← Chapters

ထွက်ပြေးခြင်း

Vol. 15 Ch. 218

ထွက်ပြေးခြင်း

Vol. 15 Ch. 218

မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော သွေးကျီးကန်းနန်းတော်မှ အခြေတည်အဆင့် ကျင့်ကြံသူများသည် အုံလိုက်ကျင်းလိုက် ချီတက်လာကြ၏။

ဝမ်ရွှမ်းနှင့် အကြီးအကဲယုတို့က လေထဲတွင် ပိတ်မိနေပြီး သူတို့ကိုယ်သူတို့တောင် အနိုင်နိုင် ရုန်းကန်နေရ၏။

ယခုလက်ရှိ အနေအထားအရ.. ဆန်းကြယ်တောင်ထွတ်မှ တပည့်များအတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးကြဖို့ပင် ဖြစ်လေသည်။

ထိုသို့လုပ်ဖို့တောင် သူတို့မှာ အချိန်က သိပ်မကျန်တော့ပေ။

ဝမ်ရွှမ်းနှင့် အကြီးအကဲယုတို့က တောင့်မခံတော့သည့် နောက်ဆုံးရောက်သည့်အခါ.. သူတို့၏ ပြိုင်ဘက်များက ရာနှင့်ချီသော အခြေတည်အဆင့်ကျင့်ကြံသူများသာ မဟုတ်တော့ဘဲ.. ရွှေအမြုတေအဆင့်များပါ ပါလာပေလိမ့်မည်။

“မြန်မြန်ဟေ့.. သွားကြရအောင်!”

အမွေခံတပည့်များ၏ ခေါင်းဆောင်ဖြစ်သူ ချင်ယုက အော်ဟစ်လိုက်ပြီး ဆက်လက်ကြန့်ကြာမနေရဲတော့ဘဲ လှည့်ပြေးလိုက်၏။

နောက်ထပ်အမွေခံတပည့်တစ်ယောက်ဖြစ်သူ ကျိချန်းရှန်ကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

များစွာသော ဆန်းကြယ်တောင်ထွတ်တပည့်များသည် တန်လင်းတောင်ကြား၏ အပြင်ဘက်သို့ ဓါးပျံများကို စီးနင်းကာ တကွဲတပြား ထွက်ပြေးကြကုန်လေတော့၏။

“နောင်ကြီး.. စီနီယာအစ်မလမ့်.. ထွက်ပြေးကြရအောင်!”

ဖက်တီးလေးက ထိတ်ထိတ်ပျာပျာဖြင့် အော်ဟစ်လိုက်ပြီး ချွေးသီးချွေး‌ပေါက်များကလည်း ကျဆင်းလာ၏။

လမ့်ရိုက ခေါင်းညိတ်လိုက်၏။

သူတို့နှစ်ယောက်စလုံးသည် ဆူဇီမိုကို အလိုအလျောက် လှည့်ကြည့်လိုက်ကြ၏။

ထိုအချိန်၌ ဆူဇီမိုသည် မျက်စိကို မှေးကျဉ်းလိုက်ပြီး.. ချမ်းစိမ့်နေသော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လိုက်၏။ သူ့လက်ထဲကို ထိပ်တန်းအဆင့် ဓါးပျံတစ်လက်က ရောက်ရှိလာပြီး.. ထိုဓါးက အဆက်မပြတ် တုန်ခါနေ၏။

တစ်ကယ်တော့.. အခုချိန်တွင် ဤနေရာမှ ထွက်ပြေးခြင်းသည်သာ အလိမ်မာအပါးနပ်ဆုံး ရွေးချယ်မှုဖြစ်ကြောင်း ဆူဇီမိုနားလည်လေသည်။

သို့သော်လည်း သူသည် မခံမရပ်နိုင်ဖြစ်နေမိ၏။

“မင်းတို့တွေ.. အရင်သွားနှင့်ကြတော့.. ငါ သူ့ကို သတ်ချင်တယ်!”

ဆူဇီမိုက သူ့အင်္ကျီလက်စကို လှုပ်ခါလိုက်သောအခါ.. သူ့လက်ထဲရှိ ထိပ်တန်းအဆင့်ဓါးပျံမှ တဖျတ်ဖျတ်တလက်လက် အလင်းရောင်လေးခုက ထွက်ပေါ်လာ၏။ ရွှစ်ကနဲဆို.. ၎င်းက လေထုကို ဖြတ်သန်းသွားပြီး ဖုန်ဟောက်ယွီထံသို့ တိုးဝင်သွား၏။

“ဘုန်း!”

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ဘယ်ခြေဖြင့် ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။ သူ့ခြေနှစ်ဖက်စလုံးဆီသို့ ခွန်အားကို စိုက်ထုတ်လိုက်၍.. နတ်မြင်းတစ်ကောင်လို.. ဒုန်းစိုင်းပြေးချသွားပြီး.. သူ့နောက်တွင် ပုံရိပ်များက အတန်းလိုက်ကျန်ရစ်ခဲ့၏။

“အိုး”

အလွန်တရာ စူးရှပြတ်သားသောအော်ရာနှင့် အလင်းတန်းတစ်ခုက သူ့နောက်ကျောဆီသို့ ဦးတည်တိုးဝင်လာကြောင်း ဖုန်ဟောက်ယွီသည် အာရုံခံမိလိုက်၏။ လေခွင်းသံများက ထူးဆန်းစွာ တရှဲရှဲမြည်လာ၏။

ဖုန်ဟောက်ယွီက မျက်ခုံးတွန့်လိုက်ပြီး.. သူ့ဓါးပျံကို ပြန်လှည့်စေကာ ဆန်းကြယ်ဓါးကို နှစ်ခါမစဉ်းစားဘဲ ထုတ်ဖော်လိုက်၏။

ရွှစ်..

သူ့ဓါးက တုန်ခါသွားပြီး လေဟာနယ်ထဲတွင် တိုးဝင်သွား၏။

၎င်းက အလွန်တရာ မြန်ဆန်သောကြောင့်.. သာလွန်အဆင့်ဓါးပျံသည် လေဟာနယ်ထဲ ရောနှောလုနီးပါးဖြစ်လာပြီး ထွင်းဖောက်အရောင်ပျောက်ကာ ထောက်လှမ်းလို့ မရလောက်အောင် ဖြစ်လာ၏။

ဓါးသိုင်းအရာမှာ.. ဖုန်ဟောက်ယွီက ဆူဇီမိုထက် များစွာ သာလွန်လေသည်။

“ခလန်း!”

ဖုန်ဟောက်ယွီ၏ ဓါးပျံက အရင်ရောက်ရှိလာပြီး.. ဆူဇီမို၏ဓါးကို ပိတ်ဆို့တားဆီးလိုက်ကာ မီးပွားများက အဘက်ဘက်သို့ လွင့်ပျံသွား၏။

“ထိပ်တန်းအဆင့် ဓါးပျံဟ!”

ဆူဇီမို၏ ဓါးပျံပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်လေးခုကို ကြည့်ပြီး ဖုန်ဟောက်ယွီသည် အာမေဋိတ်သံတစ်ချက်ပြုကာ သူ့မျက်လုံးထဲတွင် လိုချင်ရမ္မက်က ပေါ်လာ၏။

“ဖုန်ဟောက်ယွီ.. မင်းအသက်နဲ့ ပေးဆပ်ဖို့ ပြင်ထားစမ်း!”

ဆူဇီမို၏အသံက မိုးကြိုးပစ်ချလိုက်သလို ပေါက်ကွဲထွက်ပေါ်လာပြီး.. သူ့အော်ရာက တစ်ဟုန်ထိုးတက်လာ၏။ သေလောက်သည့်သတ်ဖြတ်လိုစိတ်များနှင့် သူသည် လွန်စွာစွမ်းအားကြီးမားသည့် သတ္တဝါတစ်ကောင်လို ဖြစ်လာ၏။

ဖုန်ဟောက်ယွီ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

“ဆူဇီမို.. မင်းဘယ်လိုတောင် လုပ်ရဲ..”

ဆူဇီမိုသည် ကိုယ်လွတ်ရုန်း ထွက်ပြေးရမည့်အစား.. ရာနှင့်ချီသော အခြေတည်အဆင့် ကျင့်ကြံသူများအကြား တိုးဝင်ကာ သူ့ကို လာ‌ရောက်တိုက်ခိုက်လိမ့်မည်ဟု ဖုန်ဟောက်ယွီသည် လုံးဝထင်မှတ်မထားပေ။

တစ်ကယ်တော့.. ဓါးနည်းစနစ်ချင်း ယှဉ်ပြိုင်လျှင် သူသည် ဖုန်ဟောက်ယွီ၏ ပြိုင်ဘက်မဟုတ်ကြောင်း ဆူဇီမို သိလေသည်။

သူ့မှာ ထိပ်တန်းအဆင့်ဓါးပျံတစ်လက် ရှိသော်ငြားလည်း.. ဓါးချင်းယှဉ်တိုက်ခိုက်လျှင် သူသည် အလွန်ဆုံး ဖုန်ဟောက်ယွီအား ခုခံတားဆီးနိုင်ရုံသာ ရှိလိမ့်ပေမည်။

ဆူဇီမိုသည် သူ့ဓါးပျံအား ဆင့်ထုတ်တိုက်ခိုက်ရသည့်အကြောင်းမှာ ဖုန်ဟောက်ယွီနှင့် သူ့အကြား အကွာအဝေးကို တိုးတောင်းစေဖို့အတွက်သာ ဖြစ်လေသည်။

သူ၏ တစ်ကယ့်သတ်ဖြတ်ခြင်းတိုက်ကွက်က ရောက်မလာသေးပေ။

ယခုအခါမှာတော့ ဆူဇီမိုသည် ဖုန်ဟောက်ယွီနှင့် ခြေငါးလှမ်းလောက်သာ ကွာဝေးတော့လေသည်။

ထိုအကွာအဝေး အနေအထားမှာဆိုလျှင်ဖြင့်.. ဖုန်ဟောက်ယွီသည် ပကတိအခြေတည်အဆင့် ဖြစ်လျှင်တောင် သူသည် သေချာပေါက် အသတ်ခံရတော့ပေမည်။

ဘုန်း!

လက်ပြန်လှုပ်ရှားမှုနှင့်အတူ.. ဆူဇီမို၏ ညာလက်က လေထဲတွင် စက်ဝန်းသဏ္ဌာန် လှုပ်ရှားလိုက်ပြီး သူ့ညာလက်က ချိတ်စည်းတစ်ခုကဲ့သို့ ရှေ့သို့ ထိုးသွင်းလိုက်သောအခါ ဝုန်းကနဲ မြည်သံကြီးက ပေါက်ကွဲထွက်ပေါ်လာ၏။

ဖုန်ဟောက်ယွီသည် ရှောင်ရှားဖို့ရာ အချိန်မရှိတော့ဘဲ.. သူ့လက်ထဲရှိ ကာကွယ်ရေးအဆောင်ကို ကပျာကယာ ချိုးလိုက်၏။

အကာအကွယ်အလင်းအိမ်တစ်ခုက ထွက်ပေါ်လာ၏။

ဘန်း!

ချိတ်စည်းက အကာအရံအလွှာအပေါ်သို့ ကြီးမားသောအားအင်နှင့် ပြင်းထန်စွာ ကျဆင်းလာ၏။

ဝုန်း!

အဆင့်၂ ကာကွယ်ရေးအဆောင်က ဆူဇီမို၏ ထိုးချက်တစ်ချက်တည်းနှင့် ပျက်ဆီးသွားလေပြီ။

ကျွတ်!

ပင့်သက်ရှိုက်လိုက်ပြီး ဖုန်ဟောက်ယွီ၏ သူငယ်အိမ်က တစ်ဆတ်ဆတ် တုန်ယင်သွား၏။

ဆူဇီမို၏ အကြည့်က ရေခဲလိုအေးစက်နေပြီး.. သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က စုဖွဲ့နေ၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ထိုထိုးချက်က ဖုန်ဟောက်ယွီ၏ ရှောင်တိမ်းရာလမ်းကြောင်းများကို ပိတ်ဆို့ထား၏။

ဝှစ်..

ဖုန်ဟောက်ယွီက သူ့ကိုယ်ကို အရူးအမူး လှည့်ပတ်လိုက်သောအခါ.. သူ့ကျောဘက်မှ ကြီးမားသည့် အတောင်ပံတစ်စုံက ထူးဆန်းစွာ ထွက်ပေါ်လာ၏။

တစ်ကယ့်တောင်ပံအစစ်လိုမျိုးတော့ မဟုတ်ဘဲ.. ၎င်းက စိတ်ဝိညာဉ်စွမ်းအင်များဖြင့် စုဖွဲ့ဖန်တီးထားသော တောင်ပံတစ်စုံဖြစ်လေသည်။

ထိုလျှို့ဝှက်ပညာရပ်က အခြားမဟုတ်.. ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်သော ‘ဆန်းကြယ်အတောင်ပံ’ဖြစ်လေသည်။

ဆန်းကြယ်အတောင်ပံက အထောက်အပံ့ပြုနည်းစနစ်တစ်ခု ဖြစ်လေသည်။

ထိုအရာနှင့်ဆိုလျှင်.. အခြေတည်အဆင့် ကျင့်ကြံသူများသည် ရွှေအမြုတေများကဲ့သို့ လေထဲတွင် မည်သည့်အထောက်အပံ့ပစ္စည်းမျှ မပါဘဲ ပျံသန်းနိုင်လေသည်။

ဓါးပျံစီးနင်းခြင်းနှင့် နှိုင်းယှဉ်ပါက.. ဆန်းကြယ်အတောင်ပံသည် အသုံးပြုသူကို ပို၍ ပေါ့ပါးသွက်လက်စေလေသည်။ ကျွမ်းကျင်ပါးနပ်စွာ အသုံးပြုတတ်မည်ဆိုလျှင် ၎င်းက ကျင့်ကြံသူ၏ ခွန်အားကိုပင် တိုးလာစေပြီး.. အရှိန်အဟုန်အမြန်နှုန်းက အဆများစွာတိုးလာပေလိမ့်မည်။

လက်ရှိအနေအထားအရ.. ဖုန်ဟောက်ယွီသည် တစ်ချိုးတည်း လှည့်ပြေးလေတော့သည်။ သူသာ မြေပြင်‌ပေါ်မှာ ဆက်နေနေလျှင်.. ဆူဇီမို၏ လက်အောက်ကနေ ပြေးလွတ်နိုင်မှာ မဟုတ်‌တော့ပေ။

ထိုအချိန်တွင် သူသာ ဓါးပျံစီးနင်းခြင်းကို အသုံးပြုမည်ဆိုလျှင်.. သူသည် ဓါးပျံကို ဆင့်ခေါ်ရဦးမည်ဖြစ်ပြီး၊ စပ်ကြားကာလ အနည်းငယ် ကြန့်ကြာသွားပေလိမ့်မည်။

သူ အသက်ရှက်လျှက် ထွက်ပြေးနိုင်ဖို့ရာ တစ်ခုတည်းသော နည်းလမ်းမှာ ဆန်းကြယ်အတောင်ပံကို အသုံးပြုဖို့ပင် ဖြစ်လေသည်။

ဖလပ် ဖလပ်..

ဖုန်ဟောင်ယွီသည် ဆန်းကြယ်အတောင်ပံများကို ရိုက်ခတ်လိုက်ပြီး.. ကောင်းကင်ထက်လေထဲသို့ ပျံတက်လိုက်၏။

ထိုပြောင်းလဲမှုက ဆူဇီမို၏ တွက်ချက်မှုများထဲတွင် မပါဝင်ဘဲ.. သူ့ကို အံ့အားသင့်သွားစေ၏။

ဖုန်ဟောက်ယွီတစ်ယောက် လေထဲသို့ ရောက်ရှိတော့မှာကို တွေ့လိုက်ရသောအခါ ဆူဇီမိုသည် မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်၍ ကန်အားကို သုံးကာ လေထဲသို့ ခုန်တက်လိုက်၏။

တစ်ချိန်တည်းမှာပင်.. သူ့အရွတ်များ၊ အရိုးများက တစ်ဖျောက်ဖျောက်မြည်လာပြီး.. သူ့ညာဘက်ကို ရုတ်တရတ် ဆန့်ထုတ်လိုက်၏။ သူသည် လက်သီးဆုပ်ကို အနည်းငယ်ဖြန့်လိုက်ပြီး.. ဖုန်ဟောက်ယွီ၏ ကျောကို လှမ်း၍ ကုတ်ဆွဲလိုက်၏။

ရှီး..

သွေးများက လေထဲတွင် ပြန့်သွား၏။

“အား!”

လေထဲတွင် ရင်ခေါင်းသံကြီးက ထွက်ပေါ်လာ၏။

ဖုန်‌ဟောက်ယွီ၏ ဘယ်ဘက်ခြေထောက်မှ အသားစိုင်များသည် စုတ်ပြဲ ပြတ်ထွက်ကျကုန်ပြီး.. အရိုးများ အရွတ်များက ကြောက်စရာ၊ လန့်စရာပုံစံနှင့် ပေါ်လာ၏။

ဖုန်ဟောက်ယွီသာ အနည်းငယ်ကလေး နောက်ကျခဲ့လျှင်.. စုတ်ပြဲထွက်သွားမည်မှာ သူ့နုလုံး ဖြစ်ပေလိမ့်မည်။

ဆူဇီမိုက မြေပြင်ပေါ်သို့ ပြန်ကျလာ၏။

ဆန်းကြယ်တောင်ပံကို ရိုက်ခတ်ရင်း.. ဖုန်ဟောက်ယွီ၏ မျက်နှာက သွေးဆုတ်ကာ.. သူ့မျက်နှာထက်တွင် ချွေးသီးချွေးပေါက်များက စီးကျလာ၏။

သူသည် သွေးနီရောင်ဝတ်လူငယ်အနားသို့ ထွက်ပြေးလိုက်ပြီး.. အကြောက်မပြေသေးဘဲ.. ပင့်သက်ကို ခက်ခဲစွာ ရှိုက်နေရ၏။

ထိုအချိန်မှာပင်.. သွေးကျီးကန်းနန်းတော်မှ အခြေတည်အဆင့်ကျင့်ကြံသူရာချီသည် တစ်ဟုန်ထိုးပြေးချလာပြီး.. ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များက တဖွဲ့ဖွဲ့ ကျဆင်းလာနေပြီဖြစ်၏။

ဖုန်ဟောက်ယွီ၏ ဘေးတွင် သွေးနီရောင်ဝတ်ကျင့်ကြံသူတစ်ယောက်တည်းသာလျှင် ရှိသည်မဟုတ်ပေ။ ရွှေအမြုတေအဆင့်သားရဲတစ်ကောင်ကပါ ရှိနေ၏။

ဆူဇီမိုအနေနှင့် အရမ်းကာရော ဝင်ရောက်၍ ဖုန်ဟောက်ယွီကို သတ်ဖြတ်ဖို့က အဆင်မပြေတော့ပေ။

သူသည် အံကိုကြိတ်၍ နောက်ဆုတ်လိုက်၏။

ရွှစ်..!

ထိပ်တန်းအဆင့်ဓါးပျံက လေထုကို ဖြတ်သန်းလာပြီး.. ဆူဇီမိုသည် ဘေးသို့ပြန်ရောက်လာ၏။ တစ်ချိန်တည်းမှာပင် ထိုဓါးက ပျံသန်းလာရာ လမ်းတစ်လျှောက် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့သေး၏။

ဘုန်း!

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က အရမ်းကာရော ပြေးချလာပြီး.. ဆူဇီမို၏ လက်သီးချက်နှင့် မိတ်ဆက်ခြင်းခံလိုက်ရကာ.. သူ့ခန္ဓာကိုယ်က ‌ပေါက်ကွဲသွားပြီး နေရာမှာတင် ပွဲချင်းပြီးစင်းသွား၏။

ရွှက်..ရွှက်..

မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ.. ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်စရာဆူနာမီအသံက ထွက်ပေါ်လာပြီး.. သွေးများက မယုံကြည်နိုင်ဖွယ်ရာ အရူးအမူး လှုပ်ရှားရုန်းကန်လာ၏။

ကျယ်ပြောလှသော လူအုပ်ကြီးထဲတွင် ဆူဇီမိုသည် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသောအော်ရာနှင့်အတူ ‌ရှေးဦးသားရဲတစ်ကောင်လို ဖြစ်လာ၏။

ဖောက်.. ဖောက်.. ဖောက်.. ဖောက်!

သူသည် ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် ရှေ့သို့ လှမ်းတက်လိုက်၏။

ချက်ချင်းပင်.. သူ့ရှေ့မှ များစွာသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်ကုန်ပြီး.. အသားစများက ပြန့်ကျဲကာ.. မြေပြင်တွင် သွေးစီးကြောင်းကြီးများက ဖြစ်ပေါ်လာ၏။

သွေးချောင်းပေါ်က အလောင်းများကို နင်းဖြတ်ပြီး.. ဆူဇီမိုသည် သေမင်းနတ်ဘုရားတစ်ပါးလို.. တန်လင်းတောင်ကြားအပြင်ဘက်သို့ ပြေးထွက်လိုက်၏။

“အို့”

မလှမ်းမကမ်းရှိ သွေးနီရောင်ဝတ်လူငယ်၏ အကြည့်က ဆူဇီမိုအပေါ်သို့ ကျရောက်သွား၏။ သူသည် ခပ်တိုးတိုး အာမေဋိတ်သံပြုလိုက်ပြီး.. စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်၏။

“ဘယ်လောက် စွမ်းအားကြီးလိုက်တဲ့ မျိုးဆက်သွေးလဲကွာ.. စိတ်ဝင်စားစရာပဲ.. သူက ဘယ်သူတဲ့လဲ”

သွေးနီရောင်ဝတ်လူငယ်က မေးလိုက်၏။

တံတွေးကို မျိုချလိုက်ပြီး.. ဖုန်ဟောက်ယွီက အလေးအနက် ဖြေလိုက်၏။

“ဆူဇီမိုဆိုတာ သူပေါ့.. လင်းဖုန်းမြို့အပြင်မှာတုန်းက သခင်လေးရဲ့ သွေးကျွန်ကို သတ်လိုက်တာလဲ သူပဲလေ”

“ငါ နောက်ဆုံးတော့ သူနဲ့ တွေ့ရပြီပေါ့လေ”

သွေးနီရောင်ဝတ်လူငယ်က ပျင်းရိလေးတွဲစွာ လှောင်ပြုံး ပြုံးလိုက်၏။

“ဒီလိုမျိုးဆက်သွေးနဲ့လူကို ဒီအတိုင်း သတ်ပစ်လိုက်ရမှာ နှမြောစရာပဲ.. ငါ သူ့ကို ငါ့ရဲ့သွေးကျွန်လုပ်ခိုင်းချင်တယ်.. သူက ငါ့ကို သူ့သခင်အဖြစ် အသိအမှတ်ပြုပြီး.. သူ့ဘဝတစ်လျှောက်လုံး ငါ့ကို အလုပ်အကျွေးပြုစေရမယ်!”

All Chapters