နတ်ဘုရားသော့ချက်
Vol. 30 Ch. 447
ဓားတားမြစ်ဒေသသည် ယင်ဟွမ်ပြည်နယ်ရှိ တစ်ခုတည်းသော တားမြစ်ဒေသကြီး ဖြစ်သည်။
ဤနေရာသည် ယင်ဟွမ်ပြည်နယ် အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး အလယ်ဗဟိုနှင့် နီးစပ်သည်။ တချိန်တည်းမှာပင် ပင်မအင်မော်တယ်အားတိုးမြစ်၏ တစ်စိတ်တစ်ပိုင်းကိုလည်း လွှမ်းခြုံထားသည်။
အင်မော်တယ်အားတိုးမြစ်က ဓားတားမြစ်ဒေသကြီးထဲ မဝင်ရောက်ခင်က အင်မော်တယ်ချီများဖြင့် ပြည့်နှက်နေခဲ့သည်။ တားမြစ်ဒေသကြီးထဲမှ ထွက်လာပြီးနောက် မြစ်ရေတစ်ခုလုံး မည်းနက်သွားသည်။
ဤနေရာတစ်ခုလုံး ထူထပ်သိပ်သည်းသော မြူခိုးများ တစ်နှစ်ပတ်လုံး ရစ်သိုင်းနေပြီး နေရောင်ခြည် မဝင်ရောက်နိုင်ပေ။ ထို့ကြောင့် အပေါ်စီးမှ ကြည့်ပါက မည်းနက်တောက်ပြောင်သော မြစ်ရေ စီးဆင်းနေသည်ကိုသာ မြင်ရမည်ဖြစ်ပြီး တားမြစ်ဒေသကြီးထဲရှိ မြစ်ရေက မည်သို့ ဖြစ်ပျက်သွားသည်ကို မြင်နိုင်မည် မဟုတ်ပေ။
မြစ်ခိုးများက အရာအားလုံးကို လွှမ်းခြုံထားသည်။
အင်မော်တယ်အားတိုးမြစ်က ဓားတားမြစ်ဒေသကြီးအား ထက်ခြမ်းခွဲထားသည်ကို ခပ်ရေးရေး မြင်နိုင်သည်။ သို့သော်လည်း မြူခိုးများက ထိုအစိတ်အပိုင်းများကို အတူတကွ ပြန်ဆက်လိုက်ပုံရသည်။
“ မဟာမိတ်ထဲက မှတ်တမ်းတွေအရ ပြီးခဲ့တဲ့နှစ်ပေါင်းသုံးထောင်လောက်က ဓားတားမြစ်ဒေသကြီးထဲမှာ ကပ်ဘေးကြီးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ အဲဒီဓားဧကရာဇ် နိုးထလာပြီး အပြင်ဘက်ထွက်လာတယ်။ အဲဒီကိစ္စက ဖုန်းဟိုင်မြို့ကြီးတစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့သည်။ နောက်ဆုံးမှာ ဖုန်းဟိုင်မြို့ကြီးအတွင်းမှာရှိတဲ့ အသင်္ချေရှိတဲ့ မျိုးနွယ်တွေ ပေါင်းစည်းပြီး အဲဒီမြို့ကြီးကို ခက်ခက်ခဲခဲ ဖိနှိပ်နိုင်ခဲ့တယ် ”
“ မီးဧကရာဇ်၊ ရုပ်အလောင်းဧကရာဇ်၊ ဓားဧကရာဇ် … အဲဒီဧကရာဇ်ကြီးတွေက သက်ဆိုင်ရာတားမြစ်ဒေသကြီးတွေရဲ့ အရှင်သခင်တွေပဲ။ တစ်ယောက်ချင်းစီရဲ့ အစွမ်းက မှန်းဆလို့ မရဘူး ”
ခေါင်းဆောင်သည် မနီးမဝေးရှိ မည်းမှောင်သော တောအုပ်ကြီးကို ကြည့်လိုက်သည်။ သူ့အသံ လွင့်ပျံသွားသည့်အခိုက် ရွှီချင်းမှာ ပြေးထွက်သွားပြီ ဖြစ်သည်။
သူသည် အလွန် မြန်ဆန်သည်ဖြစ်ပြီး အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲ၍ ဓားတားမြစ်ဒေသကြီးထဲသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
မှော်စစ်သင်္ဘောကြီးပေါ်တွင် ယန်ယန်သည် ခေါင်းဆောင်ကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။
“ အစ်ကိုကြီး … ”
ခေါင်းဆောင်သည် ရွှီချင်း၏နောက်ကျောကို ကြည့်၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ အဆင်ပြေပါတယ်။ ငါ ရှိနေရင် ရွှီချင်း ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်။ ဒါပေမဲ့ ယန်ယန်ရေ အခုတလော ငါ ငွေ နည်းနည်း ကြပ်နေလို့။ အဲဒါ မင်း … ”
ယန်ယန်သည် သိုလှောင်အိတ်ကို ချက်ချင်း ပစ်ပေးလိုက်သည်။
ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သိုလှောင်အိတ်ကို ယူကာ ဝေ့ကြည့်လိုက်ပြီးနောက် ချက်ချင်း ကျေနပ်သဘောကျသွားသည်။ သူသည် ဗိုက်ကို ပုတ်၍ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
“ ခယ်မလေး စိတ်မပူနဲ့။ မင်းရဲ့ခင်ပွန်း ဘေးကင်းအောင် ငါ အားလုံး လုပ်ပေးမယ် ”
ခေါင်းဆောင်က ယန်ယန်ကို စိတ်အားထက်သန်စွာ ကြည့်၍ ပြောလိုက်သည်။
‘ ခယ်မလေး ’ ဆိုသည့် စကားကြောင့် ယန်ယန်၏မျက်နှာ နီမြန်းသွားသည်။ ထို့နောက် နောက်ထပ်သိုလှောင်အိတ်တစ်အိတ်ကို ပျော်ရွှင်စွာ ပစ်ပေးလိုက်သည်။
“ အခုကစပြီး ယန်ယန်၊ မင်းတစ်ယောက်တည်းကိုပဲ ငါ့ခယ်မအဖြစ် အသိအမှတ်ပြုတယ်ဟေ့ ”
ခေါင်းဆောင်၏ခန္ဓာကိုယ် တုန်ရီသွားသည်။ သူသည် သိုလှောင်အိတ်ကို ယူလိုက်ပြီး ရွှီချင်းနောက်သို့ ပြေးလိုက်သွားသည်။
ခေါင်းဆောင်၏စကားများကို ကြား၍ ယန်ယန်မှာ ပျော်ရွှင်သွားပြီး ရှက်သွေးဖြာသွားသည်။
သို့သော်လည်း ရွှီချင်းနောက်သို့ လိုက်သွားသော ခေါင်းဆောင်သည် ပြေးလွှားနေရင်း မှိုရသကဲ့သို့ ပျော်မြူးနေသည်ကို ယန်ယန် မသိပေ။ သူသည် ချမ်းသာနည်းတစ်နည်းကို ရှာတွေ့လိုက်သည့်အလား မျက်လုံးများ ဝင်းလက်လာသည်။
“ ငါ တုံးလိုက်တာ။ ချင်းလေးကို မနာလို ဖြစ်မနေသင့်ဘူး။ ချင်းလေးနဲ့အပြင်သွားတိုင်း အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ခေါ်ခဲ့ပြီး ဒါမျိုးလုပ်ရမှာ။ ဒါဆို သေချာပေါက် ငါ မွဲတော့မှာ မဟုတ်ဘူး ”
“ ပြီးတော့ ဟိုသူဋ္ဌေးမတင်းရွှယ်လည်း ရှိသေးတယ်။ သူက အချမ်းသာဆုံးပဲ ”
ခေါင်းဆောင်သည် အလွန် စိတ်လှုပ်ရှားနေပြီး အထူးသဖြင့် ရွှီချင်း၏ဘေးတွင် ရှိနေသည်မှာ နတ်မိမယ်ကျစ်ရွှမ်ဖြစ်ပြီး နတ်မိမယ်ကျစ်ရွှမ်က သူ့အား ဆရာတူအစ်ကိုဟု ကျိုးနွံစွာ ခေါ်သည်ကို တွေးကြည့်မိသောအခါတွင် ဖြစ်သည်။
“ ငါ ချင်းလေးရဲ့နာမည်ကို သုံးပြီး အဲဒီသူတွေနဲ့ ချင်းလေးကြား ဆက်ဆံရေး ခိုင်မြဲနေအောင် လက်ဆောင်လေးတွေ ပေးရမယ်။ ချင်းလေး၊ ငါ့လို ဆရာတူအစ်ကို တစ်ယောက်ရှိတာ အရင်ဘဝက ကုသိုလ်ကောင်းမှုတွေ မင်း လုပ်ခဲ့လို့ပဲ ဖြစ်မယ် ”
ခေါင်းဆောင်သည် အလွန် စိတ်တက်ကြွနေ၏။
အမှန်စင်စစ် ယင်းသည် ပထမဆုံးအကြိမ် သူ လုပ်ဖူးခြင်း မဟုတ်ပေ။
ယခင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ထဲရှိ ထိုအဖြစ်အပျက်ကြီးကို သူနှင့် ရွှီချင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် သူ့ကို ဂုဏ်ထူးဆောင်ဂိုဏ်းသားအနေဖြင့် လူသားမဟုတ်သောမျိုးနွယ်ဝင်များအား ကြိုဆိုရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ တင်းရွှယ်နှင့် ကူးမုချင်းတို့ ရွှီချင်းဘေးတွင် တချိန်တည်း ပေါ်လာခဲ့ကြသည်မှာ သူ၏စနက်ကြောင့် ဖြစ်ပေသည်။
အမှန်စင်စစ် ဂိုဏ်းက ကူးမုချင်းတစ်ယောက်တည်းကိုသာ တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်် ခေါင်းဆောင်က တင်းရွှယ်ကို တိတ်တဆိတ် သတင်းပေးကာ တစ်နေရာစာ ရောင်းချပေးခဲ့သည်။
သူသည် အလွန် ဘဝင်ခိုက်ေ်နပြီး သူ၏အရှိန်သည်လည်း မြင့်တက်သွားသည်။ သူသည် ရွှီချင်းနောက်သို့လိုက်ကာ ဓားတားမြစ်ဒေသကြီးထဲ ဝင်ရောက်လာသည်။
ဓားတားမြစ်ဒေသတောအုပ်ထဲတွင် ရွှီချင်းသည် အလွန် မြန်ဆန်စွာ ပြေးနေသည်။ တောအုပ်ထဲ သူ ရောက်သွားပြီးနောက် ဘေးပတ်လည်ရှိ ဓာတ်နှောများ တိုးဝင်လာပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲ အလျင်အမြန် ပြည့်နှက်သွားသည်။ သူသည် ချက်ချင်း စုပ်ယူလိုက်ပြီး တတိယမြောက်နန်းတော်ထဲ ထည့်သွင်းလိုက်သည်။
သူသည် မရပ်တန့်ပေ။ တောအုပ်ထဲတွင် ကျော်လွှားပြီးနောက် ညာလက်ဖြင့် ဘေးကို ဖမ်းဆုပ်လိုက်သည်။ ရုတ်တရက် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် တွဲလောင်းကျနေသော ကြောက်ခမန်းလိလိ အရှိန်အဝါများ ထုတ်လွှတ်နေသည့် ဧရာမမြွေကြီးတစ်ကောင်ကို သူ ဖမ်းဆုပ်မိလိုက်သည်။
သူ၏လက်က မြွေကြီးကို ဖမ်းဆုပ်လိုက်သည့်အချိန်မှာပင် အရွယ်ရောက်ပြီးလူတစ်ယောက်စာ တုတ်ခိုင်သော မြွေကြီးထံမှ နာကျင်သော တရွှီရွှီအော်မြည်သံ ထွက်ပေါ်လာသည်။ မြွေကြီး၏ ခန္ဓာကိုယ် ခြောက်ကပ်လာပြီး မျက်တောင်တစ်ခတ်အတွင်း အရိုးစု ဖြစ်သွားသည်။ မြွေကြီး၏ခန္ဓာကိုယ်ထဲရှိ သက်စောင့်အားများအားလုံး ပျောက်ကွယ်သွားသည်။
ရွှီချင်း၏မျက်လုံးများထဲတွင် စိတ်ဓာတ်တက်ကြွသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူသည် စကားတစ်ခွန်းမဆိုဘဲ ရှေ့ဆက်သွားသည်။ မကြာခင် ချီလင်တစ်ကောင်ကဲ့သို့ နီမြန်းသောအဆင်းရှိသည့် သားရိုင်းတစ်ကောင် ရွှီချင်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။
ထိုသားရဲကြီး၏ အရှိန်အဝါက သာမန်မဟုတ်ပေ။ သားရဲကြီးထံမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး လူသားများနှင့် သားရဲများ၏ မျက်နှာများဖြင့် ဖုံးလွှမ်းနေသည်။
သားရိုင်းကြီး၏ ရှေ့တွင် ခြေရှစ်ချောင်းဝံပုလွေအုပ်စု ရှိသည်။ ထိုဝံပုလွေများသည် ထူးခြားသည်။ ခန္ဓာနှစ်ခု ရှိသော်လည်း ခေါင်းတစ်ခေါင်းတည်းသာ ဖြစ်သည်။
ယင်းအပြင် ခေါင်းက အလွန်ကြီးမားပြီး ခန္ဓာကိုယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်နိုင်သည်။ ဝံပုလွေများ၏ ပုံပန်းသွင်ပြင်သည် ထူးဆန်းပါသော်လည်း တချိန်တည်းမှာပင် အလွန် ရက်စက်ကြမ်းကြုတ်ကြသည်။ သို့သော် ချီလင်ကဲ့သို့ သားရိုင်းကြီး၏ အမဲလိုက်ခြင်းအောက်တွင် ဝံပုလွေအုပ်မှာ ရက်စက်ကြမ်းကြုတ်စိတ်များကို ချွန်းအုပ်ကာ သွေးရူးသွေးတန်းဖြင့် ပြေးနေကြသည်။
ရွှီချင်းသည် ထိုအုပ်စုနှစ်စုကြားတွင် ပေါ်လာသည်။ ချီလင်ကဲ့သို့ သားရိုင်းကြီး၏ ခြေလှမ်းများ ဆတ်ခနဲ ရပ်တန့်သွားသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်လာသည်နှင့် ရွှီချင်းက ၎င်းရှေ့သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် ညာလက်ကို မြှောက်၍ ကြမ်းတမ်းစွာ ဖိချလိုက်သည်။
သားရိုင်းကြီး၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ရှောင်တိမ်းရန် သို့မဟုတ် တားဆီးရန်ပင် အရည်အချင်း မရှိပေ။ တခဏလေးအတွင်း ရွှီချင်း၏ လက်ဝါးကြီးက သားရိုင်းကြီး၏ ခေါင်းပေါ် ကျရောက်သွားသည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သားရိုင်းကြီး၏ ခန္ဓာကိုယ် ခြောက်ကပ်သွားပြီး အသက်ရှူချိန်အနည်းငယ်အတွင်း အရိုးစု ဖြစ်သွားသည်။
ထိုဖြစ်ရပ်သည် ခြေရှစ်ချောင်းဝံပုလွေအုပ်ကို တုန်ရီကာ ပို၍ပင် မြန်ဆန်စွာ ထွက်ပြေးသွားစေသည်။ သို့သော်လည်း ရွှီချင်းသည် နှုတ်ခမ်းများကို သပ်၍ ခုန်အုပ်လိုက်ပြီး အရိပ်များအသွင် ပြောင်းလဲ၍ ပြေးလိုက်သွားကာ ဝံပုလွေများကို စုပ်ယူလိုက်သည်။
မကြာခင် အရိုးစုပုံကြီးကို ချန်ထားခဲ့ပြီး ရွှီချင်းသည် တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
အသက်ရှူချိန်ဆယ်ကြိမ်ကြာပြီးနောက် ခေါင်းဆောင် ပေါ်လာသည်။
သူသည် မြေပြင်ပေါ်ရှိ အလောင်းများအားလုံးကို ကြည့်၍ စိတ်သက်သာရာရသွားသည်။
“ ကြည့်ရတာ ပြဿနာမရှိလောက်ဘူး ”
ခေါင်းဆောင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ဆက်လိုက်ရန် ပြင်လိုက်သည်။
ထိုအချိန်၌ သူ၏အမူအရာ ပြောင်းလဲသွားသည်။ သူသည် နှာခေါင်းရှုံ့လိုက်ပြီး တားမြစ်ဒေသကြီး၏ အတွင်းပိုင်းသို့ သံသယစိတ်ဖြင့် လှည့်ကြည့်လိုက်ည်။
ထိုနေရာသည် ရွှီချင်း ပျောက်သွားသည့်နေရာနှင့် မတူညီသောအရပ်ဖြစ်သည်။
ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်လာသည်။
“ ဒီနေရာမှာ ဒီလိုမျိုး ရတနာ ရှိနေတာပဲ ”
ခေါင်းဆောင်သည် ဝင်းလက်တောက်ပနေသောမျက်လုံးများဖြင့် နှုတ်ခမ်းများကို သပ်လိုက်သည်။
“ ညီလေး အဆင်ပြေလောက်မှာပါ။ အဲဒီရတနာကို ငါ အရင် သွားကြည့်ရမယ် ”
ထိုအတွေးနှင့် ခေါင်းဆောင်သည် ဦးတည်ချက်ပြောင်းကာ အလျင်အမြန် ပြေးသွားပြီး တောအုပ်ထဲ ပျောက်ကွယ်သွားသည်။
ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည်။ မကြာခင် လဝက်ကုန်လွန်သွားသည်။
ထိုလဝက်တာအတောအတွင်း ရွှီချင်းသည် သွေးပျက်ချောက်ချားဖွယ်သတ်ပွဲကြီး ဆင်နွှဲခဲ့သည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း သူ၏အဆိပ်ကို အားဖြည့်ရန် ကြုံတွေ့ရသမျှ သားရဲတိုင်း၏ သက်စောင့်အားများကို စုပ်ယူလေသည်။ မကောင်းဆိုးဝါးများနှင့် ကြုံလာရသောအခါမှာပင် ထိုနည်းတူ ပြုမူလေသည်။
သားရဲဘယ်လောက်များများ သူ သတ်ဖြတ်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ ကောင်းကင်နန်းတော်လေးဆောင် တိုက်ရည်ခုက်ရည်ဖြင့် တားမြစ်ဒေသကြီး၏ အပြင်ဘက်ပိုင်းရှိ အရာအားလုံးကို သူ ဖြေရှင်းနိုင်သည်။
ထို့ကြောင့် ခဏအကြာ ရွှီချင်းသည် တောနက်ထဲသို့ တဖြည်းဖြည်း နီးကပ်လာသည်။ တောနက်ထဲ သူ တိုးဝင်လာသည်နှင့်အမျှ သားရိုင်းများစွာကို သူ ပို၍ ကြုံတွေ့လာရပြီး ဆက်လက်စုပ်ယူကာ သတ်ဖြတ်လေသည်။
တဖြည်းဖြည်းနှင့် သူ၏အသိစိတ် ပုံမှန် ပြန်ဖြစ်လာသည်။ သူ၏မျက်လုံးများထဲရှိ အလင်းက မှိန်ဖျော့မနေတော့ဘဲ ခန္ဓာကိုယ်က များစွာ ပြန်လည်သက်သာလာသည်။
ခရမ်းရောင်သလင်းကျောက်၏ အစွမ်းဖြင့် ပေါင်းစပ်လိုက်ပါက ယခုတွင် သူ အဆင်ပြေနေပုံရသည်။ အလွန်ဆုံးအနေဖြင့် ယခင်ကနှင့်ယှဉ်လျှင် ပို၍ ပိန်ပါးသွားသည်သာ ရှိသည်။
သူ၏ဆံပင်များ ပြန်ရှည်လာပြီး သူ၏ဝတ်ရုံက အသစ်တစ်စုံ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုကဲ့သို့ သိပ်သည်းထူထပ်သော သက်စောင့်အားများနှင့် ဓာတ်နှောများအောက်တွင် တတိယမြောက် ကောင်းကင်နန်းတော်ထဲရှိ အဆိပ်တားမြစ်ဆေးက အပြည့်အဝ ပြန်လည်သက်သာသွားရန် ဆံချည်မျှင်တစ်ထောက်စာသာ ဝေးတော့သည်။
ထိုဆံချည်မျှင်တစ်ထောက်စာအတွက်လည်း ဖြေရှင်းရလွယ်ကူပေသည်။ ယခုအချိန်၌ ရွှီချင်းသည် ထိုအတွက် တိုက်ခိုက်နေ၏။ သူသည် အလွန် မြန်ဆန်စွာဖြင့် ကောင်းကင်ယံတွင် ပျံသန်းနေသော ဧရာမရေခူအုပ်စုထံ ဦးတည်သွားသည်။
ထိုရေခဲကြီးများသည် အေးစက်စက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း မြေပြင် အေးခဲသွားတတ်သည်။ ဤနေရာရှိ သားရိုင်းအများစုမှာ ထိုသေခြင်းတရားမှ မလွတ်မြောက်နိုင်ကြပေ။
ထိုရေခူများမှာ အရွယ်အစားမျိုးစုံနှင့် ဒါဇင်ချီ၍ ရှိသည်။ ရေခူကြီးများ၏ ဖောက်ထွင်းမြင်ရသော ခန္ဓာကိုယ်များထဲတွင် အစာချေဖျက်ခံနေရသော ဆွေးမြေ့ပျက်စီးနေသည့် အလောင်းကောင်များကိုပင် မြင်နိုင်သည်။
ရွှီချင်းသည် ယခင်က ရတနာမုဆိုးစခန်းတားမြစ်နယ်မြေထဲတွင် အလားတူ ရေခူများကို မြင်ခဲ့ရဖူးသည်။
ရေခူသည် တားမြစ်နယ်မြေနှင့် တားမြစ်ဒေသတွင် တွေ့ရများသော သတ္တဝါများ ဖြစ်သည့်အလားပင်။ ရေခူများကို တဖန်မြင်တွေ့လိုက်ရပြီးနောက် ယခင်က သူ ခံစားခဲ့ရဖူးသည့် ပြင်းထန်သော ဖိအားများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ရေခူကြီးများကို ကြည့်၍ ရတနာမုဆိုးစခန်းထဲတွင် ထိုရေခူများ၏ လက်ချက်ဖြင့် သေသွားခဲ့ရသော မရေမတွက်နိုင်သည့် အဆင့်နိမ့်ကျင့်ကြံသူများကို ရွှီချင်း တွေးမိလိုက်သည်။ ထိုကျင့်ကြံသူများထဲတွင် ရွှီချင်း မြေမြှုပ်ပေးလိုက်ရသည့် အဘိုးအိုလောင်ရှစ်လည်း ပါသည်။
ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး တဟုန်ထိုး ပြေးသွားသည်။ သူသည် ထိုရေခူအုပ်စုဆီသို့ ရိပ်ခနဲ ရောက်သွားသည်။
တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး သက်စောင့်အား ကုန်ခမ်းသွားသော ခြောက်ကပ်ကပ် ရေခူများစွာ လေထဲမှ ပြုတ်ကျလာသည်။
ခဏအကြာ ရွှီချင်းသည် ဧရာမသစ်ပင်ကြီးတစ်ပင်အပေါ်သို့ ဆင်းသက်လိုက်သည်။
သူ၏မျက်လုံးများထဲတွင် စိတ်တက်ကြွသည့်အရိပ်အယောင်များ ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံအလား မြည်ဟည်းသံကြီး ပဲ့တင်ထပ်သွားသည်။
တတိယမြောက်နန်းတော်ထဲတွင် သူ၏မွေးရာပါရတနာအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သော အဆိပ်တားမြစ်ဆေးသည် သက်စောင့်မီးတောက်များကို ပြန်လည်ထွန်းညှိလိုက်ပုံရပြီး ထူထပ်သိပ်သည်းသော စွမ်းအင်အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။
အမှန်စင်စစ် အဆိပ်ဆေးက အနည်းငယ် တုန်ရီနေသည်။
ထိုတုန်ရီခြင်းသည် နှလုံးခုန်သည်နှင့် ဆင်တူသည်။
နောက်ဆက်တွဲအနေဖြင့် အလွန် ရင်းနှီးသော ဆက်နွှယ်ချက်တစ်ခု ရှိသည်။ ထိုခံစားချက်သည် တတိယမြောက်နန်းတော်ထဲရှိ အဆိပ်တားမြစ်ဆေးက ရွှီချင်း၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်လာသည့်အလားပင်။
ရွှီချင်း စိတ်လှုပ်ရှားသွားသည်။
သူသည် ပိုးကောင်နက်များကို ပထမဆုံး ထုတ်လိုက်ပြီး ရှူသွင်းလိုက်သည်။ ရုတ်တရက် ထိုပိုးကောင်နက်များက ရွှီချင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး အဆိပ်တားမြစ်ဆေးများ ဝန်းရံနေသော တတိယနန်းတော်ထဲ ဝင်ရောက်သွားသည်။
ရုတ်တရက် ရွှီချင်းသည် တောအုပ်ထဲရှိ အဝေးမှ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ ထိုအချိန်၌ ရေခူနောက်တစ်သုတ် တရွှီရွှီ ပျံသန်းလာကြသည်။
ထိုရေခူများက ပို၍ပင် ကြီးမားသည်။ သူသည် စောစောက ရေခူတစ်စုကိုသာ သတ်ဖြတ်ခဲ့ပြီး ထိုသည်က ဘေးပတ်ဝန်းကျင်ရှိ တခြားရေခူများကို ဆွဲဆောင်လိုက်သည်။ ထိုအချိန်၌ ရေခူများရာချီ၍ အဝေးမှ ပြေးလာနေသည်။
ထိုရေခူများအနက် သုံးကောင်မှာ ပေထောင်ချီရှည်သော ခန္ဓာကိုယ်များရှိပြီး ကောင်းကင်နန်းတော်နှစ်ဆောင် သို့မဟုတ် သုံးဆောင်ကို ယှဉ်နိုင်သော ကြောက်ခမန်းလိလိအစွမ်းများကို ထုတ်လွှတ်နေသည်။
“ တားမြစ်ဒေသက ခန့်မှန်းထားသလိုပါပဲလား။ အတွင်းပိုင်းကိုတောင် မရောက်သေးဘူး။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့သတ္တဝါကို တွေ့နေရပြီ ”
“ ကောင်းပြီလေ။ ဒီနေရာမှာ ငါ့အဆိပ်တားမြစ်ဆေးအစွမ်းကို စမ်းသပ်ရတော့မှာပေါ့ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ တတိယမြောက်ကောင်းကင်နန်းတော်မှာ တုန်ရီသွားပြီး အထဲရှိ အဆိပ်တားမြစ်ဆေး အသက်ဝင်သွားသည်။
အဆိပ်တားမြစ်ဆေးနှင့် သူ့ကိုယ်ထဲမှ အဆုံးအစမဲ့အဆိပ်များ ဝုန်းခနဲ ထွက်ပေါ်လာသည်။ ထိုအဆိပ်သည် အရောင်အဆင်းကင်းမဲ့ပြီး နှင်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်နှင့် ဆင်တူသည်။
ထိုအဆိပ်ဖြတ်သန်းသွားသည့်နေရာတိုင်း မရေမတွက်နိုင်သော သစ်ပင်များ ချက်ချင်း ခြောက်ကပ်ပြီး မျက်တောင်တစ်ခတ်အတွင်း အသီးအရွက်များအားလုံး ပြာဖြစ်သွားသည်။ သားရိုင်းများတွင် ရုန်းကန်ရန် အင်အားမရှိတော့ဘဲ အဆိပ်မိသွားသည်နှင့် စူးစူးဝါးဝါးအော်ဟစ်ကာ သွေးများအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ယံရှိ ရောက်ရှိလာသော ရေခူများသည်ပင် ထိုသေခြင်းတရားမှ ရှောင်လွှဲမသွားနိုင်ပေ။ ရေခူတစ်ကောင်ပြီးတစ်ကောင် မည်းနက်ကာ အရည်ပျော်သွားပြီး ရေမည်းများအဖြစ် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
ထိုရေခူများသာ မဟုတ်၊ မြေပြင်မှာလည်း အတူတူပင်။
မြေပြင်က တားမြစ်နယ်မြေ ဖြစ်လာသည်။ မရေမတွက်နိုင်သော ပိုးကောင်နက်များ တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကြပြီး မြေအောက်ရှိ သားရိုင်းများသည်လည်း အဆိပ်ကို မရှောင်တိမ်းနိုင်ကြဘဲ ချက်ချင်း ဇီဝိန်ချုပ်သွားကြသည်။
ထိုအချိန်၌ ကောင်းကင်ယံရှိ မြူခိုးများ အလျင်အမြန် အရည်ပျော်လာပြီး ဧရာမအပေါက်ကြီးတစ်ပေါက် ပေါ်လာကာ အပြင်လောကမှ လရောင်ခြည်များ ဖြာကျလာသည်။
ထိုလရောင်သည် ရွှီချင်း၏ခန္ဓာကိုယ်နှင့် ဘေးပတ်လည်ရှိ ပေငါးထောင်ပတ်လည်ကို လွှမ်းခြုံသွားသည်။
ထိုပေငါးထောင်အကျယ်အတွင်း မြက်ပင်တစ်ပင်သည်ပင် လွတ်မြောက်သွားခြင်း မရှိဘဲ အရာအားလုံး သေဆုံးသွားသည်။
တစ်ချက်ကြည့်ရုံဖြင့် မြေပြင်က ပြောင်ရှင်းသွားကြောင်း သိနိုင်သည်။
မည်းနက်သော မြေသားသည်သာ ချောက်ချားစရာကောင်းစွာ ပေါ်လွင်နေသည်။
ရွှီချင်းသည် လေထဲတွင် ရပ်၍ ထိုအခြင်းအရာအားလုံးကို ကြည့်လိုက်သည်။ အရိပ်က တဖြည်းဖြည်း ပေါ်လာပြီး မည်းနက်တောက်ပြောင်သော ဧရာမသစ်ပင်ကြီးတစ်ပင်၏ အရိပ်အဖြစ် ပြောင်းလဲသွားသည်။ ထိုသစ်ပင်ကြီးသည် သူ့နောက်တွင် ကွေးညွှတ်ကာ အရိုအသေပေးလိုက်သည်။
အဝေးမှကြည့်ပါက ထိုဧရာမသစ်ပင်အရိပ်ကြီးသည် ရွှီချင်း၏ ခြုံထည်ဖြစ်လာပုံရသည်။ ထိုပေငါးထောင်အကျယ် ချေမှုန်းခြင်းအပြီးတွင် ရွှီချင်း၏ မြင့်မားသောအရပ်အမောင်းနှင့် တုဖက်ကင်းအောင် ချောမောသော မျက်နှာက ပို၍ပင် မိစ္ဆာဆန်နေပုံရသည်။
သံတုတ်နက်လေးက လေထဲတွင် ပေါ်လာပြီး တုန်ရီနေသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း မြေပြင်တွင် ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။
သူ့စိတ်ထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်လာပြီး အရာအားလုံးက ရေရွတ်ခြင်းအဖြစ် ပြောင်းလဲသွားသည်။
“ နတ်ဘုရားလား ”
ယင်းသို့ဆိုရခြင်းမှာ မြေပြင်မှ တဖြည်းဖြည်း ကြီးထွားလာနေသော ဓာတ်နှောများကြောင့် ဖြစ်ပေသည်။
ထိုဓာတ်နှောများသည် တားမြစ်ဒေသဆီမှ မဟုတ်ပေ။ ရွှီချင်း၏အဆိပ်ဖြင့် လွှမ်းခြုံခံလိုက်ရသော ထိုမြေပြင်မှ အလိုလို ပေါက်ဖွားလာခြင်း ဖြစ်သည်။
ပို၍ပင် ထူးဆန်းသည်မှာ ထိုဓာတ်နှောများသည် သူ့ထံမှ ရောက်လာသည်ဆိုသော ခံစားချက်မျိုး ရွှီချင်းကို ခံစားရစေသည်။
သူ့ကြောင့် ထိုဓာတ်နှောများ ပေါက်ဖွားလာသည့်အလားပင်။
မူလက ဤနေရာတွင် စိမ့်ဝင်နေခဲ့သော ဓာတ်နှောများနှင့် ကွဲပြားသည်။
ရွှီချင်းသည် မယုံကြည်နိုင်ခြင်းများဖြင့် ခန္ဓာကိုယ် တုန်ရီသွားသည်။ ယင်းသည် နတ်ဘုရား၏ အစွမ်း မဟုတ်ပါလား။