← Chapters

ရွှေအမြုတေနယ်မြေများ၏ အားပြိုင်မှု

Vol. 15 Ch. 217

ရွှေအမြုတေနယ်မြေများ၏ အားပြိုင်မှု

Vol. 15 Ch. 217

“‌ဟောက်ယွီ.. ငါအမြဲတမ်း မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်.. ဂိုဏ်းကလည်း မင်းကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ရဘူး.. မင်း ဘာကြောင့် ဂိုဏ်းကို သစ္စာဖောက်ရတာလဲ.. အကြောင်းပြချက်တစ်ခုလောက် င့ါကို ပေးစမ်းပါဦး”

ဝမ်ရွှမ်း တုန်တုန်ရီရီဖြင့် လှည့်ကြည့်လိုက်ပြီး.. သူ့အကြည့်ထဲတွင် ဒေါသ၊ တုန်လှုပ်မှု၊ ရှုပ်ထွေးမှု... နှင့် စိတ်ပျက်ဝမ်းနည်းမှုများက ရောယှက်ပါဝင်နေ၏။

အကြီးအကဲချန်၏ သစ္စာဖောက်မှုက ဝမ်ရွှမ်းကို သိပ်မဖြုန်စေခဲ့ပေ။

သို့သော်လည်း ဖုန်ဟောက်ယွီ၏ သစ္စာဖောက်မှုက ဝမ်ရွှမ်း၏ စိတ်ကို ကြီးမားစွာ ရိုက်နှက်လိုက်ခြင်း ဖြစ်လေသည်။

ဟိုအရင် ဖုန်ဟောက်ယွီက ချီစုဖွဲ့မှုအဆင့်မှာ ရှိစဉ်ကတည်းက.. ဝမ်ရွှမ်းက ဆန်းကြယ်ဓါးသိုင်းကို ဖုန်ဟောက်ယွီအား ကြိုတင်သင်ကြားပေးဖို့ ဂိုဏ်းချူပ်ထံသို့ သွားရောက်တောင်းဆိုပေးခဲ့၏။

အတွင်းဂိုဏ်းထဲ၌ မဟာအမွေခံတပည့်သုံးယောက်အပြင် အဓိကလျှို့ဝှက်ပညာရပ်သုံးခုကို သင်ကြားခွင့်ရရှိသော အခြေတည်အဆင့်ကျင့်ကြံသူမှာ ဖုန်ဟောက်ယွီတစ်ယောက်တည်းသာလျှင် ရှိလေသည်။

“သစ္စာဖောက်တယ် ဟုတ်စ”

ဖုန်ဟောက်ယွီက အေးစက်စက် လှောင်ရယ်လိုက်၏။

“ကျုပ်က အစကတည်းက ဆန်းကြယ်‌တောင်ထွတ်ကမှ မဟုတ်တာ.. ကျုပ်ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်ခဲ့တယ်ဆိုတာကလည်း အဓိကလျှို့ဝှက်ပညာရပ်သုံးခုကို သင်ယူနိုင်ဖို့ အတွက်ပဲ... ထပ်ပြောရရင် ကျုပ်က ခင်ဗျားကိုတောင် ဆရာလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဖူးဘူး”

“မိုက်လိုက်တဲ့တပည့်”

ဝမ်ရွှမ်းက အေးစက်စွာ ငေါက်ငမ်းလိုက်၏။

“ဒီနေ့.. မင်းကို ငါကိုယ်တိုင် သတ်မယ်”

“ခင်ဗျားကိုယ်ခင်ဗျားပဲ မသေအောင် ကြိုးစားကြည့်လိုက်ဦး.. ပြီးမှ ဆက်ပြောကြတာပေါ့.. ခွေးအိုကြီး” ဖုန်ဟောက်ယွီက လှောင်ရယ်မောလိုက်၏။

ရုတ်တရတ်ဆိုသလို..

ဝမ်ရွှမ်း၏ ဘေးမှ အကြီးအကဲနှစ်ယောက်က အထိတ်တလန့် အော်လိုက်၏။

“သတိထား”

အကြီးအကဲယုနှင့် အခြားဂိုဏ်းအကြီးအကဲက တစ်ပြိုင်တည်း လှုပ်ရှားတိုက်ခိုက်လိုက်ကြပြီး ဓါးပျံနှစ်လက်က ယှက်ဖြာ၍ ထွက်ပေါ်လာ၏။

ရွှစ်.. ရွှစ်!

ထိုအချိန်မှာပင်.. သွေးရောင်ဝတ်ကျင့်ကြံသူဘေးရှိ ရွှေအမြုတေအဆင့်၊ ဖန်းယွဲ့က ရုတ်တရတ် ရှေ့သို့ ခုန်ဝင်လာ၏။ သူ့အမူအယာက ‌ရေခဲတမျှ အေးစက်နေပြီး.. သူ့ဘေးပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအင်များက စတင်ရုန်းကြွလာ၏။

ဖန်းယွဲ့၏ ဘေးပတ်လည်တွင် မကောင်းဆိုးဝါးဆန်ဆန် အနက်‌ရောင် လေပွေလေရိုင်းများက ဖြစ်ပေါ်လာပြီး.. တဝီဝီအော်မြည်ကာ လေထဲတွင် သဲများက ထောင်းကနဲထလာ၏။

ထိုသည်ကို မြင်သောအခါ အကြီးအကဲယု၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

အခြားဂိုဏ်းအကြီးအကဲ၏ သူငယ်အိမ်ကလည်း တင်းကျပ်သွားပြီး.. သူ့လှုပ်ရှားမှုများက နှေးကွေးသွား၏။ သူ၏ ဓါးပျံက အနက်‌ရောင်လေပွေထဲသို့ ဝင်သွားပြီး.. များပြားလှသောသဲမှုန်များနှင့် ဓါးပျံ၏ ပွတ်တိုက်သံက ထွက်ပေါ်လာ၏။

ကလင်.. ကလန်..

ချွမ်း..

တစ်ခဏလေးအတွင်းမှာပင်.. ဓါးပျံက ကျိုးပဲ့ကြေမွကုန်ပြီး စိတ်ဝိညာဉ်အလင်းများက မှိန်ဖျော့သွားကာ ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။

အနက်ရောင်လေပွေထဲတွင် သာလွန်အဆင့်ဓါးပျံက အသက်တစ်ရှိုက်စာထက် ပိုမကြာခဲ့ပေ။

ထိုသည်ကို မြင်သောအခါ.. ဆူဇီမိုသည် တုန်လှုပ်သွား၏။

အကြီးအကဲယု၏ အမူအယာက ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး.. ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ရွှေအမြုတေနယ်မြေ.. အရိုးတိုက်စားမဟူရာလေပွေ!”

“ဒါဆို.. ဒါက ရွှေအမြုတေနယ်မြေပေါ့လေ”

ဆူဇီမိုသည် ပြောစရာစကားမဲ့သွားရ၏။

ရွှေအမြုတေနယ်မြေများက ဘယ်လောက်ကြောက်စရာကောင်းကြောင်း သူကြားဖူးထားခဲ့သော်လည်း.. ဒါကို အခုမှ ပထမဆုံး သူမြင်ရခြင်းဖြစ်လေသည်။

ရွှေအမြုတေအဆင့်များထဲတွင်မှ.. လူတော်တော် အနည်းစုသာ ရွှေအမြုတေနယ်မြေကို ရရှိအောင် ကျင့်ကြံနိုင်ကြလေသည်။

ရွှေအမြုတေနယ်မြေကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများက ရွှေအမြုတေနယ်မြေကို မပိုင်ဆိုင်သော မည်သည့် ရွှေအမြုတေအဆင့်များကိုမဆို အလွယ်တကူ အနိုင်ယူနိုင်လေသည်။

ချီစုဖွဲ့အဆင့်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ၊ ရွှေအမြုတေအဆင့်ဖြစ်စေ.. စွမ်းအင်အရင်းအမြစ်မှာ စိတ်ဝိညာဉ်ချီ သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအင်ပင် ဖြစ်လေသည်။ သူတို့ အမြင့်ဆုံး သုံးနိုင်သော သတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းများမှာ စိတ်ဝိညာဉ်ပညာရပ်များသာ ဖြစ်လေသည်။

ရွှေအမြုတေနယ်မြေဆိုသည်မှာ စိတ်ဝိညာဉ်ပညာရပ်များအားလုံး၏ အနှစ်ချုပ်အထွတ်အထိပ် အဆင့်ဖြစ်လေသည်။

ထို့ကြောင့် ရွှေအမြုတေနယ်မြေကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများက နိုးထဝိညာဉ်အဆင့်အောက်၌ အသန်မာဆုံး ရွှေအမြုတေအဆင့်၊ ပကတိသက်ရှိများ ဖြစ်ကြလေသည်။

“သေစမ်းကွာ”

ဖန်းယွဲ့၏ အသံက အေးစက်ခက်ထန်နေပြီး.. သူ့အင်္ကျီစကို လှုပ်ခါလိုက်သောအခါ အနက်ရောင်လေပွေအတွင်း၌ ကြီးမားသည့် ဝဲကတော့ကြီးက ဖြစ်ပေါ်လာ၏။ ၎င်းက ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ သူ့ပါးစပ်ကြီးကို ဟလိုက်ပြီး.. ဆန်းကြယ်တောင်ထွတ်အကြီးအကဲကို သူ့အထဲသို့ ဆွဲသွင်းဝါးမျိုလိုက်၏။

ဝမ်ရွှမ်းက သူ့ကို ကယ်တင်ချင်ခဲ့၏။ သို့သော်လည်း နောက်ကျသွားလေပြီ။

ဝုန်း!

ဂိုဏ်းအကြီးအကဲ၏ ကာကွယ်ရေးအဆောင်က ချက်ချင်း ပြိုလဲကျသွား၏။

“အား..!”

သွေးပျက်ချောက်ချားသည့်အော်သံက ထွက်ပေါ်လာ၏။

အနက်‌ရောင်လေပွေထဲတွင် အကြီးအကဲ၏ ခန္ဓာကိုယ်က စတင်ဆွေးမြေ့တိုက်စားခံလာရ၏။ စက္ကန့်အနည်းငယ်လေး အတွင်းမှာပင်.. အဲ့ဒီမှာ နက်မှောင်နေသော အရိုးစုတစ်ခုသာ ကျန်ခဲ့ပြီး အသက်ဓါတ်က ထွက်ခွာသွားလေပြီ။

“အား!”

နောက်ထပ် စူးစူးဝါးဝါးအော်သံတစ်ခုက ထွက်ပေါ်လာပြန်၏။

သွေးကျီးကန်းနန်းတော်ဘက်မှ ရွှေအမြုတေတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ မိုးစက်များက ရုတ်တရတ် ကျဆင်းလာပြီး.. မိုးစက်ကျရာ သူ့ခန္ဓာကိုယ်အနှံ့တွင် သွေးသံရဲရဲ အပေါက်များကို ဖြစ်ပေါ်လာစေ၏။

ထိုလူ၏ အကြည့်က မှိန်ကျသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။ ထိုသူက အသက်မရှိတော့သည်မှာ ထင်ရှားလေသည်။

ဖြောက် ဖြောက်.. ဖြောက် ဖြောက်!

မိုးများရွာချလာသည့်အသံကို အားလုံး ကြားလိုက်ရ၏။

ထိုအသံက ပို၍သည်းထန်၊ ကြည်လင်လာ၏။

မိုးက ဘယ်ကနေ‌ ရွာလာတာလဲ။

လူတိုင်း အသံထွက်ပေါ်လာရာကို လှည့်ကြည့်လိုက်ကြ၏။

ဝမ်ရွှမ်း၏ ဘေးပတ်ပတ်လည်တွင် မိုးများက ရုတ်တရတ် သည်းထန်စွာ ရွာကျလာခြင်း ဖြစ်၏။

မိုးစက်များက ဓါးသွားလို ရှည်လျားပြီး.. အလွန်တရာ ထက်ရှနေ၏။

ရွှေအမြုတေနယ်မြေ.. ဆန်းကြယ်ဓါးမိုး!

ဝမ်ရွှမ်း၏ ရွှေအမြုတေနယ်မြေနှင့် ရင်ဆိုင်ရချိန်တွင်.. သွေးကျီးကန်းနန်းတော်မှ ရွှေအမြုတေများသည် ကူကယ်ရာမဲ့ကုန်ကြလေသည်။

အကြီးအကဲချန်က သစ္စာဖောက်ခဲ့ပြီး တစ်ဖက်တွင် ရန်သူက ရွှေအမြုတေအဆင့် ဆယ်ယောက်ဖြစ်သော်လည်း ဝမ်ရွှမ်းက တည်ငြိမ်ဣန္ဒြေရနေခြင်းမှာ.. သူသည် ရွှေအမြုနယ်မြေကို ရရှိအောင်ကျင့်ကြံထားနိုင်ခဲ့သော ပကတိရွှေအမြုတေအဆင့်ဖြစ်သောကြောင့် ဖြစ်လေသည်။

တစ်ဖက်ရန်သူက ရွှေအမြုတေအဆင့် ဆယ်ယောက်ဖြစ်လျှင်တောင် ဝမ်ရွှမ်းက သူတို့အားလုံးကို သတ်ဖြတ်အနိုင်ယူဖို့ သူ့ကိုယ်သူ ယုံကြည်မှုရှိလေသည်။

ထိုအရာက ရွှေအမြုတေနယ်မြေ၏ စွမ်းပကားပင် ဖြစ်လေသည်။

သို့‌သော်လည်း ဖန်းယွဲ့က သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ပြလိုက်ချိန်မှာတော့.. အခြေအနေက သိပ်မဟန်တော့ဘူးဆိုတာ သူနားလည်လိုက်လေသည်။

တိတိကျကျပြောရလျှင်.. ပြဿနာက အသည်းအသန်ကိစ္စဖြစ်လာပြီး သေရေးရှင်ရေးအခြေအနေ ဖြစ်လာလေပြီ။

ရွှေအမြုတေအဆင့်ဖြစ်‌သော ယူဖေးက တည်ငြိမ်နေပြီး မြေပြင်ထက်သို့ ဆင်းသက်ကာ သွေးနီရောင်ဝတ်လူငယ်ကို ကာကွယ်နေလိုက်၏။

အေးစက်စက် လှောင်ရယ်လိုက်ပြီး.. သွေးနီရောင်ဝတ်လူငယ်က သူ့လက်ကို ဝေ့ယမ်းလိုက်၏။

“လူခွဲပြီး ဝင်ကြမယ်‌ဟေ့.. ဖန်းယွဲ့.. လေထဲက ကျန်နေသေးတဲ့ ရွှေအမြုတေနှစ်ယောက်ကို မြန်မြန်လက်စတုံးဖို့ လုပ်လိုက်.. ကျန်တဲ့အခြေတည်အဆင့်တွေကိုတော့.. ငါတို့တာဝန်သာထားလိုက်”

“နားလည်ပါပြီ”

လေထဲရှိ ဖန်းယွဲ့က ခေါင်းညိတ်လိုက်၏။

မြေပြင်ပေါ်တွင် ရာချီသော သွေးကျီးကန်းနန်းတော်မှ အခြေတည်အဆင့်များက ယူဖေးနှင့် သွေးနီရောင်လူငယ်တို့ကို ခြံရံကာ ဆန်းကြယ်တောင်ထွတ်၏ တပည့်များဆီသို့ ချီတက်လိုက်ကြ၏။

“မတိုက်ကြနဲ့.. မြန်မြန်ဖောက်ထွက်ပြီး‌တော့.. ဂိုဏ်းကို သတင်းပေးဖို့ လုပ်ကြ!”

ထိုသည်ကို မြင်သောအခါ ဝမ်ရွှမ်းက ပြတ်ပြတ်သားသား အော်ဟစ်အမိန့်ပေးလိုက်၏။

ယခုအချိန်တွင် အကြီးအကဲယုနှင့် သူသည် သူတို့ကိုယ်သူတို့သာ အနိုင်နိုင် ခုခံကာကွယ်နေရပြီး.. မည်သည့်အကူအညီအထောက်အပံ့မျှ မပေးနိုင်ကြပေ။

သွေးနီရောင်ဝတ်လူငယ်က တိုက်ပွဲမြေကို ပိုင်းခြားလိုက်ခြင်းမှာ ဝမ်ရွှမ်းနှင့် အကြီးအကဲယုတို့ကို အာရုံများအောင်လုပ်ပြီး ဖန်းယွဲ့နှင့် အခြားရွှေအမြုတေများ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံရဖို့ ဖြစ်လေသည်။

ထိုအချိန်တွင် အခြားသော အခြေတည်အဆင့်များကလည်း မြေပြင်ပေါ်ရှိ ဆန်းကြယ်တောင်ထွတ်မှ တပည့်များကို စိတ်ရှိလက်ရှိ လွတ်လွတ်လပ်လပ် တိုက်ခိုက်သတ်ဖြတ်နိုင်မည် ဖြစ်လေသည်။

ဤနည်းအားဖြင့်.. ရွှေအမြုတေအဆင့်များအကြား တိုက်ပွဲမှာဖြစ်စေ၊ အခြေတည်အဆင့်များအကြား တိုက်ပွဲမှာဖြစ်စေ.. သွေးကျီးကန်းနန်းတော်က အသားစီးရယူပြီး အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်လေသည်။

“ဖောက်ထွက်မယ်ဟုတ်လား”

သွေးနီရောင်ဝတ်လူငယ်က သူ့ခေါင်းကို နောက်လှန်ချ၍ အားပါးတရ ရယ်ချလိုက်၏။

“အိပ်မက် မက်မနေစမ်းနဲ့.. မင်းတို့ ဒီနေရာကနေ ဘယ်သူ့မှ အသက်ရှင်လျှက် ထွက်မသွားနိုင်စေရဘူး”

ဘန်း.. ဘုန်း.. ဘုန်း..

ထိုအချိန်မှာပင်.. ဖန်းယွဲ့၏ အရိုးတိုက်စားမဟူရာလေပွေနှင့် ဝမ်ရွှမ်း၏ ဆန်းကြယ်ဓါးမိုးတို့က ဆန့်ကျင်ပွတ်တိုက်ထိတွေ့လိုက်ကြပြီး နားကွဲလောက်သည့် အသံများကို ထွက်ပေါ်လာစေ၏။

လုံးဝမတူညီသောရွှေအမြုတေနယ်မြေနှစ်ခု၏ စွမ်းအားများက လေထဲတွင် ရိုက်ခတ်လိုက်နေကြသည်မှာ ကြောက်စရာမြင်ကွင်းပင် ဖြစ်လေသည်။

ရွှေအမြုတေနယ်မြေနှစ်ခုက ခွန်အားအရ မတိမ်းမယိမ်းရှိနေပြီး.. မည်သူက အသားစီး ရယူသွားနိုင်မလဲဆိုသည်မှာ ပြောရခက်လေသည်။

ဖန်းယွဲ့အပြင် သွေးကျီးကန်းနန်းတော်၌ အခြားရွှေအမြုတေအဆင့် ကိုးယောက်ရှိလေသည်။

သို့သော်လည်း ဝမ်ရွှမ်းဘက်မှာတော့ အကြီးအကဲယုတစ်ယောက်သာ ရှိလေသည်။

“သတ်!”

အကြီးအကဲချန်က အော်ဟစ်လိုက်ပြီး.. အရင်ဆုံးရှေ့တက်ကာ အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်၏။

အကြီးအကဲယုသည် အံကိုကြိတ်၍ သူ့အစွမ်းရှိသမျှ ခုခံရလေသည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူသည် အောက်စည်းသို့ ရောက်ရှိသွားပြီး ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိလာ၏။ တဖွဲ့ဖွဲ့ကျရောက်လာသော တိုက်ခိုက်မှုများအောက်တွင် အကြီးအကဲယုသည် အချိန်မရွေး အသက်ပျောက်သွားနိုင်၏။

ထိုသည်ကို မြင်သောအခါ .. ဝမ်ရွှမ်းက အသံရှည်ရှည် တစ်ချက်အော်ဟစ်လိုက်ပြီး.. သူ၏ ရွှေအမြုတေကို အရူးအမူး လှည့်ပတ်ကာ သူ၏ ရွှေအမြုတေနယ်မြေထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ပို့လွှတ်လိုက်၏။

ရွှမ်း..

သူ့အင်္ကျီစကို ဝေ့ယမ်းလိုက်သောအခါ.. ဝမ်ရွှမ်း၏ အဆုံးမရှိ ဓါးမိုးများသည် အကြီးအကဲချန်အပေါ်သို့ လွှမ်းခြုံကျရောက်လာ၏။

“မင်းကတော့ သေချင်နေပြီထင်တယ်!”

ဖန်းယွဲ့က အေးစက်စက် ငေါက်ငမ်းလိုက်၏။ အနက်ရောင်လေပွေက တဟူးဟူးတိုက်ခတ်လာပြီး ကောင်းကင်နှင့် ချိတ်ဆက်ထားသော ဟာရီကိန်းတစ်ခုနီးပါး.. ကျဆင်းလာသော ဓါးမိုးများကို စုပ်ယူလိုက်၏။

ဖောက်! ဖောက်! ဖောက်!

ရွှေအမြုတေနယ်မြေနှစ်ခုက နောက်တစ်ကြိမ် တိုက်ခိုက်အားပြိုင်လိုက်ကြပြီး.. တစ်ခုကိုတစ်ခု တိုက်စားကာ ပို၍ပို၍ ပြင်းထန်အားကောင်းလာ၏။

ဝမ်ရွှမ်း၏ မျက်နှာက ဖြူလျော့လာပြီး သူ့ခန္ဓာကိုယ်က ယိမ်းထိုးလာ၏။

ထိုအချိန်တွင် သူသည် ရွှေအမြုတေအဆင့် ဆယ်ယောက်ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်နေရသလို ဖြစ်နေလေသည်။

ဒါ့အပြင်.. ထိုရွှေအမြုတေဆယ်ယောက်ထဲတွင် တစ်ယောက်က ရွှေအမြုတေနယ်မြေကို ပိုင်ဆိုင်ထား၏။

သူသည် သိပ်ပြီး ကြာကြာ တောင့်ခံနိုင်တော့မည့်ပုံ မပေါ်ပေ။

All Chapters