← Chapters

အခြေအနေနဲ့ အချိန်အခါ

Vol. 15 Ch. 216

အခြေအနေနဲ့ အချိန်အခါ

Vol. 15 Ch. 216

“အကြီးအကဲချန်.. မင်း....”

ဘေးတွင်ရှိသော ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က အခုလေးတင် ဝမ်ရွှမ်းကို တိုက်ခိုက်လိုက်သော အကြီးအကဲချန်ကို မျက်လုံးပြူးမျက်ဆံပြူးနှင့် ကြည့်လိုက်၏။ သူသည် ဘာတွေဖြစ်နေသည်ဆိုတာကို နားမလည်သေးဘဲ စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်၏။

သို့သော်လည်း ထိုစကားကို သူပြောပြီးသည်နှင့်.. သူ့အမူအယာက ပြောင်းလဲသွားပြီး.. ဘာတွေဖြစ်နေလဲဆိုတာ နောက်ဆုံး သူသဘောပေါက်သွားလေပြီ။

တစ်ယောက်ယောက်က သူတို့ဂိုဏ်းကို သစ္စာဖောက်ခဲ့လေသည်။

ထိုသူမှာ တခြားသူမဟုတ်_ သူ့ရှေ့မှ အကြီးအကဲချန်ဖြစ်ပြီး သူက တစ်ချိန်လုံး သူတို့ကြားထဲတွင် ပုန်းကွယ်နေခဲ့လေသည်။

လေအေးများက သူ့နောက်ကျောမှ တိုက်ခတ်လာသောကြောင့် ထိုအကြီးအကဲသည် မသိစိတ်အရ နောက်ဆုတ်လိုက်၏။ သူ့လက်ကို သိုလှောင်အိတ်ပေါ်သို့ ရောက်ရှိသွားပြီး ကာကွယ်ရေးအဆောင်တစ်ခုကို ဆွဲထုတ်လိုက်၏။

သို့သော်လည်း အကြီးအကဲချန်က သူ့ထက်ပိုမြန်နေ၏။

သူသည် ဝမ်ရွှမ်းကို သတ်ဖြတ်ဖို့ မအောင်မြင်သောအခါ.. အကြီးအကဲချန်သည် သူ့ဓါးပျံကို ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ပြီး.. ဘယ်ဘက်လက်က အ‌ရောင်အဝါ တောက်ပသော ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။

ရွှက်..

စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုနှင့် ဓါးပျံတစ်လက်က တစ်ပြိုင်နက်တည်း ဆင်းသက်လာ၏။

ဂိုဏ်းအကြီးအကဲ၏ တုန့်ပြန်မှုက အနည်းငယ်‌လေး နောက်ကျသွားပြီး.. သူသည် ကာကွယ်ရေးအဆောင်ကို မချိုးဖျက်‌ရသေးခင်မှာပင်.. ဓါးပျံက သူ့လည်ပင်းကို လှီးဖြတ်သွားလေပြီ။

သွေးစက်များက ဖြန်းကနဲ ထွက်လာ၏။

ရွှေအမြုတေတစ်ယောက် လေထဲမှ ကားကနဲကျလာပြီး.. အသက်ဓါတ်က သူ့ခန္ဓာကိုယ်မှ စွန့်ခွာနေပြီဖြစ်ကာ.. သူ့မျက်လုံးများက စိတ်ပျက်ခြင်း၊ ထိတ်လန့်ခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်းများဖြင့် ပြည့်နေ၏။

“သစ်..စ..ဖောက်!”

ဝမ်ရွှမ်းက အော်ဟစ်လိုက်ပြီး.. သူ့အင်္ကျီစက ‌ဒေါသဖြင့် လှုပ်ခါသွား၏။

ကြီးမားများပြားသော စိတ်ဝိညာဉ်စွမ်းအင်များက စုဖွဲ့လာပြီး.. ဒီရေကဲ့သို့ ကြောက်စရာ အရှိန်အဟုန်ဖြင့် တလိပ်လိပ်တက်လာ၏။

ထိုဧရာမလှိုင်းလုံးထဲတွင်.. ထောက်လှမ်းဖို့ရန် ခက်ခဲသော စူးရှပြတ်သားသည့် အလင်းစက်လေးတစ်ခုတောင် ပါလေသည်။

“ဟီးဟီး”

အကြီးအကဲချန်က ထူးဆန်းစွာ ရယ်လိုက်၏။ သူ၏ တိုက်ခိုက်မှု အောင်မြင်သွားပြီးသည်နှင့် သူသည် တုံ့ဆိုင်းခြင်းမရှိ နောက်ပြန်လှည့်ပြေးလိုက်ပြီး ကာကွယ်ရေးအဆောင်တစ်ခုကို ချက်ချင်းချိုးဖျက်လိုက်၏။

တစ်ချိန်တည်းမှာပင် အကြီးအကဲချန်သည် နောက်ပိုင်း-ရွှေအမြုတေတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်များကို ချက်ချင်းစုဖွဲ့ထုတ်ဖော်လိုက်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်သောအခါ အလင်းတန်းများက တောက်ပလာပြီး မြူခိုးများက တက်လာ၏။

ဘန်း! ဘုန်း! ဘုန်း!

တောက်ပလာသော အလင်းမြူခိုးများနှင့် တလိပ်လိပ်တက်လာသော စွမ်းအင်လှိုင်းတို့က ထိတွေ့မိသွားပြီး.. နားကွဲမတတ်မြည်သံများကို ထွက်ပေါ်လာစေ၏။

ဝမ်ရွှမ်း၏ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက အကြီးအကဲချန်၏ မြူခိုးများထက် သာလွန်သည်မှာ ထင်ရှားလေသည်။

ဖောက်!

တစ်ခုခု ကျိုးပြတ်သွားသကဲ့သို့ ကြွတ်ဆတ်ဆတ် မြည်သံက ထွက်ပေါ်လာ၏။

အကြီးအကဲချန်၏ အမူအယာက သိသိသာသာ ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။ သူ့လက်မောင်းပေါ်တွင် သွေးဒဏ်ရာတစ်ခုက ဖြစ်ပေါ်လာ၏။

မသိလိုက်မသိဖာသာနှင့်ပင်.. သူ့ဘေးပတ်လည်ရှိ အကာအရံအလွှာကို စိတ်ဝိညာဉ်အလင်းဖြင့် တောက်ပနေသော သာလွန်အဆင့်ဓါးပျံတစ်လက်က ဖောက်ဝင်လာ၏။

ထိုသာလွန်အဆင့် ဓါးပျံက စိတ်ဝိညာဉ်စွမ်းအင်လှိုင်းထဲတွင် ပုန်းကွယ်နေခဲ့ခြင်းဖြစ်၏။ လျှို့ဝှက်အသိရခက်၍ ပုံသဏ္ဌာန်မဲ့နေပြီး.. မည်သူကမျှ ထိုဓါးကို သတိထားမိကြလိမ့်မည် မဟုတ်‌ပေ။

ချွမ်း!

မျက်နှာချင်းဆိုင်တွင်ရှိနေသော အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းရွယ်လူသည် အေးစက်စက် ငေါက်ငမ်းလိုက်၏။ သူသည် ရှေ့သို့ ခြေလှမ်းဝက်ရွှေ့လိုက်၏။ သူ့ထံမှ ဓါးပျံတစ်လက်က အရှိန်ဖြင့် ထွက်ပေါ်လာ၏။

လေထဲတွင် ရစ်ဝဲနေပြီး ထိုဓါးပျံမှ တောက်ပသော အလင်းတန်းလေးခုက ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်အင်းကွက်လေးခု.. ထိပ်တန်းအဆင့်ဓါးပျံတစ်လက်!

၎င်းက ဝမ်ရွှမ်း၏ သာလွန်အဆင့်ဓါးပျံနှင့် တိုက်မိသွားပြီး.. ထိပ်တန်းအဆင့်ဓါးပျံမှ စိတ်ဝိညာဉ်အလင်းများက တောက်ပလာ၏။ မည်သည့်ဘက်က အသာရလဲ ပြောရခက်၏။

အကြီးအကဲချန်က ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးလိုက်၏။

ဖြစ်စဉ်တစ်ခုလုံးက ဖော်ပြရသည်မှာ နှေးသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းတော့ တစ်ခဏလေးအတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။

ဝမ်ရွှမ်းက မျက်စိမှေးကြည့်လိုက်ပြီး သူ၏ သာလွန်အဆင့်ဓါးပျံကို သူ့ဆီသို့ ပြန်‌ခေါ်ယူလိုက်၏။

အနက်ရောင်ဝတ်ရုံနှင့် ရွှေအမြုတေ၏ ကျင့်ကြံမှုအဆင့်က သူနှင့် မတိမ်းမယိမ်းပင် ဖြစ်လေသည်။ သူတို့နှစ်ယောက်စလုံးက ပကတိရွှေအမြုတေအဆင့်များ ဖြစ်ကြ၏။

ထို့အပြင် ဝမ်ရွှမ်းသည် ထိုလူထံမှ ဖိအားကို ခံစားနေရ၏။

ရွှေအမြုတေဆယ်ယောက်ကျော်ကျော်ရှိသည့်အနက်.. ဘေးချင်းကပ်ရပ်နေကြသော အနက်ရောင်ဝတ်ကျင့်ကြံသူနှင့် သွေးနီရောင်ဝတ်ကျင့်ကြံသူတို့က အသန်မာဆုံး ဖြစ်ကြ၏။

သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းရှိနေပြီး.. ထိုအရာက အလွန်တရာ မကောင်းဆိုးဝါးဆန်နေ၏။

သူတို့ထဲက တစ်ယောက်ကတော့ အခုလေးတင် တိုက်ခိုက်လိုက်သော ရွှေအမြုတေတစ်ယောက် ဖြစ်လေသည်။

အခြားတစ်ယောက်ကတောာ့ သိပ်သည်းသော သားရဲချီများနှင့် ထုံမွမ်းနေ၏။ ထွက်ပေါ်နေသော အော်ရာအရ သူက ရွှေအမြုတေအဆင့်ရောက် စိတ်ဝိညာဉ်သားရဲတစ်ကောာင် ဖြစ်လိမ့်ပေမည်။

သားရဲများသည် သူတို့၏ အတွင်းအမြုတေကို ရရှိပြီးသည်နှင့်.. သူတို့၏ အရေပြား၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီ၊ အင်္ဂါ၊ ရုပ်ရည်သွင်ပြင်နှင့် အာရုံငါးပါးတို့သည် နောက်ထပ်အဆင့်တစ်ခုသို့ လုံးဝပြောင်းလဲသွားပေလိမ့်မည်။

ဤပြောင်းလဲခြင်းက သားရဲများကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာစေပြီး.. သူတို့ကို လူသားအသွင်ပြောင်းလဲစေနိုင်ခြင်း၊ လူသားဘာသာစကား ပြောစေနိုင်ခြင်းတို့ကိုပါ စွမ်းဆောင်ပေးနိုင်လေသည်။

ထိုသူနှစ်ယောက်စလုံးက သွေးကျီးကန်းနန်းတော်သခင်၏ သွေးကျွန်များဖြစ်ကြပြီး.. သူတို့၏ သခင်လေးကို စောင့်ရှောက်ဖို့ လိုက်ပါလာခဲ့ကြသော ယူဖေးနှင့် ဖန်းယွဲ့တို့ ဖြစ်ကြလေသည်။

အကြီးအကဲချန်က ပွတ်ကာသီကာ ရှောင်တိမ်းပြေးလာပြီးနောက် အနက်ရောင်ဝတ်ကျင့်ကြံသူဘေးသို့ ရောက်လာ၏။ သူသည် ဝမ်ရွှမ်းကို ကောက်ကျစ်စဉ်းလဲအေးစက်စွာ ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။

“စိတ်ဝိညာဉ်တောင်ထွတ်သခင်တစ်ယောက်ဆိုတဲ့အတိုင်းပဲဟေ့.. မင်းက ဆန်းကြယ်ဓါးသိုင်း အဆင့်၃ကိုတောင် တတ်ကျွမ်းသွားပြီပေါ့.. ချီးကျူးလောက်ပါပေရဲ့”

ဆန်းကြယ်ဓါးသိုင်းက ဆန်းကြယ်တောင်ထွတ်၏ အဓိကလျှို့ဝှက်ပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်ပြီး ထိုအတတ်ပညာတွင် အဆင့်သုံးဆင့် ပါဝင်လေသည်။

အဆင့်၁.. အရိပ်..

ထိုအဆင့်တွင် ဓါးပျံထွက်ပေါ်လာသည့်အခါ ၎င်းက လေထဲတွင် နောက်ချန်ပုံရိပ်အတန်းလိုက်ကို ဖြစ်ပေါ်စေမည်။ ထိုအခါ ဓါးအတုနှင့် အစစ်ကို ခွဲခြားဖို့ရာ ခက်ခဲသွားပြီး တစ်ဖက်ရန်သူ၏ အာရုံကို ထွေပြားသွားစေလိမ့်မည် ဖြစ်လေသည်။

ဖုန်ဟောက်ယွီသည် ဆူဇီမိုနှင့် တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့သည်မှာ ထိုအဆင့်၁.. အရိပ် ဖြစ်လေသည်။

အဆင့်-၂.. လေဟာနယ်..

ထိုအဆင့်တွင် ဓါးပျံ၏ အရှိန်က အလွန်တရာ မြန်ဆန်လာမည်ဖြစ်ပြီး.. လေဟာနယ်နှင့် ရောနှောသွားပေလိမ့်မည်။ ထိုအခါ ဓါးပျံလာရာလမ်းကြောင်းကို မှန်းဆဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်သွားပြီး သာမန်မျက်လုံးနှင့် သတိထားမိနိုင်တော့မည် မဟုတ်ပေ။

အဆင့်-၃.. ဆန်းကြယ်..

ထိုအဆင့်၌ ဓါးပျံ၏ အရှိန်က အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး.. လေဟာနယ်အဖြစ်သို့ ပြောင်းလဲသွားကာ မည်သို့မျှ ထောက်လှမ်းသိရှိနိုင်တော့မည် မဟုတ်ပေ။

ဆန်းကြယ်ဓါးသိုင်း၏ အဆင့်၃က ကျင့်ကြံဖို့ အလွန်တရာ ခက်ခဲလေသည်။

ဆန်းကြယ်တောင်ထွတ်၌ ဆန်းကြယ်ဓါးသိုင်း၏ အဆင့်၃ကို တတ်ကျွမ်းသွားသော ရွှေအမြုတေအဆင့်များမှသာလျှင်.. စိတ်ဝိညာဉ်တောင်ထွတ်သခင်တစ်ယောက်ဖြစ်ဖို့ အရည်အချင်း ပြည့်မီလေသည်။

ထို့အပြင်.. မျိုးဆက်တိုင်းနီးပါး၌ စိတ်ဝိညာဉ်တောင်ထွတ်သခင်များက ဆန်းးကြယ်တောင်ထွတ်တွင် အသန်မာဆုံး၊ အကြမ်းဆုံး ရွှေအမြုတေများ ဖြစ်ခဲ့ကြလေသည်။

အကြီးအကဲချန်သည် ကာကွယ်ရေးအဆောင်၏ အကာအရံရှိခဲ့သော်လည်း ဝမ်ရွှမ်း၏ ဓါးချက်ဖြင့် ဒဏ်ရာရရှိခဲ့သေး၏။

ဖန်းယွဲ့သာ ဒုတိယတိုက်ခိုက်မှုကို ဝင်ရောက်မတားဆီးခဲ့လျှင် အကြီးအကဲချန်က အခုလောက်ဆို သေနေလောက်ပေပြီ။

အကြီးအကဲချန်က စကားလမ်းကြောင်းလိုက်ပြီး လှောင်ရယ်လိုက်၏။

“ဘာပဲဖြစ်ဖြစ်လေ.. မင်းတို့အားလုံးက ဒီနေ့ ဒီနေရာမှာ သေရတော့မှာပဲ.. တစ်ယောက်မှတောင် လွတ်မှာ မဟုတ်ဘူး”

“မင်းစမ်းကြည့်လိုက်လေ”

ဝမ်ရွှမ်းက ကြောက်ရွံ့မသွားခဲ့ပေ။ သူသည် ဆန်းကြယ်တောင်ထွတ်က တပည့်များ၏ အ‌ရှေ့တွင် မားမားမတ်မတ် ရပ်နေလိုက်၏။

ထိုအချိန်၌ ဆန်းကြယ်တောင်ထွတ်ဘက်တွင် ရွှေအမြုတေအဆင့်ဆိုလို့ ဝမ်ရွှမ်း၊ အကြီးအကဲယုနှင့် အခြားအကြီးအကဲတစ်ယောက်သာလျှင် ရှိတော့လေသည်။

တစ်ဖက်မှာတော့.. အကြီးအကဲချန်အပါအဝင် ရွှေအမြုတေအဆင့် ၁၁ယောက်ရှိလေသည်။

ရုတ်တရတ်.. နောက်ထပ်အပြောင်းအလဲတစ်ခုက ပေါ်လာပြန်၏။

လူကြားထဲမှာ ရှိနေသော ဖုန်ဟောက်ယွီက ရုတ်တရတ် တိုက်ခိုက်လိုက်၏။

သူ့ဓါးမှ စိတ်ဝိညာဉ်အင်းကွက်သုံးခုက လင်းလက်လာ၏။ ၎င်းက သာလွန်အဆင့် ဓါးပျံတစ်လက် ဖြစ်လေသည်။

ထိုဓါးက လူအုပ်ကြီးထဲ ထိုးဖောက်ပျံသန်းလာပြီး သွေးသံရဲရဲများကို ဖြစ်စေကုန်၏။

မဟာအမွေခံတပည့်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော လောယီသည် ဖုန်ဟောက်ယွီနှင့် မလှမ်းမကမ်းမှာ ရပ်နေပြီး အချိန်မီ မတုန့်ပြန်နိုင်ခဲ့ပေ။ သူ့မျက်လုံးများက အံ့သြတုန်လှုပ်မှုများနှင့် ပြည့်နေပြီး.. သူ၏ ဦးခေါင်းက ပြတ်ကျသွား၏။

သူသည် သေသွားတာတောင်မှ ဘာတွေဘယ်လို ဖြစ်ပျက်ခဲ့သလဲဆိုတာကို ကောင်းကောင်းနားမလည်လိုက်ပေ။

တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲ ပြိုလဲကျကုန်ပြီး ‌ကောင်းမွန်စွာ အနားမယူနိုင်ခဲ့ကြပေ။

ဆန်းကြယ်တောင်ထွတ်မှ တပည့်များက အငိုက်မိကုန်ကြ၏။

ဆူဇီမိုသည် စော‌စောက ကျယ်လောင်စွာ သတိပေးခဲ့သော်လည်း.. အကြီးအကဲချန်၏ သစ္စာဖောက်မှုက ဂိုဏ်းအကြီးအကဲတစ်ယောက်ကို သေစေခဲ့၏။

ဝမ်ရွှမ်းက စတင်တိုက်ခိုက်သောအခါ.. ရွှေအမြုတေအဆင့်များအကြား တိုက်ပွဲက ဖြစ်ပေါ်လာခဲ့ပြီး.. အားလုံး၏ အာရုံစိုက်မှုက ထိုအပေါ်မှာ ရောက်နေကြလေသည်။

ဆူဇီမို၏ ဦးရေပြားက စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး.. အံ့ကိုကြိတ်လိုက်၏။ သူ့နုလုံးသားထဲမှ ရန်လိုသတ်ဖြတ်လိုစိတ်က ထကြွလာပြီး.. သူ့မျက်လုံးများက အကန့်အသတ်မဲ့ အေးစက်မှုများနှင့် ပြည့်လာကာ သူ့ခန္ဓာကိုယ်မှ အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်မျိုးက ထွက်ပေါ်လာ၏။

တစ်ကယ်တော့.. အကြီးအကဲချန်နှင့် ဖုန်ဟောက်ယွီတို့က သူလျှိုများ ဖြစ်နိုင်သည်ဟု ဆူဇီမိုသည် ခပ်ရေးရေး မှန်းဆခဲ့ပြီးသားဖြစ်၏။

သို့သော်လည်း ထိုအရာက သူ့ထင်မြင်ချက်သာ ဖြစ်ခဲ့၏။

နောက်ပြီး သူတို့နှစ်ယောက်အပြင် သစ္စာဖောက်က နောက်ထပ်မည်သူများ ရှိသေးသည်ဆိုတာကို သူ မသိရပေ။

ထို့ကြောင့် ဆူဇီမိုက အားလုံးကို လူခွဲနေကြဖို့ သတိပေးခဲ့ခြင်း ဖြစ်လေသည်။

သူသတိပေးထားတာတောင်မှ သူ့ဂိုဏ်းသားအဖော်ရောင်းရင်းများ၏ အသက်ကို မကယ်တင်နိုင်ခဲ့ပေ။

သေကုန်ကြသောသူများက ဖုန်ဟောက်ယွီနှင့် အနီးဆုံးမှာ ရပ်နေကြသူများ ဖြစ်ကြလေသည်။

တစ်နည်းအားဖြင့် သူတို့အများစုက ဖုန်ဟောက်ယွီ၏ နောက်လိုက်အပေါင်းအပါများ ဖြစ်ကြလေသည်။

ယခုအခါမှာတော့ ဖုန်‌ဟောက်ယွီက သူတို့ကို တုံ့ဆိုင်းခြင်းမရှိ အညှာအတာမဲ့စွာ သတ်ဖြတ်ပစ်နေလေပြီ။ သူ့မျက်လုံးများထဲ၌ အေးစက်မှု၊ ရက်စက်မှုများကလွဲလို့ ဘာမျှ မရှိပေ။

အစက ချောမောလှပသော ဖုန်ဟောက်ယွီ၏ မျက်နှာသည် ယခုအခါ အလွန်တရာ ကြောက်စရာကောင်း၊ မကောင်းဆိုးဝါးဆန်နေလေပြီ။

သူတို့အားလုံးထဲတွင် ရိုက်ချက်အပြင်းဆုံး ခံစားလိုက်ရသူမှာ.. စိတ်ဝိညာဉ်တောင်ထွတ်သခင်၊ ဝမ်ရွှမ်းဖြစ်လေသည်။

ဖုန်ဟောက်ယွီသည် သူကိုယ်တိုင် တယုတယ လက်သပ်မွေးခဲ့သော တပည့်ဖြစ်ပြီး.. သူ့တစ်ဘဝလုံး သင်ယူခဲ့ရသမျှကို အိတ်သွန်ဖာမှောက် သင်ကြားပေးခဲ့လေသည်။

ယခုဖုန်ဟောက်ယွီလက်ထဲက သာလွန်အဆင့်ဓါးပျံမှာလည်း ဝမ်ရွှမ်းထံမှ လက်ဆောင်ရရှိထားခြင်း ဖြစ်လေသည်။

အခြေတည်အဆင့် ကျင့်ကြံသူအများစုသည် အလယ်အလတ်အဆင့်ဓါးပျံထက် ပိုမကိုင်နိုင်ကြပေ။

စိတ်ဝိညာဉ်တောင်ထွတ်သခင်ဖြစ်သော ဝမ်ရွှမ်းပင်လျှင်.. သူသည်လည်းပဲ သာလွန်အဆင့်ဓါးပျံကိုသာ ကိုင်ရ၏။

ဖုန်ဟောက်ယွီလက်ထဲမှ သာလွန်အဆင့် ဓါးပျံကို ကြည့်ခြင်းအားဖြင့် ဝမ်ရွှမ်းကို သူ့တပည့်ကို ဘယ်လောက်အလေးထား ချစ်မြတ်နိုးကြောင်း သိရှိနိုင်လေသည်။

All Chapters