ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်ခြင်း
Vol. 30 Ch. 450
ရွှီချင်းသည် အရိပ်လေး၏ အဆင့်တက်ခြင်းကို အလွန် ကျေနပ်သွားသည်။
ပေါင်းစည်းခြင်းလျှို့ဝှက်ပညာရပ်သည် သူ့ကို ပို၍ပင် အံ့အားသင့်သွားစေသည်။
ထိုပညာရပ်ကို ဝှက်ဖဲတစ်ချပ်အဖြစ် ယူဆနိုင်သည်။ ဝတ်စုံနီမိန်းမပျို အသုံးပြုခဲ့သည့် လျှို့ဝှက်အတတ်နှင့် ဆင်တူသည်။
သို့သော်လည်း ဝတ်စုံနီမိန်းမပျိုက ခန္ဓာကိုယ်ထဲမှ တိုက်ပွဲဝိညာဉ်ကို ဆင့်ခေါ်ခြင်းဖြစ်ပြီး ရွှီချင်းက အလွန် အားကောင်းသော အပြင်အားကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
“ အခု သက်စောင့်မီးအိမ်တွေနဲ့ ငါ့အဆိပ်က လျှို့ဝှက်ချက်မဟုတ်တော့ဘူး။ ငါ့ပထမဆုံး လျှို့ဝှက်ချက်က အရိပ်လေးပဲ။၊ ဝတ်စုံနီမိန်းမရဲ့ လက်နက်က အဲဒီအတွက် အုတ်မြစ်တစ်ခုလိုမျိုးပဲ ”
“ နောင်တချိန်မှာ အရိပ်လေးကို ထုတ်ပြရတော့မယ်ဆိုရင် အဲဒီနည်းလမ်းကိုသုံးပြီး ဝှက်ထားရမယ်။ ဒါဆိုရင် ဘာမှအာရုံစိုက်ခံရတော့မှာ မဟုတ်ဘူး ”
“ ဒုတိယလျှို့ဝှက်ချက်က ဝိညာဉ်ကိုးပါးလက်သီးသိုင်းနဲ့ အရိပ်လျှို့ဝှက်ပညာရပ်ပဲ။ ဝိညာဉ်ကိုးပါးလက်သီးသိုင်းက အဆင်ပြေတယ်။ ဒါပေမဲ့ အရိပ်လျှို့ဝှက်ပညာရပ်အတွက်က မန္တန်တစ်ခု စဉ်းစားထားရမယ်။ ရန်သူကို စဉ်းစားမရအောင် ငါ မန္တန်ရွတ်ရမယ် ”
“ တတိယလျှို့ဝှက်ချက်က ဓာတ်နှောတွေကို ထုတ်လုပ်နိုင်အောင် လုပ်ရမယ် ”
“ စတုတ္ထမြောက်လျှို့ဝှက်အတတ်က ခရမ်းရောင်သလင်းကျောက်ပဲ ”
ရွှီချင်းသည် သူ့အတွေးစများကို အစီအစဉ်တကျ နေရာချလိုက်သည်။ သူ၏စိတ် တည်ငြိမ်သွားပြီးနောက် ခေါင်းတလားပုံစံဖြစ်နေသော အရိပ်လေးကို ဝေ့ကြည့်လိုက်သည်။
“ နောက်တစ်ဆင့်ရောက်ရင် အရိပ်က ဘယ်လိုပုံစံ ပြောင်းလဲသွားမလဲ မသိဘူး ”
ရွှီချင်း၏အမြင်၌ ဤတစ်ကြိမ်တွင် အရိပ်လေး၏ ပုံစံက များစွာ လျှို့ဝှက်ဆန်းကြယ်သွားသည်။ သို့သော် ယခုသည် မေးမြန်းနေရန် အချိန်မဟုတ်ပေ။ အရိပ်လေးက လိပ်ပတ်လည်အောင် ရှင်းမပြနိုင်သေးသည် မဟုတ်ပါလား။
ထိုအချိန်၌ ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို တွေးမိလိုက်ပြီး လှမ်းကြည့်လိုက်သည်။
လက်ရှိကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် အလွန်ဆိုးဝါးသော အခြေအနေသို့ ရောက်နေသည်။
သူ၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ့တစ်ကိုယ်လုံး မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်နေသည်။ လျှပ်စီးများက သူ့ခန္ဓာကိုယ်ထဲ အချိန်တိုင်း ဝင်ရောက်သွားနေပေရာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ ရံဖန်ရံခါ ထွက်ပေါ်လာသည်။
သို့သော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သူ၏ဂုဏ်သိက္ခာကို တန်ဖိုးထားသော လူတစ်ယောက် ဖြစ်သည်။
ပြင်းထန်သော နာကျင်မှုများကြားတွင် အရိပ်လေး၏ ရန်စသောအကြည့်နှင့် ရွှီချင်း၏ ချီတုံချတုံ ဖြစ်နေသော အကြည့်တို့ကို သူ မြင်လိုက်သည်။ ယင်းကြောင့် သူ၏မျက်လုံးများထဲ ရူးသွပ်ခြင်းများ ချက်ချင်း ပေါ်လာသည်။
ယခုလောလောဆယ် သူသည် လျှပ်စီးဝိညာဉ်တစ်ခု ဖြစ်သည်။ အစက ယင်ဝိညာဉ်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲပြီး အခက်အခဲများကို ခံနိုင်ရည်ရှိရန် ကောင်းကင်ကပ်ဘေးကို မစုဆောင်းခင် သူ့ကိုယ်သူ မွေးမြူရန် အချိန်လိုနေသေးသည်။
သို့သော်လည်း ယခုတွင် ထိုအချက်များကို သူ ဂရုမစိုက်နိုင်တော့ပေ။ မှန်များ၏ အစောင့်အရှောက်ဝိညာဉ်များကို ဝါးမျိုခြင်းမှ ရရှိလာခဲ့သော စွမ်းအင်အကူအညီနှင့်အတူ သူ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။ သူ၏လျှပ်စီးစွမ်းအားများအားလုံးကို တည်ငြိမ်အောင် လုပ်လိုက်ပြီး ကောင်းကင်ကြီးကို မာန်သွင်းကြုံးဝါးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ အထက်သို့ ညွှန်လိုက်သည်။
“ ကပ်ဘေး ”
ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး စူးရှတောက်ပသော အလင်းတန်းတစ်တန်းအသွင်ဖြင့် အထက်ရှိ မြေကြီးသို့ တိုးဝင်သွားသည်။
လျှပ်စီးတန်းက မြေပြင်ကို ထိုးခွင်းသွားပြီး လျှိုမြောင်အပြင်ဘက်တွင် မရေမတွက်နိုင်သော လျှပ်စီးများ ဖြစ်တည်သွားသည်။ နောက်ဆုံးတွင် ထိုလျှပ်စီးများသည် ထူထပ်သိပ်သည်းသော လျှပ်စီးမြစ်ကြီးတစ်စင်းအဖြစ် ကောင်းကင်ယံသို့ ဦးတည်သွားသည်။
ကောင်းကင်ယံရှိ တိမ်မည်းများ တဂျိမ်းဂျိမ်းမြည်ဟည်းလာပြီး လျှပ်စီးများမှဖြစ်လာသော မြစ်ကြီးဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်။ မိုးသားတိမ်စိုင်များ တရွှီရွှီအော်မြည်သွားပြီး မိုးမြေတုန်ဟီးစေသော မိုးခြိမ်းသံကြီး ရုတ်တရက် မြည်ဟည်းသွားသည်။
မိုးခြိမ်းသံမြည်ဟည်းကာ ပဲ့တင်ထပ်သွားစဉ် တိမ်စိုင်များထဲတွင် အနီရောင်လျှပ်စီးများ စုစည်းသွားပြီး လျှပ်စီးတန်းတစ်တန်းအဖြစ် လျင်မြန်စွာ စုစည်းသွားသည်။
ထိုလျှပ်စီးတန်းတွင် အလွန် ပြင်းထန်သော စိတ်ဆန္ဒတစ်ခု ပါဝင်နေပုံရပြီး အောက်သို့ ဆင်းသက်သွားသည်။
လျှပ်စီးတန်းသည် မြေပြင်၊ လျှိုမြောင်နှင့် မြေအောက်ဂူအတွင်းသို့ ဦးတည်သွားသည်။
တချိန်တည်းမှာပင် ရွှီချင်း ရောက်နေသည့်နေရာမှ အတန်ငယ်ဝေးသောနေရာရှိ တောအုပ်ထဲတွင် ခေါင်းဆောင်သည် အရူးအမူး ပြေးလွှားနေသည်။ သူသည် ကြောက်ခမန်းလိလိ မြန်ဆန်ပြီး သူ သွားသည့်နေရာတိုင်း အေးစိမ့်အရှိန်အဝါတစ်ခု ဖြာထွက်နေပေရာ သူ့နောက်ရှိ အရာအားလုံး အေးခဲသွားသည်။
သူ့မျက်နှာက နီမြန်းနေပြီး သူ့မျက်လုံးများ ဝင်းလက်နေသည်။ သူသည် စိုးရိမ်ကြောင့်ကြစွာ ရယ်မောလိုက်ပြီး လက်ထဲရှိ အနီရောင်ပန်းသီးတစ်လုံးကို ကိုက်ကာ အကြီးကြီးပင် ကိုက်လိုက်သည်။
“ ပစ္စည်းကောင်းလေး၊ ပစ္စည်းကောင်းလေး … အစွန်းရောက်ဓာတ်နှောတွေနဲ့ မိစ္ဆာတွေကနေ မွေးဖွားလာတဲ့ မြင့်မြတ်တဲ့သစ်သီး။ ဒီလိုသစ်သီးမျိုးက ကပ်ဆိုးတွေထဲမှာ မွေးဖွားလာတတ်တာဖြစ်လို့ ထူးခြားဆန်းကြယ်နေရမယ်။ အခုတောင် အဝေးကနေ အနံ့ရနေတယ်။ ဟား ဟား ဟား … ချီးပဲဟေ့ ”
သူ၏ရယ်မောသံများကြားတွင် သူ့နောက်မှ ချောက်ချားစရာအလင်းတန်းတစ်တန်း ရုတ်တရက် ပျံသန်းလာသည်။ ထိုအလင်းတန်းက စူးရှချွန်ထက်သော ဓားတစ်လက်အလား ထိတွေ့သွားသည့်သစ်ပင်များကို ချက်ချင်း ခုတ်ပိုင်းပစ်လိုက်သည်။
ထိုအချိန်၌ အလင်းတန်းက နီးကပ်လာပြီး ခေါင်းဆောင်ကို ပိုင်းဖြတ်လိုက်သည်။ သို့သော်လည်း ခေါင်းဆောင်၏ ခန္ဓာကိုယ်က ထူးဆန်းသောအမူအရာဖြင့် တွန့်လိမ်သွားပြီး အလင်းတန်းကို ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း သူ့ဆံပင်တစ်စိတ်တစ်ပိုင်း ဖြတ်တောက်ခံလိုက်ရသေးသည်။
ထိုအလင်းတန်းက သူ၏ဦးရေခွံကို ပွတ်ကာသီကာ ဖြတ်ကျော်သွားသည်ဟူ၍ပင် ဆိုနိုင်သည်။
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သစ်သီးကို မျိုချလိုက်သည်။ သူသည် နောက်လှည့်မကြည့်ဘဲ တစ်ချိုးတည်း ထွက်ပြေးနေစဉ် ရုတ်တရက် မနီးမဝေးရှိ ကောင်းကင်ယံမှ လျှပ်စီးများကို မြင်လိုက်ရပြီး မိုးခြိမ်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူ၏မျက်လုံးများ ဝင်းလက်သွားပြန်သည်။
“ နောက်ထပ်ရတနာတစ်ခုလားဟ။ ငါ သွားသင့်လား၊ မသွားသင့်ဘူးလား။ စောစောက နေရာကတော့ နည်းနည်း အန္တရာယ်များတယ်။ သူတို့ခေါင်းဆောင်တောင် ငါ ရန်စလိုက်လို့ နိုးထလာတော့မလိုလိုတောင် ဖြစ်သွားတယ်။ ဒီလူတွေ သိပ်သဘောထားသေးတာပဲ ”
ခေါင်းဆောင် ချီတုံချတုံ ဖြစ်သွားသည်။ နောက်ဆုံးတွင် သူသည် အံတင်းတင်းကြိတ်လိုက်ပြီး ဦးတည်ချက်ပြောင်းကာ ပြေးသွားသည်။
ထိုသို့သာ လက်လွှတ်သွားခဲ့ပါက နောင်တချိန်တွင် သေချာပေါက် နောင်တရနေရမည်ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
သို့ဖြစ်ပေရာ တစ်ခေါက်တော့ သူ သွားကြည့်ရပေမည်။ သူ မြန်ဆန်စွာ ပြေးနိုင်သမျှ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကို သတ်ဖြတ်ပြီးသား ဖြစ်သွားပေမည်။
ထိုမျိုးနွယ်၏ ခေါင်းဆောင်မှာမူ ဒဏ်ရာဟောင်းများ ရှိနေသည်ကို သူ စောစောကတည်းက အာရုံခံမိခဲ့ပြီး ဖြစ်သည်။ ထိုခေါင်းဆောင် နိုးထာရန် ထင်သလောက် လွယ်ကူမည် မဟုတ်ပေ။
ယင်းအပြင် ထိုနေရာတွင် မျိုးနွယ်အသီးသီးက တပ်ဆင်ထားသော အစီအရင်တချို့လည်း ရှိသည်။ ထိုအစီအရင်များသည် ထိုသူ ထွက်ပြေးခြင်းမှ တားဆီးထားပုံရသည်။
“ အဲဒါက တားမြစ်ဒေသဧကရာဇ်နဲ့အတူ ထွက်သွားခဲ့တဲ့ လက်ရုံးတော်တစ်ယောက်လား။ သူတို့အားလုံးကို ဖုန်းဟိုင်မြို့ကြီးက မျိုးနွယ်စုတွေက ဖိနှိပ်ထားတာပါ။ သူတို့ လွတ်မြောက်သွားပြီး ပြန်ရောက်လာရင်တောင် မျိုးနွယ်တွေက သူတို့နောက်ကို လိုက်လာမှာ။ ပြီးတော့ တားမြစ်ဒေသကြီးကိုလည်း အစီအရင်တွေနဲ့ ဝိုင်းထားတာ ”
“ ဓားတားမြစ်ဒေသ၊ အကျဉ်းစခန်း ”
ခေါင်းဆောင် အတွေးနက်သွားသည်။ ဤတားမြစ်ဒေသကြီး၏ နောက်ထပ်နာမည်တစ်မျိုးကို သူ တွေးမိလိုက်သည်။ သူသည် ပြေးလွှားနေရင်း နောက်ထပ်အနီရောင်သစ်သီးကို ထုတ်ကာ ကိုက်လိုက်သည်။
သူ့နောက်တွင် မြေပြင်တုန်ရီကာ သစ်ပင်များ ပြိုလဲနေသည်။ လက်ခြောက်ဖက်လူ့ဘီလူးကြီးတစ်စုက သူ့နောက်သို့ ဒေါသတကြီးဖြင့် ပြေးလိုက်နေသည်။
ထိုလူ့ဘီလူးကြီးများသည် ပေတစ်ရာခန့်ရှည်သည်။ သူတို့အရေပြားက စိမ်းဖန့်ဖန့်ရှိပြီး သူတို့နားရွက်များက ကြီးမားသည်။ မျက်စိထဲ ထင်းခနဲ ဖြစ်နေသည်မှာ သူတို့၏ နားပေါက်များ ဖြစ်သည်။
ခေါင်းလောင်းများစွာ ချည်နှောင်ထားပြီး တဒေါင်ဒေါင်မြည်သံများ ထွက်ပေါ်နေသည်။
ခေါင်းလောင်းများက သူတို့နှင့်အတူ ကြီးထွားလာခဲ့ကြသည့်အလားပင်။ စောစောက သွေးပျက်ချောက်ချားစရာအလင်းတန်းသည် ထိုခေါင်းလောင်းများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုလူ့ဘီလူးကြီးများသည် တားမြစ်ဒေသကြီးထဲတွင် မွေးဖွားလာခဲ့သော ထူးခြားသည့်မျိုးနွယ်ဖြစ်သည်။
ထိုအချိန်၌ သူတို့အားလုံးက ရူးသွပ်ခြင်းများ၊ သတ်ဖြတ်လိုသောစိတ်ဆန္ဒများဖြင့် ဆက်လက်ပြေးလိုက်နေကြသည်။ ထိုလူ့ဘီလူးကြီးများအနက် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိသည်။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ သူတို့နောက်ရှိ သူတု့ိမျိုးနွယ်ပိုင်နက်ထဲမှ နိုးထလာသည့်အရှိန်အဝါတစ်ခု ခပ်ရေးရေး ထွက်ပေါ်နေသည်။
အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး နိုးထတော့မည့်အလားပင်။
အပြင်လောကမှာ အရူးအမူး ပြေးလိုက်နေကြစဉ် ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လုံးလုံးလျားလျား အာရုံစိုက်ထားသည်။
မရေမတွက်နိုင်သော အနီရောင်လျှပ်စီးများ မြေကြီးထဲမှ ရုတ်တရက် ပေါ်လာပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံသို့ ဦးတည်သွားသည်ကို သူ မြင်လိုက်ရသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခန္ဓာကိုယ် တုန်ရီသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော အနီရောင်လျှပ်စီးများ သူ့ကို လွှမ်းခြုံသွားပြီး သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်ဆီးလိုက်သည်။ တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဝိညာဉ်ခန္ဓာကိုလည်း နှိုးဆွပေးနေပေရာ အနီရောင်အလင်းဖြာထွက်လာသည်။
သူ၏ခန္ဓာကိုယ်သည် အစောင့်အရှောက်ယန်ဝိညာဉ်အဖြစ်မှ အစောင့်အရှောက်ယင်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲနေသည်။
ထိုအလင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ဇကာပေါက်သဖွယ်ခန္ဓာကိုယ်ကို စိမ့်ဝင်နေပေရာ သူသည် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သေလုမျောပါးပုံစံပေါက်နေတော့သည်။
သို့သော်လည်း ထိုအနီရောင်အလင်းတန်းက အရိပ်လေး၏ မျက်လုံးများအားလုံးကို အနည်းငယ် မှေးသွားစေပြီး လေးနက်တည်ကြည်သွားစေသည်။
သို့သော်လည်း အရိပ်လေးက ထိုအမူအရာသည် မသင့်တော်ကြောင်း ခံစားလိုက်ရပြီး အထင်သေးသည့်အမူအရာကို ပြန်လည်ပြသလိုက်လေသည်။
ထိုအနီရောင်လျှပ်စီးတန်းက ထူးခြားသည်ကို ရွှီချင်းသည်လည်း ပြောနိုင်သည်။ ထိုလျှပ်စီးတန်းသည် မှိန်ဖျော့စွာ ပျောက်ကွယ်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စူးစူးဝါးဝါး အော်ဟစ်သံများသည် အော်သံသဲ့သဲ့အဖြစ် ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများထဲရှိ ရူးသွပ်ခြင်းများက ပို၍ပင် အားကောင်းလာသည်။
သူသည် ပထမအကြိမ် ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်လိုက်သည်။ ထိုအချိန်၌ သူသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ခန္ဓာကိုယ်ထဲရှိ အနီရောင်အလင်းတန်းကို အဆက်မပြတ်လှည့်ပတ်ကာ ကောင်းကင်ကပ်ဘေးနောက်တစ်လှိုင်းအတွက် ပြင်ဆင်လိုက်သည်။
သို့သော်လည်း လက်ရှိသူ့ခန္ဓာကိုယ်က အလွန် အားနည်းကာ ပြိုကွဲတော့မည့်ဆဲဆဲ ဖြစ်နေသည်။ ကောင်းကင်ကပ်ဘေးဒုတိယလှိုင်းတွင် သူ အသက်ရှင်နိုင်ရန် အလွန်ခက်သည်။
ရွှီချင်း နှုတ်ဆိတ်နေစဉ် ဒေါသတကြီး ဟစ်ကြွေးလိုက်သည့်အလား ကောင်းကင်ကြီး မြည်ဟည်းသွားပြန်သည်။ ထို့နောက် တိမ်များတွင် သွေးအမျှင်တန်းများ ပို၍ ပြည့်နှက်လာပြီး ဒုတိယမြောက် ကောင်းကင်ကပ်ဘေး ကျဆင်းလာသည်။
မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် သွေးရောင်အလင်းတန်းအသွင် ဖြစ်တည်သွားပြီး မြေပြင်ကို ထိုးခွင်း၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံ တိုးဝင်သွားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မျက်လုံးများထဲ စိတ်ဓာတ်ကျခြင်းများ ပေါ်လာစဉ် ရွှီချင်း လှုပ်ရှားသွားသည်။
သူသည် ရှေ့တစ်လှမ်းတိုးသွားပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအထက်သို့ ရိပ်ခနဲ ရောက်သွားသည်။ သူသည် ညာလက်ကို မြှောက်၍ အထက်သို့ ပင့်လိုက်သည်။
ရုတ်တရက် ကွန်ခြာနှစ်ခု ပေါ်လာပြီး ကောင်းကင်နန်းတော်များ ခန္ဓာကိုယ်အပြင်ဘက်တွင် ရုပ်လုံးပေါ်လာကာ လျှပ်စီးကို တားဆီးလိုက်သည်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။
ထိုအနီရောင်လျှပ်စီးတန်းတွင် ကိန်းအောင်းနေသော ပြင်းထန်သည့် စိတ်ဆန္ဒကို အာရုံခံမိလိုက်ပြီး သူ၏ကွန်ခြာနှစ်ခုက ခုခံနေပြီး တစ်ခုနှင့်တစ်ခု အကူအညီပေးနေသည်ကိုလည်း သူ အာရုံရလိုက်သည်။
သူသည် ထိုလျှပ်စီးတန်းကို စုပ်ယူရန် ကြိုးစားလိုက်ပါသော်လည်း မလုပ်နိုင်ပေ။
“ ဒီကောင်းကင်ကပ်ဘေးအနီရောင်လျှပ်စီးတန်းက ဝိညာဉ်နဲ့ခန္ဓာကို ဖျက်ဆီးတယ် ”
“ ယုံလင်းကျစ်ရဲ့ အဆင့်တက်တာ စိတ်ဝင်စားစရာပဲ ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ အစောင့်အရှောက်ဝိညာဉ်များ အဆင့်တက်သည့် ထိုကဲ့သို့ နည်းလမ်းမျိုး သူ တစ်ခါသာ မြင်ဖူးသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး အနည်းငယ် ပြန်ကောင်းလာသည်ကို မြင်၍ ရွှီချင်းက ကြည့်လိုက်သည်။
“ ဆက်လုပ်ချင်သေးလား ”
“ သခင်လေး … ကျ…”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဆက်တောင့်မခံနိုင်တော့ကြောင်း ပြောရန် ပြင်လိုက်သည်။ သို့သော် အရိပ်လေး၏ မရေမတွက်နိုင်သော မျက်လုံးများထဲရှိ အထင်သေးခြင်းနှင့် ရန်လိုခြင်းများကို သတိထားမိပြီးနောက် အံတင်းတင်းကြိတ်ကာ မာန်သွင်းကြုံးဝါးလိုက်သည်။
“ ငါ လုပ်နိုင်တယ်ဟေ့ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး တစ်ဝက်ကျော် ဓာတ်ပျယ်သွားခဲ့ပြီဖြစ်သော အနီရောင်လျှပ်စီးတန်းကို ဆက်လက် တားဆီးမနေတော့ပေ။
ထို့နောက် လျှပ်စီးတန်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံသို့ ဦးတည်သွားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက မာန်သွင်းကြုံးဝါးလိုက်ပြီး အံတင်းတင်းကြိတ်လိုက်သည်။
လျှပ်စီးတန်း တိုးဝင်သွားစဉ် သူ့ခန္ဓာကိုယ် ပို၍ တုန်ရီလာသည်။ သူ၏ခန္ဓာကိုယ် မှိန်ဖျော့လာပြီး ပျောက်ကွယ်လာနေသည်။ လျှပ်စီးတန်းက တစ်ဝက်ဓာတ်ပျယ်သွားသည့်တိုင်အောင် သူ မခုခံနိုင်ပေ။
သူ့စိတ်ထဲ သေခြင်းတရားခံစားချက်များ နေရာယူလာသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ခါးသီးစွာ ရယ်မောလိုက်သည်။ သူသည် တည်ငြိမ်သောဘဝမှာ နေထိုင်ခဲ့ဖူးပြီး အရာအားလုံးကို ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။ ရန်သူတစ်ယောက်ကို သူ ရန်စမိခဲ့လျှင် အစွမ်းကုန် တုန့်ပြန်တိုက်ခိုက်တတ်ပြီး ရှိသမျှ နည်းလမ်းသုံးကာ ဖျက်ဆီးခဲ့သည်။ သူ မလုပ်နိုင်ပါက ထိုရန်သူကို ရှောင်တိမ်းရန် ဂိုဏ်းကို တည်နေရာရွှေ့ပြောင်းသည်။
ရွှီချင်းကို ပြန်တွေ့ခဲ့ရပြီး သေခြင်းနှင့်ရှင်ခြင်းကို ရင်ဆိုင်ရသည့်အခါ သူ အံတင်းတင်းကြိတ်လိုက်ပြီး သူ့ကိုယ်သူ ဖျက်ဆီးကာ အသက်ရှင်ရန် ကျေးကျွန်လုပ်ခဲ့သည်။
ယခုတွင် သူ စိတ်ဓာတ်ကျနေရလေပြီ။
ထိုသို့ စိတ်ဓာတ်ကျနေစဉ် လျှပ်စီးတန်းက ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ် ပျောက်ကွယ်နေသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သွေးပျက်ချောက်ချားစရာကောင်းလောက်အောင် ရယ်မောလိုက်သည်။
ထိုသည်ကို သူ လက်မခံချင်ပေ။ ရုတ်တရက် ပြင်းထန်သော နောင်တရများကို သူ ခံစားလိုက်ရသည်။
သူ နောင်တရသည်မှာ အဆင့်တက်ရန် ကြိုးစားမိခြင်း မဟုတ်ပေ။
သူ နောင်တရသည်မှာ ငယ်ရွယ်စဉ်က သက်စွန့်ဆံဖျား မကြိုးစားခဲ့ခြင်းကိုပင်။
သူ၏ အစောပိုင်းနှစ်များမှာ အသက်ရှင်ရန်အလို့ငှာ သူသည် ရင်းမြစ်ပစ္စည်းများကို အသက်နှင့်ရင်း၍ လုမယူဝံ့ခဲ့သလို သက်စောင့်မီးတောက် ပေါ်လာရန်လည်း မကြိုးစားခဲ့ပေ။
ထိုစာအုပ်များထဲက အဓိကဇာတ်ကောင်ဖြစ်လာရန်သာ သူ စိတ်ကူးယဉ်နေခဲ့ပြီး သာမန်ဘဝမှ မိုးကောင်းကင်သို့ ရောက်ရန်ကိုသာ စွဲလမ်းနေခဲ့သည်။
“ ယုံလင်းကျစ်ဆိုတဲ့ငါလည်း ပါရမီနဲ့ လူတစ်ယောက်ပါကွ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ခေါင်းမော့၍ ရွှီချင်းကို ကြည့်ကာ ချောက်ချားစရာလေသံဖြင့် ပြောလိုက်သည်။
“ မိစ္ဆာရွှီ၊ ယုံလင်းကျစ်ဆိုတဲ့ငါလည်း အခွင့်အလမ်းတွေနဲ့ လူတစ်ယောက်ပါကွ ”
“ မိစ္ဆာရွှီ၊ ငါ ယုံလင်းကျစ်က ကျွေးကျွန်ဖြစ်ဖို့ မွေးလာတာ မဟုတ်ဘူး ”
“ ဒီ … ဒီလိုမျိုး ဘယ်လိုလုပ် အဆုံးသတ်ရတာတုံး ”
သူသည် အတိတ်ကို ပြန်လည်တွေးတောရင်း မခံမရပ်နိုင်အောင် ဖြစ်လာသည်။ သူ၏စိတ်ခံစားချက်များ ပေါက်ကွဲလာပြီး စိတ်ဓာတ်ကျခြင်း၊ ရူးသွပ်ခြင်း၊ နောင်တရခြင်းများ ပြည့်နှက်လာသည်။ အထူးသဖြင့် သူ သေရတော့မည့်ဟု ခံစားမိသောအခါတွင် ဖြစ်သည်။ သူ ပြောခဲ့သည့်စကားများကို သူ ဂရုမစိုက်တော့ပေ။
သေခြင်းတရား ရောက်လာသောကြောင့် ထိုစိတ်ဓာတ်ကျခြင်းက အဆုံးစွန်သို့ ရောက်သွားသည်။
ထိုရူးသွပ်ခြင်းသည်လည်း အတူတူပင်။ နောင်တရခြင်းသည်လည်း အတူတူပင်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်၍ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ လျှပ်စီးတန်းကို ဓာတ်ပြယ်စေရန် သူ လှုပ်ရှားရန် ပြင်လိုက်သည်။
ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခံစားချက်များ အဆုံးစွန်သို့ ရောက်သွားသည့်အခိုက် သူ သေလုဆဲဆဲအခြေအနေတွင် သူ့ခန္ဓာကိုယ်ထဲရှိ အနီရောင်လျှပ်စီးတန်းက ရပ်သွားသည်။
ထိုသို့ ရပ်သွားပြီးနောက် သတ်မှတ်ချက်နှင့် ကိုက်ညီသွားသည့်အလား အနီရောင်လျှပ်စီးတန်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အတိုင်းအတာတစ်ခုအထိ ပဲ့တင်ထပ်သွားပုံရသည်။
တခဏလေးအတွင်း ထိုလျှပ်စီးတန်းများ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခန္ဓာကိုယ်ထဲ စုစည်းသွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားသော နေရာများအားလုံး ပြန်ကြီးထွားလာသည်။
သို့သော် ခန္ဓာကိုယ်က နီမြန်းနေသည်။
ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ခန္ဓာကိုယ်မှ ခုနစ်ဆယ်ရာခိုင်နှုန်းက သွေးနီရောင် ပြောင်းလဲသွားသည်။ လက်ကျန်သုံးဆယ်ရာခိုင်နှုန်းက ပုံမှန်ဖြစ်သည်။ ယင်းသည် အဆင့်တက်ခြင်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို သူ ပြီးမြောက်သွားပြီဟု ဆိုနိုင်သည်။
သုံးဆယ်ရာခိုင်နှုန်းက ယန်ဝိညာဉ်အဖြစ် ရှိနေသေးပြီး ခုနစ်ဆယ်ရာခိုင်နှုန်းက ယင်ဝိညာဉ်ဖြစ်သွားသည်။
ကောင်းကင်ကပ်ဘေး ပျောက်ကွယ်သွားသည်။
အဆင့်တက်ခြင်းသည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှု ရှိသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ဆွံ့အသွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
ထို့နောက် စောစောက သူ၏ ဟစ်ကြွေးသံများကို ပြန်တွေးမိလိုက်ပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူ စိုးရိမ်ထိတ်လန့်စွာဖြင့် တုန်ရီလာသည်။ သူသည် ခေါင်းမော့၍ ရွှီချင်းအား ငိုကြွေးသည်ထက် ပို၍ အရုပ်ဆိုးသော အမူအရာဖြင့် ကြည့်လိုက်သည်။
“ အမ် … သခင်လေး စောစောက လုပ်ခဲ့တာတွေက ကျင့်ကြံခြင်းလိုအပ်ချက်အရပါ။ အဲဒါက အဆင့်တက်တဲ့အချိန်မှာ အရေးကြီးဆုံးခြေလှမ်းပါ။ ကျနော်မျိုး အဲဒီလို ပြောမှဖြစ်မှာမလို့ … ”
“ တကယ်က သခင်လေးနောက်ကို လိုက်ခဲ့ရတဲ့ အချိန်တွေက ကျနော်မျိုးဘဝမှာ ပျော်စရာအကောင်းဆုံး အချိန်တွေပါပဲ ”
“ သခင်လေး … ဗွေမယူပါနဲ့ ”
ဘေးရှိ အရိပ်လေးက မဲ့ပြုံးပြုံးလိုက်သည်။ အရိပ်လေးသည် ခေါင်းယမ်းနေသည့်အလား သူ၏ခန္ဓာကိုယ်က ရှေ့နောက်ယိမ်းထိုးနေသည်။