← Chapters

လက်ကောက်ဝတ်က ရွှေရောင်အလင်း ( ၂ )

Vol. 29 Ch. 445

လက်ကောက်ဝတ်က ရွှေရောင်အလင်း ( ၂ )

Vol. 29 Ch. 445

နောက်ထပ်တစ်ရက် ကုန်ဆုံးသွားသည်။

ယခုအခါ သူ့ခန္ဓာကိုယ်ထဲရှိ တတိယမြောက်ကောင်းကင်နန်းတော်က ကိုးဆယ်ရာခိုင်နှုန်း မည်းနက်လာပြီ ဖြစ်သည်။ ပေါင်းစည်းခြင်းနှင့် အသွင်ပြောင်းခြင်းမှာလည်း အတူတူပင် ဖြစ်သည်။ သို့သော် တံခါးနက်ကြီး၏ ချုပ်နှောင်အလင်းက အာနိသင် ကုန်ခမ်းလာပြီ ဖြစ်သည်။

“ ကိုးဆယ်ရာခိုင်နှုန်း …”

ရွှီချင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများထဲရှိ အလင်းက မှိန်ဖျော့လာပြီး သူ့ရှေ့ရှိ လောကကြီး ဝေဝါးလာသည်။ သို့သော်လည်း သူ သွေးရူးသွေးတမ်း ဖြစ်မနေပေ။

အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်မှာ ရှိနေသေးသည်။

သို့သော်လည်း အဆိပ်ပျံ့နှံ့နှုန်းက သူ ခန့်မှန်းထားသည်ထက် အမှန်ပင် ကျော်လွန်နေသည်။

ရွှီချင်းသည် ရုန်းကန်ရင်း သူ့ရှေ့ရှိ ပုလင်းများနှင့် အိုးများကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့သည် ဝိညာဉ်သခင်မယုံကျင်းထံမှ သူ ရရှိခဲ့သော ပစ္စည်းများ ဖြစ်သည်။

အထဲတွင် ဆေးများ ရှိသည်။ ထိုဆေးများတွင် အာနိသင်အမျိုးမျိုး ရှိပါသော်လည်း ရွှီချင်း စစ်ဆေးကြည့်ပြီးပြီ ဖြစ်သည်။ ယခုလောလောဆယ် သူ့ရှေ့ရှိ ဆေးများသည် သက်စောင့်အား အနည်းနှင့်အများ ရှိနေသော ဆေးများ ဖြစ်သည်။

ယင်းသည် အဆိပ်ဆေးနှင့် ပေါင်းစပ်ရာတွင် သူ ပြင်ဆင်ထားသည့် စတုတ္ထမြောက်အကူအညီလှိုင်း ဖြစ်သည်။

သူသည် ပုလင်းများကို ခွဲလိုက်ရာ ရောင်စုံဆေးလုံးများ သူ၏ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး အလျင်အမြန် အရည်ပျော်သွားရာ ဆေးလုံးများထဲရှိ သက်စောင့်အားများ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို အားဖြည့်ပေးလိုက်သည်။

ထိုအားဖြည့်ပေးခြင်း၏ အာနိသင်သည် သာမန်သာ ဖြစ်ပါသော်လည်း ဆေးလုံးများစွာ ရှိသည်ဖြစ်၍ ရွှီချင်း၏ အစီအစဉ်အရ လုံလောက်သင့်သည်။

သို့သော်လည်း ထိုအချိန်၌ ရွှီချင်း၏ အကြည့်က ညာလက်ကောက်ဝတ်ပေါ်သို့ ရုတ်တရက် ရောက်သွားသည်။ ညာလက်ကောက်ဝတ်တွင် အသွေးအသားများ ရှိမနေဘဲ မည်းနက်သောအရိုးများသာ ရှိသည်။

ညာလက်ကောက်ဝတ်ရှိ အရိုးများကို ကြည့်၍ ရွှီချင်း၏ မှိန်ဖျော့သော မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ထိုအချိန်၌ ညာလက်ကောက်ဝတ်မှ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတစ်ခု ထုတ်လွှတ်နေသည်။

ထိုရွှေရောင်အလင်းသည် အလွန် အားနည်းသည်။ အနီးကပ် မကြည့်ပါက သတိထားမိမည် မဟုတ်ပေ။

အမှန်စင်စစ် အသွေးအသားများ ဖုံးလွှမ်းနေသည့်အခါတွင် ထိုအလင်းကို စစ်ဆေးနိုင်မည် မဟုတ်ပေ။

ထိုအလင်းကို အာရုံခံရန် မဆိုထားဘိ သူ၏နတ်အာရုံသည်ပင် ရှာတွေ့ရန် ခက်သည်။

ထိုအလင်းသည် ဗြုန်းခနဲ ပေါ်ထွက်လာပြီး လျှပ်တစ်ပြက်အတွင်း ပျောက်သွားသည်။

ထိုအလင်း ပျောက်သွားသည့်အခါ ရွှီချင်းသည် မည်သည့်အရာကိုမျှ မခံစားရပေ။

သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲတစ်စုံတရာ ဖြစ်သွားသည်ကိုလည်း မတွေ့ရပေ။

သူ သံသယဝင်နေစဉ် ဆေးလုံးများသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီး သက်စောင့်အားများကို ထုတ်လွှတ်ပေးလိုက်သည်။ ထိုသက်စောင့်အားများသည် ရွှီချင်း၏ တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး အားဖြည့်ပေးလိုက်သောကြောင့် တတိယမြောက်ကောင်းကင်နန်းတော်ထဲရှိ အဆိပ်ဆေး၏ အဆိပ်ဓာတ်သည်လည်း အနည်းငယ် အားပျော့လာသည်။

ထိုမျှသာမက တတိယမြောက်နန်းတော်နှင့် အဆိပ်ဆေး၏ ပေါင်းစည်းခြင်းနှုန်းသည်လည်း အနည်းငယ် အရှိန်မြင့်တက်သွားသည်။

ထိုအခြင်းအရာအားလုံးသည် အဆိပ်ဆေး၏ ပေါင်းစည်းခြင်းနှင့် အသွင်ပြောင်းလဲခြင်းကို ရုတ်ခြည်း မြင့်တက်သွားစေသည်။ မကြာခင် တတိယမြောက်နန်းတော်၏ နောက်ဆုံးအပိုင်းက မည်းနက်သွားသည်။

ကောင်းကင်နန်းတော်တစ်ခုလုံး တစ်ရာရာခိုင်နှုန်း မည်းနက်သွားပြီ ဖြစ်သည်။

အဆိပ်ဆေးနှင့် လုံးလုံးလျားလျား ပေါင်းစည်းသွားစဉ် ရွှီချင်း၏ စိတ်ထဲ သူ့ခန္ဓာကိုယ်နှင့် ဆက်သွယ်နေသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

ရွှီချင်း၏ ခန္ဓာကိုယ်တုန်ရီသွားသည်။

ထို့နောက် သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်များအားလုံး အလျင်အမြန် စုစည်းသွားပြီး တတိယမြောက်နန်းတော်ထဲသို့ ပြိုင်တူဝင်ရောက်သွားသည်။

သူ၏ အားနည်းသော ခန္ဓာကိုယ်သည် ခရမ်းရောင်သလင်းကျောက်စွမ်းအားအောက်တွင် ပြန်လည်သက်သာလာပြီး ပုံမှန်ထက် ပို၍ မြန်ဆန်စွာ သက်သာလာပုံရသည်။

သူ၏အသားများ ပြန်လည်ကြီးထွားလာပြီး အသိပင်လယ်က အလျင်အမြန် ပြန်ကောင်းလာသည်။ သူ၏သက်စောင့်ဝိညာဉ်ထဲတွင် သက်စောင့်မီးတောက်များ ပြန်လည်တောက်ပလာသည်။

ဝတ်ရုံအောက်တွင် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ကြွက်သားများ ပြန်ရလာသည်။ သူသည် ပိန်ချုံးနေသေးပါသော်ငြား သူ၏အခြေအနေက ပိုကောင်းလာသည်။

ထိုအချိန်၌ ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုစားနိုင်စွမ်းက ပုံမှန်ပြန်ဖြစ်လာသည်ကိုလည်း သူ အာရုံရလိုက်သည်။

ထိုအခြင်းအရာအားလုံးသည် မြေကြီးလက်ခက်မလွဲ ဖြစ်လာသည်ဟု ရွှီချင်း မထင်ပေ။

ထိုလှစ်ခနဲ ပျောက်ကွယ်သွားသော အလွန် အားနည်းသည့် ရွှေရောင်အလင်းကို သူ တွေးမိလိုက်သည်။

စောစောကသာ သူ၏လက်ကောက်ဝတ်အရိုးရှိ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းကို သူ သတိမထားမိခဲ့ပါက ယခုအချိန်၌ ထူးဆန်းသည်ဟု သူ ခံစားနေရမည် မဟုတ်ပေ။ ထိုမမြင်ရလုနီးပါးဖြစ်သော အပြောင်းအလဲများကို သူ အမှုမဲ့အမှတ်မဲ့ ဖြစ်နေမည်သာ ဖြစ်ပြီး အောင်မြင်သွားသည့်ခံစားချက်သာ သူ့ကို လွှမ်းမိုးထားမည် ဖြစ်သည်။

သို့သော် ယခုအခါ သူ ကြည့်မည်ဆိုပါကလည်း တိုက်ဆိုင်မှုအဖြစ်သာ ဆိုနိုင်သေးသည်။ သို့သော် တိုက်ဆိုင်မှုများစွာ ရှိလာသောအခါတွင် ပြဿနာတစ်ရပ် ရှိနေလေပြီ။

“ ဒါ မဟုတ်သေးဘူး ”

ရွှီချင်း၏စိတ်ထဲ တုန်ခါသွားသည်။ သူသည် ဆတ်ခနဲ မတ်တတ်ရပ်လိုက်ပြီး ညာလက်ကောက်ဝတ်ကို ကြည့်ရန် ပြင်လိုက်သည်။

ထိုအချိန်၌ တတိယမြောက်ကောင်းကင်နန်းတော်က အဆိပ်တားမြစ်ဆေးနှင့် ပေါင်းစည်းသွားပြီး သက်စောင့်အားများဖြင့် ချိတ်ဆက်လိုက်သည့်အခါ ရွှီချင်း ခန့်မှန်းထားသည့်အတိုင်း အဆိပ်ဓာတ်ပျယ်နေသော အဆိပ်တားမြစ်ဆေးမှာ ပြန်လည်သက်သာလာသည့်လက္ခဏာများ လျော့ပါးသွားသည်။

ထိုလက္ခဏာရပ်က ပြင်းထန်သော ဆာလောင်ငတ်မွတ်ခြင်းကို ဖော်ပြလိုက်သည်။

ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ယခုလေးတင် ပြန်သက်သာလာခဲ့သော အသွေးအသားများ အလျင်အမြန် ညှိုးခြောက်သွားပြန်သည်။

သို့သော်လည်း မကြာသေးခင်ကကဲ့သို့ ပုပ်ပွဆွေးမြေ့သွားခြင်းမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်က ဆက်လက်ညှိုးခြောက်လာပြီး ပြင်းထန်သော ဆာလောင်ခြင်းကို ပြသနေသည်။

ထိုခံစားချက်ကြောင့် ရွှီချင်း၏ မျက်လုံးများ နီမြန်းသွားသည်။

ကျင်းဝူလျန့်ဝမ့်လင်အတတ်ကို ကျင့်ကြံခဲ့စဉ်အချိန်က အတိုင်းပင်။

ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ နီမြန်းလာသည်။ သူသည် ဆတ်ခနဲ ခေါင်းမော့၍ အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ကို ကြည့်လိုက်သည်။

သူ့အကြည့်ကို မြင်သောအခါ အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ အလန့်တကြား အော်ဟစ်လုနီးပါး ဖြစ်သွားသည်။ ထိုအချိန်၌ သူတို့သည် အပြင်းအထန် ကြောက်လန့်ခြင်းကြောင့် တုန်ရီနေသည်။ ရွှီချင်း၏အကြည့်က တစတစ ကြောက်စရာကောင်းလာသည်။

သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဟန်တူပြီး တံတွေးကို တိတ်တဆိတ် မျိုချလိုက်သည်။

တချိန်တည်းမှာပင် အဆုံးအစမဲ့ ယင်ဟွမ်ပြည်နယ်မှ အလွန်ဝေးကွာသောအရပ်ရှိ အဆုံးအစမဲ့ တားမြစ်ပင်လယ်ကြမ်းပြင်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဧရာမမြို့ပျက်ကြီးတစ်ခု ရှိသည်။

တိတိကျကျဆိုရမည်ဆိုပါက ထိုမြို့ပျက်ကြီးသည် အဆုံးအစမဲ့ အမှောင်ထု ကြီးစိုးနေသော ပင်လယ်ကြမ်းပြင်ရှိ မြို့ပျက်ကြီး ဖြစ်သည်။

ထိုအမှောင်ထုကို ဖောက်ထွင်း၍ ကြည့်မည်ဆိုပါက ပျက်စီးနေသော ရှေးအဆောက်အအုံများ မရေမတွက်နိုင်အောင် ရှိနေသည်ကို မြင်ရပေမည်။

မြို့ပျက်ကြီးတစ်ခုလုံး ခြောက်ကပ်နေပြီး ချောက်ချားစရာကောင်းလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေသည်။ ကျိုးပဲ့ပျက်စီးနေသော ရုပ်ထုတချို့ကို ခပ်ရေးရေး မြင်နိုင်သည်။

ထိုရုပ်ထုများအားလုံး အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားကြသည့် အမျိုးသမီးများ ဖြစ်ကြသည်။ အမျိုးသမီးတစ်ယောက်စီတိုင်းက အလွန့်အလွန် ချောမောလှပပြီး ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကြသည်။ ထိုအမျိုးသမီးများ၏ ခန္ဓာကိုယ်ကို အဖြူရောင်မြွေနဂါးများက ရစ်ခွေထားသည်။

ထိုအပျက်အစီးများ၏ အောက်ခြေရှိ ပင်လယ်ကြမ်းခင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ဧရာမလှိုဏ်ခေါင်းကြီးတစ်ခု ရှိသည်။

ထိုလှိုဏ်ခေါင်းကြီးထဲတွင် ဓာတ်နှောများဖြင့် ပြည့်နေသော ပင်လယ်ရေများ ရှိမနေဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုနှင့် အလွန် ကြီးမားသော ယဇ်ပလ္လင်ကြီးတစ်ခုသာ ရှိသည်။

ယဇ်ပလ္လင်ကြီးအထက်ရှိ လေထဲတွင် အရိုးခြောက်တစ်ခု ရှိသည်။

စေ့စပ်သေချာစွာ ကြည့်ပါက ထိုအရိုးခြောက်သည် အသက်ရှင်စဉ်အခါက အမျိုးသမီးတစ်ယောက် ဖြစ်သည်ကို တွေ့ရပေမည်။

ထိုအမျိုးသမီးသည် အလွန် အရပ်ရှည်ပြီး ခန္ဓာကိုယ်ပတ်လည်တွင် မြွေနှင့် နဂါးအရိုးုများ ရစ်ပတ်နေသည်။ ထိုအမျိုးသမီးသည် နဂါးခေါင်းကြီးပေါ်တွင် ထိုင်နေပြီး ဘေးတွင် မြွေခေါင်းရှိသည်။ နဂါးနှင့်မြွေတို့သည် ထိုအမျိုးသမီးကို ကာကွယ်ပေးနေပုံရပြီး ထိုအမျိုးသမီးနှင့်အတူ အသက်သေသည်အထိ မကွဲမကွာ နေသွားချင်ဟန်တူသည်။

ထိုအရိုးခြောက်အောက်ရှိ ယဇ်ပလ္လင်ပေါ်တွင် ပြစ်မျိုးမှဲ့မထင်ရုပ်ရည်နှင့် နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူသော အသားအရေပိုင်ရှင် မိန်းမပျိုတစ်ဦးသည် တင်ပျဉ်ခွေထိုင်နေ၏။

ထိုမိန်းမပျို၏ မျက်တောင်များသည် အလွန် ရှည်လျားပြီး ထိုအချိန်၌ အနည်းငယ် တုန်ရီနေကာ မျက်နှာက အနည်းငယ် နီမြန်းနေသည်။ သူမ၏ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာပြီး မြေပြင်နှင့် ဖြူလွလွဝတ်စုံကို အနီရောင်စွန်းထင်းသွားသည်။

ထိုမိန်းမပျို၏ပါးစပ်မှ သွေးများ အန်ထွက်လိုက်သည့်အခိုက် မနီးမဝေးမှ ဒေါသတကြီး အော်ဟစ်သံ လွင့်ပျံလာသည်။

“ ချီးပဲကွာ၊ ချီးပဲဟေ့ … ဘယ်နှစ်ကြိမ်တောင် ဖြစ်နေဦးမှာပဲ။ မင်း ဘာလုပ်ချင်နေတာတုံး။ သေချင်နေတာလား။ မင်းရဲ့သက်စောင့်ကြိုးကို ငါ့နောက်ကွယ်မှာ အဲဒီရွှီမျိုးရိုးခွေးကောင်ကို ရစ်ပတ်ပေးလိုက်တယ်ပေါ့။ အာ … ကွာ ”

ဒေါသတကြီး ကြိမ်းမောင်းသံ ပဲ့တင်ထပ်သွားစဉ် ပန်းချွမ်လမ်းမှ အဘိုးအိုသည် ဆံပင်များ ရှုပ်ယှက်ခတ်နေလျက် မနီးမဝေးမှ ပြေးလာသည်။ သူသည် ငေါက်ငမ်းနေပါသော်ငြား သူ့မျက်နှာမှာ ပူဆွေးခြင်းများဖြင့် ပြည့်နှက်နေသည်။ သူသည် ဆေးလုံးများစွာ အလျင်အမြန် ထုတ်လိုက်ပြီး လဲကျလုနီးပါး ဖြစ်နေသော မိန်းမပျို၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“ လင်းအာ … မင်းရဲ့ပါရမီကို ဒီလို အသုံးချရမှာ မဟုတ်ဘူးဟ။ အဲဒီခွေးကောင်လေးက သေလမ်းရှာဖို့ မွေးလာတာ။ သက်တမ်းတိုမယ့်တစ္ဆေတစ်ကောင်ပဲ။ သူ့ကံကြမ္မာကို အကြိမ်တိုင်း အဲဒီလို မြှင့်တင်ပေးလို့ မရဘူး ”

မိန်းမပျို၏ မျက်တောင်ကော့များ အနည်းငယ် လှုပ်ရှားသွားပြီး မျက်လုံးများ ပွင့်လာသည်။ မိန်းမပျို၏ မျက်လုံးများသည် ကြည်လင်တောက်ပပြီး အပြစ်မြူတစ်မှုန်စာမျှ ရှိမနေပေ။ မိန်းမပျိုသည် ရှက်ရွံ့သောအမူအရာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

“ အစ်ကိုရွှီချင်းက သက်တမ်းတိုတဲ့တစ္ဆေမဟုတ်ပါဘူး ”

ပန်းချွမ်လမ်းမှာ အဘိုးအိုမှာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။ ရှက်ကိုးရှက်ကန်းဖြစ်နေသော မိန်းမပျိုကို ကြည့်၍ အဘိုးအိုသည် ခြေဆောင့်လိုက်ပြီး ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။

“ သေပါရောကွာ။ ချီရွှဲ့ထုံဂိုဏ်းကို မကောင်းဆိုးဝါး သွားမရောင်းခဲ့သင့်ဘူး။ အဲဒီခွေးကောင်လေးကို မြင်တဲ့အချိန်အထိ ချီရွှဲ့ထုံဂိုဏ်းမှာ ငါ မနေခဲ့သင့်ဘူး။ စောစောကသာ သိခဲ့ရင် အဲဒီခွေးကောင်လေးကို မြင်မြင်ချင်း သတ်ပစ်လိုက်ရမှာ။ နားမလည်တော့ဘူး။ သူ့ကို ခဏလောက်ပဲ တွေ့ရပြီး မင်းတို့နှစ်ယောက်ကြားမှာ ဘာမှတောင် ဖြစ်ခဲ့တာ မဟုတ်ဘူး။ သူကို ဘာတွေ ကြိုက်နေတာတုံး ”

မိန်းမပျိုသည် ထိုစကားကို ကြားသောအခါ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသောအရိပ်အယောင်များ ပေါ်လာသည်။

“ သမီးလည်း ဘာလို့ကြိုက်မှန်း မသိဘူး။ သူနဲ့ နီးချင်တဲ့စိတ်ပဲ ရှိတာ။ သူ့ကို မြင်ရရင် ရင်ခုန်ပြီး ပျော်လာတယ်။ သူ မုန်းမှာကို တွေးရုံနဲ့ ကြောက်တယ်။ အစ်ကိုရွှီချင်း ပျော်ရင် သမီးလည်း ပျော်တယ် ”

“ မင်းက ငယ်ပါသေးတယ်။ ကိုယ်ဘာကို ကြိုက်တယ်ဆိုတာတောင် သိတာ မဟုတ်ဘူး။ အဲဒါကို ဘယ်လိုလုပ် အချစ်လို့ ခေါ်မှာတုံး။ မင်း အရွယ်ရောက်လာမှ ကိုယ် ဘာကိုလိုချင်တာလဲ သိလာမှာ ”

အဘိုးအိုက အလေးအနက် ပြောလိုက်သည်။

မိန်းမပျို၏ မျက်လုံးများ ပို၍ပင် ငေးကြောင်သွားသည်။ အချိန်အတော်ကြာပြီးနောက် မိန်းမပျိုသည် ခေါင်းမော့၍ အဘိုးအိုကိုကြည့်ကာ မဝံ့မရဲဖြင့် ပြောလိုက်သည်။

“ အဖေ၊ အဖေတို့လို အရွယ်ရောက်တဲ့သူတွေရဲ့ အချစ်ဆိုတာကို သမီး နားမလည်ဘူး။ အဖေက လူတစ်ယောက်ကို ရည်ရွယ်ချက်တစ်ခုနဲ့ ချစ်တာလား။ ဒါဆို အဲဒါက ကိုယ့်ကိုယ်ကိုယ် ချစ်တာလား၊ ဒါမှမဟုတ် အဲဒီလူကို ချစ်တာလား ”

အဘိုးအို စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။ သူသည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ပြင်လိုက်ပါသော်လည်း သူ့ရှေ့ရှိ မိန်းမပျို၏ ကြည်လင်သန့်ရှင်းသောအကြည့်ကို မြင်သောအခါ မည်သည့်စကားကိုမျှ မပြောနိုင်အောင် ဖြစ်သွားရသည်။

All Chapters