← Chapters

ပြောင်းလဲသွားသော ရာသီဥတု

Vol. 15 Ch. 214

ပြောင်းလဲသွားသော ရာသီဥတု

Vol. 15 Ch. 214

သမိုင်းတစ်လျှောက်တွင် အူတိုင်အမြုတေဖွဲ့တည်နိုင်သော ကျင့်ကြံသူများက မရေမတွက်နိုင်အောင် ပေါ်ထွက်ခဲ့ဖူးပြီး.. ရွှေအမြုတေနယ်မြေကို ရရှိအောင်ကျင့်ကြံနိုင်သူများကား မရှိသလောက် ရှားပါးလေသည်။

လူတိုင်း၏ သင်ယူမှုလေ့လာမှုများ၊ အတွေ့အကြုံများနှင့် အူတိုင်အစီအရင်အပေါ် နားလည်ခြင်းများက တစ်ယောက်ချင်းအလိုက် ကွာခြားကြလေသည်။ ဖွင့်လှစ်နိုင်သော မရီးဒါန်အရေအတွက်များကလည်း မတူကြပေ။

များစွာသော ကွာပြားခြားနားသည့် အချက်အလက်များက အမျိုးမျိုးသော ရွှေအမြုတေနယ်မြေများကို ဖြစ်ပေါ်စေလိမ့်ပေမည်။

(ဤနေရာမှစ၍ ရွှေအူတိုင်အဆင့်ကို ရွှေအမြုတေအဆင့်ဟု ပြောင်းလဲခေါ်ဝေါ်သွားပါမည်။)

ရွှေအမြုတေနယ်မြေများမှ ထွက်ပေါ်လာသော စွမ်းအားများကလည်း ကွဲပြားခြားနားကြလေသည်။ အချို့သော အမြုတေနယ်မြေများသည် ကမ္ဘာကိုတောင် တုန်လှုပ်စေနိုင်၊ ဆူနာမီများကိုပင် ဖြစ်ပေါ်စေနိုင်‌သော အားကြီးသည့် စွမ်းအားများကို ထုတ်ပေးနိုင်လေသည်။

သို့သော်လည်း အခြားသော အချို့အမြုတေနယ်မြေများကတော့ အားနည်းလှလေသည်။

ပြောကြသည်မှာ မရီးဒါန်ရှစ်ခုစလုံးကို ဖွင့်ပြီးသည့်အခါ အမြုတေနယ်မြေတစ်ခုကို ကျိန်းသေပေါက် ရရှိပိုင်ဆိုင်လာလိမ့်မည်ဟူ၍ပင်။

သို့သော်လည်း မရီးဒါန်ရှစ်ခုစလုံးကို ဖွင့်လှစ်ရခြင်းက ကောင်းကင်ဘုံပေါ်သို့ ကိုယ်တိုင် တက်လှမ်းရသလောက် ခက်ခဲလေသည်။ လွန်ခဲ့သည့်နှစ်တစ်ထောင်အတွင်း.. မရီးဒါန်ရှစ်ခုစလုံးကို ဖွင့်လှစ်နိုင်ခဲ့သူကား တစ်ယောက်တည်းသာရှိ၏။

ထိုသူကား ဆန်းကြယ်ရွှေပိုးချပ်ဝတ်၏ ပိုင်ရှင်ဖြစ်သူ.. ဗလာနယ်မိုးကြိုးအတတ်ပညာအား ချန်ထားရစ်ခဲ့သူ.. ကြောက်စရာကောင်းသော ပညာရှင်ဖြစ်လေသည်။

“လာပါ.. သူတို့ကို သွားနှုတ်ဆက်ရအောင်.. ဒီစီနီယာအစ်ကိုသုံးယောက်နဲ့ ဆုံရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး”

ဖက်တီးလေးက ဆူဇီမိုကို ဆွဲခေါ်သွားပြီး ပြုံးရင်း.. လက်သီးဆုပ်လေးစားဟန်ပြလိုက်၏။

“မင်္ဂလာပါ စီနီယာအစ်ကိုတို့”

ချင်ယုနှင့် အခြားနှစ်ယောက်၏ အကြည့်များက ဖက်တီးလေးကို ဖြတ်သွား၍.. ဆူဇီမိုအပေါ်၌ ခဏရပ်သွားပြီးနောက် ဘေးဘက်သို့ အေးစက်စက်အမူအယာနှင့် ပြန်လှည့်သွားကြ၏။

ဖက်တီးလေးက ရှက်ကိုးရှက်ကန်းနှင့် ရယ်လိုက်၏။

သူတို့သုံးယောက်၏ ပြုမူပုံကို မြင်ရသောအခါ.. ဆူဇီမိုသည် သူတို့အား နှုတ်ဆက်မည့်စိတ်ကူးကို ပယ်ချလိုက်၏။

အခြားသောအချို့ မရီးဒါန်တစ်ခု၊ နှစ်ခု ပွင့်ပြီးသာ ပကတိအခြေတည်အဆင့်များကလည်း ဆူဇီမိုနှင့် အခြားသူများကို စိမ်းသက်သက် ကြည့်လိုက်ကြ၏။

“ဟက်.. သူတို့ကိုလဲ သွားအပြစ်တင်လို့တော့ မရဘူးလေ”

ဖက်တီးလေးက ရှင်းပြလိုက်၏။

“စိတ်ဝိညာဉ်ရေကန်မှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အကန့်အသတ်ရှိတယ်လေ.. နောက်ထပ် လူအပို ထပ်တိုးလာလေလေ၊ နဂိုရှိတဲ့လူတွေရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ကျဆင်းလာလေလေ ဖြစ်မှာပဲ.. မူလအစီအစဉ်အတိုင်းဆို ငါတို့က တန်လင်းတောင်ကြားကို သွားမယ့်ခရီးစဉ်မှာ ပါဖို့မှ မရှိတာ.. အခုငါတို့ပါ လိုက်ပါရမယ်ဆိုတော့ အဲ့ဒါက သူတို့ရဲ့ ကျင့်ကြံမှုအရင်းအမြစ်ကို လုယူမျှယူလိုက်သလိုဖြစ်သွားတာကိုး”

ဆူဇီမိုသည် သဘောပေါက်သွား၏။

လမ့်ရိုက ခေါင်းခါလိုက်၏။

“စိတ်ဝိညာဉ်ရေကန်က ဂိုဏ်းကပိုင်တာလေ.. သူတို့အပိုင်မှ မဟုတ်တာ.. နောက်ပြီး ငါတို့ကလည်း ဂိုဏ်းရဲ့တပည့်တွေပဲလေ”

“အဲ့လိုဆိုပေမယ့်လဲ သူတို့က အဲ့လိုတွေးမှာမှ မဟုတ်တာ” ဖက်တီးလေးက ခါးသက်သက်ပြုံး၍ ပြောလိုက်၏။

သိပ်မကြာမီ.. ခရမ်းရောင်ဝတ်ရုံနှင့် မောက်မာဟန်ရသော လူတစ်ယောက်သည် အခြားဂိုဏ်းသားများခြံရံ၍ ဓါးပျံစီးကာ ရောက်ချလာ၏။

ဖုန်ဟောက်ယွီ!

ဖုန်ဟောက်ယွီ၏ ကျင့်ကြံအဆင့်တက်နှုန်းက တစ်ကယ့်ကို မြန်ဆန်လှသည်ဟု ပြောလို့ရလေသည်။ သူသည် ယခုအခါ ပကတိအခြေတည်အဆင့်သို့ ရောက်ရှိနေပေပြီ။

ဖုန်ဟောက်ယွီသည် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ဆူဇီမိုကို မြင်သောအခါ သူ့ဆီသို့ တစ်ကယ်ကြီး လျှောက်ချလာ၏။

“မတွေ့ရတာ ကြာပါရောလား.. ဂျူနီယာညီလေးဆူရ”

သူသည် ဆူဇီမိုရှေ့သို့ ရောက်လာပြီး လုပ်ပြုံးဖြင့် ပြောလိုက်၏။

သူသည် စိတ်ဝိညာဉ်ပြိုင်ပွဲပေါ်၌ ဆူဇီမိုအား ဆိုးဆိုးရွားရွား ရှုံးနိမ့်ပြီးနောက်ပိုင်း.. ပထမဆုံးအကြိမ် ပြန်လည်ဆုံတွေ့ကြရခြင်း ဖြစ်လေသည်။

ဆူဇီမိုက ဖုန်ဟောက်ယွီကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်၏။

ဤတွင် တစ်နည်းတစ်ဖုံ ထူးခြားနေ၏။

ဖုန်ယောက်ယွီသည် ယခင်က သူ့အား နှစ်ကြိမ်တိုင်အောင် လာ‌ရောက်တားဆီးခဲ့ဖူး၏။ ထိုနှစ်ကြိမ်စလုံးတွင် ဆူဇီမိုသည် ဖုန်ဟောက်ယွီထံမှ သတ်ဖြတ်လိုစိတ်ကို အာရုံခံသတိစိတ်ဖြင့် ခံစားခဲ့မိ၏။

သို့သော် ယခုအခါမှာတော့ ဖုန်ဟောက်ယွီသည် ယခင်က သူတို့နှစ်ယောက်အကြား ဘာအဖုအထစ်မျှ မရှိခဲ့သလို လာရောက်နှုတ်ဆက်နေ၏။

ဤလူ၏ အငြိုးထားလက်စားချေတတ်သော စရိုက်အရ.. သူ့မာနကို နှိမ့်ချ၍ ဤကဲ့သို့ လာရောက်နှုတ်ဆက်တာက သူ့ပုံစံမဟုတ်ပေ။

ဤအပြုအမူ၏ နောက်ကွယ်တွင် တစ်ခုခုတော့ ရှိနေရပေမည်။

ဖုန်ဟောက်ယွီက ပြုံး၍ မေးလိုက်၏။

“ဘာလို့လဲ ဂျူနီယာညီလေးဆူရဲ့.. မင်းက ငါ့ကို စကားတောင် မပြောချင်တော့ဘူးလား”

ဤတစ်ကြိမ်တွင်တော့ ဖုန်ဟောက်ယွီသည် တစ်စုံတစ်ရာကြောင့် အလွန်တရာ ပျော်ရွှင်နေသလို နှစ်လိုဖွယ်ရာ ပြုံးနေ၏။

အဲ့ဒါက သူသည် တန်လင်းတောင်ကြားမှာ သွားရောက်ကျင့်ကြံလေ့ကျင့်ရမည်ဆိုသော အကြောင်းကြောင့်များလား။

မဖြစ်နိုင်တာ..

ထိုအချိန်မှာပင်.. မလှမ်းမကမ်းမှ တစ်ချိန်တည်းလိုလို.. ပုံရိပ်သုံးခုက ပေါ်လာကြ၏။ အလယ်မှလူမှာ စိတ်ဝိညာဉ်တောင်ထွတ်သခင်၊ ဝမ်ရွှမ်း ဖြစ်လေသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ထက် လှပကြော့ရှင်းစွာ လျှောက်လှမ်းလာလေသည်။

အခြားနှစ်‌ယောက်ကတော့ ဂိုဏ်း၏ အကြီးအကဲ၊ ရွှေအမြုတေနှစ်ယောက် ဖြစ်ကြလေသည်။

ဝမ်ရွှမ်းက အောက်ဘက်ရှိ တပည့်များကို ကြည့်၍ ခေါင်းညိတ်လိုက်ပြီးနောက် သူ့အင်္ကျီလက်စကို လှုပ်ခါလိုက်၏။

စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်းက ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် လေထဲမှာ ပြန့်ကားလာ၏။ ၎င်းက လူရာနှင့်ချီဆန့်လောက်သည့်အထိ ကြီးမားလာခဲ့၏။

“လာ.. တက်ကြ”

ဝမ်ရွှမ်းနှင့် အကြီးအကဲနှစ်ယောက်က စိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ အရင်တက်သွားကြပြီး ပဲ့ထိန်းနေရာ၌ မတ်တပ်ရပ်လိုက်ကြ၏။

များစွာသော တပည့်များသည်လည်း.. စိတ်လှုပ်ရှားရင်ခုန်နေကြသော အမူအယာများနှင့် ဓါးပျံများကို စီးနင်း၍ စိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ ပျံတက်လိုက်ကြ၏။

ဤစိတ်ဝိညာဉ်ယာဉ်ပျံပေါ်တွင် လိုက်ပါရသူများအားလုံးသည် ဂိုဏ်းကနေ အသိအမှတ်ပြုထားသော တပည့်များဖြစ်ကြ၏။ ထိုတစ်ချက်ကတင် အခြားသူများကို အားကျစေဖို့ လုံလောက်လေသည်။

အလင်းတန်းတစ်ခု အသွင်ပြောင်းသွားပြီး.. စိတ်ဝိညာဉ်ယာဉ်ပျံက ကောင်းကင်ထက်တွင် အလွန်တရာ မြန်ဆန်သောနှုန်းထားဖြင့် ဖြိုခွင်းပျံသန်းသွား၏။

ဆူဇီမို၊ ဖက်တီးလေးနှင့် လမ့်ရိုတို့သည် အတူမတ်တပ်ရပ်နေကြပြီး.. သူတို့နားထဲတွင် လေသံများက တဝူးဝူးမြည်နေကာ မြင်ကွင်းများက အနောက်မှာ တရိပ်ရိပ်နှင့် ကျန်ရစ်ခဲ့ကုန်၏။

အကြီးအကဲနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး ဆူဇီမိုက လေသံနှိမ့်၍ မေးလိုက်၏။

“အကြီးအကဲချန်ဆိုတာက ဘယ်တစ်ယောက်လဲ”

ဖက်တီးလေးက ညာဘက်ကတစ်ယောက်ကို ညွှန်ပြလိုက်၏။

“အနက်ရောင်ဝတ်ရုံနဲ့လူက အကြီးအကဲချန်ပဲ.. ဘယ်ဘက်ကတစ်ယောက်ကတော့ အကြီးအကဲယုတဲ့.. ဘာလို့လဲ နောင်ကြီး”

“ဘာမှ မဟုတ်ပါဘူး”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အကြီးအကဲချန်ရဲ့ ကျေးဇူးကြောင့်နဲ့ ဒီစိတ်ဝိညာဉ်ရေကန် ကျင့်ကြံရေးခရီးစဉ်မှာ ငါတို့က လိုက်ပါရတာလို့ ကြားမိလို့ပါ”

“အဲ့ဒါတော့ဟုတ်တယ်.. ကျုပ်လဲကြားမိတယ်”

ဖက်တီးလေးက တခစ်ခစ်ရယ်လိုက်၏။

“အကြီးအကဲချန်က တစ်ကယ်ချစ်ဖို့ကောင်းတဲ့လူပဲ”

ဆူဇီမိုက ပြုံးရုံသာပြုံး၍ ပြန်မပြောပေ။

ခဏနေပြီးနောက်.. သူခံစားနေရသော မအီမသာခံစားချက်က ပိုဆိုးလာ၏။ အဲ့ဒီမှာ တစ်ခုခု မှားယွင်းလွဲချော်နေသည်ဟူသော ခံစားချက်ဖြစ်ပြီး ဘယ်ဟာဘယ်လိုဆိုတာတော့ သူထုတ်မပြနိုင်ပေ။

လူအုပ်ကြီးကို ဖြတ်ကျော်လိုက်ပြီး.. ဆူဇီမိုသည် ယာဉ်ပျံ၏ ပဲ့ပိုင်းသို့ ရောက်လာကာ လက်သီးဆုပ် ဂါဝရပြုလိုက်၏။

“မင်္ဂလာပါ.. တောင်ထွတ်သခင်နဲ့ အကြီးအကဲတို့ခင်ဗျာ.. ကျတော်ကတော့ ဆူဇီမိုပါ”

ဝမ်ရွှမ်းက မျက်လွှာချလိုက်ပြီး ခေါင်းနည်းနည်းညိတ်ပြလိုက်၏။

အကြီးအကဲနှစ်ယောက်က ဘာကိစ္စရှိလို့လဲဆိုသည့်သဘောနှင့် လှည့်ကြည့်လိုက်ကြ၏။

“စီနီယာတို့.. ကျတော် တစ်ခုခုကို စိုးရိမ်နေမိလို့ပါ”

“ဘာကိုလဲ”

ဝမ်ရွှမ်း၏ လေသံက အေးစက်နေပြီး မထီမဲ့မြင်ဟန်ပေါက်နေ၏။

ဖုန်ဟောက်ယွီနှင့် သူ့အကြားက ဆက်ဆံရေးကြောင့် ဝမ်ရွှမ်းက ဆူဇီမိုအပေါ် သိပ်ပြီး အမြင်မကြည်လှပေ။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“ကျုပ်တို့ဂိုဏ်းရဲ့ ပင်မအခြေတည်အဆင့်တပည့်တွေ အကုန်လုံးနီးပါးက ဒီတန်လင်းတောင်ကြားခရီးစဉ်မှာ ပါလာကြတာဆိုတော့လေ.. တစ်ခုခုသာ ဖြစ်လာခဲ့ရင်.. ကျုပ်တို့ဂိုဏ်းက အထိနာမှာပဲ.. အဲ့လိုသာဖြစ်ခဲ့ရင် နောက်သုံးနှစ်နေလို့ ကျင်းပမယ့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျရင် ကျုပ်တို့ဂိုဏ်းက အဆင့်သတ်မှတ်စာရင်းထဲတောင် ဝင်နိုင်ကြမှာ မဟုတ်တော့ဘူး”

သူသည် စကားပြောနေရင်းနှင့် အကြီးအကဲသုံးယောက်၏ အမူအယာများကို အကဲခတ်ကြည့်နေလိုက်၏။

သူပြောသည်ကို ကြားသောအခါ.. အကြီးအကဲယုက ရယ်ချလိုက်၏။

“ကဲကဲ ပြန်သွားတော့.. အဲ့ဒါနဲ့ ပတ်သတ်ပြီး မင်းဘာမှ ပူနေစရာ မလိုဘူး”

ဝမ်ရွှမ်းက အေးစက်စွာ ပြန်ပြောလိုက်၏။

“ငါတို့ဂိုဏ်းက အခြေတည်အဆင့် ပင်မတပည့်တစ်‌ယောက်ကို သတ်ဖို့ဆိုတာ လွယ်တယ်လို့များ မင်းထင်လို့လား.. မဟာကျိုးအင်ပါယာရဲ့ ပိုင်နက်ထဲမှာ ဘယ်ဂိုဏ်းကများ အဲ့လို ကျူးလွန်ရဲမှာတဲ့လဲ”

အကြီးအကဲယုက ရယ်လိုက်၏။

“တန်လင်းတောင်ကြားက စိတ်ဝိညာဉ်ရေကန်က ဆယ်နှစ်တစ်ခါ ဖွင့်တယ်ဆိုရင်တောာင်.. ရက်စွဲအတိအကျကို အပြင်လူတွေက ဘယ်လိုလုပ် သိနိုင်မှာလဲ”

အကြီးအကဲချန်က ဆိတ်ဆိတ်သာ နေနေပြီး.. သူ့စိတ်ခံစားချက် အမူအယာက အပြောင်းအလဲမရှိ တည်ငြိမ်နေ၏။

အကြီးအကဲချန်ထံမှ မည်သည့်အရာကိုမျှ ဖတ်နိုင်ခြင်းမရှိဘဲ.. ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ သူ့နေရာသို့သာ ပြန်လာခဲ့ရ၏။

ခြောက်နာရီကြာပြီးနောက်.. ရှေ့တွင် တောင်ကြားတစ်ခုကို ခပ်ရေးရေး မြင်လာရ၏။

“ငါတို့ ‌ရောက်ပြီပဲ”

တောင်ကြားအထက် ရောက်လာပြီးနောက်.. စိတ်ဝိညာဉ်ယာဉ်ပျံက ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီး ကျင့်ကြံသူများက ခုန်ဆင်းလိုက်ကြ၏။

ထိုနေရာတွင် တန်လင်းတောင်ကြားကို စောင့်ကြပ်နေကြသော ရွှေအမြုတေအဆင့်နှစ်ယောက် ရှိကြ၏။ ယခုရောက်လာကြသော ဝမ်ရွှမ်းနှင့် အခြားအကြီးအကဲနှစ်ယောက်တို့ကိုပါ ထည့်တွက်ပါက.. ဤနေရာတွင် ယခုအခါ ဆန်းကြယ်တောင်ထွတ်မှ ရွှေအမြုတေအဆင့် ငါးယောက်ရှိနေပေပြီ။

တန်လင်းတောင်ကြား၏ အလယ်တွင် စိတ်ဝိညာဉ်ရေကန်တစ်ခုက ရှိနေပြီး.. ရေမျက်နှာပြင်က လင်းလက်စွာ တောက်ပနေကာ ကြွယ်ဝသော စိတ်ဝိညာဉ်ချီများက ထွက်ပေါ်နေ၏။

ထိုအရာက သူတို့နှင့် မီတာရာချီဝေးနေသေးသော်လည်း.. ဆူဇီမိုနှင့် ကျန်သူများသည် ထိုအရာကို ကောင်းကောင်းခံစားနိုင်ကြ၏။

“ဒီနေရာက တစ်ကယ့်ကို ကောင်းချီးပေးခံထားရတဲ့နေရာပဲ”

ဖက်တီးလေးက ယစ်မူးနေသော အမူအယာနှင့် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး ချီးမွမ်းလိုက်၏။

“ခွိခွိ..”

ဖုန်ဟောက်ယွီက တခွိခွိရယ်၍ အဓိပ္ပါယ်ပါပါ ပြောလိုက်၏။

“အားလုံးပဲ.. ပျော်စရာတွေကို ခံစားလိုက်ကြတာပေါ့”

ထိုအချိန်မှာပင်.. တန်လင်းတောင်ကြား၏ အပြင်ဘက်တွင် တိမ်မည်းများက ပေါ်လာပြီး.. အလွန်တရာ မြန်ဆန်လှသောနှုန်းထားဖြင့် ရွေ့လျားလာလေ၏။

တိမ်မည်းများအကြားတွင် မကောင်းဆိုးဝါးဆန်ဆန် တစ်လက်လက်တောက်နေသော အနီရောင်အစက်အပြောက်လေးများကိုပင် မြင်နိုင်၏။

ရာသီဥတုက ပြောင်းလဲလာလေပြီ!

All Chapters