← Chapters

မင်းလည်း ဒီရောက်နေတာလား

Vol. 30 Ch. 451

မင်းလည်း ဒီရောက်နေတာလား

Vol. 30 Ch. 451

အရိပ်လေးက ခေါင်းယမ်းနေသည်ကို မြင်၍ ကျင်းကန်းဂိုဏ်းစောင့်မှာ ကြောက်စိတ်က ငယ်ထိပ်ရောက်သွားရသည်။ သူသည် တုန်ရီနေလျက် ရွှီချင်းကို စိတ်ဓာတ်ကျသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ယခုတစ်ခေါက်တော့ ကိစ္စချောပြီဟု သူ ခံစားလိုက်ရသည်။

“ သခင်လေး … ”

“ ခင်ဗျားခန္ဓာကိုယ် အဆင်ပြေလား ”

ရွှိချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်၍ စိုးရိမ်သောလေသံဖြင့် နူးညံ့ညင်သာစွာ မေးမြန်းလိုက်သည်။

ထိုအသံသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးအတွက် နွေဦးလေပြေအလားပင်။ သူ၏မျက်လုံးများ ပြူးကျယ်ကာ အသက်ရှူသံများ မြန်ဆန်လာပြီး ရွှီချင်းကို ငေးကြည့်လိုက်သည်။ မိစ္ဆာရွှီက စောစောက သူ၏စည်းကျော်သွားသော စကားများကို မေးမြန်းခြင်းမပြုဘဲ စိုးရိမ်ပူပန်သောစကားပြောမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ယင်းကြောင့် သူ့စိတ်ခံစားချက်များ ယောက်ယက်ခတ်သွားသည်။ အထူးသဖြင့် စောစောက သေခြင်းနှင့် ရှင်ခြင်းကို ကြုံလိုက်ရသောအခါတွင် ဖြစ်သည်။ အကြီးအကျယ် ဝမ်းနည်းခြင်းနှင့် ဝမ်းသာပျော်ရွှင်ခြင်းတို့ ကြုံလိုက်ရပြီးနောက် သူသည် ဖော်ပြ၍ မရနိုင်လောက်အောင် ခံစားလိုက်ရသည်။

ထိုခံစားချက်သည် ရွှီချင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယင်းသည် သူ ဖတ်ခဲ့ဖူးသည့် စာအုပ်များကို တွေးမိသွားစေသည်။ တချို့ဇာတ်ကွက်များတွင် ထိုနည်းတူ ဖြစ်ပေသည်။ နှစ်တစ်နှစ်၊ လတစ်လ၊ ရက်တစ်ရက်တွင် ကြီးကျယ်သောနတ်ဘုရားသည် နောက်ဆုံးတွင် လက်ကျန်ဘဝတစ်လျှောက် အဖော်ပြုပေးမည့် သစ္စာရှိသောအစေခံကို တွေ့သွားခဲ့သည်။

သမိုင်းစက်ဝန်းကြီး၏ သက်သေအောက်တွင် ယင်းသည် သစ္စာရှိသောအစေခံ၏ ကံကြမ္မာကို ပြောင်းလဲပေးမည့်အချိန်အခါ ဖြစ်ပေမည်။

သူ့ရှေ့ရှိ ရွှီချင်းသည် စာအုပ်ထဲတွင် ဆိုထားသကဲ့သို့ ဘဝဟောင်းမှ သူ့ဆရာ ဖြစ်ပုံရသည်။ ဤဘဝတွင် သူနှင့် ဆုံတွေ့ရန် မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသည်။ ယင်းသည် ကံကြမ္မာ ဖြစ်သည်။

‘ အဲဒါ ဟုတ်တယ် ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စိတ်လှုပ်ရှားသွားသည်။

ထိုခံစားချက်မျိုး ယခင်က တစ်ခါမှ မခံစားရဖူးချေ။ ထိုအချိန်၌ သူ၏နှလုံးသားထဲတွင် ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်သွားပြီး ခပ်သွက်သွက် ပြောလိုက်သည်။

“ သခင်လေး၊ စိတ်မပူပါနဲ့။ ကျွန်တော်မျိုး အဆင်ပြေပါတယ်။ အချိန်ရဲ့သက်သေအောက်မှာ သခင်လေးအတွက် ပြန်လည်တိုက်ခိုက်နိုင်တော့မှာကို တွေးပြီး စိတ်လှုပ်ရှားနေပါတယ်။ ဒီဘဝမှာ သခင်လေးအတွက် အရိုးကျေကျေ အရေခမ်းခမ်း ဆောင်ရွက်ပါမယ် ”

ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အပြုအမူက အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သို့သော်လည်း လမ်းတွင် သူ့အတွေ့အကြုံကို စဉ်းစားမိသောအခါ ခေါင်းညိတ်လိုက်သည်။

အရိပ်လေးသည် အတန်ငယ် မှင်သက်သွားသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် စောစောက ပြောခဲ့သည်စကားများကို သူ မှတ်ထားလိုက်သည်။ နောင်တချိန်တွင် ထိုစကားများကို ပြောရန် သူ စီစဉ်ထားသည်။

“ ဒီတစ်ခေါက် အဆင့်တက်တာ မအောင်မြင်လိုက်ဘူးမလား ”

ရွှီချင်းက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်လိုက်သည်။

“ သခင်လေး၊ ကျနော်မျိုး မအောင်မြင်ပေမဲ့ အရင်ကနဲ့ မတူတော့ဘူးလို့ ခံစားရပါတယ် ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ပြောရင်းဆိုရင်း ညာလက်ကို မြှောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ အနီရောင်လျှပ်စီးတန်းတစ်တန်း သူ့လက်ဝါးပေါ်တွင် ချက်ချင်း ပေါ်လာသည်။

ထိုလျှပ်စီးက အားနည်းနေသေးသော်လည်း ၎င်း၏ အနှစ်သာရက စောစောက ရွှီချင်း မြင်ခဲ့ရသည့် ကောင်းကင်ကပ်ဘေး၏ စွမ်းအားနှင့် တစ်ထပ်တည်းပင်။

“ ဒါက သေးတယ်ဆိုပေမဲ့ ကျနော်မျိုးက အစောင့်အရှောက်ယင်ဝိညာဉ်တစ်ပိုင်း ဖြစ်နေပါပြီ။ သံတုတ်လေးနဲ့ ပေါင်းလိုက်ရင် သံတုတ်ရဲ့အစွမ်းက သိသိသာသာ မြင့်မားသွားမှာပါ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် လက်ထဲရှိ အားနည်းနေသော လျှပ်စီးတန်းကို ကြည့်ကာ အနည်းငယ် လိပ်ပြာမလုံသလို ခံစားလိုက်ရပြီး အလျင်အမြန် ပြောလိုက်သည်။ စကားဆုံးပြီးနောက် သူသည် လှစ်ခနဲ လှုပ်ရှားသွားပြီး ဘေးရှိ သံတုတ်နက်လေးဆီသို့ ပြန်သွားကာ ချက်ချင်းပြသရန် ပြင်လိုက်သည်။

သို့သော် သံတုတ်နက်လေးနှင့် ပေါင်းစပ်လိုက်သည့်အခိုက် သံတုတ်နက်လေးမှာ ချက်ချင်း တုန်ရီသွားသည်။

သံတုတ်ပေါ်တွင် အနီရောင်ကမ္ပည်းစာများ ပေါ်လာပြီး တဖျစ်ဖျစ်အက်ကွဲသံများ လွင့်ပျံလာသည်။ သံတုတ်နက်ပေါ်တွင် အနီရောင်ကမ္ပည်းစာများ ဆက်လက်ပျံ့နှံ့သွားစဉ် ပြန်လည်ပြုပြင်ခံလိုက်ရသည့်အလား သံတုတ်နက်လေးထံမှ ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော သံတုတ်လေးက ထူးခြားလာသည်ကို မြင်၍ ရွှီချင်းသည် အနီးကပ်ကြည့်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ သွေးပျက်ခမန်း အော်ဟစ်သံ လွင့်ပျံလာပြီး သံတုတ်ပေါ်တွင် အက်ကွဲကြောင်းများ ရုတ်တရက် ပေါ်လာသည်။

သံတုတ်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီးသုံးကြောင်း ပေါ်လာပြီး သံတုတ်နက်မှာ တစစီပျက်စီးသွားတော့မည့်ပုံ ပေါ်သည်။

ရွှီချင်းသည် သံတုတ်နက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။ သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် သူ့အမူအရာ အရုပ်ဆိုးသွားသည်။ ထိုအချိန်၌ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း ရုပ်လုံးပေါ်လာပြီး ဂရုတစိုက်ဖြင့် ပြောလိုက်သည်။

“ သခင်လေး၊ ကျနော်မျိုး ပိုင်ဆိုင်တဲ့ ဒီရတနာရဲ့ အဆင့်အတန်းက အတော်လေး နိမ့်ကျနေပါတယ် ”

“ ကျနော်မျိုး ရွှေအမြုတေအဆင့်အောက်မှာ ရှိတုံးက ကိစ္စမရှိပေမဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း ယင်ဝိညာဉ်ဖြစ်လာတဲ့အခါ ကျနော်မျိုးရဲ့ အစွမ်းကို မခံနိုင်တော့ပါဘူး။ ပြီးတော့ အနီရောင်လျှပ်စီးကောင်းကင်ကပ်ဘေးရဲ့ အစွမ်းက သံတုတ်လေး ခံနိုင်တဲ့အရာ မဟုတ်ပါဘူး ”

ရွှီချင်းသည် သံတုတ်ကို ဆုပ်ကိုင်ကာ အချိန်အတော်ကြာသည့်တိုင်အောင် ငြိမ်သက်နေသည်။

ထိုပစ္စည်းသည် သူ ကလေးဘဝကတည်းက အတူရှိခဲ့သည့်ပစ္စည်းဖြစ်သည်။ ဆင်းရဲသားရပ်ကွက်ကို မရောက်ခင်ကဖြစ်စေ၊ ရောက်ပြီးဖြစ်စေ၊ ရတနာမုဆိုးစခန်း၌ဖြစ်စေ၊ ချီရွှဲ့ထုံဂိုဏ်း၏ အစောပိုင်းနေ့ရက်များတွင်ဖြစ်စေ သူနှင့်အတူ ရှိခဲ့သည်။

ထိုသံတုတ်လေးကို လက်တွင် ဆုပ်ကိုင်ကာ သူ အိပ်စက်ခဲ့သည့်နေ့များနှင့် ညများ မရေမတွက်နိုင်အောင် ရှိပေသည်။

“ ဒီမှာပဲ ရပ်ကြတာပေါ့။ ဂိုဏ်းကို ပြန်ရောက်မှ သံတုတ်ကို ပြုပြင်ပြီး အဆင့်မြှင့်တင်နိုင်မယ့်နည်းလမ်းကို ရှာကြည့်ရမယ် ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောလိုက်ပြီး သံတုတ်နက်လေးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် တိုင်းပြည်လေးထဲမှ ရရှိခဲ့သည့် မှန်မှော်ရတနာကို ယာယီခိုနားရာအဖြစ် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ပေးလိုက်သည်။

ရွှီချင်းသည် အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ ချက်ချင်း ပြန်ပုန်းကွယ်လိုက်ကြသည်။

“ ထွက်သွားဖို့ အချိန်ကျပြီ ”

ရွှီချင်း၏ မျက်လုံးများ တဖိတ်ဖိတ်လက်သွားသည်။ ယခုတစ်ခေါက် အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ အဆင့်တက်သွားခြင်းသည် သူ၏တိုက်ရည်ခိုက်ရည်ကို ပို၍ မြင့်မားသွားစေသည်။

ထူးခြားသောအပြောင်းအလဲများကို မှော်သင်္ဘောပေါ်သို့ ပြန်ရောက်မှ သူ စဉ်းစားကြည့်ရပေမည်။

ဤနေရာသည် တားမြစ်ဒေသကြီးဖြစ်ပြီး သူ သတိထားရမည် မဟုတ်ပါလား။ ယင်းအပြင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အဆင့်တက်ခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအင်အငွေ့အသက်များက ကြီးမားလွန်းပြီး အမျိုးအမည်မသိ သတ္တဝါတချို့ကို ဆွဲဆောင်သွားစေနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ရွှီချင်းက ချက်ချင်း ထွက်သွားရန် စီစဉ်လိုက်သည်။

ထိုအတွေးနှင့်အတူ သူသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ထွက်ပေါက်သို့ ဦးတည်သွားသည်။ သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ထွက်ပေါက်ရှိ ကျောက်စရစ်ခဲများ ပေါက်ကွဲသွားသည်။ ထို့နောက် သူ အလျင်အမြန် ပြေးထွက်လိုက်သည်။

ထိုစဉ် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အဝေးသို့ ဆတ်ခနဲ ကြည့်လိုက်သည်။

အဝေးရှိ တောအုပ်ထဲတွင် ပေတစ်ရာကျော်မြင့်သော ထူးဆန်းသောလူ့ဘီလူးကြီးတစ်စုက ဟိန်းဟောက်မာန်ဖီကာ အရူးအမူး ပြေးလိုက်နေသည်။ ထိုလူ့ဘီလူးကြီးတစ်ယောက်စီက ကြောက်ခမန်းလိလိ အရှိန်အဝါများ ထုတ်လွှတ်နေပြီး ရွှေအမြုတေအဆင့်ကို ယှဉ်နိုင်သော လူ့ဘီလူးဆယ်ယောက်ကျော်ရှိသည်။

လူ့ဘီလူးနှစ်ယောက်သုံးယောက်က ကောင်းကင်နန်းတော်ရွှေအမြုတေခြောက်ခုကို ရင်ဆိုင်နေရသည့်အလား ခံစားနေရသည်ဖြစ်၍ သူ၏မျက်လုံးများ မှေးသွားသည်။

ရွှီချင်းကို တအံ့တသြ ဖြစ်သွားစေသည်မှာ ကောင်းကင်သို့တိုင်အောင် ပဲ့တင်ထပ်သွားသော ဟိန်းဟောက်သံပင် ဖြစ်သည်။ ထိုအသံသည် ချောက်ချားစရာကောင်းပြီး အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပုံရသည်။

ကောင်းကင်ကြီး၏ အရောင် ပြောင်းလဲသွားပြီး လေပြင်းများ တိုက်ခတ်လာကာ လောကကြီး တုန်ခါလာသည်။

သတ္တဝါကြီးတစ်ကောင် ရုန်းကန်ထကြွကာ ထိုနေရာမှ ထွက်ပြေးချင်နေသည့်အလားပင်။

ထိုလူ့ဘီလူးကြီးများ၏ ပစ်မှတ်သည်ကား ခေါင်းဆောင်မှလွဲ၍ တခြားမဟုတ်ပေ။

ရွှီချင်းသည် လှမ်းကြည့်ရုံသာကြည့်လိုက်ပြီး ခေါင်းဆောင်က တစ်ခုခု မွှေခဲ့ပြန်ပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင် သူ သက်ပြင်းချလိုက်ပြီး အလျင်အမြန် ပြေးသွားသည်။

ခေါင်းဆောင်သည်လည်း ရွှီချင်းကို အဝေးမှ လှမ်းမြင်လိုက်ပြီး အံ့သြဝမ်းသာသွားသည်။

“ မင်းလည်း ဒီရောက်နေတာလား။ ဒီမှာ ဘာရတနာပေါ်လာတာတုံး။ ငါ့ကို ပြစမ်းပါဦး ”

ခေါင်းဆောင်က အော်ပြောလိုက်သည်။

“ စိတ်မပူနဲ့။ အဲဒီကောင်ကြီး လွယ်လွယ်နဲ့ ထနိုင်မှာ မဟုတ်ဘူး။ အဲဒီကောင်ကြီး နိုးလာပေမဲ့ သူ အိပ်နေတဲ့နေရာက နည်းနည်း ရှုပ်ထွေးတယ်။ အဲဒီနေရာက ခေါင်းတစ်ခြမ်းပဲ ပေါ်တဲ့ နွံအိုင်ကြီး။ အဲဒီမှာ မျိုးနွယ်တွေရဲ့ အစီအရင်တွေ ကျန်နေသေးတာကို ငါ မြင်ခဲ့ရတယ် ”

ခေါင်းဆောင်က ပြောလိုက်စဉ် အဝေးဆီမှ ဘုန်းခနဲ မြည်ဟည်းသံကြီး ပဲ့တင်ထပ်လာသည်။ မြေပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ပို၍ပင် ပြင်းထန်သော အရှိန်အဝါတစ်ခု လွင့်ပျံလာသည်။

ပြင်းထန်သော လေပြင်းများနှင့်အတူ အစီအရင်တစ်စိတ်တစ်ပိုင်း ပျက်စီးသွားပုံရပြီး ရုန်းကန်ခြင်းက ပို၍ ပြင်းထန်လာသည်။

လေပြင်းများ တိုက်ခတ်လာစဉ် အရပ်မျက်နှာအနှံ့မှ ခုခံအားလှိုင်းများ လွင့်ပျံလာရာ ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ အမြန်နှုန်း အလိုလို နှေးသွားပြီး နောက်မှလိုက်နေသော လူ့ဘီလူးကြီးများက ပို၍ပင် မြန်ဆန်လာသည်။

နှစ်ဖက်ကြားက အကွာအဝေးမှာ မြန်ဆန်စွာ ကျဉ်းမြောင်းလာနေပြီး ခေါင်းဆောင်မှာ ဖမ်းခံရလုဆဲဆဲ ဖြစ်သွားသည်။

“ ချီးပဲဟေ့၊ အဲဒါကြီး ဖောက်ထွက်လာတော့မယ်လို့ မပြောနဲ့နော် ”

ခေါင်းဆောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အရှိန်တင်ကာ ရွှီချင်းနောက်သို့ လိုက်သွားသည်။

ရွှီချင်းသည် နောက်လှည့်မကြည့်ပါသော်လည်း နောက်မှ လေထုကို ဖမ်းဆုပ်လိုက်ရာ ခေါင်းဆောင်သည် ထိုအရှိန်ကို အသုံးချလိုက်သည်။

ထို့နောက် ခေါင်းဆောင်၏ အမြန်နှုန်းက ပို၍ပင် မြန်ဆန်သွားပြီး ရွှီချင်းနောက်သို့ ရောက်သွားသည်။

သို့သော်လည်း ဤနေရာတွင် ခုခံအားက အလွန် ပြင်းထန်သည်။ သူ့မျက်နှာကို လေပြင်းများ တိုက်ခတ်လာပြီး နောက်မှ လူ့ဘီလူးကြီးများ၏ ထွက်သက်များကိုပင် ရွှီချင်း အနံ့ရလိုက်သည်။ ထိုဖြစ်ရပ်ကြောင့် ရွှီချင်းမှာ ခေါင်းကိုက်သွားရပြီး မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“ ခေါင်းဆောင်၊ ဒီတစ်ခေါက် ဘာလုပ်ခဲ့တာတုံး ”

“ ဘာမှသိပ်မလုပ်ခဲ့ပါဘူးကွာ။ စောစောက မင်းကို မီလာတော့ မင်း အဆင်ပြေနေတာကို ငါ မြင်လိုက်တယ်။ အဲဒါပြီးတော့ အရသာရှိတဲ့အနံ့ ရှူမိလို့ သွားကြည့်လိုက်တာ ”

“ နောက်ဆုံးကျ ငါ ဘာမြင်လိုက်ရတယ်မှတ်လဲ။ အရူးတစ်စုက သစ်သီးတစ်လုံးကို ကိုးကွယ်နေကြတာဟေ့။ အဲဒီရူးနှမ်းတဲ့အပြုအမူအတွက် ငါ သင်ခန်းစာပေးရမယ်ဆိုပြီး အဲဒီသစ်သီးကို ယူလာခဲ့လိုက်တာပဲ ”

“ အဲဒီနောက်တော့ကော ”

ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ အဲဒါပဲလေ ”

ခေါင်းဆောင်သည် သစ်သီးတစ်လုံးသာ ယူခဲ့သည်ကို ထိုမျှ ဒေါသထွက်နေရသည့်နားမလည်နိုင်သည့်အလား နာကြင်နေသော အမူအရာဖြင့် ပြောလိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်ကို မယုံကြည်ဘဲ ခေါင်းဆောင်၏ ပါးစပ်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြေးနေရင်း အသံကိုနှိမ့်၍ ပြောလိုက်သည်။

“ တကယ် ဘာမှမလုပ်ခဲ့ပါဘူး။ အဲ … ငါ မထွက်သွားခင် သူတို့ခေါင်းဆောင်ရဲ့ ခေါင်းတစ်ခြမ်းက နွံအိုင်အပြင်ဘက်ထွက်နေတာကို မြင်ခဲ့ရတယ်။ သူ့ခေါင်းမှာ စိုက်နေတဲ့ သစ်သားဓားက အရည်အသွေးသိပ်ကောင်းလို့ ငါ တစ်ကိုက် ကိုက်မိလိုက်တယ် ”

“ အရသာ မရှိပါဘူးကွာ ”

ခေါင်းဆောင်က ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။

ရွှီချင်း နှုတ်ဆိတ်နေသည်။

“ အိုက်ယား၊ နှစ်ကိုက်၊ နှစ်ကိုက် … ငါ နှစ်ကိုက်ပဲ ကိုက်ခဲ့တာပါကွာ ”

ခေါင်းဆောင်သည် မလုံမလဲစိတ်ဖြင့် အလျင်အမြန် ပြောလိုက်သည်။ သူသည် အစွမ်းကုန် ပြေးလွှားနေသည်။ သူသည် မြန်ဆန်စွာ ပြေးနေရသည့်အတွက်ကြောင့်လား၊ သို့တည်းမဟုတ် စားခဲ့သည်မှာ များသွားသည့်အတွက်ကြောင့်ပေလော သူ မနေနိုင်တော့ဘဲ လေချဉ်တက်လိုက်သည်။

ရွှီချင်း သက်ပြင်းချလိုက်သည်။ ခေါင်းဆောင်က များစွာ စားခဲ့ခြင်းဖြစ်ရမည်ဟု သူ ခံစားလိုက်ရသည်ဖြစ်၍ နောက်ထပ် မမေးတော့ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံ ထွက်ပေါ်လာပြီး အရှိန်တင်ကာ ပြေးသွားသည်။ သို့သော်လည်း မကြာခင် လူ့ဘီလူးကြီးများက သူတို့ကို မီလာသည်။

ခေါင်းဆောင်၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ သူ့နောက်သို့ လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်း ထွက်ပေါ်လာပြီး အလင်းပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားကာ ထိုအလင်းပင်လယ်ကြီး ဖြတ်သန်းသွားသည့်နေရာတိုင်း အေးခဲသွားသည်။

ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ အဆိပ်နန်းတော်သည်လည်း ယိမ်းခါသွားပြီး အဆိပ်ဓာတ်များ သူ့နောက်သို့ ဖြာထွက်သွားသည်။ ထိုအဆိပ်များ ဖြန့်သန်းသွားသည့်နေရာတိုင်း ပုပ်သိုးဆွေးမြေ့သွားသည်။

တခဏလေးအတွင်း သူတို့နောက်မှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူ့ဘီလူးကြီးတချို့ အေးခဲသွားကြပြီး တချို့က အဆိပ်မိသွားကြသည်။ ခဏကြာသည်အထိ ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားပြီး နောက်မှလိုက်နေသူများ အရှိန်လျော့သွားသည်။

သို့သော်လည်း ထိုအချိန်၌ အဝေးဆီမှ ဒေါသတကြီး ဟိန်းဟောက်သံ လွင့်ပျံလာသည်။ ရုန်းကန်နေခြင်းများ ပို၍ အားကောင်းလာပြီး ထိုနေရာမှ မြူခိုးအလွှာတစ်လွှာ မြင့်တက်လာသည်။ ယင်းသည် ရွှီချင်းနှင့်ခေါင်းဆောင်တို့ဆီသို့ ထွက်သက်မှုတ်ထုတ်လိုက်သည့်အလားပင်။

ထိုထွက်သက်သည် တခဏလေးအတွင်း ရောက်လာသည်။ အညှာအတာကင်းမဲ့သော ပွတ်တိုက်ခြင်းအောက်တွင် ရွှီချင်း၏ ကောင်းကင်သရဖူ ဝင်းလက်သွားသည်။ သို့သော်လည်း သူ သေါးတစ်ပွက်အန်လိုက်ရပြီး သူ့အရိုးများ ကျိုးကြေသွားသည်။

ခေါင်းဆောင်သည်လည်း သွေးအန်သွားပြီး သူ့ခန္ဓာကိုယ်မှာ အပေါက်များဖြင့် ဇကာပေါက်သဖွယ် ဖြစ်သွားသည်။ သူတို့နှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်သွားကြပြီး အရူးအမူးထွက်ပြေးလိုက်ကြသည်။

ကံကောင်းထောက်မ၍ သူတို့ရောက်နေသောနေရာသည် ဓားတားမြစ်ဒေသကြီး၏ အတွင်းပိုင်းတွင် မဟုတ်ပေ။ အတွင်းပိုင်းနှင့် အနီးတွင် ရှိသည်ဟူ၍သာ ယူဆနိုင်သည်။ ထို့ကြောင့် သူတို့၏ အမြန်နှုန်းများနှင့်အတူ ခြောက်နာရီကြာမြင့်ပြီးနောက် ဓားတားမြစ်ဒေသကြီးထဲမှ သူတို့ ထွက်လာနိုင်ကြသည်။

သူတို့သည် လမ်းတွင် ရပ်နားခြင်း မပြုဝံ့ကြပေ။ သူတို့ခွန်အားများကို ပြေးလွှားရာတွင် အာရုံစိုက်ထားသည်။ သူတို့ အပြင်ရောက်သည်နှင့် ဓားတားမြစ်ဒေသကြီး၏ အတွင်းပိုင်းမှ ဟိန်းဟောက်သံကြီး လွင့်ပျံလာသည်။ ထိုနေရာတွင် ဧရာမလူရိပ်ကြီးတစ်ရိပ် မတ်တတ်ရပ်နေသည်ကို မြင်နိုင်သည်။

ထိုလူရိပ်သည် မြင့်မားလွန်းလှသည်။ အလွန်ဝေးကွာသောနေရာမှ ဖြစ်သည့်တိုင်အောင် ထိုလူရိပ်ကြီး မတ်တတ်ရပ်ပြီးနောက် ခေါင်းက ကောင်းကင်ကြီးအား ထိချင်နေပုံရသည်ကို မြင်နိုင်သည်။ ထိုလူရိပ်ကြီးထံမှ ကြောက်ခမန်းလိလိဖိအားတစ်ရပ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုလူရိပ်ကြီး၏ နှာခေါင်းက ပျက်စီးနေပြီး အနည်းငယ် ခြောက်ကပ်နေပေရာ နှာခေါင်းပျောက်နေသည့်အလားပင်။

ထိုလူရိပ်ကြီးက ဒေါသတကြီး မာန်ဖီလိုက်ရင်း ခြေထောက်ကိုမြှောက်၍ ခေါင်းဆောင်နှင့် ရွှီချင်းတို့နောက်သို့ ပြေးလိုက်ရန် ပြင်လိုက်သည်။

သူတို့နှစ်ယောက် မျက်နှာပျက်သွားကြသည်။

ထိုအချိန်၌ ဓားတားမြစ်ဒေသကြီးထဲမှ တာအိုဓာတ်များ ကိန်းအောင်းနေသည့် အမျှင်တန်းများ ရုတ်ခြည်း ထွက်ပေါ်လာပြီး လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ကို အချုပ်အနှောင်တစ်ခုပုံစံဖြင့် လွှမ်းခြုံသွားကာ မလှုပ်နိုင်အောင် တားဆီးလိုက်သည်။ လူ့ဘီလူးကြီးမှာ အဆက်မပြတ် ဟိန်းဟောက်ရုံသာ တတ်နိုင်တော့သည်။

ဟိန်းဟောက်သံများက အဝေးမှ ပျံ့လွင့်နေသည့်တိုင်အောင် ခေါင်းဆောင်နှင့် ရွှီချင်းတို့ကို သွေးများအန်သွားစေသည်။ သူတို့ခန္ဓာကိုယ်များသည်ပင် စုတ်ပြဲသည့်လက္ခဏာများ ပေါ်လာသည်။ သူတို့နှစ်ယောက်သည် ဓားတားမြစ်ဒေသကြီးထဲမှ အလျင်အမြန် ပြေးထွက်ကာ မှော်စစ်သင်္ဘောကြီးဆီသို့ အားသွန်ခွန်စိုက် ပြေးသွားသည်။

ရွှီချင်းသည် မောဟိုက်ပင်ပန်းစွာ အသက်ရှူလိုက်သည်။ သူသည် လူ့ဘီလူးကြီး၏ နှာခေါင်းကို ကြည့်လိုက်ပြီးနောက် ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ သောက်ကျိုးနဲကွာ၊ တကယ်ကြီး ရုန်းထွက်လာတာပဲ။ အဲဒီကောင်ကြီးက အရင်တုန်းက ဓားဧကရာဇ်ရဲ့ စစ်သေနာပတိတစ်ယောက် ဖြစ်ရမယ်။ သိပ်အစွမ်းထက်တာပဲ ”

မှော်စစ်သင်္ဘောပေါ်တွင် ယန်ယန်သည် ထိုဖြစ်ရပ်ကို မြင်၍ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားသည်။

ထိုနှစ်ယောက်က ဓားတားမြစ်ဒေသကြီးအား ယခုကဲ့သို့ အုတ်အော်သောင်းနင်းဖြစ်သွားအောင် မည်သို့ လုပ်ခဲ့သည်ကို ယန်ယန်မှာ နားမလည်နိုင်အောင် ဖြစ်နေပုံရသည်။

All Chapters