စိုးရိမ်ကြောင့်ကြနေသော ဘိုးဘေး
Vol. 30 Ch. 448
ရွှီချင်းသည် လေထဲတွင် ရပ်၍ ထိုအခြင်းအရာအားလုံးကို ကြည့်လိုက်သည်။ သူ အကြီးအကျယ် စိတ်လှုပ်ရှားသွားသည်။
အချိန်အတော်ကြာသွားသည့်အခါမှသာ သက်ပြင်းရှိုက်လိုက်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ ရုတ်တရက် ဤနေရာမှ ထုတ်လုပ်ထားသော ဓာတ်နှောများက သူ့ထံ တန်းတန်းမတ်မတ် ဦးတည်လာသည်။ ထို့နောက် သူ၏လက်ဝါးကို ရစ်ပတ်ကာ လေစီးကြောင်းပုံစံ ဖြစ်လာသည်။
သူ့လက်ဝါးအပြင်ဘက်ရှိ အနက်ရောင်ဓာတ်နှောများမှ ဖြစ်လာသော မြူခိုးများကို ကြည့်၍ ရွှီချင်းမှာ မယုံမကြည် ဖြစ်နေဆဲပင်။
ယင်းသည် မျှော်လင့်မထားပါသော်ငြား ဂရုတစိုက် တွေးကြည့်ပါက ဖြစ်နိုင်ချေရှိပုံရသည်။
အဘယ်ကြောင့်ဆိုသော် ထိုအစွမ်းထက်ကျင့်ကြံသူသည် နတ်လောကမှ ထူးဆန်းသော ထိပ်သီးကျင့်ကြံသူနှင့် တိုက်ခိုက်ပြီးနောက် ဖော်စပ်ခဲ့သော အဆိပ်တားမြစ်ဆေး မဟုတ်ပါလား။ ထိုထိပ်သီးကျင့်ကြံသူက မသေဆုံးခင် အဆိပ်တားမြစ်ဆေးဖြင့် ဒုက္ခပေးခဲ့သည်။ အစွမ်းထက်ကျင့်ကြံသူသည် အဆိပ်ကို ဖော်စပ်ရန် ဒုက္ခမျိုးစုံကျော်လွှားခဲ့ရသည်။
သို့ဖြစ်၍ အဆိပ်တားမြစ်ဆေး၏ ရင်းမြစ်က အမှန်စင်စစ် နတ်လောကမှ ကျင့်ကြံသူ ဖြစ်သည်။
နတ်လောက ဆိုသည်မှာ …
ရွှီချင်းသည် ကောင်းကင်ကြီးကို ကြည့်လိုက်သည်။
ထိုအချိန်၌ ကောင်းကင်ယံတွင် တိမ်မည်းများဖြင့် ပြည့်နှက်နေသည်။ သူ့ကြောင့် အရည်ပျော်သွားခဲ့သော ပေငါးထောင်အတွင်းရှိ ကောင်းကင်နေရာသည်သာ ဧရာမအပေါက်ကြီးတစ်ပေါက် ဖြစ်နေသည်။
ထိုအပေါက်ကြီးမှတစ်ဆင့် အပြင်ဘက်ရှိ စူးရှတောက်ပသော လမင်းကြီးကို ရွှီချင်း ကြည့်လိုက်သည်။ လရောင်အောက်တွင် နတ်ဘုရားမျက်နှာပျက်ကြီး၏ ထောင့်စွန်းကိုလည်း သူ ခပ်ရေးရေး မြင်နေရသည်။
“ နတ်ဘုရားက တစ်နေရာကို တစ်ခါကြည့်လိုက်ရင် တားမြစ်နယ်မြေ ဖြစ်သွားတယ်။ အဲဒီနေရာကို နှစ်ခါကြည့်လိုက်ရင် တားမြစ်ဒေသ ဖြစ်သွားတယ်။ သုံးခါကြည့်လိုက်ရင် နတ်လောက ဖြစ်သွားတယ် ”
ဝမ်ကူးဒေသကြီးသည် ကျယ်ပြန့်သည်။ နတ်ဘုရားက မျက်လုံးများကို ဖွင့်၍ တစ်နေရာတည်းကို သုံးကြိမ် ကြည့်ရန်မှာ အလွန်ပင် ကြုံတောင့်ကြုံခဲ ဖြစ်သည်။
“ နတ်လောကက နတ်ဘုရားအစွမ်းကို ဖမ်းဆုပ်နိုင်တာလား။ ပြီးတော့ အလင်းတဖန်အဖွဲ့ရဲ့ နတ်ဘုရားမျိုးစိတ်ကလည်း နတ်ဘုရားရဲ့အစွမ်းကို တူးဖော်တာနဲ့ ဆက်နွှယ်နေတာ ”
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအချိန်၌ အဆိပ်တားမြစ်ဆေး၏ အဓိကအစွမ်းမှာ အဆိပ် ဖြစ်ချင်မှ ဖြစ်မည်ဖြစ်ပြီး သော့ချက်တစ်ခုလည်း ဖြစ်သွားနိုင်သည်ကို သူ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။
နတ်ဘုရား၏ ဂိတ်တံခါးကို ဖွင့်နိုင်သော သော့ချက်ပင်။
“ အဲဒီအစွမ်းထက်ကျင့်ကြံသူက အဲဒီအကြောင်းကို အရင်က သိခဲ့လား ”
ရွှီချင်း ငြိမ်သက်သွားသည်။ သူ၏အမြင်၌ ထိုကိစ္စနှင့် ပတ်သက်ပြီး မဖြေရှင်းနိုင်သေးသော မေးခွန်းတချို့ရှိနေသေးသည်။ သို့သော် သူ့မှာ လိုအပ်သော သဲလွန်စများ ရှိမနေသည်ဖြစ်ရာ စေ့စေ့စပ်စပ်သုံးသပ်နိုင်မည် မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေကာမူ အဆိပ်တားမြစ်ဆေး၏ တန်ဖိုးက ကြောက်ခမန်းလိလိဖြစ်ပေသည်။ ထိုအချက်ကို ရွှီချင်း နက်ရှိုင်းစွာ နားလည်သည်။
နတ်ဘုရား၏အစွမ်းကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားသော ပစ္စည်းက အပြင်လောကကြီးအား မည်မျှဆွဲဆောင်မှုရှိသည်ကိုလည်း သူ နားလည်သည်။ ထိုကိစ္စသာ ပျံ့သွားသည်နှင့် အဆိပ်တားမြစ်ဆေးအား သူ ဆက်လက်ထိန်းသိမ်းနိုင်ချင်မှ ထိန်းသိမ်းနိုင်ပေမည်။
ရွှီချင်းသည် လူသားသဘာဝကို စိန်မခေါ်ချင်ပေ။ ထို့ကြောင့် သူသည် အဆိပ်တားမြစ်ဆေးထဲရှိ နတ်ဘုရားစွမ်းအားကို ခရမ်းရောင်သလင်းကျောက်နှင့် အဆင့်တူရှိသည့် သူ၏အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်အဖြစ် မှတ်သားထားလိုက်သည်။
“ ငါက အဆိပ်တာအိုမှာ တော်တယ်။ အဆိပ်နဲ့သတ်ရင် သံသယရှိမှာ မဟုတ်ဘူး။ ဒီတော့ ဒီအဆိပ်တားမြစ်ဆေးရဲ့ အဆိပ်ကို အသုံးပြုတာက ဖုံးကွယ်ပြီးသား ဖြစ်မှာပါ ”
ရွှီချင်းသည် ငြိမ်သက်နေပြီးနောက် လက်ရှိသူ၏တိုက်ရည်ခိုက်ရည်ကို စစ်ဆေးကြည့်လိုက်သည်။ ယခုလောလောဆယ်တွင် သူ၏အသိပင်လယ်ထဲရှိ ကောင်းကင်နန်းတော်သုံးဆောင်က ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်နှင့် ပေါင်းစပ်လိုက်ပါက သက်စောင့်နန်းတော်လေးဆောင်တိုက်ရည်ခိုက်ရည်ကို သူ ပိုင်ဆိုင်နေပြီ ဖြစ်သည်။
သူသာ အဆိပ်ကို အသုံးပြုပါက ပိုပြီး အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူများကို တိုက်ခိုက်နိုင်မည်ဟု သူ ယုံကြည်သည်။ အဆိပ်ကို အလွန်အကျူး ထုတ်ဖော်ပြီးနောက် မွေးဖွားလာသော နတ်ဘုရားစွမ်းအားကိုမူ သူ တွေးတောလိုက်ပြီးနောက် လုံးဝမလိုအပ်ဘဲ ထိုအစွမ်းကို သူ သေချာပေါက် အသုံးပြုမည် မဟုတ်ပေ။
ထိုအတွေးကြောင့် ရွှီချင်းသည် အနက်ရောင်ဆေးလုံးအမြောက်အမြား ထုတ်လိုက်ပြီး ပေငါးထောင်အကျယ်အတွင်းသို့ လျင်မြန်စွာ ပစ်လိုက်သည်။
အနက်ရောင်ဆေးလုံးများ ပေါက်ကွဲသွားသည်နှင့် ပေငါးထောင်အပြင်ဘက်မှ ဓာတ်နှောများ တလိမ့်လိမ့်စုစည်းလာပြီး ရွှီချင်းကြောင့် မွေးဖွားလာခဲ့သော ဓာတ်နှောများကို တွန်းဖယ်လိုက်သည်။
ကောင်းကင်ယံရှိ တိမ်မည်းများ တဖြည်းဖြည်း တရွှီရွှီမြည်လာပြီး ဘာမှမဖြစ်သွားခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
မြေပြင်မှာလည်း ဓာတ်နှောများဖြင့် ပြန်လည်ပြည့်နှက်သွားသည်။ ပြောင်ရှင်းသွားသော မြေပြင်သည်သာ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ကို သက်သေခံနေသည်။
ရွှီချင်းသည် ထိုအခြင်းအရာအားလုံးကို မြင်ပါသော်လည်း အနည်းငယ် စိတ်ပူနေဆဲပင်။ သူသည် အနက်ရောင်ဆေးလုံးအနည်းငယ် ထပ်ပစ်လိုက်သည်။
ဤနေရာရှိ ဓာတ်နှောများ အလွန် ထူထပ်သိပ်သည်းလာပြီး သူ့ကြောင့် ဖြစ်လာသော ဓာတ်နှောများ လုံးလုံးလျားလျား လွင့်ပါးပျောက်ကွယ်သွားသည်ကို အာရုံခံမိသောအခါမှသာ စိတ်အေးလက်အေး ဖြစ်သွားသည်။ ထို့နောက် ချာခနဲလှည့်ကာ ထွက်သွားသည်။
အပြန်လမ်းတွင် သူ၏ခြေထောက်အောက်ရှိ အရိပ်လေးနှင့် သံတုတ်နက်တို့ကို ကြိမ်ဖန်များစွာ သူ ကြည့်လိုက်သည်။
သူ့အကြည့်ကြောင့် အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ တုန်ရီသွားသည်။
အရိပ်လေးက အန္တရာယ်တချို့ကို အလိုလို ခံစားမိလိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာမူ လိမ္မာပါးနပ်သည်ဖြစ်ရာ မည်သည့်အတွက် အကြောင်းအရင်းကို မသိဘဲ ရှိမည်နည်း။ ထို့ကြောင့် ရွှီချင်းက သူ့ကို ခုနစ်ကြိမ်မြောက် ကြည့်လိုက်သောအခါတွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ချက်ချင်း ရုပ်လုံးပေါ်လာသည်။
ဒုန်းခနဲ မြည်သံနှင့်အတူ မြေပြင်မှာ ဒူးထောက်လိုက်သည်။
“ သခင်လေး၊ ကျနော်မျိုးကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ် ”
ရွှီချင်းသည် တစ်ခွန်းမျှ မဆိုဘဲ အေးတိအေးစက် လှမ်းကြည့်လိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ သစ္စာရှိသောအမူအရာ ရှိပြီး သူ့မျက်လုံးများက ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူသည် ရွှီချင်းကို နတ်ဘုရားတစ်ပါးအလား ကြည့်နေသည်။ ယင်းသည် ယခင်က ညဉ့်ငှက်ကို မြင်ပြီးနောက် သူ တိတ်တဆိတ် သင်ကြားထားခဲ့သည့် အကြည့် ဖြစ်သည်။
“ သခင်လေး၊ တစ်နေ့ကျရင် ကျနော်မျိုး အဖမ်းခံလိုက်ရမှာကို စိတ်ပူတယ်။ ကျနော်မျိုး သေသွားရင်တောင် သခင်လေးရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်မှာ မဟုတ်ဘူးဆိုပေမဲ့ ထူးဆန်းတဲ့နည်းလမ်းသုံးပြီး ကျနော်မျိုးရဲ့ ဝိညာဉ်ကို ရှာဖွေရင် ရှာဖွေကြမှာ။ အဲဒါက ကျနော်မျိုးရဲ့ စိတ်ဆန္ဒအရ မဟုတ်ပေမဲ့ နည်းနည်းလောက် ပေါ်သွားခဲ့ရင်တောင် ကျနော်မျိုုး ကိုယ့်ကိုယ်ကို မလုံမလဲ ဖြစ်နေရမှာ။ ကျနော်မျိုးသေသွားရင် သေသွားပါစေ သခင်လေးရဲ့ လျှို့ဝှက်ချက်ကိုတော့ ဖော်မှာ မဟုတ်ဘူး ”
“ အဲဒါကြောင့် ကျနော်မျိုးရဲ့ စိတ်ထဲမှာ ချေမှုန်းသုတ်သင်ခြင်းတံဆိပ်တစ်ခု ခတ်နှိပ်ပေးဖို့ သခင်လေးကို အကူအညီတောင်းချင်ပါတယ်။ အဲဒီလိုလုပ်တာက ဘယ်လောက်နာကျင်ပြင်းထန်နေပါစေ ကိစ္စမရှိပါဘူး။ အဲဒီနည်းလမ်းနဲ့မှပဲ ဆိုးဆိုးဝါးဝါး အခြေအနေတစ်ခု ဖြစ်ပျက်လာခဲ့ရင် ကျနော်မျိုးရဲ့ ဝိညာဉ်ကို ရှာဖွေတဲ့အခါ ကျနော်မျိုးရဲ့စိတ် ပေါက်ကွဲသွားပြီး ရန်သူတွေ ဘာမှ ရမသွားမှာပါ ”
“ ကျနော်မျိုး သေသွားခဲ့ရင်တောင် သခင်လေးကို သစ္စာရှိခဲ့တယ်ဆိုတဲ့အသိနဲ့ မြေအောက်လောကကို ပျော်ပျော်ကြီး သွားနိုင်မှာပါ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ရင်ဘတ်ကို ပုတ်လိုက်ပြီး အရူးအမူး ပြောလိုက်သည်။
ယင်းသည် သူ လိမ္မာပါးနပ်သည့်နေရာ ဖြစ်ပေသည်။ ရွှီချင်း၏စရိုက်ကို သူ ကောင်းစွာ သိထားပြီး ယခုအချိန်၌ အာမခံပေးခြင်းများက အသုံးမဝင်သည်ကို သူ သိသည်။ ကျမ်းသစ္စာကျိန်ဆိုခြင်းသည်လည်း အသုံးမဝင်ပေ။ မိစ္ဆာရွှီပင် မဆိုထားဘိ သူသည်ပင် ယုံကြည်မည် မဟုတ်ပေ။
ထို့ကြောင့် သူက ချက်ကျလက်ကျ ထောက်ပပြလိုက်ပြီး သူ၏သစ္စာရှိမှုကိုလည်း ဖော်ပြလိုက်သည်။
ယင်းသည် သူ၏လှည့်ကွက်အသေးစားလေးသာ ဖြစ်သည်။ ထိုသည်က မိစ္ဆာရွှီ၏ သံသယများအား ပျောက်ကွယ်သွားစေနိုင်ရန် အခွင့်အရေးများသည်ဟု သူ ခံစားရသည်။
ယင်းအပြင် ထိုကဲ့သို့ တံဆိပ်တော်မျိုး မိစ္ဆာရွှီ မသိသည်မှာ သေချာသလောက်ရှိသည်။ ထိုသို့မဟုတ်ပါက ထိုတံဆိပ်တော်ကို အသုံးပြုခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ယနေ့ သူ မြင်ခဲ့ရသည့်အရာအားလုံးသည် နောင်တချိန်တွင် လွတ်မြောက်ခွင့်ရရန် အခွင့်အရေးတစ်ခု ဖြစ်လာကောင်း ဖြစ်လာနိုင်သည်ဟု သူ ခပ်ရေးရေး ခံစားရသည်။
ထိုအတွေးမှာ အလွန် အန္တရာယ်များသည်ဖြစ်ရာ ပေါ်လာသည်နှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တဖိမ့်ဖိမ့်တုန်သွားသည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို စူးစိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ တံဆိပ်ခတ်ဖို့ မလိုပါဘူး။ ကျုပ် ယုံပါတယ်။ အဆိုးဆုံးအနေနဲ့ ခင်ဗျားကို အရှင်လတ်လတ် ဖမ်းမိသွားရင်တောင် ခင်ဗျားရဲ့သစ္စာစောင့်သိမှုကို ဖြည့်ဆည်းပေးဖို့ ကျုပ် လွှတ်ပေးလိုက်မှာ။ ပြီးတော့ ခင်ဗျားရဲ့ လက်ရှိတိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးသုံးလုံးအစွမ်းပဲ ရှိသေးတယ်။ နည်းနည်း နိမ့်ကျသေးတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး တုန်ရီသွားသည်။
စောစောက ပေါ်လာခဲ့သည့် အန္တရာယ်များသော အတွေးမှာ ထိတ်လန့်ကြောက်ရွံ့ခြင်းများကြားတွင် ချက်ချင်း ပျောက်သွားသည်။ မိစ္ဆာရွှီ၏အကြည့်က သူ့အတွေးများကို ဖောက်ထွင်းမြင်နေရသည့်အလား ခံစားရစေသည်။ သူ အလွန် စိုးရိမ်ပူပန်ကာ နောင်တရသွားသည်။
မိစ္ဆာရွှီအား သူ့ကို တံဆိပ်ခတ်နှိပ်ပေးရန် မတောင်းဆိုခဲ့သင့်ကြောင်း သူ ခံစားလိုက်ရသည်။
လက်နက်စောင့်ဝိညာဉ်အနေဖြင့် အမှန်တကယ်ဖြစ်နိုင်ချေရှိသော အဖြေတစ်ခုကို မပေးဘဲ မေးခွန်းများကိုသာ မည်သို့ မေးနိုင်မည်နည်း။
ထိုကဲ့သို့ အစောင့်အရှောက်ဝိညာဉ်က ကောင်းမွန်သော အစောင့်အရှောက်ဝိညာဉ် မဟုတ်ပေ။
သူ၏သစ္စာရှိမှုကို ပြသရန် ပထမဦးစွာ သူ့ကိုယ်သူ တံဆိပ်ခတ်နှိပ်သင့်သည်။
‘ ငါ မဆင်မခြင် လုပ်လိုက်တာပဲ။ ဒီမိစ္ဆာရွှီက အရင်ကထက် ပိုပြီး အသိဉာဏ်ရင့်ကျက်လာသလို ကြိုမြင်နိုင်တာပဲ။ နောင်ကျ အားလုံးကို ငါ သေသေချာချာ စဉ်းစားထားရမယ် ’
ထိုအတွေးကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အခြေအနေကို ပြေလည်စေရန် ကြိုးစားလိုက်သည်။
“ သခင်လေး၊ ကျနော်မျိုး … ကျနော်မျိုး အဆင့်တက်နိုင်တယ် ”
ရွှီချင်း၏ မျက်ခုံးမွေးများ အထက်သို့ မြင့်တက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ အဆင့်တက်တော့မည့် လက္ခဏာများကို သူ မမြင်ရပေ။ တချိန်တည်းမှာပင် အရိပ်လေးထံမှ ခံစားချက်များ ပို့လွှတ်လာသည်ကို သူ တွေ့လိုက်ရသည်။
“ ကျနော် … သေသေ… ရှင်ရှင် အတူတူ … အဆင့်တက် ”
ရွှီချင်းသည် အရိပ်လေးကို လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို လှစ်ခနဲ လှုပ်ရှားကာ ဦးတည်ချက် ပြောင်းလဲလိုက်သည်။ သူသည် အတွင်းပိုင်းသို့ မသွားတော့ဘဲ သူတို့ အဆင့်တက်ရန် သင့်တော်မည့်နေရာကို ရှာလိုက်သည်။
မကြာခင် လျှိုမြောင်တစ်ခုကို ရွှီချင်း တွေ့သွားသည်။
ထိုလျှိုမြောင်၏ အတွင်းနှင့်အပြင်က ထူးဆန်းသော လွှသွားအပင်လေးများဖြင့် ပြည့်နှက်နေသည်။ အရွက်များက အလွန် ရှည်လျားပြီး တချို့အရွက်များက ကွေးညွတ်နေပြီး တချို့က လူးလွန့်နေသည်ကို မြင်ရသည်။ ထိုအပင်များထဲတွင် သားရိုင်းလေးများ၏ အလောင်းများကို မြင်နိုင်သည်။
သို့သော်လည်း ရွှီချင်း ရောက်လာခြင်းနှင့်အတူ လျှိုမြောင်၏ အတွင်းနှင့်အပြင်ရှိ အပင်များအားလုံး အရွက်များနှင့် အကိုင်းအခက်များကို အလိုလို ရုတ်သိမ်းလိုက်ကြသည်။
ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ ထိုခံစားချက်ကို သူ မကြိုက်ပေ။ ယင်းက ဝင့်ကြွားလွန်းပေသည်။
ထို့ကြောင့် သူ တွေးတောလိုက်ပြီး တတိယမြောက်ကောင်းကင်နန်းတော်မှ အဆိပ်၏အရှိန်အဝါကို သူ ထိန်းသိမ်းလိုက်သည်။ သူ အကန့်အသတ်တစ်ခုအထိ ထိန်းချုပ်လိုက်သောအခါ ပေတစ်ရာအကွာရှိ အပင်များမှာ အရွက်များ ပြန်ထောင်လာသည်။ သို့သော်လည်း ပေတစ်ရာအတွင်းမှာ ထိုနည်းတူသာ ဖြစ်သည်။
ယင်းမှာ အဆိပ်ဆေးကြောင့် ဖြစ်ပြီး ယခုလေးတင် အဆိပ်နှင့်သူ ပေါင်းစပ်လိုက်ခြင်းကြောင့်လည်း ဖြစ်သည်။ အဆိပ်နှင့်အသားကျရန် သူ အနည်းငယ် အချိန်ယူလိုက်ရပြီးနောက် အဆိပ်ကို ပိုကောင်းမွန်စွာ ထိန်းချုပ်နိုင်သွားသည်။
ရွှီချင်းသည် လှစ်ခနဲ လှုပ်ရှားသွားပြီး လျှိုမြောင်ဆီသို့ ဦးတည်သွားသည်။ စစ်ဆေးကြည့်ပြီးနောက် သူက ညာလက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သံတုတ်နက်လေး ပျံထွက်လာပြီး ကျောက်နံရံဆီသို့ ဦးတည်သွားသည်။ သံတုတ်နက်လေးက ကျောက်နံရံမှာ အပေါက်တစ်ပေါက် တူးထုတ်လိုက်သည်။
ထိုဂူသည် အလွန် နက်ပြီး မြေအောက်အထိ ဆန့်ထွက်သွားသည်။
ရွှီချင်းသည် အမှားအယွင်းတစ်စုံတရာ မရှိကြောင်း စစ်ဆေးအတည်ပြုပြီးနောက် ဂူထဲ ဝင်သွားသည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ ကျဆင်းလာပြီး ဂူဝကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ဂူထဲသို့ သူ ဝင်သွားသည်။
သူသည် ဘေးပတ်ဝန်းကျင်တွင် အစီအမံများ လုပ်ပြီးနောက် ထိုင်ချလိုက်သည်။ ထို့နောက် မီးအိမ်တစ်လုံး ထုတ်ကာ ထွန်းညှိလိုက်သည်။
ဝိညာဉ်ချီပါသော မီးတောက်က ရွှီချင်း၏မျက်နှာကို ရောင်ပြန်ဟန်နေစဉ် ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဘယ်သူအရင်ဆုံး လုပ်မှာလဲ ”
“ ကျနော် … အရင်ဆုံး …”
အရိပ်လေးက ခံစားချက်များ ချက်ချင်း ပို့လွှတ်လိုက်ပြီးနောက် ရွှီချင်း၏ဘေးသို့ ပြန့်ကားသွားကာ မနီးမဝေးရှိ နံရံသို့ ရောက်သွားသည်။
ရွှီချင်း လှမ်းကြည့်လိုက်သည်။
နံရံပေါ်ရှိ အရိပ်က သစ်ပင်ကြီးတစ်ပင်၏ ပုံပန်းသဏ္ဍာန် ဖြစ်သွားသည်။ သစ်ပင်ကြီးပေါ်ရှိ ပြွတ်သိပ်နေသော မျက်လုံးပေါင်းတစ်ရာက တစ်ပြိုင်နက်တည်း ပွင့်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ သခင် … ဆေး … စား …”
ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်သခင်မယုံကျင်း၏ ဂူထဲမှ ရခဲ့သည့် ပုလင်းများနှင့် အိုးများ ချက်ချင်း ပျံထွက်လာသည်။
ထိုပစ္စည်းများသည် ရွှီချင်း စုပ်ယူခဲ့ပြီးနောက် သက်စောင့်အားများ မရှိတော့သည့် ပစ္စည်းများ ဖြစ်သည်။ သို့သော်လည်း ထိုပစ္စည်းများ၏ အာနိသင်တချို့က အရိပ်လေးအတွက် အလွန် အသုံးဝင်သည်။
ဝိညာဉ်သခင်မယုံကျင်း၏ ဂူကို မြင်စဉ်အခါက အရိပ်လေးက ပြင်းထန်သော စိတ်ဆန္ဒများကို ပို့လွှတ်ခဲ့သည်။
ထိုပုလင်းများ ပျံထွက်လာသည်နှင့် အရိပ်လေးများ မျက်လုံးများ ပြိုင်တူ မျက်တောင်ခတ်လိုက်ကြသည်။ ရုတ်တရက် ထိုပုလင်းများနှင့် အိုးများက ဆေးများနှင့်အတူ ပေါက်ကွဲသွားသည်။ ဆေးလုံးအသီးသီးမှ သိပ်သည်းထူထပ်သော မြူများက နံရံပေါ်ရှိ အရိပ်လေးထံ ပြေးဝင်သွားသည်။
အရိပ်လေး တုန်ရီသွားပြီး မြူခိုးများကို စုပ်ယူလိုက်သည်။ တချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်မှာ ဓာတ်နှောများ ပေါ်ပေါက်လာပြီး အရိပ်လေးနှင့် ပေါင်းစည်းသွားသည်။
အရိပ်လေး၏ စုပ်ယူခြင်းအောက်တွင် ပို၍ များပြားသော ဓာတ်နှောများ တိုးဝင်လာသည်။
ဤနေရာသည် တားမြစ်ဒေသထဲတွင် တည်ရှိပြီး ဓာတ်နှောများ အလွန်ထူထပ်သိပ်သည်းရာ အရိပ်လေးပတ်လည်တွင် လေပွေတစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။
လေပွေကြီး ဆက်လက်လည်ပတ်နေစဉ် အရိပ်၏ခန္ဓာကိုယ် ဝေဝါးလာသည်။ နောက်ဆုံးတွင် အရိပ်လေး ပျောက်သွားပြီး လေပွေနှင့် ပေါင်းစည်းသွားသည်။
အရိပ်လေး ပျောက်သွားပြီးနောက် လေပွေထဲမှ ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါက အခြေတည်အဆင့်ကို အလျင်အမြန် ကျော်လွှားကာ ရွှေအမြုတေအဆင့်သို့ တက်နေသည်။
နှလုံးခုန်သံများလည်း လွင့်ပျံလာရာ ကြားရသူအဖို့ အလိုလို စိတ်မသက်မသာ ဖြစ်စေသည်။ လေပွေထဲတွင် သတ္တဝါအသစ်တစ်ကောင် မွေးဖွားလာပုံရသည်။
ရွှီချင်း ငေးကြည့်လိုက်သည်။ နောက်ဆုံးတစ်ခေါက် အရိပ်လေး အဆင့်တက်သွားခဲ့သည့်အချိန်ကို သူ တွေးမိလိုက်ပြီး ယခုတစ်ခေါက်တွင်လည်း သစ္စာဖောက်မည်လား သိချင်သွားသည်။ ထို့ကြောင့် အရိပ်လေးကို ချုပ်နှောင်ရန် သူ အသင့်ပြင်ထားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ရင်တဆတ်ဆတ် တုန်ရီနေလျက် ကြည့်နေသည်။ သူသည် အလွန် စိုးရိမ်ကြောင့်ကြလာပြီး စိတ်ထဲတွင် ပြင်းထန်သော အာရုံတစ်ခု ရလိုက်သည်။
“ ဒီအရှိန်အဝါ … အရိပ်လေး၊ အရိပ်လေး … ဒီလောက်လုပ်ဖို့ လိုလို့လားကွ။ ငါက ဘာလုပ်ရတော့မှာတုံး ”