သုံးချီ
Vol. 15 Ch. 223
တစ်ချိန်တည်းမှာပင်..
သွေးနီရောင်ဝတ်လူငယ်က သူ့ဦးခေါင်းထဲမှ နာကျင်မှုကို အံကြိတ်၍ တောင့်ခံရင်း အော်လိုက်၏။
“သတိထား.. ဆူဇီမိုကိုယ်ထဲက ဘာလဲမသိ ထွက်လာတယ်!”
သို့သော်လည်း သူပြောလိုက်သည့်အချိန်တွင် နောက်ကျသွားလေပြီ။
ညဝိညာဉ်က ကုတ်ဆွဲလိုက်သည့်အချိန်၌ ယုဖေးသည် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး.. အလိုလို ပြန်လှည့်ကြည့်လိုက်၏။
နောက်တခဏ၌ သူ၏ သူငယ်အိမ်က တင်းကျပ်သွားပြီး.. သူ့နုလုံးခုန်က ရပ်တန့်သွား၏။
ဖောက်!
ယုဖေး၏ လည်မျိုသည် ညဝိညာဉ်၏ လက်ချက်ဖြင့် ဆုတ်ပြဲသွားပြီး.. အသားတစ်ကြီးတစ်ခုက ပဲ့ထွက်လာကာ.. သွေးများက ဖြာဆင်းလာ၏။
ဆူဇီမို၏ ကိုယ်သည် သွေးများဖြင့် ပေကျံသွားလေသည်။
ညဝိညာဉ်၏ အချိန်ကိုက်လှုပ်ရှားမှုက လုံးဝပြီးပြည့်စုံသည်ဟုပင် ပြောလို့ရလေသည်။
ဖြစ်စဉ်တစ်ခုလုံးက ရေပြင်ကဲ့သို့ ချောမွေ့နေ၏။
တိုတောင်းလှသည့် အချိန်ကလေးအတွင်း.. အခြေအနေတစ်ခုအပေါ် တိကျသေသပ်စွာ အချိန်ကိုက်လှုပ်ရှားမှုကို ညဝိညာဉ်က ပြသပေးခဲ့၏။ ထိုသည်ကား သူ့အား မည်သူကမျှ သင်ပေးမထားသည့် စွမ်းရည်ပင် ဖြစ်လေသည်။
၎င်းသည် ပကတိ ဗီဇမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။
သတ်ဖြတ်ခြင်းဗီဇ!
ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် ငေးကြောင်နေ၏။
သွေးနီရောင်လူငယ်သည်လည်း မိုက်ကနဲဖြစ်သွားကာ ငေးကြောင်နေမိ၏။
ထိုတိုက်ခိုက်မှုက ရက်စက်လွန်းလှ၏။
ယုဖေးသည် ရွှေအမြုတေအဆင့်သားရဲတစ်ကောင် ဖြစ်သော်လည်း.. ထိုမျှ ပြင်းထန်သော ဒဏ်ရာနှင့် အသက်ဆက်ရှင်နိုင်စရာ အကြောင်းမရှိတော့ပေ။
ယုဖေး၏ မျက်လုံးများက ပြူးကျယ်နေပြီး.. သူ့ရင်အုပ်မှ အနက်ရောင်အလင်းများက ရုတ်တရတ် ဖြာထွက်လာ၏။ သူသည် ညဝိညာဉ်၏ ဦးခေါင်းကို လက်ပြန်ရိုက်ချလိုက်၏။
ထိုသည်ကား.. သေခါနီးရွှေအမြုတေသားရဲတစ်ကောင်၏ နောက်ဆုံးရုန်းကန်လှုပ်ရှားမှုပင် ဖြစ်လေသည်။
ဖြစ်စဉ်တစ်ခုလုံးက အချိန်ခဏလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။
ယုဖေး၏ တုန့်ပြန်မှုက အလွန်တရာ မြန်ဆန်လှ၏။
ညဝိညာဉ်၏ လက်သည်းများက သူ့လည်မျိုကို ဆုတ်ဖြဲပစ်လိုက်ပြီးနောက်.. သူသည် ချက်ချင်းပင် ညဝိညာဉ်ကို သတ်ဖြတ်ဖို့ ကြိုးစားလိုက်၏။
သူ့၏ သွေးကြောကြီးများက ပြတ်ထွက်သွားပြီး.. သွေးနှင့်ချီများစွာကိုလည်း ဆုံးရှုံးနေပြီဖြစ်သောကြောင့်.. သူသည် သေချာပေါက် သေရတော့မည်ဆိုတာ ယုဖေးက နားလည်လိုက်လေသည်။
သို့သော်လည်း သူ မသေခင် ညဝိညာဉ်ကို သတ်ဖြတ်ခဲ့ချင်သေး၏။
ယုဖေး၏ ရိုက်ချက်က ကျဆင်းလာချိန်တွင်.. ညဝိညာဉ်က တစ်ချက်ခုန်၍ ဦးခေါင်းကို လှည့်လိုက်ပြီး.. ဘေးဘက်သို့ သူ့အစွမ်းရှိသမျှနှင့် ရှောင်လိုက်၏။
ဘုန်း!
ထိုသို့ရှောင်လိုက်သော်လည်း.. ယုဖေး၏ ရိုက်ချက်က ညဝိညာဉ်၏ ခါးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
“ဟီး.ရ!”
ညဝိညာဉ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့ခါးက သိသိသာသာ သိမ်ဝင်သွား၏။
ကြိုးပြတ်သွားသောစွန်လို.. ထိုရိုက်ချက်အောက်၌ ညဝိညာဉ်သည် ဆူဇီမိုဘက်သို့ လွင့်ထွက်သွား၏။
ညဝိညာဉ်များကို သူ့မျက်လုံးများကို ပိတ်ထားပြီး.. သွေးချောင်းများဆိုးကာ သတိလစ်သွားလေ၏။
ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် ရင်ထဲနင့်သွား၏။
ရွှေအမြုတေအဆင့်သားရဲတစ်ကောင်၏ ခွန်အားနှင့် နှိုင်းယှဉ်လျှင်.. ညဝိညာဉ်သည် တစ်လသားအရွယ်သာ ရှိသေးပြီး အများကြီးပို၍ အားနည်းလှ၏။
တစ်ကယ်တော့.. ယုဖေးသည် အပြင်းအထန်ဒဏ်ရာရသွားပြီး သူ၏ သွေးနှင့်ချီများကိုလည်း မြောက်မြားစွာ ဆုံးရှုံးထားရ၍ သူ့ခွန်အားက သိသိသာသာလျော့ကျနေ၏။ ထိုသို့သာမဟုတ်လျှင်.. ထိုရိုက်ချက်က ညဝိညာဉ်၏ ကိုယ်ကို စုတ်ပြတ်သတ်ထွက်သွားစေလိမ့်ပေမည်။
“သခင်လေး.. မြန်မြန်.. ပြေးတော့!”
ယုဖေး၏ မျက်နှာက ဖြူလျော့နေပြီး သူ့လည်မျိုက ပေါက်ထွက်သွားပြီးဖြစ်သောကြောင့် စကားလုံးများက ပြတ်တောင်းပြတ်တောင်းနှင့် ထွက်လာ၏။ ထိုသို့ အခြေအနေဆိုးနေသော်လည်း သူတတ်နိုင်သမျှတော့ အကောင်းဆုံးကြိုးစားလိုက်၏။
ထိုစကားလုံးသုံးလုံးပြောပြီးနောက်.. သူသည် မြေပြင်ပေါ်သို့ ဘုန်းကနဲ ပစ်လဲကျသွား၏။ သူ့မျက်လုံးများက အသက်မဲ့သွားပြီဖြစ်ပြီး မြေပြင်က သွေးများဖြင့် နီစွေးသွား၏။
ညဝိညာဉ်ကို သူ့ရင်ဘတ်ကြားထဲ ပြန်ထည့်လိုက်ပြီး.. ဆူဇီမိုက သူ့ရှေ့ရှိ သွေးနီရောင်ဝတ်လူငယ်ကို အေးစက်ခက်ထန်စွာ ကြည့်လိုက်၏။
ထိုအချိန်တွင် ဆူဇီမိုက စိတ်ကောင်းဝင်မနေတော့ပေ။
သူသည် ညဝိညာဉ်၏ ကျေးဇူးဖြင့် ထင်ယောာင်ထင်မှားစိတ်အာရုံထဲမှ ရုန်းထွက်နိုင်လာခဲ့၏။
သို့သော်လည်း.. ထိုအချိန်အတောအတွင်း သူသည် အင်အားအမြောက်အများကို ဖျစ်ညှစ်ထုတ်သုံးခဲ့ရပြီး ယခုအခါ သူသည် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပေပြီ။
သွေးနီရောင်ဝတ်လူငယ်သည်လည်း သိပ်ပြီး အခြေအနေ မကောင်းလှပေ။
သွေးနီရောင်ဝတ်လူငယ်သည် သွေးကျွန်ပြုခြင်းအား နှောင့်ယှက်ခံရခြင်းမှ တန်ပြန်အကျိုးသက်ရောက်မှုလှိုင်းဂယက်ကို ခံစားနေရဆဲဖြစ်ပြီး မူးဝေယိမ်းယိုင်နေဆဲဖြစ်၏။
နှစ်ယောက်စလုံး၏ ဆိုးရွားလှသော အခြေအနေတွင် တိုက်ခိုက်ကြမည်ဆိုပါက နောက်ဆုံး မည်သူက အနိုင်ရရှိမလဲ ပြောဖို့ခက်လေသည်။
သို့သော်လည်း ယုဖေးမည်သို့ သေခဲ့ရပုံ၊ ယုဖေးက နောက်ဆုံးစကား မှာကြားခဲ့ပုံတို့ကို ပြန်လည်မြင်ယောင်လိုက်သောအခါ.. သွေးနီရောင်ဝတ်လူငယ်က နောက်သို့ ဆုတ်ခွာဖို့ကို အားသန်နေလေပြီ။
ထို့အပြင် သူက မည်သူပါလဲ။
သွေးကျီးကန်းနန်းတော်မှ သခင်လေးတစ်ယောက်အနေနှင့် သူ့အဆင့်အတန်းက အလွန်တရာ ကြီးကျယ်မြင့်မြတ်လှပေသည်။
သူက ဘာကြောင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အသေအကြေ တိုက်ခိုက်ရပါမည်လဲ။
သူလုပ်စရာရှိသည်မှာ ယခုလောလောဆယ်အတွက် သူ့ရှေ့မှ ဤလူကို ခဏတာရှောင်ရှားဖို့ပင်။ တိုက်ပွဲမြေမှ ရွှေအမြုတေအဆင့်တစ်ယောက်ယောက် ရောက်လာသည်နှင့် ထိုငနဲလေးက သေချာပေါက် သေရပေတော့မည်။
ထိုသို့အတွေးစိတ်ကူးနှင့် သွေးနီရောင်ဝတ်လူငယ်က ဆုံးဖြတ်ချက်ချလိုက်၏။
ဆုတ်မယ်!
ထိုအချိန်မှာပင် သူ့အားအရှင်လတ်လတ် ဆုတ်ဖြဲပစ်ချင်သည့်အလား ဆူဇီမို၏ စိန်းစိန်းဝါးဝါး အကြည့်က သူ့အပေါ် ကျရောက်လာ၏။
ထိုအကြည့်က မည်သို့မျှ လူသားတစ်ယောက်၏ အကြည့်နှင့် မတူပေ။
သူက အလွန်တရာ ဆာလောင်နေသော ကြမ်းကြုတ်ရက်စက်သွေးဆာသည့် ရှေးဦးသားရဲတစ်ကောင်လိုပင်။
သွေးနီရောင်ဝတ်လူငယ်သည် ရင်ထဲ ထိတ်ကနဲဖြစ်သွားပြီး သတ္တိများလည်း ပျောက်ဆုံးသွားကာ.. အလိုလို ခြေတစ်လှမ်းဆုတ်မိလိုက်၏။
ထိုခြေတစ်လှမ်းဆုတ်လိုက်သည့်အချိန်မှာပင် ဆူဇီမို၏ အော်ရာက သိသိသာသာ ထိုးတက်လာ၏။
ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းကို ပုံဖော်၍ ရှေ့သို့ ခုန်တက်လိုက်၏။ သူ၏ သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး.. လက်ပြန်ထိုးနှက်လိုက်သောအခါ ကောင်းကင်ထက်မှ ကြီးမားသည့်ချိတ်စည်းကြီးက ကျဆင်းလာ၏။
ဆူဇီမို၏ မျက်လုံးထဲတွင် အနည်းငယ်လေးတောင် သနားညှာတာခြင်းမရှိ၊ အဆုံးမဲ့ အေးစက်ခြင်းတို့နှင့် ပြည့်နေ၏။
စောစောကလေးကတင်.. သူသည် သွေးနီရောင်လူငယ်၏ သွေးကျွန်ဘဝသို့ရောက်ခါ ထိန်းချုပ်ခံရလုနီးပါး ဖြစ်ခဲ့ရ၏။
ညဝိညာဉ်ကလည်း အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေသလား၊ ရှင်သလားတောင် မသိရသေးပေ။
ဆန်းကြယ်တောင်ထွတ်မှ အခြေတည်အဆင့် တပည့်အများစုကလည်း သေဆုံးပျောက်ကွယ်ကုန်ကြပေပြီ။
ဂိုဏ်းအကြီးအကဲနှစ်ယောက်ကလည်း သေဆုံးခဲ့ရ၏။
ထိုသွေးကြွေးများကို ဤသွေးနီရောင်ဝတ်လူငယ်ဆီကနေ ပြန်တောင်းရပေမည်။
“ငါ့ကို လာကယ်ကြဦးဟ!”
သွေးနီရောင်လူငယ်က ကြောက်လန့်တကြား စူးစူးဝါးဝါး အော်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ အရိုးဖြူဒိုင်းကာတစ်ခုကို ဆွဲထုတ်လိုက်၏။
ထိုအထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်သောအခါ.. အရိုးဖြူဒိုင်းကာက ကြီးမားစွာ ပြန့်ကားလာ၏။ သွေးနီရောင်ဝတ်လူငယ်က ၎င်းကို ကပျာကယာ သူ့ဦးခေါင်းထက်သို့ မြှောက်တင်လိုက်၏။
သွေးနီရောင်ဝတ်လူငယ်သည် သတ္တိများ ပျောက်ဆုံးသွားပြီဖြစ်ပြီး.. တိုက်ခိုက်ဖို့ရာ မဝံ့ရဲတော့ဘဲ ခုခံဖို့သက်သက်သာ ရွေးချယ်လိုက်၏။
သူ့အမြင်အရ.. သူသည် ဆယ်ချီလောက် တောင့်ခံထားနိုင်ဖို့သာ လိုလေသည်။ ထိုအချိန်အတွင်း.. မလှမ်းမကမ်း တိုက်ပွဲမြေမှ ရွှေအမြုတေအင်အားအကူများ ရောက်လာပေလိမ့်မည်။ ထိုအချိန်တွင် သူတို့က သူ့ကို ကယ်ဆယ်ရင်းနှင့် ဆူဇီမိုကိုပါ တစ်ခါတည်း သတ်ပစ်ကြပေလိမ့်မည်။
. . .
ရွှေအမြုတေများ၏ တိုက်ပွဲနေရာတွင်.. ဖန်းယွဲ့က ရွှေအမြုတေဆယ်ယောက်ကို ဦးဆောင်ကာ ဝမ်ရွှမ်းနှင့် အကြီးအကဲယုတို့ကို တိုက်ခိုက်နေကြပြီး အခြေအနေတစ်ခုလုံးကို အသားစီးရယူ ထိန်းချုပ်ထား၏။
ဝမ်ရွှမ်း၏ ရွှေအမြုတေနယ်မြေကြောင့်သာ မဟုတ်လျှင်.. သူတို့နှစ်ယောက်စလုံးက သေပြီးနှင့်သည်မှာ ကြာနေလောက်ပေပြီ။
သို့သော်လည်း ရွှေအမြုတေနယ်မြေကို ထုတ်လွှတ်ရခြင်းက စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားကို သုံးစွဲရလေသည်။
ဝမ်ရွှမ်းသည် သိပ်ပြီး ကြာကြာ တောင့်ခံနိုင်တော့မည်ပုံ မပေါ်ပေ။
အကူအညီတောင်း အော်ဟစ်သံကို ကြားလိုက်ရသောအခါ.. ဖန်းယွဲ့၏ အမူအယာက ပြောင်းလဲသွား၏။
“သွား.. သခင်လေးကို မြန်မြန် သွားကူကြ! သူသာ တစ်ခုခုဖြစ်ရင် မင်းတို့လဲ သေပြီပဲ!”
ဖန်းယွဲ့က ရွှေအမြုတေအဆင့် နှစ်ယောက်ကို လက်ညိုးထိုးပြီး အော်လိုက်၏။
သူတို့နှစ်ယောက်သည် ကပျာကယာ တိုက်ပွဲထဲမှ ရုန်းထွက်လိုက်ပြီး.. သွေးနီရောင်ဝတ်လူငယ်ရှိရာသို့ အရှိန်မြှင့်၍ ပျံသန်းသွားလိုက်ကြ၏
အားလုံးက သွေးနီရောင်ဝတ်လူငယ် တွက်ချက်ထားသလိုပင်။
သူ အကူအညီတောင်းပြီးသည်နှင့်.. ရွှေအမြုတေအဆင့် အင်အားအကူနှစ်ယောက်က လာနေလေပြီ။
သို့သော်လည်း သူအတွက်မှားသွားသောတစ်ချက် ရှိ၏။
ဘုန်း!
ဆူဇီမို၏ လက်သီးက အရိုးဖြူဒိုင်းကာပေါ်သို့ ကျဆင်းသွားပြီး နားပင်းမတတ် မြည်သံကြီးက ထွက်ပေါ်လာ၏။
အပြင်းအထန် တုန်ခါသွားပြီးနောက်.. အရိုးဖြူဒိုင်းကာပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာပြီး ၎င်း၏ အရောင်က မှိန်ကျသွား၏။
အရိုးဖြူဒိုင်းကာက ဆူဇီမို၏ လက်သီးတစ်ချက်ဖြင့် ကြေမွပျက်ဆီးသွားလေပြီ။
ဟာ!
သွေးနီရောင်ဝတ်လူငယ်က ပင့်သက်ကို ရှိုက်လိုက်ပြီး သူ့အမူအယာက ပြောင်းလဲသွား၏။
ထို့နောက် ဆူဇီမို၏ ပုံရိပ်က ဖျတ်ကနဲဆို.. သွေးနီရောင်ဝတ်လူငယ်၏ အရှေ့ကို ရောက်ချလာ၏။
ဆူဇီမို၏ မျက်ဝန်းအိမ်ထဲတွင် အေးစက်စက်အလင်းရောင်က ပေါက်ကွဲထွက်ပေါ်လာပြီး.. သူသည် သွေးနီရောင်ဝတ်လူငယ်၏ လက်မောင်းနှစ်ဖက်ကို ဆွဲယူ၍ အားဖြင့် ဖျစ်ညှစ်ဆွဲလိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် ဒူးကိုညွှတ်၍ နတ်မြင်းတစ်ကောင်အလား ရှေ့သို့ ခုန်တိုက်လိုက်၏။
နတ်မြင်း ဖြိုခွဲခြင်း!
ရှီး!
သွေးများက ပန်းထွက်လာ၏။
“အား!”
သွေးနီရောင်ဝတ်လူငယ်က စူးစူးဝါးဝါးအော်ဟစ်နေစဉ်.. ဆူဇီမိုက သူ့လက်မောင်းနှစ်ဖက်ကို အားဖြင့်ဆောင့်ဆွဲ ဆုတ်ဖြဲလိုက်၏။
နတ်မြင်း ဖြိုခွဲခြင်းတိုက်ကွက်၏ နောက်တွင်.. နတ်မြင်းချေမှုန်းခြင်းက ဆက်တိုက်ကပ်ပါလာ၏။
ဆူဇီမိုသည် သွေးနီရောင်ဝတ်လူငယ်၏ ရင်အုပ်ကို ဒူးဖြင့် တိုက်ပြီးနောက် ထိုကန်အားဖြင့် အပေါ်သို့ ခုန်တက်လိုက်၏။
ထို့နောက် ဆူဇီမိုသည် သွေးနီရောင်လူငယ်၏ လည်ပင်းကို ခြေဖြင့် နှစ်ချက်ဆက်တိုက် ကန်လိုက်ပြီးနောက်.. သူ့ဦးခေါင်းပေါ်ကနေ ကျော်တက်လိုက်၏။
သတ်ဖြတ်ခြင်းတိုက်ကွက်နှစ်ခုက လုံးဝဟန်ချက်ညီညီချိတ်ဆက်သွားပြီး ပြီးပြည့်စုံလှသည်ဟု ပြောလို့ရလေသည်။
ဆူဇီမိုမြေပေါ်သို့ ဆင်းသက်ချိန်တွင်.. သွေးနီရောင်ဝတ်လူငယ်သည်လည်း မြေပြင်ပေါ်သို့ မျက်နှာနှင့်အရင် ပြင်းထန်စွာ ကျဆင်းလာ၏။
သူ့ရင်အုပ်က ချိုင့်ဝင်နေပြီး.. လည်ပင်းက ဆုတ်ပြဲနေကာ.. မျက်နှာကလည်း လူရုပ်မပေါ်တော့အောင် မွစာကျဲစုတ်ပြတ်သတ်ထွက်နေ၏။ သွေးနီရောင်ဝတ်လူငယ်က အသက်မရှိတော့လေပြီ။
သွေးနီရောင်ဝတ်လူငယ်သည် တစ်စုံတစ်ရာကို မှားယွင်းတွက်ချက်ခဲ့မိ၏။
ဆူဇီမိုက သူ့ကို သတ်ဖို့အတွက် ဆယ်ချီမလို.. သုံးချီမျှသာ လိုခဲ့လေသည်။