ကဆိုပါက သူ သေချာပေါက် ပို၍ စူးစမ်းလေ့လာမိမည် ဖြစ်သည်။ သို့ပေမည့် ယခုတွင် သူ့မှာ အားအင်များ မရှိပေ။ ထိုသွေးစက်ရှိ သက်စောင့်အားများကို အားပြု၍ နောက်ထပ်တစ်ရက် သူ အသက်ရှင်သွားသည်။

သူ့ခန္ဓာကိုယ်ထဲရှိ တတိယမြောက်ကောင်းကင်နန်းတော်၏ အနက်ရောင်က ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းသို့ တိုးပွားလာသည်။

ရှစ်ဆယ်ရာခိုင်နှုန်းပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ရှိ ပုပ်သိုးဆွေးမြေ့ခြင်းက ပြန်လည်၍ အားကောင်းလာသည်။ သူသည် သစ်သားအပိုင်းအစတစ်ခုကို ထုတ်လိုက်ပြီး ရှေ့တွင် ချထားလိုက်သည်။

ယင်းသည် သူ ပြင်ဆင်ထားသည့် တတိယလှိုင်းအကူအညီ ဖြစ်သည်။

ထို့နောက် အနက်ရောင်သစ်သားစသည် တဖျပ်ဖျပ်ဝင်းလက်လာပြီး အနက်ရောင်တံခါးကြီးတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။ တံခါးကြီး တဖြည်းဖြည်း ပွင့်လာပြီး ဇီဝကမ္မဖြစ်စဉ်ကို ပိတ်လှောင်ပေးသော အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်ပေးလိုက်သည်။

ထိုအလင်းတန်းသည် ချုပ်နှောင်စွမ်းအားအသွင် ပြောင်းလဲသွားပြီး ရွှီချင်း၏ ဇီဝကမ္မဖြစ်စဉ်ကို အေးခဲချင်နေသည်။

သို့သော်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၌ အသွင်ပြောင်းလဲနေစဉ်အတောအတွင်း သူ၏ဇီဝကမ္မဖြစ်စဉ်ကို ပိတ်လှောင်ပေးသော ထိုအလင်းတန်းသည် ထိုအချိန်၌ အာနိသင်မပြတော့ပေ။ သူ၏ဇီဝကမ္မဖြစ်စဉ်ကို လုံးလုံးလျားလျား ပိတ်လှောင်မထားနိုင်ဘဲ သေခြင်းတရားကိုသာ နှောင့်နှေးအောင် လုပ်ပေးနိုင်လိုက်သည်။

အဆိပ်တားမြစ်ဆေး၏ အဆိပ်အဆင့်အတန်းက မြင့်မားလွန်းပေသည်။ သက်စောင့်အားများသည်သာ ထိုအဆိပ်များကို မျှချေရောက်ရန် လုပ်နိုင်ပုံရသည်။ ပြင်ပအရာဝတ္ထုများ၏ အာနိသင်အားလုံးက အပြည့်အဝ အစွမ်းပြနိုင်ရန် မဖြစ်နိုင်ပေ။

သို့တိုင်အောင် တံခါးကြီးက အနည်းငယ် အကျိုးရှိသွားစေခဲ့သည်။

ထိုနှောင့်နှေးနေစဉ်အတောအတွင်း ရွှီချင်း၏ကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်နှင့် အဆိပ်ကို ခုခံနေသော တခြားအကူအညီများက အသက်ရှူရှိုက်ရန် အချိန်ရလိုက်ပုံရပြီး သူ့ကို ပို၍ ကြာရှည်ခံနိုင်အောင် ကူညီပေးလိုက်သည်။

All Chapters