တစ်ခုတည်းသော ထွက်ပေါက်
Vol. 15 Ch. 222
“အား!”
ဆူဇီမိုသည် မျက်လုံးအပြူးသားနှင့် မိုးပေါ်သို့မော့၍ အော်ဟစ်လိုက်၏။ သူ၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ သွေးချီပေါက်ကွဲစွမ်းအားကြောင့် လှုပ်ခါနေ၏။
ဘန်း! ဘုန်း! ဘုန်း!
ဆူဇီမို၏ မျိုးဆက်သွေးက ရုန်းကြွလာပြီး.. မိုးကြိုးသံများက ထွက်ပေါ်လာကာ သားရဲချီများကို သူ့ကို လွှမ်းခြုံလာ၏။ သူ၏ ကြီးမားသည့် အရွတ်များနှင့် အရိုးများက တုန်ခါလာပြီး.. သူ့ခွန်အားက သူ၏ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိလာ၏။
ထိုသို့ဆိုသော်လည်း.. ဆူဇီမို၏ ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေသော ယုဖေးက ဣန္ဒြေရနေ၏။ သူက ဆူဇီမို၏ လက်ကောက်ဝတ်နှစ်ဖက်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားပြီး.. တစ်လက်မမျှ လှုပ်လို့ မရနိုင်ပေ။
ဤသည်မှာ ခွန်အားအရရော၊ ကျင့်ကြံမှုအဆင့်အရပါ.. လုံးဝပကတိဖိနှိမ်ထားနိုင်ခြင်းပင် ဖြစ်လေသည်။
ဤနေရာတွင် နည်းစနစ်များအကြောင်း စကားထဲထည့်ပြောနေစရာ မလိုပေ။
ရွှေအမြုတေတစ်ခု၏ အရည်အသွေးက သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်နှင့်အတူ အလွန်တရာ မြင့်မားလာပါက.. ၎င်းက ကောင်းကင်၊ ကမ္ဘာမြေတို့နှင့် တစ်သားတည်းကျလာပြီး.. နယ်မြေတစ်ခုကို ဖန်တီးပေးနိုင်လိမ့်ပေမည်။ ထိုအရာကို ရွှေအမြုတေနယ်မြေများ မွေးဖွားလာသည်ဟု ခေါ်ကြလေသည်။
သားရဲများတွင် စိတ်ဝိညာဉ်စွမ်းအင် မရှိသောကြောင့်.. သူတို့သည် ရွှေအမြုတေနယ်မြေများကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း.. အတွင်းအမြုတေသည် အရေ၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီနှင့် အင်္ဂါငါးခုတို့၏ ချီများကို ပေါင်းစပ်၍ ဖွဲ့တည်လာခြင်း ဖြစ်လေသည်။ သူတို့၏ စွမ်းအင်ရင်းမြစ်မှာ ခန္ဓာကိုယ်၏ အဆီအနှစ်များကို ပေါင်းစပ်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
အတွင်းအမြုတေကို ဖွဲ့တည်ပြီးနောက်.. ထိုသားရဲ၏ အရေ၊ အသား၊ မျိုးဆက်သွေး၊ အရိုး၊ ခြင်ဆီနှင့် အင်္ဂါများသည် အဆင့်တစ်ခုသို့ လုံးဝပြောင်းလဲသွားမည်ဖြစ်ပြီး.. သူတို့၏ ခွန်အားကလည်း တစ်ဟုန်ထိုး မြင့်တက်လာလိမ့်ပေမည်။
ထိုခွန်အား၊ စွမ်းအားက မည်သည့် အခြေတည်အဆင့်ကိုမဆို.. အပြတ်အသတ် ဖိနှိမ်နိုင်စွမ်း ရှိလေသည်။
ရုန်းကန်ကြိုးစားနေသော ဆူဇီမိုကို ကြည့်လိုက်ပြီး.. ယုဖေးက ခေါင်းမော့ထား၏။ သူက အဆင့်နိမ့်သက်ရှိတစ်ကောင်ကို ကြည့်နေရသလို.. သူ့နှုတ်ခမ်းကိုကွေး၍ အေးစက်စက် မျက်နှာထားနှင့် ရှိနေ၏။
“ခိခိခိ..”
သွေးနီရောင်ဝတ်လူငယ်က ဖြည်းဖြည်းချင်း လမ်းလျှောက်လာ၏။ သူ့မျက်လုံးထဲတွင် ပမာမခန့်မှုက ထင်ဟပ်လာပြီး.. လှောင်ရယ်လိုက်၏။
သူ့အတွက်တော့.. ဆူဇီမိုက ကြောင်လက်ထဲသို့ ကျရောက်နေသော ကြွက်တစ်ကောင်လိုပင်။ သူ ဘယ်လိုပင် ကြိုးစားရုန်းကန်ပါစေ.. ရလဒ်က ပြောင်းလဲလာတော့မည် မဟုတ်ပေ။
“ငါ မင်းကို ပြောပါတယ်.. မင်း ဘယ်လိုမှ ပြေးမလွတ်ပါဘူးလို့”
ဆူဇီမိုရှေ့သို့ ရောက်လာပြီးနောက်.. သွေးနီရောင်ဝတ်လူငယ်၏ မျက်လုံးက အရောင်လက်လာပြီး ခက်ထန်စွာ ပြောလိုက်၏။
“အသာတကြည်နဲ့ ငါ့ရဲ့သွေးကျွန် လုပ်လိုက်စမ်းပါကွာ!”
သွေးနီရောင်ဝတ်လူငယ်က သူ့အရိုးဖြူတောင်ဝှေးကို ဝေ့ရမ်းလိုက်ပြီး.. ရှုပ်ထွေးသော မန္တန်များကို ရွတ်ဆိုလိုက်၏။
လေဟာနယ်ထဲမှ ထူးဆန်းသည့် စွမ်းအားများက စတင်ထွက်ပေါ်လာ၏။
ဆူဇီမိုသည် သူ့အကြည့်နှင့် သွားဆုံးမိသောအခါ.. ချက်ချင်းပင် သူ့ခေါင်းက ရီဝေဝေဖြစ်လာ၏။
“မဟန်တော့ဘူး”
ချက်ချင်းဆိုသလိုပင်.. ဆူဇီမိုသည် အဆုံးမရှိသော အမှောင်ထုထဲသို့ ကျရောက်သွားသလို သတိလက်လွတ်ဖြစ်လာ၏။ သူသည် ထိုအထဲတွင် တဖြည်းဖြည်း နစ်မျောသွားပြီး.. သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့ပေ။
အလွန်တရာ ဆိုးယုတ်သော စွမ်းအားများက ဆူဇီမို၏ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်လာ၏။
ဆူဇီမို၏ မျက်လုံးများမှ အစိမ်းရောင်အလင်းက ခပ်ဖျော့ဖျော့ ထွက်ပေါ်လာ၏။
“အား......!”
သူသည် သံကုန်ခြစ်၍ ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း.. သူသည် ထိုစိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခံရခြင်းမှ ရအောင် ရုန်းမထွက်နိုင်ပေ။
“ဘယ်သူမှ ငါ့ကို ထိန်းချုပ်လို့ မရစေရဘူး!”
သူ့ခေါင်းကို ငုံ့လိုက်၏။ ဆူဇီမို၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်လာပြီး.. လည်ပင်းကြောကြီးများက ထောင်လာ၏။ သူ့မျက်နှာမှ သွေးကြောများက ပေါ်လာသည့်အထိ.. သူသည် နာကျင်မှုကို တောင့်ခံရင်း.. စိတ်ကို လျှော့မချဘဲ တင်းခံထား၏။
သွေးနီရောင်ဝတ်လူငယ်၏ နည်းစနစ်က အလွန်တရာ အစွမ်းထက်လှသော လျှို့ဝှက်ပညာရပ်၊ သွေးကျွန်ပြုအတတ်ဖြစ်လေသည်။
သွေးကျွန်ပြုအတတ်ကြောင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်က ပြိုလဲသွားသည်နှင့်.. ထိုသူသည် ထင်ယောင်ထင်မှား စိတ်အာရုံတစ်ခုထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး.. သူတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် မည်သို့မျှ ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သွေးကျွန်ပြုအတတ်ကို ထုတ်ဖော်နေသည့်အချိန်တွင်.. ပြင်ပအနှောင့်အယှက် တစ်စုံတစ်ရာ ဝင်မလာဖို့က အထူးအရေးကြီးလေသည်။
ယခုအချိန်တွင် သူသည် ဆူဇီမိုကို သွေးကျွန်ပြုအတတ်ဖြင့် ထိန်းချုပ်မှု ပြုလုပ်ဖို့ အလွန်သင့်လျော်သည့် အခြေအနေဟု သွေးနီရောင်ဝတ်လူငယ်က ခံစားမိလေသည်။
ဆူဇီမိုက ယုဖေး၏ ဖမ်းချုပ်မှုကို ခံထားရပြီး ကောင်းကောင်းတောင် လှုပ်လို့ မရပေ။ နောက်ပြီး သူတို့သုံးယောက်က တိုက်ပွဲမြေနှင့် အတော်အတန်ဝေးဝေးသို့ ရောက်နေကြပြီး.. သူတို့၏ လုပ်ငန်းစဉ်ကို မည်သူကမျှ လာရောက်နှောင့်ယှက်ကြလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက သူ့ရှေ့တွင် သွေးကျွန်တစ်ယောက်အဖြစ်နှင့် ရိုရိုကျိုးကျိုး ဒူးထောက်ခစားနေပုံကိုပင် သွေးနီရောင်ဝတ်လူငယ်က မှန်းမျှော်မြင်ယောင်နေပြီဖြစ်လေသည်။
သို့သော်လည်း သွေးနီရောင်လူငယ်ရော၊ ယုဖေးပါ တစ်စုံတစ်ရာကို လျစ်လျူရှုထားခဲ့မိကြ၏။
ထိုအရာကသာ ဆူဇီမိုအတွက် တစ်ခုတည်းသော ကိန်းရှင်တစ်ခု ဖြစ်လေသည်။
ထိုကိန်းရှင်က ဆူဇီမို၊ သွေးနီရောင်ဝတ်လူငယ်နှင့် ယုဖေးတို့၏ ကံကြမ္မာအပေါ်တွင်သာ သက်ရောက်လွှမ်းမိုးခဲ့မည် မဟုတ်ဘဲ.. ၎င်းက တန်လင်းတောင်ကြားရှိ တိုက်ပွဲအခြေအနေတစ်ခုလုံး အပေါ်တွင်ပါ သက်ရောက်လာပေလိမ့်မည်။
ထိုကိန်းရှင်၏ အကျိုးသက်ရောက်မှုက ဤတန်လင်းတောင်ကြားတွင်သာ အဆုံးသတ်သွားလိမ့်မည် မဟုတ်ဆိုတာကိုလည်း မည်သူမျှ မသိရှိနိုင်ကောင်းလောက်ပေ။
ယနေ့အဖြစ်အပျက်ပြီးနောက်.. ၎င်း၏ သက်ရောက်မှုက ထျန်ဟွမ်ကမ္ဘာတစ်ခုလုံး၌ပါ အုတ်အော်သောင်းနင်း အဖြစ်အပျက်ကြီးများကို ဖြစ်ပေါ်လာစေပေလိမ့်မည်။
. . .
တန်လင်းတောင်ကြား၏ နယ်နမိတ်အစပ်၌ ..
ဆူဇီမိုသည် သူ့လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး.. မြေပြင်ပေါ်တွင် မလှုပ်ဘဲ ရပ်နေ၏။ သူသည် အလွန်နာကျင်နေသော အမူအယာနှင့် တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေ၏။
သူ့လက်နှစ်ဖက်ကို ကြီးမားသည့်လက်ကြီးနှစ်ဖက်က မြဲမြံစွာ ဆုပ်ကိုင်ထား၏။ သူနှင့် မျက်နှာချင်းဆိုင်က ရွှေအမြုတေအဆင့် စိတ်ဝိညာဉ်သားရဲ၊ ယုဖေး ဖြစ်လေသည်။
ယုဖေး၏ ဘေးမှာတော့ သွေးနီရောင်ဝတ်လူငယ်က မတ်တပ်ရပ်နေ၏။
ထိုအချိန်၌ ဆူဇီမိုသည် ခေါင်းကိုငုံ့ထားရင်း.. သူ့ရင်အုပ်ထဲမှ ထူးဆန်းသည့် လှုပ်ရှားမှုကို ခံစားမိလိုက်၏။
သူ၏ ဝတ်ရုံအဟလေးကြားထဲတွင် တောကောင်လေးတစ်ကောင်က ပုန်းနေ၏။ သူသည် အခြေအနေဆိုးနေသော ဆူဇီမိုကို မော့ကြည့်လိုက်၏။ အပြောကျယ်၍ ဆန်းကြယ်လှသော ကြယ်တာရာတစ်ခုလို သူ၏ လုံးဝိုင်း၍ နက်မှောင်နေသော မျက်လုံးများက အရောင်တစ်ဖျတ်ဖျတ်လက်လာ၏။
ဆူဇီမိုသည် အစတုန်းက ထင်ယောင်ထင်မှားစိတ်အာရုံထဲမှာ ကျရောက်နေပြီး.. ပကတိ မှောင်မိုက်နေခဲ့၏။
ရုတ်တရတ်ဆိုသလို..
ပြင်ပအားတစ်ခုက တိုးဝင်လာပြီး အမှောင်ထုထဲမှ ဆူဇီမိုကို လမ်းပြပေးလိုက်၏။
နောက်တခဏ၌ ဆူဇီမိုသည် တောကောင်လေးကို မြင်တွေ့သွား၏။
ခွေးလေးတစ်ကောင်ကဲ့သို့ သူက ဆူဇီမိုကို မော့ကြည့်နေပြီး.. သူ၏ နက်မှောင်အရောင်လဲ့နေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။
“ညဝိညာဉ်...”
ဆူဇီမိုက တီးတိုးခေါ်လိုက်၏။
တောကောင်လေး၏ အကြည့်နှင့် ဆုံမိချိန်တွင်.. ဆူဇီမိုသည် တုန်ယင်သွားပြီး.. ထင်ယောင်ထင်မှားစိတ်အာရုံထဲမှ ရုန်းထွက်လာနိုင်ခဲ့၏။
ညဝိညာဉ်၏ အကြည့်က လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားပုံရပြီး.. ၎င်းက ဆူဇီမို၏ ကိုယ်တွင်းမှ မိစ္ဆာဓါတ်များကို ဖယ်ရှင်းပေးနိုင်ပုံရလေသည်။
သူသည် ထင်ယောင်ထင်မှားစိတ်အာရုံထဲမှ ရုန်းထွက်လာနိုင်ခဲ့သော်လည်း ဆူဇီမိုသည် ချွေးစေးများစွာ ထွက်နေပြီး.. ခွန်အားက ကုန်ခမ်းခု ဖြစ်နေလေပြီ။
“သွားသွား.. မြန်မြန်.. ပြေးတော့!”
ဆူဇီမို၏ နှုတ်ခမ်းက အနည်းငယ် တုန်ယင်သွားပြီး အက်ကွဲကွဲတိုးညင်းသည့်အသံက ထွက်ပေါ်လာ၏။
ညဝိညာဉ်က လျှို့ဝှက်ဆန်းကြယ်သောနောက်ခံရှိပြီး.. သူ့ကို ထင်ယောင်ထင်မှားစိတ်အာရုံထဲမှ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့သော်လည်း သူက အရမ်းငယ်သေး၏။
သူသည် မွေးဖွားလာခဲ့သည်မှာ တစ်လလောက်သာ ရှိသေး၏။
တစ်လသားကလေးက ဘာများ လုပ်နိုင်မှာလဲ။
မူလသွေးမျိုးဆက်သားရဲဆိုစေဦးတော့.. တစ်လသားအရွယ်တွင်.. သူ၏ အသားအရေနှင့် အရိုးတို့က နုနယ်သေးပြီး အားအနည်းဆုံးအခြေအနေမှာသာ ရှိနေသေးလေသည်။
ညဝိညာဉ်က ငယ်ရွယ်သေးသော်လည်း လူလိုအသိညာဉ်တော့ ရရှိနေပြီဖြစ်၏။
ညဝိညာဉ်က သူ့စကားကို နားလည်ပြီး အခြေအနေကို အကဲခတ်တတ်လိမ့်မည်ဟု ဆူဇီမို ထင်လေသည်။
သူ၏ ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်နေလေပြီ။
ယခုအခါ သူသည် ရွှေအမြုတေအဆင့်သားရဲ၏ လက်တွင်းကျရောက်နေပြီး.. လွတ်မြောက်အောင် ထွက်ပြေးနိုင်မည့် နည်းလမ်းတစ်စုံတစ်ရာ လုံးဝမရှိတော့ပေ။
သို့သော်လည်း ညဝိညာဉ်ကတော့ မတူပေ။
သူက အားအင်ချိနဲ့လှသော ခွေးပေါက်လေးတစ်ကောင်နှင့် တူလေသည်။
သွေးနီရောင်ဝတ်လူငယ်ဖြစ်စေ၊ ယုဖေးဖြစ်စေ.. မည်သူမျှ သူ့ကို အရေးလုပ်နေမည် မဟုတ်ဘဲ.. သူသည် အသက်ရှင်လျှက် ထွက်ပြေးနိုင်ဖို့ အခွင့်အတော်များလေသည်။
ဆူဇီမို၏ စကားကိုကြားသော်လည်း.. ညဝိညာဉ်၏ အမူအယာက တည်ငြိမ်နေပြီး.. တုတ်တုတ်မျှ မလှုပ်ပေ။
သူက ဆူဇီမို၏ ရင်ခွင်ထဲမှာသာ ဆက်လက်ပုန်းနေပြီး.. သူ့ခေါင်းကို စောင်းငဲ့၍ အပြင်ဘက်တွင် ဘာတွေဖြစ်ပျက်နေသည်ဆိုတာကို သိရှိနိုင်ဖို့ အာရုံစူးစိုက်နားစွင့်နေ၏။
“အင်း..!”
ထင်ယောင်ထင်မှားစိတ်အာရုံထဲမှ ဆူဇီမို ရုန်းထွက်လာသည့် အချိန်မှာပင်.. အခြားတစ်ဖက်၌ မသဲမကွဲ ညည်းညူသံတစ်ခုက ထွက်ပေါ်လာ၏။
သွေးနီရောင်ဝတ်လူငယ်က သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားလိုက်၏။ သူသည် အလွန်တရာ နာကျင်နေပုံရ၏။.. သူ၏ အစိမ်းရောင်မျက်ဆံက သွေးနီရောင်ပြောင်းလာပြီး မျက်နှာက ရှုံ့တွနေကာ အလွန်တရာ ကြောက်မက်ဖွယ်ရာပုံပေါက်နေ၏။
သွေးကျွန်ပြုခြင်းကို သာမန်ပြင်ပအားတစ်စုံတစ်ရာက နှောင့်ယှက်ဝင်ရောက်လာလျှင်တောင်.. တန်ပြန်ရိုက်ခတ်မှုက ဤမျှလောက်ထိ ကြီးမားမည် မဟုတ်ပေ။
သို့သော် ဤတစ်ကြိမ်တွင်.. သွေးနီရောင်ဝတ်ကျင့်ကြံသူ၏ သွေးကျွန်ပြုခြင်းကို လျှို့ဝှက်ဆန်းကြယ်သည့် အားတစ်ခုက ဝင်ရောင်နှောင့်ယှက်ခဲ့၏။
နည်းစနစ်ကျရှုံးခြင်း၏ တန်ပြန်သက်ရောက်မှုအားက အလွန်ကြီးမားပြီး သွေးနီရောင်ဝတ်လူငယ်ကို မိုးကြိုးပစ်ချလိုက်သလိုပင်။ သူ၏ ဦးခေါင်းက အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီဟု ခံစားလိုက်ရပြီး.. သတိလစ်မတတ်ဖြစ်လာ၏။
“အို”
ယုဖေးက မျက်မှောင်ကြုတ်လိုက်၏။ သူသည် ဆူဇီမို၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားဆဲဖြစ်ပြီး.. သွေးနီရောင်ဝတ်လူငယ်ဘက်သို့ လှည့်ကာ စိုးရိမ်တကြီး မေးလိုက်၏။
“သခင်လေး.. ဘာဖြစ်လို့လဲ”
ထိုအခိုက်အတန့်မှာပင်.. ဆူဇီမို၏ ရင်အုပ်က လှုပ်ရှားသွား၏။
ဆူဇီမို၏ ရင်အုပ်ထဲမှ အနက်ရောင်အရိပ်လေးတစ်ခုက ထွက်လာပြီး.. ဆူဇီမို၏ လက်တံပေါ်မှတစ်ဆင့် ယုဖေး၏ လက်တံပေါ်သို့ ခုန်တက်သွား၏။
အနက်ရောင်အရိပ်လေးက တစ္ဆေတစ်ကောင်လို လျှင်မြန်လှပြီး.. မျက်စိတစ်မှိတ်အတွင်း ယုဖေး၏ ရင်အုပ်ပေါ်သို့ ရောက်ရှိသွား၏။
အနက်ရောင်အရိပ်ကလေးက ရုတ်တရတ် သူ၏ လက်သည်းများကို ထုတ်လိုက်၏။
အလွန်တရာထက်ရှသော လက်သည်းငါးခုက ထွက်ပေါ်လာကာ.. အေးစက်စက်အလင်းက ဖျတ်ကနဲလက်သွားပြီး.. ၎င်းက ယုဖေး၏ လည်မျိုကို လှမ်း၍ ကုတ်ဆွဲလိုက်၏။