← Chapters

ဘဝက ခက်ခဲလိုက်တာ

Vol. 30 Ch. 452

ဘဝက ခက်ခဲလိုက်တာ

Vol. 30 Ch. 452

မှော်စစ်သင်္ဘောပေါ်သို့ ခြေချလိုက်သည့်အခိုက် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် မှော်စစ်သင်္ဘောကို အတူတကွ ထိန်းချုပ်ကာ အရှိန်တင်၍ မောင်းနှင်လိုက်သည်။

သူတို့နှစ်ယောက်သည် ရင်တဒိန်းဒိန်းခုန်နေလျက် နောက်ရှိ တားမြစ်ဒေသကြီးကို မကြာခဏ လှည့်ကြည့်နေကြသည်။

တားမြစ်ဒေသကြီးထဲတွင် လူ့ဘီလူးကြီး အပြင်းအထန် ရုန်းကန်နေသည်ကို မြင်နိုင်သည်။ တိမ်မည်းများ တရွှီရွှီအော်မြည်နေပြီး ထိုတိမ်မည်းများထဲတွင် လျှပ်စီးတန်းများ တဖျပ်ဖျပ်လက်နေသည်။ သို့သော်လည်း လူ့ဘီလူးကြီး မည်မျှ ရုန်းကန်ပြီး အော်ဟစ်နေစေကာမူ တားမြစ်ဒေသကြီးထဲမှ ဧရာမပိုက်ကွန်ကြီးက လူ့ဘီလူးကြီးကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်လိုက်သည်။

ထိုအဖြစ်အပျက်ကို မြင်၍ ရွှီချင်း၏စိတ်ထဲ ကြောက်စိတ်မပျယ်သေးပေ။

ခေါင်းဆောင်သည် လေမှုတ်ထုတ်လိုက်ပြီး ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

“ ငါ ခန့်မှန်းထားသလို ဓားတားမြစ်ဒေသဆိုတာ အကျဉ်းစခန်းတစ်ခုပဲ။ ဒီတားမြစ်ဒေသကို တစ်ခါတုန်းက ဝိညာဉ်သံစဉ်လို့ သိကြတယ်။ နောက်ပိုင်းကျ ဖုန်းဟိုင်မြို့ကြီးက မျိုးနွယ်တွေအားလုံးက ဒီတားမြစ်ဒေသကြီးကို ချုပ်နှောင်ပြီးတော့ ဝိညာဉ်သံစဉ်ကနေ အကျဉ်းစခန်း ဖြစ်လာတာပဲ ”

ရွှီချင်း အတွေးနက်သွားသည်။ ယခင်က အမှတ်ခုနစ်သခင်ကြီးက ထိုတားမြစ်ဒေသကို ဝိညာဉ်သံစဉ်တားမြစ်ဒေသဟူ၍ ဆိုခဲ့ပြီး ခေါင်းဆောင်က ဓားတားမြစ်ဒေသဟု ဆိုနေ၍ သူ အထူးအဆန်း ဖြစ်ခဲ့ရသည်။

မှော်စစ်သင်္ဘောကြီး တရွှီရွှီမြည်ကာ သွားနေစဉ် ယန်ယန်သည် ရှုပ်ပွနေသော ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို ကြည့်ကာ ချီတုံချတုံဖြစ်နေပြီးနောက် ပြောလိုက်သည်။

“ အစ်ကိုရွှီချင်း၊ သက်စောင့်အား ပြန်မကောင်းသေးဘူးလား ”

“ ပြီးတော့ အစ်ကိုကြီးက အစ်ကိုရွှီချင်းကို ကာကွယ်ဖို့ မသွားဘူးလား ”

“ ဘယ်လိုလုပ် … ဒီလိုအုတ်အော်သောင်းနင်းဖြစ်အောင် လုပ်လိုက်တာတုံး ”

ယန်ယန်သည်လည်း ရင်တဒိန်းဒိန်းခုန်နေသည်။ အဝေးမှ လူ့ဘီလူးကြီးကို မြင်လိုက်ရသည့်အခါက လူ့ဘီလူးကြီးမှ ဖြစ်ပေါ်လာသော ဖိအားကြောင့် သူမ၏စိတ်နှင့် ခန္ဓာသည်ပင် ဖိအားဒဏ်ခံလိုက်ရသည်။

ထိုစကားကို ရွှီချင်း ကြားသောအခါ ခေါင်းဆောင်ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်က များသောအားဖြင့် ခေါင်းဆောင်၏ နှာခေါင်းပေါ် ရောက်နေသည်။

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပါသော်လည်း အနေခက်မနေပေ။ ထိုအစား လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ တစ်ဝက်ကျော် ကိုက်ထားသည့်အသီးကို ရွှီချင်းအား ပေးလိုက်သည်။

“ ညီလေး၊ အစ်ကိုကြီး မင်းအတွက် ချန်ထားတာနော်။ စားချင်စိတ်ကို ကြိတ်မှိတ်တောင့်ခံထားရတာ။ ဟင်း … ငါက ဒီလိုပါပဲ။ ပစ္စည်းကောင်းလေးတွေ မြင်ရင် အရင်ဆုံး တွေးမိတာ မင်းပဲ ညီလေး ”

ရွှီချင်းက ယူလိုက်သည်။ အသီးကို လက်ထဲတွင် ကိုင်ထားရင်း သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ငုံ့ကြည့်လိုက်သည်။

ထိုအသီးတွင် အလွန်ထူးဆန်းသော အရှိန်အဝါတစ်ခုရှိနေသည်ကို သူ အာရုံခံမိလိုက်သည်။

ထိုအရှိန်အဝါသည် ခန္ဓာကိုယ်ကို များစွာ သက်ရောက်ခြင်းမရှိပါသော်လည်း တစ်ရှိုက်မျှ ရှူရှိုက်မိသည်နှင့် သူ၏စိတ်ကို လန်းဆန်းသွားစေသည်။ ထိုပစ္စည်းသည် ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော အစွမ်းရှိကြောင်း သူ ချက်ချင်း နားလည်လိုက်သည်။

“ အဲဒီအသီးကို ငါလည်း မသိဘူး။ အရင်က တစ်ခါမှ မမြင်ဖူးဘူး။ အဲဒီအရူးတွေ ကိုးကွယ်နေတာ မြင်တော့ ငါ လုယူပြီး ကိုက်ကြည့်လိုက်တာ။ အဲဒီအသီးက ဝိညာဉ်ကို အင်မတန် အထောက်အကူ ဖြစ်တာ တွေ့လိုက်ရတယ် ”

ယခုတစ်ခေါက် အကျိုးအမြတ်များနှင့် ဆူညံပွက်လောရိုက်သွားသည်ကို တွေး၍ ခေါင်းဆောင်မှာ ပျော်ရွှင်မှုများဖြင့် ဝေဆာနေသည်။

ရွှီချင်းသည် ထိုအသီးအား ခေါင်းဆောင်က အနည်းငယ် ကိုက်ခဲ့သည်ကို စိတ်ထဲမထားဘဲ ပါးစပ်ထဲ ပစ်ထည့်ကာ မျိုချလိုက်သည်။ ဆင်းရဲသားရပ်ကွက်ထဲတွင် ကြီးပြင်းခဲ့ရသော သူ့အတွက် ခွေးစားမည့်အစာကိုပင် လုယူခဲ့ရသည်။

အသီးကို ဝါးမျိုပြီးနောက် အအေးဓာတ်စီးကြောင်းတစ်ခု သူ၏ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ စီးဆင်းသွားသည်။ နောက်ဆုံးတွင် သူ၏အသိပင်လယ်ထဲသို့ ပေါင်းစည်းသွားပြီး အသိပင်လယ် တုန်ခါသွားသည်။ အသိပင်လယ်က များစွာ အားကောင်းလာပြီး အနည်းငယ် ကျယ်ပြန့်လာပုံရသည်။

ထိုအခြင်းအရာအားလုံးသည် သူ့ဝိညာဉ်အားကောင်းလာသည့် သရုပ်သကန် ဖြစ်ပေသည်။ ထို့ကြောင့် ရွှီချင်းသည် နှုတ်ခမ်းများကို သပ်၍ ခေါင်းဆောင်ကိုကြည့်ကာ လူ့ဘီလူးကြီးများအကြောင်း မေးရန် ပြင်လိုက်သည်။

“ ခေါင်းဆောင် …”

“ နောက်ထပ်မရှိတော့ဘူး ”

ရွှီချင်း၏စကားမဆုံးသေးခင် ခေါင်းဆောင်မှာ ချက်ချင်း သတိထားသွားသည်။ သူ့စကားဆုံးပြီးနောက် သူ့အပြုအမူက အနည်းငယ် များသွားသည်ကို အာရုံခံမိလိုက်ပုံရသည်။ သူ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးလိုက်သည်။

“ ချင်းလေး၊ ဓားကိုင်ရုံးခွဲကို သွားကြစို့။ ငါ မင်းကို ပြောပြမယ် ဓားကိုင်ရုံးခွဲက နေရာကောင်းတစ်ခုကွ ”

ရွှီချင်း ဇဝေဇဝါဖြစ်သွားပြီး ခေါင်းဆောင်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။

ခေါင်းဆောင်၏ အစောပိုင်းက စကားများနှင့် ပြဿနာတစ်ခုခု ရှိနေရမည်ဟု သူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏မျက်လုံးများ မှေးသွားပြီး ညင်သာစွာ ပြောလိုက်သည်။

“ အစ်ကိုကြီး၊ တကယ်က အစ်ကိုကြီးကို သွေးသုံးဆယ်ရာခိုင်နှုန်းသာ ကျနော် မပေးခဲ့ရင် ဒီတစ်ခေါက် အဆင့်တက်တာ ပိုဘေးကင်းလောက်မှာ။ ဒါပေမဲ့ အစ်ကိုကြီးက ကျနော့်ဆရာတူအစ်ကိုကြီးလေ … ”

ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးချလိုက်ပြီး နောက်ထပ်သစ်သီးတစ်လုံး ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။

ရွှီချင်းက ဖမ်းလိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

“ ဘဝက ခက်ခဲလိုက်တာ ”

“ အစ်ကိုကြီး၊ လောကကြီးက မှန်းဆလို့မရဘူး။ တစ်နေ့ကျရင် အစ်ကိုကြီးမှာ ကျနော့်လို ဆရာတူညီလေးတစ်ယောက် ရှိချင်မှ ရှိတော့မှာ။ ဒီလောကကြီးထဲ အစ်ကိုကြီးနဲ့အတူ မသွားနိုင်တော့ရင် အစ်ကိုကြီး ကောင်းကင်ထိပ်ဖျားကို ရောက်တဲ့အခါကျ ကျနော့်အတွက် ဒီလောကကြီးကို တစ်ခါလောက် ကြည့်ပေးပါ ”

ခေါင်းဆောင် စိတ်ဓာတ်ကျသွားပြီး ပွစိပွစိရေရွတ်ကာ အနှီချင်းလေးမှာ အလွန် အတတ်မြန်သည်ဟု တွေးနေမိသည်။ သူသည် သက်ပြင်းချလိုက်ပြီး သိုလှောင်အိတ်ထဲမှ သစ်ကိုင်းတစ်ကိုင်းကို ထုတ်ကာ ရွှီချင်းအား ပစ်ပေးလိုက်သည်။

သစ်ကိုင်းပေါ်တွင် အသီးရှစ်လုံး၊ ကိုးလုံး ရှိသည်။

ရွှီချင်း သက်ပြင်းချလိုက်သည်။ အစက ခေါင်းဆောင်မှာ အလွန်ဆုံး ခြောက်လုံး၊ ခုနစ်လုံးသာ ရှိမည်ဟု သူ ထင်ထားခဲ့ပါသော်လည်း သူ့ကို သစ်ကိုင်းတစ်ကိုင်း ပေးလိုက်မည်ဟု ထင်မထားခဲ့ပေ။

“ အစ်ကိုကြီး၊ သစ်ပင်တစ်ပင်လုံး တူးထုတ်ပြီး ယူလာခဲ့တာလို့ ကျနော့်ကို မပြောနဲ့နော် ”

ခေါင်းဆောင်သည် ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး သူ မလုပ်ကြောင်း ခေါင်းယမ်းပြလိုက်သည်။

ယန်ယန်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

“ ဘဝက ခက်လိုက်တာ …”

“ တော်တော့၊ တော်တော့၊ တော်တော့ ”

ခေါင်းဆောင်၏ မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာတစ်ခု ပေါ်လာသည်။ သူသည် နောက်ထပ်သစ်သီးသုံးလုံးထုတ်ကာ ယန်ယန်ကို ပေးလိုက်သည်။

ယန်ယန်သည် ပျော်ရွှင်သွားပြီး ရွှီချင်းဘေးသို့ ချက်ချင်းသွားကာ သစ်သီးများအား ပေးလိုက်သည်။

“ အစ်ကိုရွှီချင်း၊ ဒါ အစ်ကို့ဖို့ ”

ထိုမြင်ကွင်းသည် ခေါင်းဆောင်ကို အတန်ငယ် ဆွံ့အသွားစေပြီး သူ ပို၍ စိတ်ဓာတ်ကျလာရသည်။

ရွှီချင်းသည် ယန်ယန်၏ သစ်သီးများကို မယူပေ။

ခေါင်းဆောင်မှာ မည်မျှများပြားစွာ ရှိသည်ဖြစ်စေ ရွှီချင်း ဂရုမစိုက်ပေ။ ထိုသစ်သီးရှစ်လုံးကို စားပြီးနောက် သူ၏အသိပင်လယ်က အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်ကို သူ အာရုံရနေပြီ ဖြစ်သည်။ အသိပင်လယ်က ပို၍ ခံနိုင်ရည်ရှိလာပြီး တချိန်တည်းမှာပင် သူ၏ဝိညာဉ်က ယခင်ကထက် နှစ်ဆခန့် ပိုအားကောင်းလာသည်။

သူ့စိတ်ထဲ ဖောင်းပွနေသည့်ခံစားချက်တစ်ခု ပေါ်လာသည်။

ယင်းသည် ဤအဆင့်၌ သူ့ဝိညာဉ်၏ ကန့်သတ်ချက်ဖြစ်သည်ကို နားလည်လိုက်သည်။ ထို့ကြောင့် လမ်းတွင် ရွှီချင်းသည် တင်ပျဉ်ခွေထိုင်ကာ အဆင့်တက်ခြင်းကို တည်ငြိမ်စေရန် ဆောင်ရွက်လိုက်သည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ မကြာခင် လဝက်ကုန်ဆုံးသွားသည်။ မှော်စစ်သင်္ဘောကြီးအောက်မှ မြစ်ရေစီးသံကို ကြားနိုင်သည်။ လှမ်းကြည့်ပါက ယင်းသည် ပင်မအင်မော်တယ်အားတိုးမြစ်ကြီးနှင့် ထိုက်စီကြမ္မာဆိုးတောင်တန်းတို့ ဆုံရာနေရာဖြစ်သည်ကို မြင်ရပေမည်။

ထိုနေရာတွင် မြစ်ရေသည် သမုဒ္ဒရာတစ်စင်းအလား တဝေါဝေါ စီးဆင်းနေပြီး ထိုက်စီကြမ္မာဆိုးတောင်၏ လျှိုမြောင်ကို ဖြတ်၍ စီးဆင်းသွားပြီး တောင်တန်းကြီးကို ထက်ခြမ်းခွဲလိုက်သည်။ ပန်းချီကားများအလား ရေတံခွန်များစွာလည်း ရှိသည်။

ထိုကျယ်ပြန့်သော သဘာဝပန်းချီကားကြီးကို ယန်ယန်မှာ ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည်ဖြစ်ပြီး ချက်ချင်း စိတ်ဝင်စားသွားသည်။

ရွှီချင်းသည် ယခင်က ခေါင်းဆောင်နှင့်အတူ မြစ်ကင်းလှည့်ရင်း ဤနေရာသို့ ရောက်လာခဲ့ဖူးသည်။ ထို့ကြောင့် သူသည် အကြည့်လွှဲလိုက်ပြီး အင်မော်တယ်ချီများဖြင့် ပြည့်နေသော အဝတ်ပိုင်းကို ထုတ်လိုက်သည်။

ယင်းသည် တားမြစ်ဓမ္မရတနာအကျိုးအပဲ့ဖြစ်ပြီး ကြည့်ရသည်မှာ အကောင်းပကတိတားမြစ်ဓမ္မရတနာသည်လည်း အဝတ်ပိုင်းတစ်ခုလုံးသာ ဖြစ်နိုင်ပေသည်။

မီးခိုးရောင်အဝတ်စကို သွေးမည်းများ စွန်းထင်းနေပေရာ ဆိုးဝါးသော ခံစားချက်ကို ရစေသည်။ သို့သော်လည်း အင်မော်တယ်ချီက အလွန် သိပ်သည်းထူထပ်သည်။ ရွှီချင်းသည် စစ်ဆေးကြည့်ပြီးနောက် သူ၏လက်ဝါးကို ထိုးဖောက်နေသည့်အလား ခံစားလိုက်ရပြန်သည်။

ရွှီချင်း၏မျက်လုံးများထဲ ထူးဆန်းသောအလင်း ပေါ်လာသည်။ တားမြစ်ဓမ္မရတနာအကျိုးအပဲ့များ၏ အသုံးဝင်ပုံအမျိုးမျိုး ရှိသည်။ ကျိုးပဲ့နေသော အစိတ်အပိုင်းများ ဖြစ်နေသည့်အတွက်ကြောင့်ပေလော၊ ၎င်းတို့အား နတ်အာရုံတစ်ဆင့် စစ်ဆေးကာ ၎င်းတို့၏ ထူးဆန်းပုံများကို စမ်းသပ်ရန် ခက်သည်။

ဥပမာအနေဖြင့် အနက်ရောင်သစ်သားတံခါးနှင့် မှန်လေးတွင် သိသာထင်ရှားသော အသုံးဝင်ပုံများ ရှိနေသည်ဖြစ်၍ ၎င်းတို့ကို အာရုံခံရသည်မှာ လွယ်ကူသည်။ သို့သော်လည်း ဤအဝတ်ပိုင်း၏ အစွမ်းက အနည်းငယ် ရှုပ်ထွေးသည်။

ရွှီချင်းသည် လေ့လာပြီးနောက် ကောင်းကင်သရဖူအကာအကွယ်ကို ရုတ်ခြည်း အသက်သွင်းလိုက်သည်။ အဝတ်ကို သူ ထပ်ကိုင်ကြည့်လိုက်သောအခါ အဝတ်မှ မမြင်ရသော စူးချွန်များက အကာအကွယ်ကို လျစ်လျူရှုကာ သူ၏လက်ဝါးအား ထိုးဖောက်နေသေးသည်ကို တွေ့လိုက်ရသည်။

“ အကာအကွယ်ကို ဖောက်နိုင်တာလား ”

ရွှီချင်း၏စိတ်ထဲ တုန်ခါသွားပြီး ဝတ်စုံနီမိန်းမပျို၏ မိစ္ဆာတစ္ဆေတံစဉ်ကြီးကို တွေးမိလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ခေါင်းဆောင်ပေးသည့် ဓားမြှောင်အကြမ်းထည်ကို ထုတ်လိုက်သည်။ ထိုအနက်ရောင်လက်နက်အကြမ်းထည်က စူးရှတောက်ပသော အလင်းများ ထုတ်လွှတ်နေပြီး ထိုလက်နက်ပေါ်ရှိ ရုပ်ပုံများမှ ဖြစ်ပေါ်လာသော မျက်လုံးထံမှ ထူးဆန်းသော အရှိန်အဝါ ထွက်ပေါ်နေသည်။

အစက ရွှီချင်းသည် ဂိုဏ်းသို့ပြန်ကာ ဓားလက်ကိုင်ရိုင်းအဖြစ် အသုံးချနိုင်သော သင့်တော်သည့်ပစ္စည်းကို ရှာဖွေရန် စီစဉ်ထားသည်။ သို့သော် ယခု အဝတ်ပိုင်းကို ကြည့်ကာ အကြံသစ်ပေါ်လာသည်။

အတန်ငယ် တွေးတောပြီးနောက် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် အဝတ်ပိုင်းကို ဓားမြှောင်၏ အစွန်အဖျားတွင် အထပ်ထပ်အခါခါ ရစ်ပတ်လိုက်ပြီး ရိုးရှင်းသော လက်ကိုင် ဖြစ်လာသည်။

ထို့နောက် ရွှီချင်းက လက်ဖြင့် ကိုင်လိုက်သည်။ နာကျင်မှုက ပြင်းထန်နေသေးသော်လည်း ရွှီချင်း၏ ပြန်ကောင်းနိုင်စွမ်းက အလွန် မြန်ဆန်ပြီး သူက နာကျင်မှုကို ကြိတ်မှိတ်တောင့်ခံနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေသည်။

ဓားမြှောင်ကို ဆုပ်ကိုင်နေသော သူ၏ညာလက်က သံပြုတ်တူများအလား မြဲမြံနေသည်။

ထို့နောက် ဘယ်လက်ဖြင့် ဓားသွားကို သူ ညင်သာစွာ ပွတ်သပ်လိုက်သည်။ အဝတ်စ၏ အစွမ်းက ဓားမြှောင်တစ်လျှောက် စီးဆင်းသွားသည့်အလား စူးရှသော ခံစားချက် ပေါ်လာပြန်သည်။

“ ထင်ထားသလိုပဲ ”

ရွှီချင်း ရုတ်တရက် ပြောလိုက်သည်။

“ ယန်ယန်၊ မင်းရဲ့အကာအကွယ်ကို အသက်သွင်းလိုက် ”

ယန်ယန်သည် ရွှီချင်းကို အာရုံစိုက်နေသည်မှာ ကြာပြီ ဖြစ်သည်။ ရွှီချင်း၏စကားကို ကြားသောအခါ တွေဝေတွန့်ဆုတ်မနေပေ။ သူမ၏အဘွားပေးခဲ့သည့် အကာအကွယ်ကျောက်စိမ်းပေလွှာကို ချက်ချင်း အသက်သွင်းလိုက်သည်။ အကာအကွယ်အလွှာ ပေါ်လာသည်နှင့် ရွှီချင်း လှုပ်ရှားသွားသည်။

သူ့လက်ထဲရှိ ဓားမြှောင်က ချက်ချင်း တိုးဝင်သွားသည်။ ယန်ယန်၏အကာအကွယ်အလွှာကို ထိတွေ့မိသောအခါ ဓားမြှောင်သည် အကာအကွယ်အလွှာကို ထိုးဖောက်၍ ယန်ယန်၏ လည်ပင်းပေါ် ရောက်သွားသည်။

ယန်ယန်သည် မရှောင်တိမ်းပင်။ ရွှီချင်းကို အလွန် ယုံကြည်ထားသည်။

ထို့နောက် ရွှီချင်းက ညာလက်ကို ရုတ်လိုက်သည်။ သူ ကျေနပ်နေစဉ် ခေါင်းဆောင်သည် အရာအားလုံးကို မြင်၍ အံ့အားသင့်စွာ ပြောလိုက်သည်။

“ အဲဒီအဝတ်ပိုင်းက ထူးခြားတာပဲ ”

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ဆက်လက်လေ့လာလိုက်သည်။ ထိုပစ္စည်းနှစ်မျိုးက ပေါင်းစပ်လိုက်သည့်အခါ ပို၍ အစွမ်းထက်လာသည်ကို သူ အတည်ပြုပြီးနောက် သူ၏အရိပ်ကို ကြည့်လိုက်သည်။

သူ၏အရိပ်ကို ပေါ်သွားမည့်နေ့ သေချာပေါက် ရောက်လာမည်ဟု သူ ခံစားရသည်။ သို့ဖြစ်၍ ပထမဦးစွာ သူ ကြိုတင်ပြင်ဆင်ထားရပေမည်။

ထို့ကြောင့် ရွှီချင်း၏ နတ်အာရုံအောက်တွင် အရိပ်၏ အမျှင်တန်းက အစရှာမရအောင် ပြန့်ကားသွားပြီး ဓားမြှောင်၏ မျက်လုံးမှာ စုစည်းသွားသည်။

မျက်လုံးထဲသို့ ပေါင်းစည်းသွားပြီးနောက် ဖျတ်ခနဲ ကြည့်ပါက မျက်လုံးသည် ပုံမှန်ထင်ရသော်လည်း အနီးကပ်ကြည့်ပါက အသက်ဝင်နေပုံရသည်။

ထိုမျက်လုံးကို စိုက်ကြည့်လိုက်ပါက ထိုမျက်လုံးသည်လည်း မိမိအား စိုက်ကြည့်နေသည်ကို ခံစားရပေမည်။

‘ အရိပ်ပေါင်းစည်းခြင်းလျှို့ဝှက်အတတ်ကိုသုံးတဲ့အခါ ဂါထာအဖြစ် သုံးဖို့ စာသားတွေ ငါ စဉ်းစားထားရမယ် ’

ဂါထာအကြောင်း တွေးမိသောအခါ သူက ထိုနေရာတွင် မထူးချွန်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို နတ်အာရုံပို့လွှတ်လိုက်သည်။

ခဏအကြာ စာအုပ်များနှင့် ကျွမ်းဝင်သော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် စာသားတစ်ခုကို စဉ်းစားမိလိုက်သည်။

“ အရိပ်အကျဉ်းသားချုပ်နှောင်ခြင်း၊ မိစ္ဆာအမိန့် ”

“ ဝိညာဉ်ကို ဖြိုခွင်းတဲ့ အင်မော်တယ်အတတ်၊ ကောင်းကင်နဲ့မြေပြင်က ငါ့ကြမ္မာ ”

ရွှီချင်းသည် စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုစာသားလေးခုက အနည်းငယ် ထူးဆန်းနေသလို ခံစားရပါသော်လည်း ယခုတွင် ပိုကောင်းသောစာသားကို သူ စဉ်းစားမရပေ။ ထို့ကြောင့် ထိုစာသားများကို သူ ချက်ချင်း အသုံးမပြုပေ။ ယင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အနည်းငယ် စိတ်ပျက်သွားစေသည်။

ထိုစာသားလေးခုတွင် သူ၏လှည့်ကွက်နည်းနည်း ပါသည်။

‘ အရိပ်လေး၊ အရိပ်လေး၊ ငါ့ကို တိုက်ဖို့ မင်းကို ဘယ်သူ တောင်းဆိုတုံး။ ဟမ့်။ ဒီနှစ်တွေထဲ ငါ ဘာမှ မလေ့လာခဲ့ဘူး မှတ်နေလား။ နောက်ကျ ငါ့နည်းလမ်းတွေ မင်းကို ပြမယ် ’

မှော်စစ်သင်္ဘောကြီးက ပင်မအင်မော်တယ်အားတိုးမြစ်မှ ထွက်ခွာပြီး မြောက်စူးစူးသို့ တရိပ်ရိပ်သွားနေသည်။ မြေပြင်အရောင်က တဖြည်းဖြည်း ပြောင်းလဲလာပြီး မည်းနက်မနေတော့ဘဲ ဖြူလွလွနှင်းပွင့်များ ဖြစ်သည်။

ဤနေရာရှိ အပူချိန်က လျော့ကျသည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် နှင်းမုန်တိုင်းတစ်ခုကို သူတို့ ကြုံတွေ့လိုက်ရသည်။

နှင်းခဲများ တဖွဲဖွဲကျနေပြီး မြေပြင်ကို ဖုံးလွှမ်းနေသည်။ တချိန်တည်းမှာပင် တချို့နှင်းခဲများသည်လည်း ကောင်းကင်ယံရှိ မှော်စစ်သင်္ဘောများပေါ်သို့ ကျဆင်းနေပြီး မှော်စစ်သင်္ဘောများကို အဖြူရောင်အဝတ်အစားများအဖြစ် ပြောင်းလဲနေသည့်ပမာ။

လေနှင့် နှင်းကြောင့် ရှေ့တူရှုမှ လောကကြီးက ဝေဝါးနေသည်။ ထိုရုတ်တရက် ကျဆင်းလာသော နှင်းများသည် အားကောင်းသည်ထက် အားကောင်းလာပြီး နှင်းမုန်တိုင်းတစ်ခု ဖြစ်လာသည်။

တရွှီရွှီလေတိုးသံများ နေရာအနှံ့ ပဲ့တင်ထပ်နေပြီး နှင်းခဲများနှင့်လောကကြီးထဲတွင် အအေးဓာတ် ကြီးစိုးနေသည်။

ရွှီချင်းသည် နှင်းခဲများကို မရင်းနှီးသည် မဟုတ်ပေ။

ဆောင်းဦးကာလများတွင် လေနှင့်နှင်းက သူ့ဘဝ၏ စမ်းသပ်ချက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ နှင်းများ သိပ်သည်းထူထပ်စွာ ကျသည်ကို သူ မြင်ရသည်မှာ ကြုံတောင့်ကြုံခဲပင်။

“ နောက်ဆုံးတော့ မြောက်အရပ်က ရေခဲလွင်ပြင်တွေကို ရောက်ပြီပဲ။ ဒီနှုန်းနဲ့ဆိုရင် လီယုံကျောက်တိုင်ရှိတဲ့ ယင်ဟွမ်ပြည်နယ်အစွန်ကို နှစ်လအတွင်း ငါတို့ ရောက်မှာပဲ ”

“ အဲဒီနေရာက ယင်ဟွမ်ပြည်နယ်ရဲ့ ဓားကိုင်ရုံးခွဲတည်ရှိတဲ့နေရာပဲ ”

ခေါင်းဆောင်သည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေပြီး သူ့အသံက လေတိုးသံ၊ နှင်းကျသံများကြားတွင် ပဲ့တင်ထပ်သွားသည်။

All Chapters