ထောင်ချောက်
Vol. 15 Ch. 215
"အို့"
၀င်ရောက်လာသော တိမ်မည်းများဘက်သို့ မျက်စိမှေးကြည့်ရင်း ၀မ်ရွှမ်း၏ အမူအယာက ပြောင်းလဲသွား၏။
တိမ်မည်းများကို ဆူဇီမိုမြင်သောအခါ အန္တရာယ်အငွေ့အသက်ကို သူခံစားလိုက်ရ၏။
တိမ်မည်းများက အလွန်တရာ မြန်ဆန်လှသောအရှိန်အဟုန်ဖြင့် ရွေ့လာနေပြီး ထိုအထဲတွင် မကောင်းဆိုးဝါးဆန်ဆန် အနီရောင် အလင်းအစက်ပြောက်လေးများကိုပါ မြင်နိုင်၏။ ထိုအရာများက တိမ်များနှင့် သိပ်ပြီး မတူလှပေ.. သို့သော် တစ်ခုခုနှင့် သွားတူနေ...
"စိတ်ဝိညာဉ်သတ္တုကြော.. သွေးကျီးကန်း!"
အဲ့ဒီတိမ်မည်းများဆိုသည်မှာ တစ်ကယ်တော့ မရေမတွက်နိုင်သော သွေးကျီးကန်းများ အုပ်စုလိုက် ပျံသန်းလာကြခြင်းပင် ဖြစ်လေသည်။
ထိုအနီရောင် အလင်းစက်များဆိုသည်က သွေးကျီးကန်းများ၏ သွေးနီရောင်မျက်လုံးများ ဖြစ်ကြလေသည်။
ဆူဇီမိုသည် လင်းဖုန်းမြို့အပြင်ဘက်က တိုက်ပွဲကို ပြန်လည်အမှတ်ရသွားပြီး အလေးအနက် အော်ပြောလိုက်၏။
"အားလုံးပဲ သတိထားကြ.. သူတို့က လင်းဖုန်းမြို့အပြင်ဘက် သတ္တုကြောမှာတုန်းက လူတွေပဲ!"
"သူတို့က မိစ္ဆာဂိုဏ်းကလား.. သူတို့က လက်စားချေချင်လို့ ရောက်လာကြတာလား"
၀မ်ရွှမ်းသည် မျက်စိမှေးကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်က ရုန်းကြွထွက်ပေါ်လာ၏။
ဆန်းကြယ်တောင်ထွတ်မှ လူအားလုံး၏ အမြင်မှာတော့.. လင်းဖုန်းမြို့တွင် ပေါ်ပေါက်ခဲ့သော ကပ်ဆိုးကို ကျူးလွန်ခဲ့သူများမှာ မိစ္ဆာဂိုဏ်းသားများ ဖြစ်ကြလေသည်။
သို့သော်လည်း ဆူဇီမိုသည် နတ်ဆိုးမကျိထံမှ သိခဲ့ရ၏။ မိစ္ဆာဂိုဏ်းများမှာတောင် ထိုကဲ့သို့ ဆိုးယုတ်သောနည်းလမ်းများနှင့် ကျင့်ကြံရေးနည်းစနစ်များ မရှိဟူ၍ပင်။
ထိုနေရာတွင် နတ်ဆိုးမကျိကို သူယုံလေသည်။
သူမသည် ရွှတ်နောက်နောက် ပေါ့ပြက်ပြက်ပုံစံနှင့် ပေါ်လာခဲ့သော်လည်း သူမ၏ အကန့်အသတ်တစ်ခုတော့ ရှိပြီး.. မိစ္ဆာလမ်းစဉ်အပေါ် သူမ၏ ဂုဏ်ယူ၀င့်ကြွားမှု၊ မာနလည်း ရှိလေသည်။
ထိုအရာကသာ မိစ္ဆာဂိုဏ်သားများ၏ လက်ချက်ဖြစ်ခဲ့လျှင် သူမက ထိုသူတို့ကို လိုက်ကာပေးနေမှာ မဟုတ်ပေ။
ဆူဇီမိုက ဖက်တီးလေးနှင့် လမ့်ရိုတို့ကို ကြည့်လိုက်ပြီး အသံနှိမ့်၍ ပြောလိုက်၏။
"အခြေအနေ မဟန်တော့ဘူးထင်ရင် ကိုယ်လွတ်သာရုန်းပြေး သိလား"
"ဘယ်လို!" ဖက်တီးလေး တုန်လှုပ်သွား၏။
လမ့်ရိုသည်လည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူတို့နှစ်ယောက်စလုံး အခုချိန်ထိ အန္တရာယ်ရှိသည့် အရိပ်အယောင်ကို မခံစားမိသေးပေ။
သူတို့အတွက်တော့ ဤနေရာတွင် သူတို့ဂိုဏ်းမှ အခြေတည်အဆင့်များစွာနှင့် ရွှေအူတိုင်အဆင့် ငါးယောက်ရှိနေလေသည်။
ဤမျှရှိသောအင်အားက ဂိုဏ်းငယ်လေးအချို့ကို အမြစ်ဖြတ်ရှင်းလင်းပစ်ဖို့ လုံလောက်လေသည်။ ဒီလိုဆို အခု၀င်ရောက်လာသော ကျုးကျော်သူများကို သူတို့က ဘာလို့ကြောက်ရပါမည်နည်း။
ဆူဇီမိုက ဘာမျှဆက်ပြော မနေတော့ပေ။ သူသည် ဖုန်ဖောက်ယွီနှင့် အကြီးအကဲချန်တို့ကို ကြည့်နေပြီး သိုလှောင်အိတ်ထဲမှ ဓါးတစ်လက်ကို ဆွဲထုတ်လိုက်၏။
ထိုအရာသည် ထိပ်တန်းအဆင့် ဓါးတစ်လက်ဖြစ်ပြီး သူ့အတွက် အဆုံးစွန်မီးတာအိုအရှင်က သွန်းလုပ်ပေးခဲ့ခြင်း ဖြစ်လေသည်။
အခုတလောအတွင်း ဆူဇီမိုသည် လက်နက်သွန်းလုပ်ခြင်းတွင် သုတေသနပြုခြင်း၊ ဖယောင်းမီးဓါး၀င်္ကပါအား နားလည်သဘောပေါက်အောင် လေ့လာခြင်းနှင့် သူ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ခြင်းတို့တွင်သာ အားစိုက်ထုတ်ခဲ့၏။ သူမှာ လက်နက်များ သွန်းလုပ်ဖို့ရာ အချိန်မရခဲ့ပေ။
ဤဓါးပျံမှာ သူ့သို့လှောင်အိတ်ထဲရှိ တစ်ခုတည်းသော အဆင့်ရှိသော စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။
သိပ်မကြာမီ တိမ်မည်းများက တန်လင်းတောင်ကြား၏ အထက်သို့ ရောက်ရှိလာ၏။
မရေမတွက်နိုင်သော သွေးကျီးကန်းများက ဝေ့ဝဲပျံသန်းနေကြပြီး ကောင်းကင်တစ်ခွင် ပြည့်နှက်နေကာ ထူထပ်သိပ်သည်းသော သားရဲချီများဖြင့် လွှမ်းခြုံနေ၏။ ထိုငှက်များ၏ ကျင့်ကြံမှုအဆင့်ကား အခြေတည်အဆင့် ကျင့်ကြံသူများအောက် မနိမ့်လှပေ။
ကောင်းကင်က ချက်ချင်း မှောင်မဲလာ၏။
တောင်ကြားထဲရှိ ဆန်းကြယ်တောင်ထွတ်မှ များစွာသော အခြေတည်အဆင့်များသည် မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုက ထင်ဟပ်လာ၏။
ဘာပဲပြောပြော ထိုကဲ့သို့သော မြင်ကွင်းမျိုးက လူတစ်ယောက်ကို သွေးပျက်သွားရလောက်အောင် ချောက်ချားဖွယ်ရာကောင်းလေသည်။
သွေးကျီးကန်းများ အာလိုက်တိုင်း သူတို့၏ သွေးနီရောင်မျက်လုံးများက ၀င်းကနဲ ၀င်းကနဲ လက်သွား၏။ သူတို့အောက်ဘက်ရှိ ကျင့်ကြံသူများကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း သူတို့က အချိန်မရွေး ထိုးသုတ်ကိုက်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေကြ၏။
ဖက်တီးလေး၏ မျက်နှာက ဖြူလျော့လာပြီး တံတွေးကိုမျိုချကာ သုန်မှုန်သော မျက်နှာထားနှင့် ပြောလိုက်၏။
"အဲ့သတ္တဝါတွေက အရင်တုန်းက တွေ့ခဲ့တာထက်တောင် ပိုကြောက်စရာကောင်းလာတာပဲ"
တန်လင်းတောင်ကြား၏ ၀င်ပေါက်ဘက်ကို အလွန်ကြီးမားသည့် စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်းက ရောက်ချလာပြီး ရာနှင့်ချီသော ကျင့်ကြံသူများက ဆင်းချလာလေသည်။
ထိုသို့ဆင်းလာသူများထဲတွင် ရွှေအမြုတေအဆင့် ဆယ်ယောက်ကျော်လဲ ပါလေသည်။
ကျန်သူများအားလုံးမှာ အခြေတည်အဆင့်များ ဖြစ်ကြလေသည်။ သူတို့၏ အင်အားအရေအတွက်က ဆန်းကြယ်တောင်ထွတ်မှ တပည့်များထက် အတော်လေး ပိုများလေသည်။
ဒါ့အပြင် သူတို့၏ အထက်တွင် သွေးရောက်မျက်လုံးနှင့် ကျီးကန်များကလည်း ပင်လယ်ပြင်ကြီးအလား ပြည့်နှက်နေလေသည်။
ရွှေအမြုတေအဆင့်မှာဖြစ်စေ၊ အခြေတည်အဆင့်မှာဖြစ်စေ.. ဆန်းကြယ်တောင်ထွတ်က လုံး၀ အရေးနိမ့်နေလေပြီ။
ဤအရာက ထောင်ချောက်တစ်ခုပင် ဖြစ်လေသည်။
ဤအခြေအနေကနေ ရုန်းထွက်ဖို့ရာ အခွင့်အလမ်း မရှိတော့ပေ။
ထိုစိတ်ဝိညာဉ်ယာဉ်ပျံပေါ်မှ ဆင်းလာသော ရာချီကျင့်ကြံသူများထဲတွင် သူတို့၏ ခေါင်းဆောင်မှာ ပကတိအခြေတည်အဆင့်တစ်ယောက်ဖြစ်လေသည်။ သူက သွေးနီရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့အင်္ကျီလက်မောင်းပေါ်တွင် ကျီးကန်းတစ်ကောင်၏ပုံ ပါရှိလေသည်။ သူ့အသားအရည်က ဖြူဆုတ်ဆုတ်ဖြစ်ပြီး နှုတ်ခမ်းကို တွန့်ကွေးကာ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။
ရွှေအမြုတေဆယ်ယောက်က သူ့ကို အလယ်မှာထား၍ ၀န်းရံကာ ကာကွယ်ပေးနေ၏။
"မင်း ဘယ်သူလဲ!"
၀မ်ရွှမ်းက သွေးနီရောင်၀တ်ကျင့်ကြံသူကို စူးစူးရဲရဲ ကြည့်လိုက်ပြီး သူ့ဘယ်ဘက်လက်က အဆောင်တစ်ခုကို ကိုင်ထားလိုက်၏။ သူ့ရှေ့တွင် ဓါးပျံတစ်လက်က ရစ်ဝဲနေပြီး သူ့လေသံက အေးစက်နေ၏။
"ဟီးဟီး"
သွေးနီရောင်၀တ်ကျင့်ကြံသူက မထီတရီ ရယ်လိုက်ပြီး စိတ်အေးလက်အေး ပြောလိုက်၏။
"တာအိုရောင်းရင်း.. သိပ်လဲ ကြောက်မနေပါနဲ့၊ ကျုပ်က ဒီကို မကောင်းတဲ့စိတ်နဲ့ လာခဲ့တာ မဟုတ်ရပါဘူး၊ ခင်ဗျားတို့သာ ပူးပေါင်းပေးမယ်ဆိုရင်.. အဲ့ဒါက ခင်ဗျားတို့အတွက် မဟာအခွင့်အရေးကြီးတစ်ခု ရတယ်လို့တောင် ပြောလို့ရတယ်!"
ခဏမျှ ရပ်တန့်လိုက်ပြီးနောက်၊ သူလေသံက ပြောင်းလဲသွားပြီး ရေခဲတမျှ အေးစက်လာ၏။
"ဒါပေမယ့်လို့၊ မင်းတို့သာ အသာတကြည် လက်မခံဘူးဆိုရင်တော့.. ဟမ့်.. အကုန်မျိုးပြုတ်အောင် အသတ်ခံရတော့မှ ငါ့ကို အပြစ်လာမပြောနဲ့ပေါ့ကွာ!"
၀မ်ရွှမ်း၏ လက်ချောင်းလေးများက လှုပ်ရှားသွား၏။ သူ့လက်ချောင်းထိပ်များတွင် စိတ်ဝိညာဉ်စွမ်းအင်များက ရစ်သိုင်းလာပြီး.. သူသည် တိုက်ခိုက်ဖို့ အသင့်အနေအထား ပြင်ထားလိုက်၏။
အကြီးအကဲယုက သုန်မှုန်နေသော မျက်နှာထားနှင့် ခေါင်းခါရင်း အတည့်အတံပြောလိုက်၏။
"အရမ်းကာရော မလုပ်နဲ့၊ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြပြီဆိုရင် ငါတို့ရဲ့ တပည့်ဂိုဏ်းသားတွေက အရင်သေကုန်မှာ၊ သူ့ရဲ့နောက်ခံကို အရင်တီးခေါက်ကြည့်ရအောင်!"
အကြီးအကဲယုက လေသံမြှင့်၍ ပြောလိုက်၏။
"တာအိုရောင်းရင်း၊ ကျုပ်က ခင်ဗျားကို ဘယ်လိုခေါ်ရမှာလဲ"
"ပြောရမယ်ဆိုရင်တော့ ကျုပ်က ဒီအတိုင်း လူတစ်ယောက်ပါပဲ"
သွေးနီရောင်၀တ်ကျင့်ကြံသူက ခပ်ရေးရေးပြုံး၍ ပြောလိုက်၏။
"ခင်ဗျားခေါ်ချင်သပဆိုရင်တော့၊ ခင်ဗျား ကျုပ်ကို 'သခင်လေး' ဒါမှမဟုတ် 'သခင်'လို့ပဲ ခေါ်ချင်ခေါ်ပေါ့၊ ဘယ်လိုခေါ်မလဲဆိုတာကတော့ ခင်ဗျားဘာသာ ရွေးပါလေ၊ ကျုပ်က ဖိအားမပေးပါဘူး"
အကြီးအကဲယု၏ မျက်နှာက ပျက်ဆီးသွား၏။
သခင်ဖြစ်စေ၊ သခင်လေးဖြစ်စေ.. မည်သို့ပင်ခေါ်ခေါ် သူက သွေးနီရောင်၀တ်လူကို အညံ့ခံရမည့်သဘောပင်။
ဘာပဲပြောပြော အကြီးအကဲယုက ရွှေအမြုတေအဆင့်တစ်ယောက်ဖြစ်ပြီး သူ့အား ဤကဲ့သို့ မလေးမခန့် ဟာသလုပ်ခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိပေ။
"ဂျူနီယာကောင်လေး၊ ဒီနေရာက ငါတို့ဆန်းကြယ်ဂိုဏ်းနဲ့ ကီလိုမီတာငါးဆယ်ပဲ ကွာတာနော်၊ ငါသာ စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင် လွှတ်လိုက်ရင် သိပ်ကြာလိုက်မှာ မဟုတ်ဘူး။ ဂိုဏ်းက အင်အားအကူတွေ ရောက်ချလာမှာ။ မင်း စကားပြောတာ ဆင်ခြင်ရင် ကောင်းလိမ့်မယ်!"
"ဟဟ.. ဟားဟား..!"
သွေးနီရောင်၀တ်ကျင့်ကြံသူက အားပါးတရ ဝါးလုံးကွဲ ရယ်ချလိုက်၏။
"ခွေးအိုကြီး.. ငါက မင်းကို သနားလို့ မျက်နှာသာပေးနေတာ၊ ဘယ်လိုအသိအမှတ်ပြုရမလဲ နားမလည်ဘူးလား!"
"ပြောလိုက်မယ်၊ ငါ့ရဲ့သွေးကျီးကန်းစစ်တပ် ရှိနေတဲ့အတွက် မင်းရဲ့ စိတ်ဝိညာဉ်ကြိုးကြာက ဘယ်လိုမှ အပြင်ထွက်နိုင်မှာ မဟုတ်ဘူး။ အေး ထပ်ပြောမယ် မင်းရဲ့ စိတ်ဝိညာဉ်ကြိုးကြာက အပြင်ရောက်သွားခဲ့ရင်တောင်.. မင်းတို့အကုန်လုံး မသာပေါ်ဖို့က ဘယ်လောက်မှ ကြာလိုက်မှာ မဟုတ်ဘူး!"
၀မ်းရွှမ်းက အေးစက်စွာ ၀င်ပြောလိုက်၏။
"အကြီးအကဲယု၊ အဲ့လိုကောင်မျိုးနဲ့ ဘာမှ သွားပြီး စကားရည်လုနေစရာ မလိုဘူး၊ သူတို့အကုန်လုံးက မိစ္ဆာဂိုဏ်းက ဆိုမှတော့ .. အကုန်လုံးက အပြစ်သားတွေချည်းပဲ!"
"ငါတို့က မိစ္ဆာဂိုဏ်းက မဟုတ်ဘူး"
သွေးနီရောင်၀တ်ကျင့်ကြံသူက အေးစက်စက် ရယ်မောလိုက်၏။
"ကဲ ငါ မင်းတို့ကို နောက်ဆုံးအခွင့်အရေး ပေးလိုက်မယ်၊ ငါ့ဆီမှာ လာပြီးအညံ့ခံရင် အသက်ချမ်းသာရာ ရဦးမယ်နော်။ မဟုတ်ရင်တော့လား.. မင်းတို့အကုန်လုံး ရက်ရက်စက်စက် အသတ်ခံရမယ်မှတ်၊ ဘယ်သူ့မှ မလွတ်စေရဘူး!"
"အိုး ဒါနဲ့လေ.. မင်းတို့ထဲမှာ ဆူဇီမိုလို့ခေါ်တဲ့တစ်ယောက် ရှိတယ်မလား.. သူကတော့ ခြွင်းချက်ပဲ၊ အညံ့ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ.. သူ့ကို ငါကိုယ်တိုင် ဖြည်းဖြည်းချင်း သေတဲ့အထိ အရေခွံစုတ်ပစ်ရလိမ့်မယ်.. ..ဟီးဟီး!"
သွေးနီရောင်၀တ်ကျင့်ကြံသူက ရက်စက်ယုတ်မာစွာ ဆက်တိုက်ရယ်ချလိုက်၏။
"အညံ့ခံရမယ် ဟုတ်လား"
၀မ်ရွှမ်းက ပြုံးလိုက်၏။
"အဲ့စကားကို ငါ့လက်ထဲက ဓါးကို မင်းအရင်မေးကြည့်လိုက်လေ!"
ထိုအချိန်တွင် သွေးနီရောင်၀တ် ကျင့်ကြံသူက ခေါင်းမော့လိုက်ပြီး ရုတ်တရတ် တည်ငြိမ်စွာ ထပြောလိုက်၏။
"မင်း ဘာတွေ စောင့်နေတာလဲ"
သူ့စကား မဆုံးသေးခင်မှာပင်၊ ဆူဇီမိုက သတိ၀င်သွားပြီး အော်ပြောလိုက်၏။
"အားလုံးပဲ လူခွဲကြဟေ့! ငါတို့လူထဲမှာ သူလျှိုရှိနေပြီ!"
၀မ်ရွှမ်းက အရင်ဆုံး တုန့်ပြန်လိုက်၏။ သူသည် ဘယ်ဘက်လက်ထဲက ကာကွယ်ရေးအဆောင်ကို ချက်ချင်း ချိုးလိုက်၏။
အလင်းအိမ်အလွှာက ချက်ချင်းပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။
ခလန်း!
ကျွတ်ဆတ်ဆတ် အသံ တစ်သံက ထွက်ပေါ်လာ၏။
မီးပွားများက အဘက်ဘက်သို့ လွင့်ပျံသွား၏။
ဓါးပျံတစ်လက်က ၀မ်ရွှမ်း၏ အကာကွယ်အလင်းလွှာကို ထိုးခတ်လိုက်ပြီး ၎င်းကို တုန်ယင်သွားစေကာ ပြိုကျလုနီးပါး ဖြစ်သွားစေ၏။ ထိုတိုက်ခိုက်မှုက ဘယ်လောက်အားကောင်းကြောင်း ထင်ရှားလေသည်။
၎င်းက ၀မ်ရွှမ်း၏ ကိုယ်နှင့် တစ်စင်တီမီတာလောက်သာ ကွာဟ၏။
၀မ်ရွှမ်းသာ အနည်းငယ်လောက်ကလေး နောက်ကျခဲ့လျှင် သူအခုဆို သေလူတစ်ယောက် ဖြစ်နေလေပြီ။
တစ်ကယ်တော့ ၀မ်ရွှမ်း ထိုကဲ့သို့ တုန့်ပြန်လှုပ်ရှားနိုင်လိုက်ခြင်းမှာလည်း စောစောက စိတ်ဝိညာဉ်ပျံပေါ်မှာတုန်းက ဆူဇီမို၏ မေးခွန်းကြောင့် ဖြစ်လေသည်။
ထိုအချိန်တုန်းက ၀မ်ရွှမ်းသည် ထိုစကားကို သိပ်ပြီး အရေးမလုပ်ခဲ့ပေ။
သို့သော်လည်း အားကြီးသော အင်အားတစ်စုက ရုတ်တရတ် ပေါ်ချလာပြီး သူတို့အား ၀န်းရံပိတ်ဆို့လိုက်သည်ကို သူမြင်သောအခါ၊ သူတို့ဂိုဏ်းထဲမှာ သူလျှိုတွေ ရှိနေပြီဆိုတာ ၀မ်ရွှမ်း အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပြီး စိုးရိမ်စိတ်၀င်လာခဲ့၏။
သို့မဟုတ်ပါက.. တန်လင်းတောင်ကြားသို့ သူတို့၏ ခရီးစဉ်က အပြင်လူများဆီသို့ ပေါက်ကြားသွားစရာ အကြောင်းမရှိပေ။
သို့သော်လည်း ထိုအရာက သူ့ထင်မြင်ချက်သာဖြစ်ပြီး သေချာအောင်စစ်ဆေးဖို့ သူ့မှာ အချိန်လည်း မရှိတော့ပေ။
သွေးနီရောင်၀တ်ကျင့်ကြံသူက စကားပြောလိုက်သည့် အချိန်မှာပင် ဆူဇီမို၏ သတိပေးအော်သံကလည်း ကပ်ပါလာသောအခါ ၀မ်ရွှမ်းသည် ဘာမျှစဉ်းစားမနေတော့ဘဲ သူ့လက်ထဲက ကာကွယ်ရေးအဆောင်ကို တန်းချိုးလိုက်၏။
သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို အာရုံခံမိလိုက်သောအခါ၊ သူသည် တမလွန်ဂိတ်တံခါးဘေးမှ လမ်းကပ်လျှောက်ခဲ့မိကြောင်း ၀မ်ရွှမ်းတစ်ယောက်နားလည်လိုက်ပြီး ချွေးစေးများ ထွက်လာခဲ့၏။