← Chapters

အရိပ်ပေါင်းစည်းခြင်း လျှို့ဝှက်အတတ်

Vol. 30 Ch. 449

အရိပ်ပေါင်းစည်းခြင်း လျှို့ဝှက်အတတ်

Vol. 30 Ch. 449

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အလွန် စိုးရိမ်ပူပန်သွားသည်။ သူ စိုးရိမ်နေစဉ် ရွှီချင်းက လေပွေအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မှတ်ဉာဏ်များထဲတွင် ရွှီချင်းက သူ့အား တစ်ခါမှ ထိုသို့ မကြည့်ခဲ့ဖူးချေ။

ထိုအခြင်းအရာအားလုံးသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအား ယောက်ယက်ခတ်သွားစေသည်။

နောက်ဆုံးတွင် သူ၏မျက်လုံးများ ဝင်းလက်လာသည်။ သူသည် သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးလိုက်ပြီးနောက် အသက်နှင့်ရင်းရန် အရူးအမူး ဖြစ်လာသည်။

ထို့ကြောင့် ရွှီချင်းကို သူ ကြည့်လိုက်သည်။

“ သခင်လေး၊ အဲဒီမှန်တွေ ကျနော်မျိုးကို ပေးပါ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် နတ်အာရုံမှတစ်ဆင့် ပြောလိုက်ပြီးနောက် ရွှီချင်းသည် ထိုစကားများထဲတွင် ကိန်းအောင်းနေသော ခိုင်မာပြတ်သားသည့်စိတ်ဓာတ်နှင့် ရူးသွပ်ခြင်းများကို ခံစားလိုက်ရသည်။

သူသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်၍ လက်ကိုဝှေ့ယမ်းလိုက်ရာ ဝိညာဉ်သခင်မယုံကျင်းထံမှ ရရှိခဲ့သော အရွယ်အစားမျိုးစုံရှိသည့် မှန်များအားလုံး ပျံထွက်လာသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက စကားတစ်ခွန်းမဆိုဘဲ သံတုတ်နက်လေးကို ထိန်းချုပ်၍ မှန်များဆီသို့ ပျံသန်းသွားသည်။ သံတုတ်နက်လေးက မှန်တစ်ချပ်ကို ချက်ချင်း ထိုးဖောက်လိုက်ပြီးနောက် အသက်တစ်ရှိုက်ရှူစာအတွင်း မှန်ထဲရှိ အစောင့်မှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဝါးမျိုခြင်း ခံလိုက်ရသည့်အလား ကွဲကြေသွားသော မှန်ထဲမှ စူးစူးဝါးဝါး အော်ဟစ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။

ရွှီချင်းသည် မှန်များကို စစ်ဆေးကြည့်ပြီးပြီ ဖြစ်သည်။ မှန်များထဲရှိ အစောင့်အရှောက်ဝိညာဉ်များသည် မပြည့်စုံကြဘဲ အသိစိတ်ရှိသည်ဟူ၍သာ သတ်မှတ်နိုင်သည်။ အစောင့်အရှောက်ဝိညာဉ်တစ်ခု ဖြစ်လာရန် အလွန် ဝေးကွာနေသေးသည်။

ယင်းနောက် တတိယမြောက် အစောင့်အရှောက်အသိ၊ စတုတ္ထမြောက် အစောင့်အရှောက်အသိ၊ မျက်တောင်တစ်ခတ်အတွင်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး မှန်ခုနစ်ဆယ်ရာခိုင်နှုန်း၏ အသိများကို ဝါးမျိုပြီးသွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများ ပေါ်လာပြီး သူ့တစ်ကိုယ်လုံး လျှပ်စီးများဖြင့် ချေမှုန်းခံနေရသည့်ပုံပေါ်ပြီး အော်ပင်အော်နေသည်။

ထိုဖြစ်ရပ်ကြောင့် ရွှီချင်း အံ့အားသင့်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အမှန်ပင် အသက်နှင့်ရင်း၍ လုပ်နေသည်ဟု သူ ခံစားလိုက်ရသည်။

အမှန်စင်စစ် ယင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ကန့်သတ်ချက်သို့ ရောက်နေပြီ ဖြစ်သည်။ သူ နောက်ထပ်ဝါးမျိုရန် အလွန်ခက်ခဲပြီး စောလျင်စွာ အဆင့်တက်ရန်လည်း သူ့ကိုယ်သူ ယုံကြည်မှု မရှိပေ။

သို့သော် ရွှီချင်းက စောင့်ကြည့်နေသည်ကို အာရုံခံမိလိုက်သောအခါ အရာအားလုံး တန်သည်ဟု ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ခံစားလိုက်ရသည်။

ထိုအချိန်၌ အရိပ်လေး ရှိနေသည့် လေပွေကြီးက အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်လာပြီး လေပွေကြီးထဲမှ လူမဆန်သော စူးစူးဝါးဝါး အော်ဟစ်သံများ လွင့်ပျံလာသည်။

ရွှီချင်းက အာရုံစိုက်၍ ကြည့်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ငြိမ်သက်နေပြီး လက်ကျန်မှန်များကို ကြည့်လိုက်သည်။ သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ နီမြန်းလာသည်။ သူ အော်ဟစ်လိုက်ပြီး ဝုန်းခနဲ ပြေးသွားသည်။

မှန်များကို သူ မဝါးမျိုနိုင်သည့်တိုင်အောင် သူ လုပ်ရမည် ဖြစ်သည်။

သူ အဆင့်မတက်နိုင်ခဲ့ဘဲ အရိပ်လေးသာ အောင်မြင်သွားခဲ့မည်ဆိုပါက သူက သေချာပေါက် တန်ဖိုးမဲ့သွားတော့မည် ဖြစ်သည်။ သူသာ တန်ဖိုးမဲ့သွားခဲ့ပါက အရိပ်လေး၏ အနိုင်ကျင့်ခြင်း ခံရမည်ဖြစ်ပြီး ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ခုခံနိုင်စွမ်း မရှိတော့သည့်နောက်တွင် အကွက်ချ၍ သတ်ဖြတ်ခံရရန် လွယ်ကူသွားပြီဖြစ်သည်။ အကွက်ချ၍ သတ်ဖြတ်မခံခဲ့ရလျှင်ပင် မိစ္ဆာရွှီ၏ စာရွက်ဟောင်းတစ်ရွက်ကဲ့သို့ လွှင့်ပစ်ခြင်းကို ခံရပေဦးမည်။ စာရွက်ဟောင်းတစ်ရွက် ဖြစ်မလာခဲ့ပါက အစွမ်းနိမ့်ကျလွန်း၍ ရန်သူများကြောင့် ဒဏ်ရာရခြင်း သို့မဟုတ် ဖမ်းဆီးသွားခြင်း ခံရပေမည်။ ထို့နောက် မိစ္ဆာရွှီ၏ အတွေးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်းကို ခံရပေမည်။

သူသာ မအောင်မြင်ခဲ့လျှင် သေပွဲဝင်ရမည်။ သူသာ အောင်မြင်လျှင် အသက်ရှင်မည်။

ထိုအတွေးများ သူ့စိတ်ထဲ ပေါ်လာစဉ် သူ လုံးလုံးလျားလျား အရူးအမူး ဖြစ်လာတော့သည်။

သူ အရူးအမူးဖြစ်လာသည့်အခိုက် အရိပ်လေးမှာလည်း သူ့နည်းတူ ဖြစ်လာသည်။ လေပွေကြီးထဲမှ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်လာသည်။ စူးစူးဝါးဝါး အော်ဟစ်သံများ ပို၍ ကျယ်လောင်လာပြီး လေပွေကြီးထဲမှ အရိပ်ထုကြီးတစ်ခု ခပ်ရေးရေး မြင့်တက်လာသည်။

ထိုအရိပ်သည် လေးထောင့်စပ်စပ်ရှိပြီး မည်းမှောင်ကာ အနက်ရောင်စတုရန်းပုံစံ တိုင်ကြီးတစ်တိုင်နှင့် ဆင်တူသည်။

လေပွေကြီးထဲမှ ထိုအရိပ်တိုင်ကြီး တဖြည်းဖြည်း မြင့်တက်လာသည်။ ထိုတိုင်ကြီး မြင့်တက်လာသည်နှင့်အတူ အော်ဟစ်သံများ ပို၍ စူးရှလာသည်။ အရိပ်လေးက အစွမ်းကုန် ရုန်းကန်နေသည့်အလား အရပ်မျက်နှာအနှံ့မှ တိုးဝင်လာသော ဓာတ်နှောများက ပို၍ သိပ်သည်းထူထပ်လာသည်။

ထိုဖြစ်စဉ်သည် ရှစ်နာရီတင်းတင်း ကြာသွားသည်။ သိပ်သည်းထူထပ်သော ဓာတ်နှောများအောက်တွင် လေပွေကြီးထဲမှ မိုးမြေတုန်ဟီးစေသောအသံကြီး ဟိန်းထွက်လာပြီး ရုတ်ခြည်း လွင့်ပါးပျောက်ကွယ်သွားသည်။

လေပွေကြီး ပျောက်ကွယ်သွားစဉ် နံရံပေါ်တွင် ဧရာမအရိပ်ကြီးတစ်ရိပ် ပေါ်လာသည်။ အရိပ်ကြီးက အလွန် ရှင်းလင်းပြတ်သားနေ၏။

ရွှီချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ယင်းသည် မီးခိုးရောင်အဝတ်အစားတစ်ထည် ရစ်ပတ်ထားသည့် ထောင်မတ်သော အရိပ်ကြီးတစ်ရိပ် ဖြစ်သည်။

အဝတ်က သွေးမည်းတချို့ စွန်းထင်းနေပြီး ထူးဆန်းသော အရိပ်အငွေ့များ ထုတ်လွှတ်နေသည်။

အရိပ်လေးက နံရံပေါ်တွင် ရောင်ပြန်ဟပ်နေပုံရပါသော်လည်း ရွှီချင်း စိတ်ထဲတွင် အနက်ရောင်ခေါင်းတလားကြီးတစ်လုံးအလား သုံးဘက်မြင်နေသကဲ့သို့ ခံစားနေရသည်။

အရိပ်လေးထံမှ ထိုကဲ့သို့ ခံစားချက်မျိုး သူ ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ ယခင်က သစ်ပင်အရိပ်အဖြစ် အဆင့်တက်သွားစဉ်အခါ ထိုကဲ့သို့ ပြောင်းလဲခြင်းမျိုး မဖြစ်ခဲ့ပေ။

စောစောက အရိပ်လေး၏ အဆင့်တက်ခြင်းကို ပန်းချီဆွဲနေသည်နှင့်ယှဉ်ပါက ယခု အရိပ်လေးသည် ထိုပန်းချီကားချပ်ထဲမှ ထွက်လာသော ပစ္စည်းတစ်ခုဖြစ်ပုံရသည်။

ရွှီချင်းသည် ထိုအချက်ကို ကောင်းကောင်း အာရုံခံနိုင်သည်။

ထိုမျှသာမက ရွှေအမြုတေအဆင့်ကဲ့သို့ ခေါင်းတလားအရိပ်ကြီးထံမှ ထူးဆန်းသော အငွေ့အသက်များလည်း ထုတ်လွှတ်နေသည်။

ခေါင်းတလားပေါ်တွင် ဒေါက်လိုက်သူငယ်အိမ်များနှင့် မရေမတွက်နိုင်သော မျက်လုံးများ ပြွတ်သိပ်နေသည်။

ထိုမျက်လုံးများကို အချိန်တိုအတွင်း ရေတွက်ရန် မဖြစ်နိုင်ပေ။ ခေါင်းတလားတစ်ခုလုံး မျက်လုံးများဖြင့် ပြည့်နှက်နေပြီး နောက်ထပ်လည်း ပေါ်လာသည်။

မျက်လုံးများ ဖွင့်လိုက်သည့်အခါ အဆုံးမဲ့အေးစက်စက်အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။ အမှန်စင်စစ် ယင်းသည် ယခင်က ရွှီချင်း မြင်ခဲ့ဖူးသော နတ်ဘုရား၏ မျက်လုံးနှင့် တစ်နည်းနည်း ဆင်တူနေသည်။

ဘဝနှစ်ခုက မိုးနှင့်မြေပမာ ကွာခြားနေသည့်အလား အရိပ်လေး၏ မျက်လုံးများထဲတွင် သက်ရှိသတ္တဝါများအားလုံးက အဆင့်နိမ့်သတ္တဝါများပမာပင်။

အထူးသဖြင့် ထိုမောက်မာထောင်လွှားသည့်ပုံစံကြောင့် ရွှီချင်း၏ မျက်လုံးများ ပို၍ အေးစက်တင်းမာလာသည်။

“ ကိုယ့်သေတွင်းကိုယ် တူးချင်နေပြန်တာလား ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

စကားဆုံးသည်နှင့် ခေါင်းတလားအရိပ်ကြီးသည် အတိတ်မှ နက်ရှိုင်းသော မှတ်ဉာဏ်များ ပြန်ပေါ်လာသည့်အလား ဆတ်ခနဲ တုန်ရီသွားပြီး အဆင့်တက်ပြီးနောက် ဖြစ်ပေါ်လာသည့် ထောင်လွှားသောကိုယ်ဟန်အမူအရာ ပျက်စီးသွားသည်။ တခဏလေးအတွင်း ခေါင်းတလားပေါ်ရှိ မျက်လုံးများအားလုံးတွင် ကပ်ဖားရပ်ဖားလုပ်သည့်အရိပ်အယောင်များ အလိုလို ပေါ်လာသည်။

“ သခင်လေး … ကျနော် … နာခံ …”

“ အဆင့်တက်လာတာတောင် ကောင်းကောင်းမွန်မွန် စကားမပြောနိုင်သေးဘူး။ မင်းရှိနေတာ ဘာအသုံးဝင်တုံး ”

ရွှီချင်းသည် တည်ငြိမ်ပါသော်လည်း မျက်လုံးများက အေးစက်လာသည်။ သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းများနှင့် တတိယကောင်းကင်နန်းတော်ထဲမှ အဆိပ်အနည်းငယ် ထွက်လာသည်။

“ ကျနော် … အစွမ်းထက် … အသုံးဝင် …”

“ ဘာအသုံးဝင်တာတုံး ”

ရွှီချင်းက မေးမြန်းလိုက်သည်။

တခဏလေးအတွင်း အရိပ်ပေါ်ရှိ အဝတ်စများ ပြုတ်ကျလာပြီး ရွှီချင်းဆီသို့ ပျံသန်းသွားကာ သူ့ရှေ့တွင် လွင့်မျောနေသည်။

ရွှီချင်းက ကြည့်လိုက်သည်။

“ တားမြစ် … စုပ်ယူ …”

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အလိုလို ကြည့်လိုက်သည်။ သို့သော်လည်း ကျကင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက မှန်အစောင့်အရှောက်ဝိညာဉ်များအားလုံးကို ဝါးမျိုခဲ့ပြီး တုန်ရီနေသည်ဖြစ်၍ ဘာသာမပြန်နိုင်ပေ။

ထို့ကြောင့် ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ငါ နားမလည်ဘူး ”

အရိပ်လေးမှာ စိုးရိမ်ကြောင့်ကြလာပြီး ပို၍ တုန်ရီလာသည်။ ထို့နောက် ၎င်း၏အစိတ်အပိုင်းများကို ခွဲထုတ်၍ ရေးဆွဲလိုက်သည်။ ထိုမြင်ကွင်းထဲတွင် ရွှီချင်းသည် သူ့အား ဒူးထောက်ကန်တော့နေသော သစ်ပင်တစ်ပင်ကို ပစ္စည်းတစ်ခုပေးနေသည်။

ရွှီချင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ သတိရသွားသည်။

ယခင်က အရိပ်လေးကို တားမြစ်ဓမ္မရတနာအကျိုးအပဲ့ သူ ပေးခဲ့ဖူးသည်။ ယခု အဝတ်စကို သူ ပြန်ကြည့်လိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။

“ အကျိုးအပဲ့တွေထဲက ဓာတ်နှောတွေကို စုပ်ယူပြီးတော့ အခုလို ဖြစ်သွားတာလား ”

အရိပ်လေးမှ ဖြစ်လာသော ခေါင်းတလားသည် ခေါင်းယမ်းနေသည့်အလား ချက်ချင်း ယမ်းခါလိုက်သည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး အရိပ်လေးမှာ အသိပြန်ရလာသည်။ အရိပ်လေးက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး စိတ်ခံစားချက်များကို ပို့လွှတ်လိုက်သည်။

“ မေ့ထားလိုက် … ကျင်းကန်း … ဟုတ်တယ် …”

ရွှီချင်းသည် သူ့ရှေ့မှ မီးခိုးရောင်အဝတ်ပိုင်းကို ကြည့်လိုက်ပြီး အဝတ်စ၏ နေရာအများစုတွင် သွေးမည်းများ စွန်းထင်းနေသည်ကို မြင်လိုက်သည်။ လူသေကောင်အလောင်းမှ စုတ်ဖြဲထားသည့် အဝတ်စနှင့် တူနေသကဲ့သို့ သူ ခံစားရသည်။

သို့သော်လည်း သွေးညှီနံ့များ ရှိမနေဘဲ အင်မော်တယ်ချီအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ယင်းကြောင့် ရွှီချင်း အနည်းငယ် ထူးဆန်းသလို ဖြစ်သွားရသည်။ အဝတ်ပိုင်းကို လက်ထဲတွင် ကိုင်လိုက်ပြီးနောက် သူ၏မျက်လုံးများ မှေးသွားပြီး အဝတ်စကို ဆုပ်ထားသည်အား ဖြေလျော့ကာ သူ့လက်ဝါးကို ကြည့်လိုက်သည်။

အဝတ်မှာ စူးချွန်များ ရှိနေသည့်အလား လက်ဝါးပြင်တွင် သေးငယ်သောဒဏ်ရာများစွာ ရှိနေသည်။

ထိုအဝတ်ပိုင်း၏ အသုံးဝင်ပုံကို သူ လေ့လာရန် လိုသေးသည်။ သူက အဝတ်ပိုင်းကို သိမ်းဆည်းလိုက်ပြီးနောက် အရိပ်လေးကို ကြည့်လိုက်သည်။

“ ဒါက ဘာလဲ ”

ရွှီချင်းက သဘောမကျသည့်ပုံဖြစ်နေသည်ကို မြင်၍ အရိပ်လေးမှာ စိုးရိမ်ကြောင့်ကြလာပြီး ခံစားချက်များ အလျင်အမြန် ပို့လွှတ်လိုက်သည်။

“ ပေါင်းစည်း … အသွင်ပြောင်း … အစွန်းရောက် …”

အရိပ်လေး ပြောလိုက်စဉ် တကျွိကျွိမြည်သံများနှင့်အတူ ခေါင်းတလား၏အဖုံး ပွင့်လာပြီး မည်းမှော်ငသော အတွင်းပိုင်း ပေါ်လာသည်။

“ သခင်လေး … အထဲဝင် …”

အရိပ်လေးက မျက်နှာသာရရန် ကြိုးစားလိုက်သည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး အရိပ်လေးကို စူးစိုက်ကြည့်လိုက်သည်။

အတန်ငယ် တွေးတောပြီးနောက် စိတ်ထဲမှ အေးစက်စက်နှာမှုတ်လိုက်သည်။ အရိပ်လေး အဆင့်တက်သွားသည့်တိုင်အောင် အရိပ်လေးကို သူ ချုပ်နှောင်နိုင်မည်ဟု ယုံကြည်နေပြီး ယခုတစ်ခေါက်တွင် အရိပ်လေး၏ သစ္စာဖောက်ခြင်းကို သူ ခွင့်လွှတ်တော့မည် မဟုတ်ပေ။

သူသည် မတ်တတ်ရပ်လိုက်ပြီး ခေါင်းတလားထဲသို့ ဝင်လိုက်သည်။ သူ ဝင်လိုက်သည်နှင့် ခေါင်းတလားအဖုံးက တဖြည်းဖြည်း ပိတ်သွားသည်။

ခေါင်းတလားအဖုံး ပိတ်သွားသည်နှင့် အရိပ်လေးမှာ တုန်ရီသွားပြီး မရေမတွက်နိုင်သော မျက်လုံးများ တစ်ပြိုင်နက်တည်း မှိတ်သွားသည်။ ခဏအကြာ အရိပ်လေး၏ခန္ဓာကိုယ်က အရည်အဖြစ် ပြောင်းလဲသွားပုံရပြီး အတွင်းသို့ ချိုင့်ဝင်သွားကာ ရွှီချင်း၏ခန္ဓာကိုယ် ပေါ်လာသည်။

သို့သော်လည်း ထိုခန္ဓာကိုယ်ကို အရိပ်ဖြင့် ဖုံးလွှမ်းထားပြီး တစ်ကိုယ်လုံး မည်းနက်နေသည်။

ရွှီချင်းသည် မျက်လုံးများကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်ပြီး အံ့အားသင့်ဟန်အရိပ်အယောင်များ ထင်ဟပ်လာသည်။

သူသည် ခန္ဓာကိုယ်ကို ကြည့်ကာ စမ်းသပ်လိုက်သည်။ သူသည် ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်သွားသည်။ ဘေးရှိ ထည်ဝါသော နံရံကြီးကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

နံရံတစ်ခုလုံး ဖုန်မှုန့်များ ဖြစ်သွားသည်။ လက်ကျန်အားလှိုင်းက ဆက်လက်ရွေ့လျားသွားပြီး ရွှီချင်း၏ရှေ့တွင် ပေတစ်သောင်းရှည်သော အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။

ရွှီချင်း၏စိတ်ထဲ တုန်ရီသွားသည်။ ယင်းသည် သူအစွမ်းကုန် ထိုးနှက်လိုက်ခြင်းမဟုတ်ဘဲ သာမန်ကာလျှံကာ ထိုးလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းသည် အစောပိုင်းက သူ့ခန္ဓာကိုယ် မစွမ်းဆောင်နိုင်ခဲ့သော အခြင်းအရာ ဖြစ်သည်။

ရွှီချင်း၏အသက်ရှူသံများ အနည်းငယ် မြန်ဆန်သွားပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

အကာအကွယ်ဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ၊ ခွန်အားဖြစ်စေ ကြောက်ခမန်းလိလိအဆင့်တစ်ခုသို့ ရောက်နေသည်ကို သူ အာရုံရလိုက်သည်။

သူ့ခန္ဓာကိုယ်က အတွင်းထဲမှာပင် လုံးလုံးလျားလျား နက်မှောင်နေသည်။ ကောင်းကင်နန်းတော်များ၊ သူ၏ကျင့်ကြံခြင်းအဆင့် သို့မဟုတ် ဓမ္မစွမ်းအားများကို သူ မမြင်ရပေ။ အရာအားလုံး တခဏလေးအတွင်း ပျောက်ကွယ်သွားပုံရသည်။

ထိုအရာများ ပျောက်ဆုံးသွားခြင်းသည် ကြောက်မက်ဖွယ် ခွန်အားအတွက် ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။

ရွှီချင်း တွေးတောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ အမှောင်ထုများ ချက်ချင်း ကျုံ့ဝင်သွားပြီး သူ၏မူလအသားအရေ ပေါ်လာသည်။ အရိပ်လေးက သူ့မျက်ခုံးမွေးများကြားတွင် စုစည်းသွားသည်။

ထိုနေရာ၌ ဒေါင်လိုက်အနက်ရောင်မျက်လုံးတစ်လုံး ဖြစ်လာသည်။ အထဲရှိ မျက်လုံးက အလိုလို ရွေ့လျားနေသည်။

“ ဒါက အရိပ်လေး အဆင့်တက်သွားပြီးတော့ ပေါ်လာတဲ့ လျှို့ဝှက်ပညာရပ်ဖြစ်မယ်။ အခု အရိပ်လေးနဲ့ငါ ပေါင်းစပ်နိုင်သွားပြီ ”

ရွှီချင်းသည် ခပ်တိုးတိုးရေရွတ်လိုက်ပြီး လက်ဟန်များဖော်လိုက်သည်။ သို့သော်လည်း မည်သည့်ဂါထာကိုမျှ သူ မရွတ်ဖတ်ပေ။

“ အရိပ်လေးနဲ့ ပေါင်းစပ်ပြီးသွားရင် ငါ့ဂါထာတွေ ပျောက်သွားပြီး အပြင်အားကျင့်ကြံသူတစ်ယောက် ဖြစ်သွားတယ်။ ဒါပေမဲ့ အဆိပ်ကို သုံးလို့ရသေးတယ် ”

“ ငါ့ခွန်အားက ကောင်းကင်နန်းတော်လေးဆောင်စွမ်းအားကို ကျော်လွန်နေသလိုမျိုး ငါ ခံစားရတယ်။ ကောင်းကင်နန်းတော်ငါးဆောင်စွမ်းအားလောက် ရှိလောက်တယ်။ ပြီးတော့ အဲဒါက ကောင်းကင်နန်းတော်ငါးဆောင်နဲ့ သန့်စင်တဲ့ အပြင်ခန္ဓာပဲ ”

ရွှီချင်း၏အတွေးများ ယောက်ယက်ခတ်နေသေးသည်။ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်မှ ထွက်လာပြီးနောက် သူ၏အစွမ်းများက မိုးမြေတုန်ဟီးစေလောက်အောင် ပြောင်းလဲခြင်းတစ်ခုကို ကြုံတွေ့လိုက်ရကြောင်း အာရုံခံမိလိုက်သည်။

ယင်းသည် သူ၏စုဆောင်းထားသည့်အရာများအားလုံး ပေါက်ကွဲလိုက်ခြင်း ဖြစ်သည်။

သူ၏လက်ရှိအခြေအနေကို ပြန်လည်အာရုံခံလိုက်ပြီးနောက် တွေးတောလိုက်ရာ သူ၏မျက်ခုံးမွေးကြားရှိ အနက်ရောင်မျက်လုံးက သူ့ခန္ဓာကိုယ်တစ်လျှောက် ပြန့်ကားသွားသည်။ ထို့နောက် အနက်ရောင်ခေါင်းတလား ပြန်ဖြစ်သွားသည်။

ခေါင်းတလား၏အဖုံး ပွင့်လာပြီး ရွှီချင်း ထွက်လာသည်။

ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ အမှောင်ဝိညာဉ်မီးတောက်ပေါ်လာပြီး အရာအားလုံး ပြန်လည်ပေါ်ပေါက်လာသည်။ ယင်းကြောင့် အရိပ်လေး အဆင့်တက်သွားပြီးနောက် သူ ရရှိလိုက်သည့် ပညာရပ်သည် ပေါင်းစည်းခြင်းလျှို့ဝှက်ပညာရပ်ဖြစ်ကြောင်း သူ ပို၍ သေချာသွားသည်။

“ မဆိုးဘူး ”

ရွှီချင်းသည် လေးစားသည့်အကြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။

ရွှီချင်း ကျေနပ်သွားသည်ကို မြင်၍ အရိပ်လေး စိတ်လှုပ်ရှားလာသည်။

“ သခင်လေး … ကျနော် … နာခံ …”

အရိပ်လေးက ၎င်း၏ရပ်တည်ချက်ကို ခပ်သွက်သွက် ထုတ်ဖော်ပြသလိုက်သည်။ ယင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ သင်ယူရရှိခဲ့သောအသိ ဖြစ်သည်။ ထိုအချိန်၌ အရိပ်လေးသည် အလွန်ပျော်ရွှင်နေပြီး စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် တုန်ရီနေဆဲဖြစ်သော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

All Chapters