← Chapters

မရီးဒါန်ပွင့်အခြေတည်အဆင့်များကို သတ်ဖြတ်ခြင်း

Vol. 15 Ch. 219

မရီးဒါန်ပွင့်အခြေတည်အဆင့်များကို သတ်ဖြတ်ခြင်း

Vol. 15 Ch. 219

“အ! အ! အား..!

မလှမ်းမကမ်းတွင် စူးစူးရဲရဲ အော်ဟစ်သံများက ထွက်ပေါ်လာ၏။

မူလက ကောင်းကင်ထက်တွင် ပျံဝဲနေသော သွေးကျီးကန်းများသည် သူတို့၏ အတောင်ပံများကို တစ်ဖျတ်ဖျတ် ခတ်လိုက်ကြသောအခါ.. သားရဲချီများစွာက ထွက်ပေါ်လာ၏။ သူတို့သည် ဆန်းကြယ်တောင်ထွတ်တပည့်များကို လှည့်ပတ်၍ ထိုးဆင်းလာကြပြီး ဆက်တိုက်အဆက်မပြတ် ထိုးဆိတ်လိုက်ကြ၏။

သွေးကျီးကန်း တစ်ကောင်ချင်းစီတိုင်းက အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲအဆင့်မှာ ရှိကြ၏။

သူတို့ပိုင်ဆိုင်ထားသော ခွန်အားက ကြောက်စရာကောင်းလှပြီး လျစ်လျူရှုထားလို့ရသော အရာမျိုး မဟုတ်ပေ။

နောက်မှာ ကျန်ရစ်ခဲ့သော ဆန်းကြယ်တောင်ထွတ်မှ မည်သည့်တပည့်မဆို.. တစ်ခဏအတွင်း သွေးကျီးကန်းများ၏ ကုတ်ဖဲ့ထိုးဆိတ်စားသုံးခြင်းကို ခံကြရပြီး.. အရိုးများသာ ကျန်ရစ်ခဲ့လေတော့သည်။

သိပ်မကြာမီ ဆန်းကြယ်တောင်ထွတ်မှ တပည့်များမှာ လေးငါးဆယ်လောက်သာ ကျန်ရှိလေတော့သည်။

ဆူဇီမိုကလွဲလျှင် နောက်မှာ ကျန်ရစ်ခဲ့သော တပည့်များအားလုံးသည် သေကုန်ကြလေပြီ။

အမွေခံတပည့်နှစ်ယောက်ဖြစ်သော ချင်ယုနှင့် ကျိချန်းရှန်တို့သည်လည်း အခြေအနေ သိပ်မကောင်းလှ ဘဲ.. သူတို့ရှိသမျှ အစွမ်းကုန်ထုတ်၍ အော်ဟစ်အမိန့်ပေးကာ အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြ၏။

သူတို့နှစ်ယောက်၏ အားထုတ်မှုနှင့်အတူ.. ကျန်ရှိနေသော တပည့်များကို အတူတကွ စုစည်းကာ.. ဓါးပျံများ၊ စိတ်ဝိညာဉ်တိုက်ကွက်များနှင့် အဆောင်များကို အသုံးပြု၍ ခံစစ်အကာအကွယ်တစ်ခု ဖန်းတီးရင်း.. ‌သွေးကျီးကန်းများကို ယာယီအားဖြင့် ပိတ်ဆို့နိုင်လိုက်ကြ၏။

သို့သော်လည်း နှစ်ဖက်အဖွဲ့၏ ခွန်အားကွာဟချက်က ကြီးမားလွန်း၏။

သွေးကျီးကန်းများက မရေမတွက်နိုင်အောင် များပြားလှပြီး.. ကောင်းကင်တစ်ခွင် ပြည့်နှက်နေကာ ဆန်းကြယ်တောင်ထွတ်တပည့်များ၏ ခံစစ်အလွှာကို အညှာအတာမဲ့ ဆက်တိုက် တိုက်ခိုက်နေကြ၏။

ချင်ယုနှင့် အခြားသူများသည် ‌သွေးကျီးငှက်အုပ်ကြီးထဲသို့ တစ်ဖြည်းဖြည်း နစ်မြုပ်လာကြ၏။

သိပ်တော့ ကြာတော့မည် မထင်ပေ။ ချင်ယုနှင့် အခြားသူများတွင် စိတ်တိညာဉ်ချီများ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏ ခံစစ်အလွှာက ဟာကွက်များပေါ်လာပြီး ပြိုလဲကျရပေလိမ့်မည်။

ထိုအခါ.. ကျန်ရှိနေသေးသော လူလေးငါးဆယ်သည် သွေးကျီးကန်းများ၏ အစာဖြစ်ရပေလိမ့်မည်။

ဤအရာက တစ်ဖက်သတ် အညှာတာမဲ့ သတ်ဖြတ်ခြင်း ဖြစ်လေသည်။

သူလျှိုများဖြစ်ကြသော အကြီးအကဲချန်၊ ဖုန်ဟောက်ယွီတို့၏ အကူအညီနှင့် သွေးကျီးကန်းနန်းတော်က ဆန်းကြယ်တောင်ထွတ်မှ ရောက်လာမည့် အင်အားအ‌ရေအတွက်ကို အတိအကျသိရှိထားပြီး.. ကြိုတင်အစီအစဉ်ချ ထောင်ချောက်ဆင်ထားသောကြောင့် သူတို့က လုံးဝ အသားစီးရယူထားနိုင်လေသည်။

သွေးကျီးကန်းနန်းတော်က ဆန်းကြယ်တောင်ထွတ်ကို မည်သည့်အခွင့်အရေးမျှ ပေးတော့မည် မဟုတ်ပေ။

ထို့အပြင်.. သွေးနီရောင်ဝတ်ကျင့်ကြံသူနှင့် ရွှေအမြုတေအဆင့်စိတ်ဝိညာဉ်သားရဲတို့က ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေကြဆဲဖြစ်ပြီး.. မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ရသေးပေ။

သူတို့နှစ်ယောက် စတင်တိုက်ခိုက်သည်နှင့် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း၏ ‌နောက်ဆုံးမျှော်လင့်ချက်က ပျက်သုန်းသွားရပေ‌တော့မည်။

ယနေ့ ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများအတွက် အသက်ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော ရွေးချယ်စရာမှာ သွေးနီရောင်ဝတ်ကျင့်ကြံသူ၏ သွေးကျွန်အဖြစ် ပြောင်းလဲဖို့ပင် ဖြစ်လေသည်။ သို့မဟုတ်ပါက ဤနေရာမှ မည်သူမျှ အသက်ရှင်လျှက် ထွက်သွားနိုင်မှာ မဟုတ်ပေ။

ထိုအချိန်၌ သွေးနီရောင်ဝတ်ကျင့်ကြံသူ၏ အကြည့်က လူအုပ်ကြီးထဲ တိုက်ပွဲဝင်နေသော ဆူဇီမိုအပေါ် ကျရောက်နေပြီး.. ထပ်ကာထပ်ကာ ခေါင်းညိတ်ကာ အကျေနပ်ကြီး ကျေနပ်နေလေတော့၏။

“မဆိုးဘူး.. မဆိုးဘူးပဲ”

သူက ပြုံး၍ ပြောလိုက်၏။

“ဒီလိုမျိုးလူကပဲ ငါ့ရဲ့ သွေးကျွန်ဖြစ်ရဖို့ ထိုက်တန်တယ်.. သူက ငါနောက်ကို လိုက်ပါပြီး ရှေးဟောင်းတိုက်ပွဲမြေကို အုပ်စိုးရမယ့်လူပဲ”

“သခင်လေး.. ကျုပ်သူ့ကို သွားဖမ်းပေးရမလား”

သွေးနီရောင်ဝတ်ကျင့်ကြံသူ၏ အနောက်ဘက်ရှိ ရွှေအမြုတေအဆင့်သားရဲ ယုဖေးက အေးစက်သော မျက်နှာထားနှင့် မေးလိုက်၏။

သွေးနီရောင်ဝတ်လူငယ်က ဟက်ကနဲ ရယ်လိုက်ပြီး လက်ကာပြလိုက်၏။

“မလောပါနဲ့လေ.. စောင့်ကြည့်လိုက်ပါဦး.. အဲ့ဆူဇီမိုက ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ ငါသိချင်သေးတယ်”

. . .

တိုက်ပွဲမြေတွင်..

အခြေတည်အဆင့် ကျင့်ကြံသူလေးယောက်က ရင်ဘောင်တန်း ရပ်နေပြီး.. ဆူဇီမို၏ ရှေ့တက်မည့် လမ်းကြောင်းကို ပိတ်ဆို့ထား၏။

ဘန်း.. ဘန်း.. ဘန်း..

သူတို့လေးယောက်၏ ခန္ဓာကိုယ်မှ အသံများက ထွက်ပေါ်လာပြီး.. စိတ်ဝိညာဉ်မရီးဒါန်များက သူတို့ကိုယ်များပေါ်တွင် ပေါ်လာကာ.. သူတို့ဝတ်ရုံစများကိုပင်ဖြတ်၍ အရောင်လက်နေ၏။

အဲ့ဒီမှာ.. မရီးဒါန်တစ်ခုအခြေတည်အဆင့်က နှစ်ယောက်၊ မရီးဒါန်နှစ်ခုအခြေတည်အဆင့်က တစ်ယောက်နှင့် မရီးဒါန်သုံးခုအခြေတည်အဆင့်က တစ်ယောက် ဖြစ်လေသည်။

မရီးဒါန်ပွင့်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က အလယ်အလတ်အဆင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်လျှင်ပင် အဲ့ဒါက အတော်လေး ရယ်စရာကောင်းနေပြီဖြစ်၏။

ယခုအခါမှာတော့.. မရီးဒါန်ပွင့်အခြေတည်အဆင့် လေးယောက်ဖြစ်ပြီး.. သူတို့ထဲက တစ်‌ယောက်ကဆိုလျှင်.. မရီးဒါန်သုံးခုအခြေတည်အဆင့်ဖြစ်လေသည်။

ဆူဇီမိုသည် ခွန်အားသက်သက်အရာမှာ သူတို့သုံးယောက်စလုံး၏ ပြိုင်ဘက်မဟုတ်သည်မှာ ထင်ရှားလေသည်။

မရီးဒါန်ပွင့်အခြေတည်အဆင့် လေးယောက်က အတူတကွ ပူးပေါင်းကာ.. စိတ်ဝိညာဉ်တိုက်ကွက်များ၊ ဓါးပျံများဖြင့် မထိုးဖောက်နိုင်သော လှောင်အိမ်တစ်ခုကို ပုံဖော်လိုက်ပြီး.. ဆူဇီမို၏ ထွက်ပြေးနိုင်သမျှ လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ထားလိုက်၏။

ဆူဇီမိုအတွက် ထွက်လမ်းက လုံးဝမကျန်ရှိတော့ပေ။

ဟူး.. ဟူး.. ဟူး..

ရုတ်တရတ်..

ဆူဇီမိုက သူ့ပါးစပ်ကို ဟလိုက်ပြီး အသက်ပြင်းပြင်း ရှူရှိုက်လိုက်သောအခါ.. ကြီးမားသည့် လေစီးကြောင်းကြီးက သူ့ပါးစပ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်လာပြီး သူ့လည်ချောင်းထဲမှ နာကျင်မှုကိုပင် ခံစားလိုက်ရ၏။

ဆူဇီမိုသည် ပတ်ဝန်းကျင်ရှိ လေများကို တစ်ရှိုက်တည်းနှင့် ရှူသွင်းလိုက်ပြီး သူ့ရင်အုပ်က မို့မောက်ဖောင်းကားလာ၏။

အနာကွန်ဒါ ဝါးမျိုခြင်း!

တစ်ချိန်တည်းမှာပင် သူ့လက်မနှင့် လက်ခလယ်ကို ချိတ်ဆက်လိုက်ပြီး ထူးဆန်းသည့် လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်များက ထွက်‌ပေါ်လာပြီး အရူးအမူး လည်ပတ်လာ၏။

မိစ္ဆာနှိမ်နင်းချိတ်စည်းက အလွန်တရာ အစွမ်းထက်လှသည်ဆိုသော်ငြားလည်း.. ၎င်းအတွက် စိတ်ဝိညာဉ်စွမ်းအင်မြောက်များစွာကို ထောက်ပံ့ပေးရ၏။

သူသည် ထိုအကွက်ကို လှုပ်ရှားမည်ဆိုသည်နှင့် သူ့မှာ ရှိသော စိတ်ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းသလောက် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်လည်း ၎င်းချိတ်စည်းကို ထုတ်ဖော်ဖို့အတွက် အခါကောင်းကို ဆူဇီမိုက စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။

“မိစ္ဆာနှိမ်နင်းချိတ်စည်း!

ဧရာမရွှေလက်ဝါးကြီးက ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ လက်ဝါးကြီးပေါ်ရှိ အင်းကွက်များ၊ ရှေးဟောင်းစာများက အလွန်ရှင်းလင်းနေပြီး.. ရွှေရောင်တစ်လက်လက် တောက်ပနေကာ ၎င်းဖြတ်သန်းလာရာလမ်းတစ်လျှောက် လေထဲရှိ သွေးကျီးကန်းများ၏ ခန္ဓာကိုယ်ကို ကြေမွသွားစေခဲ့၏။

“အိုး”

မရီးဒါန်ပွင့် ကျင့်ကြံသူလေးယောက်၏ မျက်စိက မှေးကျဉ်းသွားပြီး.. ဤလက်ဟန်ချိတ်စည်းက ဘယ်လောက်အားကြီးကြောင်း သူတို့နားလည်လိုက်၏။

သို့သော်လည်း သူတို့လေးယောက်က ဣန္ဒြေရနေသေး၏။

သူတို့၏ အမြင်အရ.. ဤလက်ဟန်ချိတ်စည်းက အလွန်တရာ စွမ်းအားကြီးသည်ဆိုသော်ငြားလည်း.. ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်က အကန့်အသတ်ရှိ၏။

သူက ထိုချိတ်စည်း၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့လေးယောက်၏ ပေါင်းစပ်အားက ထိုမိစ္ဆာနှိမ်နင်းချိတ်စည်းကို ကောင်းကောင်းချေဖျက်နိုင်ရပေမည်။

“အင်မော်တယ်ဈန်ပျံ!”

“ကောင်းကင်မြို့တော်လက်သီး!”

“ငွေနှင်းမြူလွှာ!”

“တိမ်ခွဲလက်ညိုး!”

သူတို့လေးယောက်က သူတို့၏ စိတ်ဝိညာဉ်တိုက်ကွက်များကို ဖော်ထုတ်ပြီး.. ကောင်းကင်ထက်မှ ကျဆင်းလာနေပြီဖြစ်သော ဧရာမလက်ဝါးကြီးဆီကို ညွှန်၍ တိုက်ခိုက်လိုက်ကြ၏။

ထိုအချိန်မှာပင်.. ဆူဇီမိုက သူ့ပါးစပ်ကို ဖွင့်ထုတ်၍ ဟိန်းဟောက်လိုက်၏။

“သတ်..!”

သူ့အသံက မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူအုပ်ကြီးထဲသို့ ကျယ်လောင်စွာ မြည်ဟည်းသွား၏။

အခြားသောကျင့်ကြံသူများပင် တစ်ခဏမျှ ရပ်တန့်ကုန်ကြ၏။

ဆူဇီမို၏ အရှေ့ရှိ မရီးဒါန်ပွင့် အခြေတည်အဆင့် လေးယောက်ကတော့ အနည်းငယ် တုန်ယင်သွားကြပြီး.. သူတို့လက်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များက ပျက်ပြယ်သွား၏။ အကျိုးဆက်ကတော့ သူတို့ထုတ်ဖော်လိုက်သော စိတ်ဝိညာဉ်တိုက်ကွက်များသည် စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်သွားပြီး.. အားပျော့သွားကုန်ကြ၏။

ဆူဇီမို စောစောက အော်လိုက်သည်ကား မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းပင် ဖြစ်လေသည်။

ထိုကဲ့သို့ အသံဖြင့် ရုတ်တရတ် တိုက်ခိုက်မှုက သူ့ပြိုင်ဘက်များ၏ စိတ်ကို ရှုပ်ထွေးသွားစေ၏။

တစ်ကယ်တော့ ထိုအချိန်တွင် ဆူဇီမိုသည် မိစ္ဆာနှိမ်နင်းချိတ်စည်းကိုလည်း ထုတ်ဖော်နေရသောကြောင့် သူ့ခန္ဓာကိုယ်ကို ကန့်သတ်ထားရပြီး.. မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ပေ။

ဘန်း.. ဘုန်း.. ဘုန်း.. ဝုန်း..

ဧရာမလက်ဝါးကြီးက ကောင်းကင်ထက်မှ ကျဆင်းလာပြီး စိတ်ဝိညာဉ်တိုက်ကွက်လေးခုအပေါ်သို့ အုပ်မိုးကျလာ၏။ တစ်ဝုန်းဝုန်း တစ်ဘုန်းဘုန်း မြည်သံများက ဆက်တိုက်ထွက်ပေါ်လာသော်လည်း.. လက်ဝါးကြီး ပျက်ပြယ်မသွားခဲ့ပေ။

ရွှစ်..!

ထူးဆန်းသည့် ဓါးအလင်းတန်းတစ်ခုက လျှစ်ကနဲ ပေါ်လာပြီး.. အေးစက်စက် သတ်ဖြတ်လိုစိတ်နှင့်အတူ ၎င်းက မရီးဒါန်ပွင့် ကျင့်ကြံသူလေးယောက်၏ ဘေးတွင် ရုတ်တရတ် ပေါ်လာ၏။

ထိုဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်လေးခုက တောက်ပနေ၏။

၎င်းက ဆူဇီမို၏ ထိပ်တန်းအဆင့် ဓါးပျံပင် ဖြစ်လေသည်။

တစ်ကယ်တော့ ဆူဇီမိုသည် မိစ္ဆာနှိမ်နင်းချိတ်စည်းနှင့် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်လိုက်ကတည်းက.. တစ်ချိန်တည်းမှာပင် သူ့ဓါးပျံကိုလည်း စေလွှတ်လိုက်ပြီးဖြစ်၏။

စောစောက တိုက်ကွက်နှစ်ခုက အယောင်ပြသာဖြစ်ပြီး.. သူ၏ တစ်ကယ့် သတ်ဖြတ်ခြင်းတိုက်ကွက်က နောက်မှရောက်လာသော ထိုဓါးပျံသာ ဖြစ်လေသည်။

ဖောက်! ဖောက်! ဖောက်!

ပြတ်တောက်တောက် အသံသုံးခုက ဆက်တိုက်ထွက်ပေါ်လာ၏။

မရီးဒါန်ပွင့် ကျင့်ကြံသူသုံးယောက်၏ လည်ပင်းများ၌ အပေါက်တစ်ခုစီ ဖြစ်ပေါ်လာ၏။

သွေးများက ဖြာဆင်းလာ၏။

ထိတ်လန့်တကြား မျက်နှာထားနှင့် သူတို့သုံးယောက်သည် သူတို့၏ လည်ပင်းများကို လက်ဖြင့် အုပ်ဖိထားလိုက်ကြ၏။ သို့သော်လည်း မရပ်တန့်နိုင်သော အရှိန်ဖြင့် သွေးများက ဆက်တိုက်စီးကျလာ၏။

သူတို့၏ မျက်လုံးများက အရောင်မှိန်ကျလာပြီး.. တစ်ခဏအတွင်း အသက်ဓါတ်က ဆုတ်လျော့သွား၏။

ထိုတိုက်ခိုက်မှုက သူတို့၏ လည်ပင်းများကို ဒီအတိုင်း ဖောက်ထွက်သွားရုံသာ မဟုတ်ပေ။ ဓါးချီက အလွန်ထက်ရှနေပြီး.. သူ့တို့၏ သွေးလွှတ်ကြောကြီးများကိုတောင် ဖြတ်တောက်သွားခဲ့၏။

ဘုန်း ဘုန်း ဘုန်း..

မြေပြင်ပေါ်သို့ တစ်‌ယောက်ပြီးတစ်ယောက် လဲကျကုန်၏။ သူတို့၏ ခန္ဓာကိုယ်များက တစ်ဆတ်ဆတ်လှုပ်ခါနေပြီး မျက်လုံးများက ပြုးကျယ်နေ၏။ မြေပြင်ပေါ်တွင် သွေးများကလည်း စွေးစွေးနီကုန်၏။

သူတို့လေးယောက်ထဲမှ မရီးဒါန်သုံးခုအခြေတည်အဆင့်ကျင့်ကြံသူ တစ်ယောက်သာလျှင် ထိုကပ်ဘေးမှ ရုန်းထွက်နိုင်ခဲ့၏။

သို့သော်လည်း သူသည်လည်း မြင်ရသည်များကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီဖြစ်၏။ သူသည် ဘေးဘက်သို့ ဆုတ်ခွာလိုက်ရင်း.. ဆူဇီမိုကို ထိတ်လန့်တကြား ကြည့်နေ၏။

ဤအခြေအနေကို သူကိုယ်တိုင် ကြုံတွေ့ရခြင်းသာ မဟုတ်လျှင် ယုံနိုင်ဖွယ်ရာကို မရှိပေ။

အလယ်အလတ် အခြေတည်အဆင့်တစ်ယောက်က များပြားလှစွာသော လျှို့ဝှက်သတ်ဖြတ်ခြင်းတိုက်ကွက်များကိုသုံးကာ.. မရီးဒါန်ပွင့် အခြေတည်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်နိုင်သည် ဆိုသည်မှာ....

ထိုသူသာ မရီးဒါန်ပွင့် အခြေတည်အဆင့်သို့ ရောက်အောင် ကျင့်ကြံလိုက်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်က ဘယ်လောက်တောင် ကြောက်စရာကောင်းလာလိုက်မည်လဲ။

All Chapters