ညဝိညာဉ်
Vol. 15 Ch. 212
သူတို့သည် တောကောင်လေး၏ မူလဇာစ်မြစ်မျိုးဇာတ်ကို မသိရသော်လည်း.. သူက ကြီးထွားလာသည့်အခါ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ မှန်းဆကြည့်ဖို့ မခက်လှပေ။
“ဒီတောကောင်လေးရဲ့ နောက်ခံက တော်တော်လေးကို မရိုးရှင်းဘူးပဲ.. သူ့ကို သေချာဂရုစိုက်ပါ.. နောက်ကျရင် သူက သေချာပေါက် မင်းအတွက် အများကြီး အထောက်အကူ ဖြစ်လာလိမ့်မယ်”
စီနီယာကြိုးကြာက ထိုသို့ပြော၍ တောကောင်လေးကို စေ့စပ်စွာ ထပ်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက ဝေခွဲမရသံသယများဖြင့် ပြည့်နေ၏။
ဒီနေရာမှာ ဘာက မှားနေတာလဲ!
ဒီတောကောင်လေး မွေးဖွားလာတုန်းက လောကဆိုင်ရာနမိတ်များလည်း မပြခဲ့၊ ထူးခြားသည့် အရောင်အသွေးများကိုလည်း မမြင်ခဲ့၊ သွေးရဲချီများပင်လျှင် ပါမလာခဲ့ပေ။ ဒါနဲ့များ ဘာလို့ သူက ဒီလောက် ကြောက်စရာ အဖျက်စွမ်းအားကို ပိုင်ဆိုင်နေရတာလဲ။
စီနီယာကြိုးကြာသည် ခေါင်းခါလိုက်ပြီး စိတ်ရှုပ်ထွေးစွာနှင့် ထွက်ခွာသွား၏။
သူမ မထွက်ခွာခင်.. စီနီယာကြိုးကြာက တစ်ခုခုကို စိုးရိမ်နေပြီး.. သွားနေရာမှ ပြန်လှည့်လာကာ ဆူဇီမိုကို သတိပေးလိုက်၏။
“ဒါနဲ့လေ.. သူ့ကို သတိထားဂရုစိုက်နော်.. ဂိုဏ်းထဲမှာ လျှောက်သွား မနေစေနဲ့”
“စိတ်ချပါ စီနီယာ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“အချိန်ကာလတစ်ခုအထိ ကျတော် သူ့ကို သေချာစောင့်ရှောက်ထားမှာပါ.. ကျတော့်ကောင်လေးကို တစ်ခုခု အဖြစ်မခံနိုင်ပါဘူး”
ထိုအချိန်တွင် ဆူဇီမို တွေးမိသည်မှာ.. တောကောင်လေးက အခုမှ မွေးကင်းစသာ ရှိသေးပြီး.. သူ့မျက်လုံးကိုတောင် မဖွင့်နိုင်သေးပေ။ သူသည် ဘာမျှ မသိနားမလည်သေးဘဲ အားအင်ချိနဲ့နေတုန်းသာ ရှိသေး၏။ သူ့ကိုသာ ဂိုဏ်းထဲမှာ လျှောက်သွားခွင့် ပေးထားလျှင်.. အသက်အန္တရာယ်ကိုပင် စိုးရိမ်ရလေသည်။
စီနီယာကြိုးကြာက လူသားတစ်ယောက်၏ အမူအယာလို မျက်လုံးကို ကလယ်ကလယ် လုပ်လိုက်ပြီး.. ပြောလိုက်၏။
“ငါစိုးရိမ်နေတာက တခြားသူတွေ တစ်ခုခု ဖြစ်သွားမှာကိုပဲ”
ဆူဇီမို “. . .”
. . .
စီနီယာကြိုးကြာ ထွက်သွားပြီးနောက်.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့က ရောက်ချလာကြ၏။
စောစောတုန်းက စိတ်ဝိညာဉ်ကျားသည် မျောက်ကို သွားပြီး လှောင်ပြောင်မိသည့်အတွက် ဆိုးဆိုးရွားရွား အထုအရိုက်ခံနေရပြီး ထိုသည်ကို ကြိုးကြာလေးက ကျေနပ်အားရစွာ ကြည့်နေ၏။ ထိုသို့ဖြင့် သူတို့သုံးယောက်ထဲ မည်သူကမျှ စီနီယာကြိးကြာနှင့် ဆူဇီမိုတို့၏ စကားပြောနေခြင်းကို အာရုံမစိုက်ခဲ့ကြပေ။
ပြန်ရောက်လာပြီးနောက် စိတ်ဝိညာဉ်ကျားက တောကောင်လေးကို ခါးသက်စွာ ကြည့်လိုက်ပြီး.. သူ့ဘာသာ တွေးလိုက်၏။
“ဝက်ဝံမည်းလေး.. အဲ့ဒါ မင်းကြောင့် ငါအရိုက်ခံရတာ.. ငါ ဒီကိစ္စကို မှတ်ထားလိုက်ပြီ.. နောက်မင်းကြီးလာမှ ငါတို့ စာရင်းရှင်းကြတာပေါ့.. ဟမ့်!”
တောကောင်လေးက အရမ်းကို သေးကွေးနုနယ်လွန်းသေးပြီး.. တစ်ချက်လောက် ရိုက်မိရုံနှင့် အသက်ထွက်သွားမှာကို စိတ်ဝိညာဉ်ကျားက စိုးရိမ်နေ၏။
တစ်ရက်ကြာပြီးနောက် တောကောင်လေး၏ မျက်စိနှစ်ဖက်ကို ပွင့်လာခဲ့၏။
သူ၏ မျက်လုံးများက နက်မှောင်တောက်ပနေပြီး.. တဖျတ်ဖျတ်လက်နေသော ကျောက်မျက်ရတနာတစ်ခုလို.. ဉာဏ်ရည်ထက်မြက်မှုကို ထင်ဟပ်ပြနေ၏။
ထိုနေ့တွင်.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သည် ဂိုဏ်းမှ ထွက်သွားကြပြီး.. များစွာသော သားရဲတောကောင်များ၏ နို့များကို အရယူလာကြကာ.. တောကောင်လေး၏ အရှေ့တွင် အကုန်လုံးကို ထားပေးလိုက်၏။
တောကောင်လေးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဘာကိုမျှ မသောက်ပေ။
သူက ထိုနို့များကို မတူမတန်သလို အထင်သေးနေပုံရ၏။
ထိုနို့များကို သောက်မည့်အစား.. တောကောင်လေးက ဆူဇီမို၏ ညာလက်ချောင်းလေးများကိုသာ ဆုပ်နေ၏။
သူ့ဥခွံများကို စားပြီးကတည်းက တစ်ပတ်လုံးလုံးကြာသည့်အထိ တောကောင်လေးက ဆာလောင်ပုံမရပေ။
သူ့အများဆုံး လုပ်လေ့ရှိသည်မှာ ဆူဇီမို၏ ပေါင်ပေါ်တွင် လှဲပြီး သူ့ညာလက်ကို ငုံကာ နှစ်ခြိုက်စွာ အိပ်နေခြင်းပင် ဖြစ်လေသည်။
ဤအချိန်များအတွင်း.. ဆူဇီမိုသည် တောကောင်လေး၏ စိတ်နေစရိုက်ကို အကြမ်းဖျင်းတော့ ခန့်မှန်းသိရှိလာ၏။
၎င်းက သူ့ကို အရမ်းခင်တွယ်ပြီး.. နေ့တိုင်းလိုလို သူ့ဘေးမှာသာ လိုက်ကပ်နေ၏။
တောကောင်လေးက သူစိမ်းအော်ရာများကို အလွန်တရာ သိလွယ်ရှလွယ်သောကြောင့်.. သူစိမ်းတစ်ယောက်ယောက် သူ့အနားကို ကပ်လာပြီဆိုလျှင် သူသည် သတိအနေအထားမှာ ရှိနေပြီး.. ခုခံတိုက်ခိုက်ဖို့ပင် လုပ်တတ်၏။
ဆူဇီမိုပြီးလျှင်.. သူသည် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ကို အခင်တွယ်ဆုံး ဖြစ်လေသည်။
ထိုသည်ကိုကြည့်၍ သူတို့သုံးကောင်ကလည်း မည်သို့မျှ ငြင်းခုန်ခြင်း မပြုကြပေ။
အချိန်ကြာလာသည်နှင့်အမျှ သူတို့လေးကောင်သည် လိုဏ်ဂူတိုက်ခန်းထဲတွင် ပျော်ရွှင်မြူးထူးစွာ ဆော့ကစားတတ်လာကြ၏။
ထိုသည်ကိုကြည့်၍ ဆူဇီမိုသည် နွေးထွေးမှုကို ခံစားရကာ ပြုံးမိ၏။
တစ်ပတ်ကြာပြီးနောက် တောကောင်လေးသည် သွားလေးများ ထွက်လာ၏။ သေးငယ်သေးသော်လည်း ၎င်းတို့က အရမ်းထက်မြပြီး.. သူ့လက်သည်းများအောက် အားမနည်းလှပေ။
သို့သော်လည်း မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့ကို စဉ်းစားရကျပ်စေသည်မှာ.. သူတို့အမဲလိုက်လာသော မည်သည့် စိတ်ဝိညာဉ်တောကောင်၏ အသားကိုဖြစ်ပါစေ.. တောကောင်လေးက နှာခေါင်းသာရှုံ့ပြီး မစားပေ။
သူသည် ဆာလောင်လာလျှင်.. တစ်ကယ်အသား၊ အစားအသောက်များကို စားသုံးမည့်အစား.. ဆူဇီမို၏ လက်ချောင်းလေးများကိုသာ ငုံပြီး အိပ်လေသည်။
“ဒါက ထူးတော့ထူးတယ်”
ဆူဇိမိုသည် ထိတ်ထိတ်ပျာပျာ ဖြစ်လာ၏။
“ဒီကောင်လေးက အသီးအရွက်စားသတ္တဝါများလား”
နောက်တစ်ခါ စဉ်းစားလိုက်ပြီးနောက် ၎င်းက မဖြစ်နိုင်ကြောင်း ဆူဇီမို သဘောပေါက်လိုက်၏။
တောကောင်လေး၏ သွားများ၊ လက်သည်းများက အသီးအရွက်စားဖို့ ပုံစံထုတ်ဖွဲ့စည်းထားတာ ဟုတ်ပုံမရပေ။
ဤရက်များအတွင်း.. ဆူဇီမိုသည် သိပ်ပြီး မကျင့်ကြံဖြစ်ပေ။ ထို့အစား.. သူသည် ဆေးလုံးများကို ဒယ်အနည်းငယ် ဖော်စပ်ပြီး.. ထိပ်တန်းအဆင့်နှင့် ပကတိအဆင့်ဆေးလုံးတို့ကို တောကောင်လေးအတွက် ရွေးချယ်ပေးခဲ့၏။
တောကောင်လေးက စားဖို့ ငြင်းဆန်သည့်အခါ ထိုဆေးလုံးများအတွက် မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့က တိုက်ပွဲဝင်ကြလေတော့သည်။
“ဒါက ထူးတော့ ထူးနေပြီ”
ဆူဇီမိုက တောကောင်လေး၏ ခေါင်းကို ပုတ်လိုက်ပြီး.. ပေါ့ပါးစွာ မာန်မဲလိုက်၏။
“မင်းက အခုထိ ဘာလို့ ဘာမှ မစားသေးတာလဲ.. ဟမ်”
“ဟီး..ရ!”
တောကောင်လေးက အခုချိန်ထိ သားရဲဘာသာစကားပင် မပြောတတ်သေးဘဲ.. ‘ဟီးရ’တစ်လုံးသာ ပြောတတ်သေး၏။
တစ်နေ့တွင် မျောက်နှင့် ကြိုးကြာလေးတို့က အမဲလိုက်ဖို့ အပြင်သို့ ထွက်သွားခဲ့ကြ၏။
ဆူဇီမိုသည် သူ၏ ကျောက်ခုတင်ပေါ်တွင် ထိုင်နေပြီး၊ စိတ်ဝိညာဉ်ကျောက်တုံးများကို လက်နှစ်ဖက်ဖြင့် ကိုင်ထား၏။ သူသည် ကျင့်ကြံနေပုံရပြီး စိတ်အာရုံပျက်ယွင်းလို့ ရမည့်ပုံ မပေါ်ပေ။
“ငါ့အတွက် အခွင့်အရေးကတော့ ပေါ်လာပြီကွ!”
ဤအချိန်များအတွင်း စိတ်ဝိညာဉ်ကျားသည် ဗလာနယ်မိုးကြိုးပညာရပ်ကို ကျင့်ကြံလေ့ကျင့်နေခဲ့ပြီး.. အတော်လေး သန်မာလာပုံရ၏။ ယခုအခါ သူသည် အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေလေပြီ။
သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး.. စိတ်ဝိညာဉ်ကျားက အခွင့်အရေးကို အသုံးချကာ တောကောင်လေးကို သင်ခန်းစာကောင်းကောင်းပေးဖို့ ပြင်ဆင်လိုက်၏။ သူသည် တောကောင်လေး၏ နုလုံးသားထဲသို့ သူက စွမ်းအားကြီး၍ သူ့ကို ဖီဆန်၍ မရကြောင်း ရိုက်သွင်းပေးချင်ပေသည်။
“ဝက်ဝံမည်းလေး.. အိပ်မနေနဲ့.. ထတော့”
စိတ်ဝိညာဉ်ကျားက တောကောင်လေး၏ အရှေ့သို့ ခိုးကြောင်ခိုးဝှက်သွားကာ ညင်သာစွာ အော်မြည်သံပြုလိုက်ပြီး.. တောကောင်လေး၏ ဦးခေါင်းကို လက်ခုံဖြင့် ခပ်ဖြည်းဖြည်း ပုတ်လိုက်၏။
မူလက အိပ်ပျော်နေသော တောကောင်လေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့လက်သည်းများကို အလိုအလျောက်ထုတ်ကာ ပိတ်ဆို့ကာလိုက်၏။
“ဖောက်!”
သွေးစက်များက ထွက်ပေါ်လာ၏။
စိတ်ဝိညာဉ်ကျား၏ လက်ခုံတွင် သွေးသံရဲရဲ အပေါက်လေးများက ပေါ်လာ၏။
စိတ်ဝိညာဉ်ကျားသည် ကြောင်အနေ၏။
တောကောင်လေးက တစ်ကယ်ပဲ နိုးနေတာလား။
“အူး!”
စိတ်ဝိညာဉ်ကျားသည် နာကျင်စွာ ခပ်အုပ်အုပ် ညည်းညူလိုက်၍ တောကောင်လေးကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ အံကြိတ်၍ ပြောလိုက်၏။
“ဝက်ဝံလေး.. မင်းကို ယုံစားလို့ မရဘူးပဲ.. အိပ်နေတာတောင် အဲ့လောက်သတိကောင်းရလားဟ.. ငါတော့သေတော့မှာပဲ”
တောကောင်လေးက ရှက်ရွံသလို စောင်းငဲ့ကြည့်လိုက်ပြီး.. သူ့လျှာလေးကို ထုတ်ကာ စိတ်ဝိညာဉ်ကျား၏ လက်ကို နှစ်သိမ့်သလို လျှက်ပေးလိုက်၏။
“ငါထင်ထားတာနဲ့ လက်တွေ့က တခြားစီပါလားကွာ.. ဒီဝက်ဝံမည်းလေး မွေးလာပြီးတာတောင် ငါက အားအနည်းဆုံး ဖြစ်နေဆဲပါလား.. ..” စိတ်ဝိညာဉ်ကျားသည် မျက်ရည်များပင် ဝဲလာပြီး ငိုချတော့မလို ဖြစ်လာ၏။
ထိုအချိန်မှာပင် မျောက်က တစ်ကိုယ်လုံး သွေးသံရဲရဲနှင့် လိုဏ်ဂူထဲသို့ လှမ်းဝင်လာ၏။ သူ့ပုခုံးပေါ်တွင် ကျားသစ်တစ်ကောင်ကို သယ်ပိုးလာပြီး.. ထိုအကောင်က အလွန်ကြီးမားကာ အစိမ်းရောင်သားမွှေးများနှင့် ဖြစ်၏။
မြစိမ်းတိမ်လွှာကျားသစ်!
တစ်ချက်ကြည့်ရုံနှင့် ဆူဇီမိုသည် ထိုကျားသစ်မျိုးစိတ်ကို တန်းသိလိုက်၏။ ထိုအကောင်က ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ဖြစ်ပြီး အလွန်တရာ သန်မာ၏။
မြစိမ်းတိမ်လွှာကျားသစ်၏ ဦးခေါင်းက ကြေမွနေပြီး တစ်ကိုယ်လုံးလည်း ဒဏ်ရာများနှင့် ပြည့်နေကာ သူက သေနေပြီမှာ ထင်ရှားလေသည်။
မျောက်၏ ကိုယ်ပေါ်မှာလည်း ဒဏ်ရာများစွာ ရှိနေပြီး ၎င်းက အကြိတ်အနယ်ရှိသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပေမည်။
မြစိမ်းတိမ်လွှာကျားသစ်အလောင်းကို ပစ်ချလိုက်သောအခါ တောကောင်လေးသည် ရုတ်တရတ် ဆူဇီမို၏ ကိုယ်ပေါ်မှ ခုန်ချလိုက်ပြီး.. ထိုအသေကောင်နားသို့ ပြေးသွားကာ နမ်းရှုံ့လိုက်၏။
ဗျိ..!
တောကောင်လေးက သူ့လက်သည်းများကို ထုတ်လိုက်ပြီး မြစိမ်းတိမ်လွှာကျားသစ်၏ အသားကို အလွယ်တကူ ဆုတ်ဖြဲလိုက်၏။ ထို့နောက် သူ့ပါးစပ်ကို ဟလိုက်ပြီး အသားတစ်ပိုင်းကို ဖဲ့ယူကာ ပါးစပ်ထဲထည့် မျိုချလိုက်၏။
ထိုသည်ကို ကြည့်ပြီး ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းလိုက်၏။
ဒီရက်ပိုင်းအတွင်း သူသည် တောကောင်လေးကို သေချာအကဲခတ်ကြည့်နေခဲ့၏။
ပြီးခဲ့သည့်ဆယ်ရက်အတွင်း.. တောကောင်လေး၏ ခန္ဓာကိုယ်က အတော်အတန် ကြီးထွားလာခဲ့၏။ သူသည် ဝက်ဝံမည်းနှင့် သိပ်ပြီး ဆင်တူမနေတော့ပေ။
တောကောင်လေး၏ ဦးခေါင်းက ခွေးတစ်ကောင်နှင့် ဆင်တူပြီး.. သူ၏ ကိုယ်ထည်ကတော့ ကျားတစ်ကောင်နှင့် ဆင်တူ၏။ ပိန်းပိတ်အောင် နက်မှောင်နေပြီး.. သူ့မှာ သားမွှေးရယ်လို့ မရှိပေ။ သူ့လက်သည်းများကို သိမ်းဖွက်ထားပြီးနောက် သူသည် အသံတစ်ချက်မျှ မထွက်အောင် လမ်းလျှောက်နိုင်၏။
ဆူဇီမိုသည် တောကောင်လေး၏ လက်သည်းများနှင့် သွားများကို သေချာစစ်ဆေးကြည့်ခဲ့၏။ ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဌာန်အရရော၊ ချွန်မြထက်ရှမှုအရရော.. ထိုအရာက သူတစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော အရာများဖြစ်လေသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်များက ဆော့ကစားနေကြစဉ် အချိန်များအတွင်း.. တောကောင်လေးက အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ပါရမီ၏ အရိပ်အယောင်များကို ပြသခဲ့လေသည်။
ဤကဲ့သို့သော တိုက်ခိုက်ရည်မျိုးက ပျောက်ကွယ်သွားခဲ့ပြီးပြီဟု ထင်ရလေသည်။
အလွန်တရာ ချွန်မြသော လက်သည်းများနှင့် သွားများ.. ထက်ရှသော အနံ့ခံအာရုံ.. ကြံ့ခိုင်သောခွန်အား.. ပေါက်ကွဲစွမ်းအား.. ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ပါရမီ..
ထို့ကဲ့သို့သော အရည်အချင်းများနှင့် သားရဲတောကောင်က အထူးသဖြင် သတ်ဖြတ်မှုများ ပြုလုပ်ဖို့အတွက် မွေးဖွားလာခြင်း ဖြစ်၏။
ဆူဇီမို၊ မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့၏ အရှေ့တွင်.. တောကောင်လေးက အလွန်တရာ နူးညံ့သိမ့်မွေ့၍ ချစ်စရာကောင်းနေ၏။
သို့သော်လည်း ညနက်ပိုင်းရောက်သည့်အခါမှာတော့.. သူက တိတ်တဆိတ် ထရပ်ကာ ရေခဲတမျှအေးစက်သော အကြည့်များနှင့် ထောက်လှမ်း၍ လိုဏ်ဂူရှေ့တွင် ကင်းစောင့်နေတတ်လေသည်။
တစ်ခါတစ်ရံတွင်.. တောကောင်လေးက လိုဏ်ဂူအပြင်ဘက်သို့ ထွက်၍ လပြည့်ဝန်းကြီးကို မော့ကြည့်ကာ.. သူ့ထံမှ လောကဓံတရားကို ကြံ့ကြံ့ခံနိုင်၍ လျှို့ဝှက်ဆန်းကြယ်သော ရှင်းပြရခက်ခဲ့သည့် အော်ရာတစ်မျိုးက ထွက်ပေါ်နေ၏။
“အခုကစပြီး ငါတို့က မင်းကို ညဝိညာဉ်လို့ ခေါ်မယ်လေ.. ဘယ်လိုလဲ” ဆူဇီမိုက တီးတိုး ပြောလိုက်၏။