← Chapters

ကြောက်စရာကောင်းသော တောကောင်လေး

Vol. 15 Ch. 211

ကြောက်စရာကောင်းသော တောကောင်လေး

Vol. 15 Ch. 211

တောကောင်လေးက သူ့ခေါင်းကို‌မော့လိုက်ပြီး.. ထပ်မံ၍ ဂရုတစိုက် အနံ့ခံကာ သေချာအောင် အတည်ပြုနေ၏။

ခဏနေပြီးနောက်.. သူသည် ဆူဇီမို၏ ကိုယ်ပေါ်သို့ ခုန်တက်လိုက်၏။

ဆူဇီမိုက တင်ပျဉ်ခွေခြေချိတ်ထိုင်နေသောကြောင့် သိပ်မမြင့်လှပေ။

သို့သော်လည်း တောကောင်လေးက အရမ်းပုလွန်းသေး၏။ သူသည် ဆူဇီမို၏ အင်္ကျီလက်အောက်ကနေ ဖက်တက်ဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်း မရနိုင်ဖြစ်နေ၏။ သူသည် ပြုတ်ကျလိုက်၊ အောက်မှာလိမ့်သွားလိုက်နှင့် ရယ်သံများက အဆက်မပြတ် ထွက်ပေါ်လာ၏။

မဟာအကြီးအကဲအတော်များများကတော့ ထွက်သွားဖို့ လုပ်နေကြပြီဖြစ်၏။ ဝက်ဝံမည်းလေးက အရမ်းချစ်စရာကောင်းသော်လည်း.. ၎င်းက လမ်းပေါ်ရှိ ခွေးလေးများ၊ ယုန်လေးများနှင့် ဘာမှ သိပ်မကွာခြားဘဲ တောရိုင်းကောင်လေးတစ်ကောင်မျှသာ ဖြစ်လေသည်။

ဆူဇီမိုက ဂရုစိုက်မနေပေ။

မည်သို့ပင်ဖြစ်ပါစေ.. သူသည် ဤတောကောင်လေးကို စွမ်းအားကြီးသည့် သက်ရှိတစ်ကောင် ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရပေမည်။

သူက တောရိုင်းကောင်လေးဆိုတော့ရော ဘာဖြစ်လဲ။

သူလည်းပဲ အရင်တုန်းက စိတ်ဝိညာဉ်ရင်းမြစ်တောင် ရှိခဲ့တာမှ မဟုတ်တာ။ အခုဆို သူက ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ မဟုတ်ဘူးလား။

သူတို့ဘယ်လိုမွေးခဲ့သည်ဆိုသည့် အချက်အပေါ်မူတည်၍ မည်သူကမျှ သူတို့၏ ကံကြမ္မာကို မဆုံးဖြတ်ပေးနိုင်ပေ။

အနာဂတ်မှာ သူတို့လျှောက်ရမည့် လမ်းနှင့် အောင်မြင်မှုများက.. သူတို့၏ ရွေးချယ်မှု၊ ဇွဲဝီရိယနှင့် အခွင့်အရေးကို အသုံးချတတ်မှုတို့ပေါ်တွင်သာ မူတည်လေသည်။

တောကောင်လေးသည် ဖက်တက်လိုက်၊ လိမ့်ကျလိုက်နှင့် သူ့တစ်ကိုယ်လုံးက ညစ်ပတ်ပေကျံနေပြီဖြစ်၏။ သူသည် မျက်စိပိတ်လျက်သားနှင့်ပင် ဆူဇီမို၏ ခြေထောက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ဝမ်းနည်းနေဟန် ပြလိုက်၏။

ဆူဇီမိုက နုလုံးမာစွာနှင့်ပင် ဆိတ်ဆိတ်သာနေ၏။ သူသည် တောကောင်လေးကို ကူညီမပေးဘဲ သူ့ဘာသာသူ တက်လာနိုင်ဖို့ကိုသာ စောင့်ကြည့်နေလိုက်၏။

“ဟီး.ရ! ဟီး.. ရား!

တောကောင်လေးက သူ့ခေါင်းကိုမော့လိုက်ပြီး သူ၏ သွားမရှိသေးသည့် ပါးစပ်ကို ဟလိုက်၏။ သူသည် အားရှိသမျှနှင့် ကလေးငယ်တစ်ယောက်လို သနားစဖွယ် အော်မြည်လိုက်၏။

ဆူဇီမို၏ နုလုံးသားက ပျော့ပျောင်းလာပြီး.. ဆက်လက်တောင့်မခံနိုင်တော့ပေ။ သူသည် လျှင်မြန်စွာ လက်ကို ဆန့်ထုတ်လိုက်ပြီး တောကောင်လေးကို မ,ယူလိုက်၏။

အခုမှ မွေးကင်းစဖြစ်သောကြောင့် တောကောင်လေးက မကြီးလှပေ။ သူက ခြောက်လက်မလောက်သာရှိပြီး.. ဆူဇီမို၏ လက်ဖဝါးထဲတွင် ကွက်တိဖြစ်နေ၏။

ဆူဇီမိုက တခွိခွိနှင့် ရယ်လိုက်ပြီး.. တောကောင်လေးကို သူ့ဘယ်ဘက်လက်ပေါ် တင်ထားပြီး ညာဘက်လက်ဖြင့် ဆော့မြူ၍ ကျီစားလိုက်၏။

“ဇီမို.. ဒီဝက်ဝံမည်းလေးရဲ့ အလားအလာက အရမ်းနိမ့်ကျလွန်းတယ်.. သူ့ကို သွေးသစ္စာမကျိန်ဆိုခိုင်းနဲ့” ဖိုသီဖတ်သီအဖိုးအိုက စိုးရိမ်စိတ်ဖြင့် လာရောက်သတိ‌ပေးလိုက်၏။

သွေးသစ္စာကျိန်ဆိုးခြင်းက စွမ်းအားကြီးမားသော်လည်း.. လူတစ်ယောက်သည် သွေးသစ္စာကျိန်ဆိုချည်နှောင်မှု အများကြီး ပြုလုပ်နေမည်ဆိုပါက သွေးသစ္စာ၏ စွမ်းအားက အားနည်းလာပေမည်။ ထိုအခါ နောက်အနာဂတ်တွင် ထိုသားရဲများက သူ့သခင်ကို သစ္စာမဖောက်ဖျက်ဘူးဟု အာမ,မခံနိုင်တော့ပေ။

ထို့ကြောင့်ပင် ကျင့်ကြံသူအများစုသည် သားရဲတောကောင်တစ်ကောင်နှင့်သာ သွေးသစ္စာပြုထားကြပြီး အလွန်ဆုံး နှစ်ကောင်သာ ဖြစ်လေသည်။

ဖိုသီဖတ်သီအဖိုးအိုနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ဆူဇီမိုသည် သားရဲတောကောင်များစွာနှင့် လျှောက်ပြီး သွေးသစ္စာချည်နှောင်နေလျှင် သူ့အသက်က အန္တရာယ်ရှိလာပေလိမ့်မည်။

ဂိုဏ်းချုပ်လင်းယွမ်ကလည်း ဆူဇီမိုဘက်သို့ ခေါင်းညိတ်ပြလိုက်၏။

“ဒီတောကောင်လေးးက အခုချိန်ထိ ဉာဏ်ရည်တောင် မရသေးဘူး.. သူ့ကို ဒီတိုင်းလေးပဲ မွေးထားလိုက်.. သိပ်အများကြီး စဉ်းစားမနေနဲ့”

ထိုသို့ပြောပြီးနောက် လင်းယွမ်က ထွက်ခွာသွား၏။

ဆူဇီမိုက ဆိတ်ဆိတ်နေ၍ ခေါင်းကိုသာ ငုံ့ထား၏။ ထိုသည်ကို တောင်ထွတ်သခင်ငါးယောက်က မြင်သောအခါ.. သူသည် ထိချက်ပြင်း၍ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်သွားတာဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြ၏။ သူတို့သည် သက်ပြင်းသာချနိုင်၍ ထွက်ခွားသွားကြ၏။

တစ်ကယ်တော့ ထိုအချိန်တွင် ဆူဇီမိုသည် သူ့တင်ပျဉ်ခွေ‌ပေါ်ရှိ တောကောင်လေးကို အထူးတဆန်းလို ကြည့်နေပြီး အတွေးလွန်နေတာဖြစ်၏။

အစတုန်းကတော့ ဤတောကောင်လေးသည် ရိုးရိုးသာမန်တောရိုင်း‌ကောင်လေးတစ်ကောင်သာ ဖြစ်မည်ဟု ဆူဇီမိုသည်လည်း ထင်ခဲ့မိ၏။ သူက အမှန်တစ်ကယ်ပင် အခုချိန်၌ ဉာဏ်ရည်မရရှိသေးသော ဝက်ဝံမည်းလေးသာဖြစ်ပြီး ချစ်စရာကောင်းနေရုံမျှသာ ဖြစ်လျှင်ဖြစ်လိမ့်ပေမည်။

သို့သော်လည်း စောစောလေးက ပြုမူခဲ့သော တောကောင်လေး၏ အပြုအမူက ဆူဇီမို၏ အထင်အမြင်ကို လုံးဝပြောင်းလဲသွားစေခဲ့၏။

တောကောင်လေးက လူတိုင်းထင်မြင်နေသလို သေချာပေါက် ရိုးရှင်းမနေပေ။

စောစောက ဆူဇီမိုသည် တောကောင်ကလေးကို သူ့ညာလက်ဖြင့် ကျီစားခဲ့၏။

ချက်ချင်းပင် တောကောင်လေး၏ အမူအယာက ပြောင်းလဲသွားခဲ့၏။ သူသည် တစ်စုံတစ်ရာကို အာရုံမိသွားသလို နှာခေါင်းကို ပွလိုက်ပြီး ဆူဇီမို၏ ညာလက်ကို ဂရုတစိုက် နမ်းရှုံ့လိုက်၏။

ထိုအပြုအမူက ဘာမျှ မပြောပလောက်ဟု ထင်စရာရှိ၏။

သို့သော်လည်း ၎င်းက ဆူဇီမို၏ ရင်ကို အပြင်းအထန် လှုပ်ခတ်သွား‌စေ၏။

သူ့ညာလက်က သူ၏ အားအကိုးရဆုံးဝှက်ဖဲဟု ပြောနိုင်ပြီး သူ့ကို သေဘေးမှ လွတ်မြောက်အောင် ကူညီပေးခဲ့သည်မှာ နှစ်ကြိမ်ရှိသွားပေပြီ။

သူ့ညာလက်၏ လျှို့ဝှက်ချက်ကို လိုဏ်ဂူတိုက်ခန်းထဲရှိ မည်သူမျှ မသိရှိကြပေ။

စီနီယာကြိုးကြာသည်ပင်လျှင် ထိုသည်ကို မသိရှိပေ။

သို့သော်လည်း တောကောင်လေးက အခုမှ မွေးကင်းစသာ ရှိသေးပြီး မျက်လုံးတောင်မှ မဖွင့်နိုင်သေးပေ။ သို့သော် သူက အကောင်းဆုံး တတ်အားသရွေ့ ကြိုးစား၍ သူ့ဆီသို့ ရောက်လာပြီး သူ့ညာလက်ကို ဆွဲယူလိုက်၏။

ဒါက သေချာ‌‌ပေါက် တိုက်ဆိုင်တာ မဖြစ်နိုင်ပေ။

စီနီယာကြိုးကြာက မထွက်ခွာသေးဘဲ လိုဏ်ဂူတိုက်ခန်းထဲမှာသာ ရှိသေး၏။

ဆူဇီမိုက မော့ကြည့်လိုက်ပြီး မနေနိုင်စွာ မေးလိုက်၏။

“စီနီယာ.. စီနီယာရော ဒီတောကောင်လေးကို မသိဘူးလား”

စီနီယာကြိုးကြာက ဖြည်းဖြည်းချင်း လျှောက်လာ၍ ဆူဇီမို၏ အရှေ့တွင် ရပ်လိုက်ပြီး တောကောင်လေးကိုသေချာကြည့်ကာ ခေါင်းခါလိုက်၏။

“မသိဘူး.. ဒီလိုမျိုးတောကောင်ကို ငါတစ်ခါမှ မမြင်ဘူး မကြားဖူးဘူး”

“ရှေးဟောင်းကျမ်းစာအုပ်က သူ့ကို ထည့်ဖို့ ကျန်ခဲ့တာများ ဖြစ်မလား” ဆူဇီမိုက တစ်ဖန်မေးလိုက်၏။

“ဖြစ်နိုင်တာပေ့ါ”

စီနီယာကြိုးကြာက အသံနိမ့်၍ ပြောလိုက်၏။

“ဘာပဲပြောပြော.. ကမ္ဘာဦးခေတ်ကနေ အခုချိန်ထိဆို ဒီကမ္ဘာရဲ့သက်တမ်းက မနည်းမနော ဖြစ်နေပြီလေ.. တစ်ချို့ သားရဲမျိုးနွယ်တွေဆို မျိုးတုံးပျောက်ကွယ်ကုန်ကြပြီ.. အဲ့တော့ တစ်ချို့မျိုးနွယ်တွေက ကျမ်းထဲမှာ ပါမလာတာလဲ ဖြစ်နိုင်တာပေ့ါ”

ခဏမျှ ရပ်နားလိုက်ပြီးနောက် စီနီယာကြိုးကြာက ဆက်ပြောလိုက်၏။

“ဒါပေမယ့်လို့.. အဲ့မှာ လောကဆိုင်ရာနမိတ်တွေ၊ ထူးခြားအရောင်တွေ၊ သားရဲချီတွေ ပေါ်မလာခဲ့တာတော့ အမှန်ပဲ.. ဟမ်.. သူက သာမန်ဝက်ဝံမည်းလေးတစ်ကောင်လဲ ဖြစ်ရင်ဖြစ်နေမှာပေါ့”

ထိုသို့ပြောပြီးနောက် စီနီယာကြိုးကြာသည် ကိုယ်ကိုကိုင်းညွှတ်၍ လက်ကိုထုတ်ကာ တောကောင်လေးကို လှမ်းထိဖို့ လုပ်လိုက်၏။

ရုတ်တရတ်ဆိုသလို..

မူလက အိပ်ပျော်နေသော တောကောင်လေးက နိုးလာခဲ့၏။

သူ့မျက်လုံးများက ပိတ်နေဆဲဖြစ်သော်လည်း သူက အနည်းငယ် သတိထားနေသည်မှာ ထင်ရှားလေသည်။

ပြင်ပအော်ရာတစ်ခုက ချည်းကပ်လာသည်ကို အာရုံခံမိလိုက်သလို.. တောကောင်လေးက သူ့ခေါင်းကိုထုတ်၍ နှာခေါင်းရှုံ့လိုက်၏။ မူလက သိမ်းထားသော သူ့လက်သည်းလေးများက တိတ်တဆိတ်ထွက်လာပြီး အေးစက်နက်‌မှောင်နေ၏။

ထက်လိုက်တဲ့.. အာရုံခံစိတ်!

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။

တောကောင်လေးက မွေးလာသည်မှာ တစ်နာရီပင် မပြည့်သေးဘဲ.. မျက်လုံးတောင် မပွင့်သေးသော်လည်း...

သူသည် အိပ်မောကျနေစဉ်မှာတောင် သူစိမ်းအော်ရာကို အာရုံခံနိုင်ပြီး.. နိုးထလာနိုင်၏။

ထိုကဲ့သို့ တုန့်ပြန်နိုင်စွမ်းအရ.. တောကောင်လေးက ရိုးရိုးသာမန်မဟုတ်သည်မှာ ထင်ရှားလေသည်။

ဆူဇီမိုက အနည်းငယ် ရွှင်ပျလာ၏။

“ခိခိ..”

စီနီယာကြိုးကာက ခဏမျှ ငေးကြောင်သွားပြီးနောက် တခစ်ခစ် ရယ်လိုက်၏။

“ဒီရောင်းရင်းလေးက တော်တော်ထက်ထာပဲ”

ထိုသို့ပြောနေရင်းနှင့် စီနီယာကြိုးကြာသည် သူမ၏ လက်ချောင်းကိုထုတ်ကာ တောကောင်လေး၏ နဖူးကို ချစ်ခင်ညင်သာစွာ လှမ်းတောက်လိုက်၏။

ချက်ချင်းပင် တောကောင်လေးက နောက်သို့ ကပျာကယာဆုတ်လိုက်၏။ သို့သော်လည်း သူသည် ခန္ဓာကိုယ်မျှခြေဟန်ချက်ကို ကောင်းကောင်းမထိန်းနိုင်သေးဘဲ နှေး‌ကွေးလွန်းနေ၏။

သူ မရှောင်နိုင်တော့ဘူးဆိုတာကို နားလည်သဘောပေါက်လိုက်ပြီး တောကောင်လေးက သူ့လက်သည်းကို ကပျာကယာထုတ်၍ စီနီယာကြိုးကြာ၏ လက်ဖဝါးကို ကြောက်လန့်တကြား လှမ်းကုတ်လိုက်၏။

ထိုသည်ကို မြင်သောအခါ ဆူဇီမိုက ပြုံးလိုက်၏။

သည်တောကောင်လေးက အတော်လေး စိတ်ဝင်စားဖို့ ကောင်းလှ၏။ သူက ဘယ်လို တန်ပြန်တိုက်ခိုက်ရမလဲဆိုတာကိုပင် နားလည်နေ၏။

ဆူဇီမိုက စကားပြောမလို့ ဟန်ပြင်လိုက်စဉ်မှာပင် စီနီယာကြိုးကြာ၏ အကြည့်က တစ်နည်းတစ်ဖုံ ထူးခြားနေတာကို သတိထားမိလိုက်၏။ သူမက နေရာမှာပင် မလှုပ်မယှက် ရပ်နေပြီး ငေးမောနေကာ အမူအယာမဲ့နေ၏။

“စီနီယာ.. ဘာဖြစ်လို့လဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်ပြီး အလိုအလျောက် မေးလိုက်၏။

“မှားတယ်...”

ခဏနေပြီးနောက်.. စီနီယာကြိုးကြာက သူမ၏ အကြီးအကျယ် တုန်လှုပ်၍ ငေးကြောင်နေမှုမှ သတိပြန်ဝင်လာ၏။ သူမသည် တိုးတိုး တိုးတိုးနှင့် ထပ်တလဲလဲ ရေရွတ်နေ၏။

“မှားတယ်.. ငါတို့အကုန် မှားခဲ့ကြတယ်!”

“စီနီယာက ဘာကိုပြောချင်တာလဲ” ဆူဇီမိုက စဉ်းစားရကျပ်သွား၏။

စီနီယာကြိုးကြာသည် ဆူဇီမို၏ ပွေ့ပိုက်မှုအောက်တွင် ပုန်းလျှိုးနေသော တောကောင်လေးကိုကြည့်ကာ သူမ၏ မျက်လုံးက အရောင်လက်လာ၏။ တစ်ကယ်တော့ သူမသည် အနည်းငယ် ကြောက်ရွံနေဟန်ရပြီး.. မသေချာမရေရာသလို ပြောလိုက်၏။

“အဲ့ကောင်လေးက ငါ့ကို ကုတ်လိုက်တယ်”

“အင်းလေ” ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ စီနီယာကြိုးကြာ ပြောချင်သည့် အဓိပ္ပါယ်ကို သူသဘောမပေါက်ပေ။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါ နာသွားတယ်”

ဆူဇီမိုသည် နေရာမှာပင် တောင့်တောင့်ကြီး ဖြစ်သွားပြီး ကျောရိုးတစ်လျှောက် ချမ်းတုန်လာ၏။

စီနီယာကြိုးကြာ၏ ကျင့်ကြံမှုအဆင့်က နိုးထဝိညာဉ်၊ ပကတိအရှင်တစ်ယောက်ထက် ပိုအားမနည်းနိုင်ပေ။

ထို့အပြင် သူမသည် သားရဲတစ်ကောင်ဖြစ်သောကြောင့်.. စီနီယာကြိုးကြာ၏ ခန္ဓာကိုယ်က အစကတည်းက အလွန်တရာ စွမ်းအားကြီးသန်မာ၏။

တောကောင်လေးက မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတစ်ကောင် ဖြစ်နေလျှင်တောင်.. သူ့လက်သည်းများက စီနီယာကြိုးကြာအတွက် ဘာမှမဟုတ်ပေ။ ၎င်းက စီနီယာကြိုးကြာကို အယားပြေအောင် ကုတ်ပေးသလိုလောက်သာ ဖြစ်နိုင်လေသည်။

သို့သော်.. ယခုအခါ စီနီယာကြိုးကြာက နာကျင်မှုကို ခံစားခဲ့ရသည်ဟုဆို၏။

တစ်ကယ်ကြောက်စရာကောင်းသည့်အချက်မှာ.. တောကောင်လေးက အခုမှ ပေါက်ဖွားလာသည်မှာ တစ်နာရီပင်လျှင် မပြည့်သေးပေ။

သူ့ရဲ့ကုတ်ချက်က ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ကိုသာ ကျရောက်လာလျှင်.. သူ့အသားက ပေါက်ထွက်သွားနိုင်လေသည်။

All Chapters