ထိုက်စီသက်စောင့်မီးအိမ်
Vol. 30 Ch. 453
ထိုစကားကို ရွှီချင်း ကြားသောအခါ ခေါင်းမော့၍ အဝေးရှိ ဝေဝါးနေသော လောကကြီးကို ကြည့်လိုက်သည်။
“ ချင်းလေး၊ လီယုံကျောက်တိုင်က နန်ယွဲ့တစ္ဆေဧကရာဇ်ရဲ့ လက်နက်ပဲ။ ယင်ဟွမ်ပြည်နယ်က လူတော်တော်များများ အဲဒီအကြောင်း သိကြတယ်။ ဒါပေမဲ့ မဟာမိတ်က ရတဲ့အချက်အလက်အရ တစ္ဆေဧကရာဇ်က မသေခင် အဲဒီလက်နက်ကို လွှင့်ပစ်ခဲ့တဲ့ပုံပဲ ”
“ အဲဒါကြောင့် အရင်တုန်းက ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ကို ဖိနှိပ်ဖို့ တစ္ဆေဧကရာဇ်ကြီးက သူ့လက်နက်ကို သုံးခဲ့တယ်လို့ ကောလဟာလတွေ အမြဲရှိခဲ့တယ် ”
“ တကယ်က ပြီးခဲ့တဲ့နှစ်တွေမှာ လီယုံကျောက်တိုင်က ခဏခဏ ယိမ်းခါနေခဲ့တယ်။ တချို့က အဲဒါ ချုပ်နှောင်ခံထားရတဲ့သတ္တဝါကြောင့်လို့ ခန့်မှန်းကြတယ်။ တခြားသူတွေကတော့ တစ္ဆေဧကရာဇ်ကြီး ပြန်ရှင်လာတော့မယ်ဆိုပြီး ပြောကြတယ်။ ဓားကိုင်ရုံးခွဲက ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်ကို တိုက်ခိုက်တာမြင်တော့ တစ္ဆေဧကရာဇ်ကြီး ပြန်ရှင်လာတော့မှာက ပိုဖြစ်နိုင်ချေများတယ်လို့ ထင်တယ် ”
ရွှီချင်း အတွေးနက်သွားသည်။
“ အစ်ကိုကြီး၊ ဓားကိုင်ရုံးခွဲက အဲဒီလက်နက်ကို ဖိနှိပ်ဖို့ ယင်ဟွမ်ပြည်နယ်မှာ အခြေစိုက်ခဲ့တာလား ”
“ ဟုတ်တယ်။ တစ္ဆေဧကရာဇ်ကြီးက မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်တယ် မဟုတ်လား။ ဓားကိုင်ရုံးခွဲက တစ္ဆေဧကရာဇ်ကြီးကို အရေးကြီးတဲ့လူတစ်ယောက်အဖြစ် ယူဆထားတယ်။ ဒါပေမဲ့ အခုချိန်မှာ အဲဒါက ငါတို့နဲ မဆိုင်သေးဘူး။ အခု ငါတို့ တွေးရမှာက ဓားကိုင်တွေ ဖြစ်လာဖို့ပဲ ”
ခေါင်းဆောင်၏ မျက်နှာအမူအရာက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
“ ဓားကိုင်ရွေးချယ်ပွဲနေ့က ရောက်တော့မယ်။ ငါ စုံစမ်းထားပြီးပြီ။ အသက်နှစ်ဆယ့်ငါးနှစ်အောက်ရှိတဲ့ ဘယ်လူသားနေနေ ကျင့်ကြံခြင်းအခြေခံအလိုက် ပါဝင်နိုင်တယ် ”
“ လီယုံကျောက်တိုင်ကို ရောက်ရင် ငါတို့ ရုပ်ဖျက်ထားဖို့ မလိုတော့ဘူး။ လူသားမဟုတ်တဲ့မျိုးနွယ်ဝင်တွေ လီယုံကျောက်တိုင်ပိုင်နက်ထဲ ဝင်ခွင့်မပြုဘူးလို့ ဓားကိုင်ရုံးခွဲက စည်းမျဉ်းထုတ်ထားတယ်။ ပြီးတော့ အဲဒီမှာ လူသားအချင်းချင်း တိုက်ခိုက်လို့ရတယ်။ သတ်ဖြတ်လို့ မရဘူး ”
ရွှီချင်း ခေါင်းညိတ်လိုက်သည်။
“ စစ်ဆေးပွဲဖြစ်စဉ်ကိုတော့ မဟာမိတ်ထဲက ဖိုင်တွေထဲအများကြီးကို ငါ လေ့လာပြီးပြီ။ အရင်တုန်းက စစ်ဆေးပွဲကို အဆင့်နှစ်ဆင့် ခွဲထားတယ် ”
“ ပထမတစ်ဆင့်က ဓားကိုင်စစ်ဆေးပွဲမှာ ပါဝင်နိုင်ဖို့ တစ်နေရာရအောင် ယူနိုင်ဖို့ပဲ။ အဲဒီတစ်နေရာစာရဖို့ ပြိုင်ပွဲကို ကျော်ဖြတ်ရတယ်။ ပြောရရင် စုစုပေါင်း ပါဝင်တဲ့လူတွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုပဲ တစ်နေရာစာ ပေးမှာဆိုတော့ ပြိုင်ပွဲက သိပ်ပြင်းထန်တယ် ”
“ ဒုတိယအဆင့်က အစစ်အမှန် ဓားကိုင်စစ်ဆေးပွဲပဲ။ ဓားကိုင်ဖြစ်ခွင့်ရတဲ့အရေအတွက်က အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေများရင် ဆယ်ယောက်မကျော်ဘူး၊ နည်းရင်တော့ လေးငါးယောက်လောက်ပဲ ဓားကိုင်ဖြစ်ခွင့်ရတာ ”
“ ဒီတော့ ဘယ်ဓားကိုင်မှ မရိုးရှင်းဘူး ”
“ အဲဒီလောက်တောင် နည်းတာပေါ့ ”
ရွှီချင်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ယခင်က ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်မှာ ဓားကိုင်များစွာကို သူ မြင်ရဖူးသည်။ အစက အကြိမ်တိုင်းတွင် စစ်ဆေးပွဲကို အောင်မြင်ကြသည့် လူများစွာ ရှိသည်ဟု သူ ထင်ခဲ့သည်။
ရွှီချင်း တွေးတောနေသည်ကို ခန့်မှန်းမိသည့်အလား ခေါင်းဆောင်က ရှင်းပြလိုက်သည်။
“ ဓားကိုင်တစ်ဝက်ကျော်က တခြားပြည်နယ်တွေကပဲ။ လူနည်းစုလောက်ပဲ ဒေသခံကျင့်ကြံသူတွေ။ အဲဒါ ဓားကိုင်တွေရဲ့ စည်းမျဉ်းပဲ ”
“ ငါတို့ စစ်ဆေးပွဲကို အောင်ပြီး ဓားကိုင်တွေ ဖြစ်လာရင် တခြားပြည်နယ်ကို ပြောင်းရွှေ့ခံရဖို့ များတယ်။ ဒါပေမဲ့ အဲဒါက တော်တော်လိုသေးတယ်။ ဘာလို့လဲဆိုတော့ ဓားကိုင်အသစ်တိုင်းက ဓားကိုင်တွေရဲ့ အမွေအနှစ်တွေနဲ့ လျှို့ဝှက်ပညာရပ်တွေကို ဆက်ခံဖို့ ဖုန်းဟိုင်မြို့ကြီးက ဓားကိုင်နန်းတော်ကို သွားရတယ် ”
“ နောက်ဆုံးကျရင် ဓားကိုင်တွေရဲ့ အခြေအနေအရ ရာထူးနေရာအတွက် ယှဉ်ပြိုင်ရတယ်။ ပြီးတော့ ဓားကိုင်တစ်ယောက်အနေနဲ့ လူသားမျိုးနွယ်ရဲ့ အငှားသင်္ဘောကို စီးခွင့်ရှိတယ် ”
“ လူသားမျိုးနွယ်ရဲ့ မြို့ကြီးခုနစ်မြို့က ဒေသအကျယ်ကြီးတွေ။ အစွမ်းထက်ကျင့်ကြံသူတွေကလွဲပြီး သာမန်လူတွေက ဘဝတစ်လျှောက်လုံး အဲဒီဒေသကြီးတွေကို သွားနိုင်မှာ မဟုတ်ဘူး။ အဲဒီဒေသကြီးတွေဆီသွားဖို့ အထူးအငှားသင်္ဘောကို အားကိုးရတယ် ”
“ ဂိုဏ်းသားအနည်းအကျဉ်းလောက်ပဲ အဲဒီအခွင့်အရေးရကြတာ ”
ရွှီချင်းသည် စိတ်ပါဝင်စားစွာဖြင့် နားထောင်လိုက်သည်။ ဓားကိုင်တစ်ယောက်ဖြစ်လာပါက နောင်တချိန် အပြင်ထွက်သည့်အခါ များစွာ အကူအညီဖြစ်မည်ဟု သူ ခံစားလိုက်ရသည်။
ယန်ယန်သည်လည်း အတူတူပင်။ ဓားကိုင်ဖြစ်မှသာ အစ်ကိုရွှီချင်း၏ ဘေးတွင် အမြဲနေနိုင်မည် ဖြစ်၍ သူမသည်လည်း ဓားကိုင်တစ်ယောက် ဖြစ်လာချင်နေသည်။
တစ်လကုန်လွန်သွားသည်။ ခေါင်းဆောင်က ကိစ္စအမျိုးမျိုးကို ဆက်လက်ရှင်းပြနေစဉ် မှော်စစ်သင်္ဘောကြီးသည် မြောက်စူးစူးသို့ ပျံသန်းသွားပြီး လီယုံကျောက်တိုင်နှင့် နီးကပ်သည်ထက် နီးကပ်လာသည်။
ထိုလအတွင်း အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ အဆင့်တက်သွားပြီးနောက် ရရှိလာကြသည့် အစွမ်းများကို ရွှီချင်း ဖော်ထုတ်နိုင်သွားသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အစွမ်းက အဖက်ဖက်မှ တိုးတက်လာခဲ့သည်။ အားလုံးခြုံကြည့်လျှင် ကောင်းကင်နန်းတော်တစ်ဆောင်နှင့် ရွှေအမြုတေအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ယင်းမှာ သူ၏အဆင့်တက်ခြင်းက မပြီးမြောက်သေးသောကြောင့် ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အစောင့်အရှောက်ယန်ဝိညာဉ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပါက ပို၍ အစွမ်းထက်လာမည်ဟု ရွှီချင်း ခံစားရသည်။
တချိန်တည်းမှာပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ လျှပ်စီးကို အသုံးချခြင်းမှာလည်း ယခင်ကနှင့် များစွာ ကွာခြားသွားသည်။ သူ ထုတ်လွှတ်သည့်လျှပ်စီးနှင့် အမြန်နှုန်းက အဆပေါင်းများစွာ တိုးတက်သွားသည်။ ယင်းအပြင် သူ့မှာ နောက်ထပ်ဝှက်ဖဲတစ်ချပ်လည်း ရှိသည်။
ထိုဝှက်ဖဲသည် ကောင်းကင်ကပ်ဘေးအနီရောင်လျှပ်စီး ဖြစ်သည်။
ထိုလျှပ်စီးတန်းတွင် ပို၍အဆင့်မြင့်သော လူတစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော ချေမှုန်းသုတ်သင်ခြင်းစိတ်ဆန္ဒတစ်ခု ကိန်းအောင်းနေသည်။
အရိပ်လေးကိုမူ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ရှင်းပြချက်အရ ရွှီချင်းမှာ အရာအားလုံး နားလည်သွားပြီ ဖြစ်သည်။
ရွှီချင်းကို အပြင်အားကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သော လျှို့ဝှက်ပညာရပ်အပြင် အရိပ်လေးမှာ တခြားလူများ၏ အရိပ်များကို ဝါးမျိုကာ ထိန်းချုပ်နိုင်သော အစွမ်းလည်း ရှိသေးသည်။ ယင်းအပြင် ဝါးမျိုသည့်နှုန်းက ပို၍ပင် မြန်ဆန်လာသည်။
ယင်းအပြင် အရိပ်လေး၏ မျက်လုံးများတွင်လည်း အစွမ်းအသစ်များ ရှိသည်။
ထိုအစွမ်းက အစိတ်စိတ်အမြွှာမြွှာဖျက်ဆီးခြင်း ဖြစ်သည်။
အမှန်စင်စစ် ယခင်က အရိပ်လေးမှာ ထိုအစွမ်းရှိခဲ့ပါသော်လည်း အားနည်းနေသေးသည်ဖြစ်၍ ရွှီချင်း ဂရုမစိုက်ခဲ့ပေ။ ယခု အဆင့်တက်သွားပြီးနောက် ထိုဖျက်ဆီးခြင်းအစွမ်းက တိုးတက်လာခဲ့ပြီဖြစ်ရာ သိသာလာသည်။
အရိပ်လေးက မရေမတွက်နိုင်သော မျက်လုံးများ တဖျပ်ဖျပ်ခတ်ခြင်းအားဖြင့် ဖျက်ဆီးအားလှိုင်းကို ထုတ်လွှတ်နိုင်သည်။ ထိုအားလှိုင်း ပေါက်ကွဲသွားသည့်အခါ ရွှီချင်းသည်ပင် အတန်ငယ် လေးနက်သွားသည်။
ထိုအခြင်းအရာအားလုံးကြောင့် ရွှီချင်းသည် သူ၏လက်ရှိတိုက်ရည်ခိုက်ရည်က ယခင်နှင့် ခြားနားသွားခဲ့ပြီဖြစ်ကြောင်း ကောင်းစွာ နားလည်လာရသည်။ ယင်းအပြင် ယခင်ကထက် ပို၍ တိုက်ခိုက်နည်းမျိုးစုံ ရှိလာပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် တိုက်ခိုက်ရေးဗျူဟာများ ပို၍ ပိုင်ဆိုင်လာပြီဖြစ်၍ ပိုမိုရှုပ်ထွေးသော အခြေအနေများနှင့် ကောက်ကျစ်သော မကောင်းဆိုးဝါးများကိုပင် ရင်ဆိုင်နိုင်လာပြီ ဖြစ်သည်။
“ အဆိပ်နဲ့ အရိပ်လျှို့ဝှက်အတတ်ကို မသုံးရင်တောင် ကောင်းကင်နန်းတော်ငါးခုအောက်က လူတိုင်းကို ငါ သတ်နိုင်တယ် ”
“ အရိပ်လျှို့ဝှက်အတတ်ကို သုံးလိုက်ရင် ကောင်းကင်နန်းတော်ခြောက်ဆောင်အောက်က လူတွေကို ငါ အနိုင်ယူနိုင်တယ် ”
“ အဆိပ်သုံးလိုက်ရင် ကောင်းကင်နန်းတော်ခြောက်ဆောင်ရှိနေရင်တောင် ငါ အနိုင်ယူနိုင်သေးတယ်။ ရွှေအမြုတေအဆင့်မှာ ကောင်းကင်နန်းတော်တစ်ဆောင်ကြားက ကွာခြားချက်ကြီးမားပြီး ငါ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေရင်တောင် ငါ့အဆိပ်အောက်မှာ ရန်သူက သေချာပေါက် သေမှာပဲ ”
“ ငါ့လျှို့ဝှက်ချက်အားလုံးကိုသာ သုံးလိုက်ရင် … ”
ရွှီချင်း ငြိမ်သက်သွားသည်။ ထိုအခြေအနေမျိုး ဖြစ်မလာရန် ရွှီချင်း မျှော်လင့်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ ရန်သူက အလွန်တရာ အစွမ်းထက်ကြောင်း ဆိုလိုနေသည် မဟုတ်ပါလား။
ရွှီချင်းက သူ၏တိုက်ရည်ခိုက်ရည်ကို ချိန်ဆနေစဉ် တစ်လကြာ တိုက်ခတ်နေခဲ့နေသော နှင်းမုန်တိုင်းက နောက်ဆုံးတွင် ရပ်တန့်သွားသည်။ လောကကြီး ကြည်လင်လာသည်။ ကောင်းကင်ကြီးမှ လင်းရောင်ခြည်များ ဖြာကျလာပြီး မြေပြင်က တောက်ပသော သလင်းကျောက်များဖြင့် စီခြယ်ထားသည့်အလားပင်။
ဤနေရာတွင် နှင်းများသာ ရှိသည် မဟုတ်ဘဲ ရေခဲလွင်ပြင်နှင့် နှင်းတောင်တန်းများပါ ရှိသည်။
ရွှီချင်း၏အမြင်အာရုံထဲ တအိအိလှုပ်ယမ်းနေသော နှင်းတောင်တန်းများ ပေါ်လာသည်။ တောင်ပေါ်တွင် အနက်ရောင်အဆင်တန်ဆာတချို့ကို သူ မြင်လိုက်ရသည်။ ၎င်းတို့သည် တောင်ပေါ်မှ တိုးထွက်နေသော ကျောက်သားများ ဖြစ်ပေသည်။
လေက ပို၍ အေးစက်လာပြီး ရွှီချင်း၏ အသွေးနှင့်အသားကို အေးခဲချင်နေသည့်အလား ဆန့်တန်းထားသော လက်ကို တဟူးဟူး တိုက်ခတ်နေသည်။
ဤနေရာတွင် သာမန်လူသားတိုင်းပြည်များ မရှိတော့ပေ။ ကြမ်းတမ်းသော ရာသီဥတုကြောင့် ထိုရာသီဥတုဒဏ်ကို ခံနိုင်သော ကျင့်ကြံသူများမှလွဲ၍ သာမန်လူများက အေးခဲကာ သေသွားမည်ဖြစ်သည်။
“ ဇိမ်ရှိလိုက်တာ ”
ခေါင်းဆောင်၏ အော်သံ လွင့်ပျံလာသည်။
ရွှီချင်း လှမ်းကြည့်လိုက်သည်။
ခေါင်းဆောင်သည် သင်္ဘောထိပ်ဦးတွင် ရပ်၍ အကာအကွယ်အလွှာအပြင်ဘက်တွင် နေကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ လေအေးများကို ခံယူနေသည်။ ဤနေရာရှိ အအေးဓာတ်က သူ့အတွက် မည်သို့မျှ မဖြစ်သည့်အလား သူ့မျက်နှာတွင် စိတ်သက်သာရာရသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သူ၏ဂါထာမန္တန်များအားလုံး အေးစိမ့်စိမ့်အငွေ့အသက်များကို ထုတ်လွှတ်ကြပြီး ဤနေရာတွင် သူ၏အစွမ်းက ပို၍ပင် တိုးတက်သွားမည် ဖြစ်သည်။
“ ချင်းလေး၊ ဒီနေရာကို ငါ လာချင်နေတာ တော်တော်ကြာပြီကွ။ ဒီနေရာက ဂိုဏ်းထက်တောင် ပိုပြီး နေလို့ထိုင်လို့ ကောင်းနေသေးတယ် ”
ခေါင်းဆောင်က အော်ဟစ်ရယ်မောလိုက်သည်။ သူ စိတ်ကျေနပ်နေစဉ် ရုတ်တရက် မျက်လုံးများမှေးသွားပြီး ခေါင်းလှည့်ကာ တခြားအရပ်မျက်နှာတစ်ခုသို့ ကြည့်လိုက်သည်။
တချိန်တည်းမှာပင် ရွှီချင်းသည်လည်း အာရုံခံမိလိုက်ပြီး လှည့်ကြည့်လိုက်သည်။
ယန်ယန်သည် မည်သည့်အရာကိုမျှ သတိမထားမိပါသော်ငြား အလိုလို လှမ်းကြည့်လိုက်သည်။ သို့သော် သူမ၏အမြင်တွင် မိုးကုတ်စက်ဝိုင်းအောက်မှာ ဘာမှရှိမနေပေ။ ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ မျက်လုံးများထဲတွင် အဝေးဆီမှ ပျံသန်းလာနေသော ဧရာမသင်္ဘောပျံဒါဇင်ကျော် ရှိနေသည်။
ထိုသင်္ဘောပျံကြီးများသည် မိုးမခသစ်ရွက်များနှင့် ဆင်တူသည်။ ၎င်းတို့သည် သေးသွယ်ပြီး ထိပ်ပိုင်းနှင့် ပဲ့ပိုင်းက အထက်သို့ ကွေးညွတ်သွားသည်။ ၎င်းတို့ပုံစံက အလွန် ထူးဆန်းသည်။ ယင်းအပြင် ကိုယ်ထည်များကို နေရောင်အောက်တွင် တဖျပ်ဖျပ်ဝင်းလက်နေသော သလင်းကျောက်များ၊ ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။
ထိုသင်္ဘောကြီးများသည် အလယ်ရှိ သင်္ဘောတစ်စင်းကို စောင့်ကြပ်နေပုံရသည်။
ထိုသင်္ဘောကြီးသည် အပြာရောင်အဆင်းရှိပြီး တခြားသင်္ဘောများနှင့် မတူဘဲ ကွဲထွက်နေသည်။ ထိုသင်္ဘောကြီးပေါ်တွင် အလံတိုင်အလား ရှည်လျားသော တံခွန်ကြီးတစ်ခု ရှိသည်။ ထိုတံခွန်ကြီးသည် အလွန် ပေါ်လွင်နေပြီး တံခွန်ပေါ်တွင် ‘ ထိုက်စီ ’ ဆိုသည့်စာသားများ ရေးထားသည်။
ရွှီချင်းသည် ထိုကဲ့သို့ သင်္ဘောများကို ယခင်က အင်မော်တယ်အားတိုးမြစ်မှာ မြင်ခဲ့ဖူးသည်။ ထိုသင်္ဘောများသည် ထိုက်စီရှန်းမုန်ဂိုဏ်း၏ သင်္ဘောများမှလွဲ၍ တခြားမဟုတ်ပေ။
အရွယ်အစားအသီးသီးရှိသော ထိုသင်္ဘောဒါဇင်ပေါ်တွင် မတ်တတ်ရပ်နေသော လူရိပ်များ ရှိသည်။ ထိုလူရိပ်များထဲတွင် ယောက်ျားများသာမက အမျိုးသမီးများပါ ပါဝင်ပြီး သူတို့အားလုံးထံမှ မြင့်မြတ်သောအရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ အထူးသဖြင့် သူတို့သင်္ဘောများအောက်မှ မြင့်တက်နေသော တိမ်စိုင်များကြောင့် သူတို့က နတ်ဝိဇ္ဇာများအလား ထင်မှတ်ရသည်။
အပြာရောင်သင်္ဘောပျံကြီးပေါ်တွင် မတ်တတ်ရပ်နေသော လူတစ်ယောက်လည်း ရှိသည်။
ထိုလူသည် လူငယ်လေးတစ်ဦး ဖြစ်သည်။ သူသည် တခြားလူများနှင့် ကွဲပြားသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထင်းရှူးပင်သဖွယ် သေးသွယ်သောသူ့ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီနေသည်။
သူ၏အသားအရေသည် ကျောက်သားပမာ ဖြူဆွတ်နေပြီး မျက်ခုံးမွေးများက တောင်ထိပ်များပမာ စူးရှချွန်ထက်နေသည်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ သင်္ဘောပြာထိပ်ဦးတွင် ရပ်နေသည်။ သူ၏ မြင့်မြတ်သော အဆင့်အတန်းနှင့် ပြိုင်စံရှားပါရမီတို့ကြောင့် ဘဝ၏ အထွတ်အထိပ်သို့ ရောက်နေသည့်အလား သူ့ပုံစံက မထူးခြားသည့်အမူအရာ ရှိနေသည်။
သို့ဖြစ်ပေရာ ဤလောကကြီးထဲတွင် သူ့စိတ်အာရုံကို ဆွဲဆောင်နိုင်သောအရာ များများစားစား မရှိပေ။ သူတို့သင်္ဘောပျံကြီးသည် ရပ်နားခြင်းမရှိဘဲ ရွှီချင်း၏ မှော်စစ်သင်္ဘောကြီးကို ကျော်ဖြတ်သွားသည်။
သူတို့သည် ထိုက်စီရှန်းမုန်ဂိုဏ်းကို ကိုယ်စားပြုသည် မဟုတ်ပါလား။ ထိုက်စီရှန်းမုန်ဂိုဏ်းဆိုသည်မှာ ယင်ဟွမ်ပြည်နယ်၌ လူသားမျိုးနွယ်၏ ရှေ့ဆောင်အင်အားစုဖြစ်သော ဓားကိုင်ရုံးခွဲပြီးလျှင် နံပါတ်တစ်အင်အားစု ဖြစ်သည်။
သို့ဖြစ်ပေရာ တခြားအင်အားစုများအနေဖြင့် ထိုက်စီရှန်းမုန်ဂိုဏ်းကို လမ်းဖယ်ပေးရမည်သာ ဖြစ်သည်။
သူတို့ ပျံသန်းသွားစဉ် ထိုသင်္ဘောပျံအုပ်စုကြောင့် ဖြစ်သွားသော လေလှိုင်းများက ရွှီချင်း၏ မှော်စစ်သင်္ဘောကို ရိုက်ခတ်သွားပြီး ယိမ်းခါသွားကာ မတတ်သာဘဲ ဘေးသို့ ရှောင်တိမ်းလိုက်ရသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ မျက်လုံးများ မှေးသွားသည်။
ထိုက်စီရှန်းမုန်ဂိုဏ်းသားများသည် သူတို့ကို ခေါင်းပင်လှည့်မကြည့်ပေ။ တရွှီရွှီမြည်သံများ ပဲ့တင်ထပ်သွားစဉ် သူတို့သည် ဝေးသည်ထက်ဝေးရာသို့ ပျံသန်းသွားသည်။
သူတို့၏ ဦးတည်ရာနေရာက လီယုံကျောက်တိုင် ဖြစ်ပေသည်။
“ အထင်ကြီးစရာပဲ ”
ခေါင်းဆောင်၏ မျက်ခုံးမွေးများ မြင့်တက်သွားပြီး အဝေးသို့ ရောက်သွားပြီ ဖြစ်သော သင်္ဘောပျံများကို ကြည့်လိုက်သည်။
“ နောက်ကျ သတင်းတွေရှာကြည့်ပြီး ထိုက်စီရှန်းမုန်ဂိုဏ်းမှာ ဘာကောင်းတာရှိလဲ ကြည့်ရမယ် ”
ခေါင်းဆောင်သည် ထိုလူများ၏ အထက်စီးဆန်သောအမူအရာကို အနည်းငယ် မကျေမနပ် ဖြစ်သွားသည်မှာ သိသာသည်။
“ အဲဒီကောင်က အစွမ်းထက်တယ် ”
ရွှီချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူသည် အပြာရောင်တာအိုဝတ်ရုံဝတ်လူငယ်ကို ပြောနေခြင်း ဖြစ်သည်။ စောစောက သူ လှမ်းကြည့်လိုက်သည့်အခါ ထိုလူငယ်ထံမှ သက်စောင့်မီးအိမ်တစ်လုံး၏ အငွေ့အသက်များကို ခပ်ရေးရေး အာရုံခံမိလိုက်သည်။
ယင်းသည် သူတော်စင်ကြယ်ပြီးလျှင် သက်စောင့်မီးအိမ်တစ်လုံး ရှိဟန်တူသော ဒုတိယမြောက်လူ ဖြစ်သည်။
“ ကျန်းစစ်ယွင်၊ ထိုက်စီရှန်းမုန်ဂိုဏ်းက တာအိုကလေးငယ်။ အရင်တုန်းက သူက ယင်ဟွမ်ပြည်နယ်မှာ သူတော်စင်ကြယ်ကို အနိုင်ယူနိုင်တဲ့သူပဲ။ ယင်ဟွမ်ပြည်နယ်တစ်ခုလုံးက လက်ရှိမျိုးဆက်ထဲမှာ နံပါတ်တစ် ကောင်းကင်လက်ရွေးစင်လို့ သတ်မှတ်နိုင်တယ်။ အခြေတည်အဆင့်မှာတုန်းက သူတော်စင်ကြယ်က သူ့နောက်မှ အဝေးကြီး ကျန်နေခဲ့တယ်။ ရွှေအမြုတေအဆင့်လဲ ရောက်ကော သူတော်စင်ကြယ်က လိုက်မမီနိုင်လောက်အောင် ဖြစ်သွားပြီ ”
“ သူ့မှာ သက်စောင့်မီးအိမ်တစ်လုံးတင်မဟုတ်ဘူး၊ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်လည်း ရှိတယ်လို့ ပြောကြတယ်။ သူက အစွန်းရောင်ကောင်းကင်ဓားမော့ကိုးကွက်ကို တတ်မြောက်ထားပြီး အဲဒါကို ဧကရာဇ်အဆင့်သစ်စေ့အဖြစ် ကျင့်ကြံထားတယ် ”
“ မဟာမိတ်က အချက်အလက်တွေအရတော့ သူက ကောင်းကင်နန်းတော်လေးဆောင် ရှိပေမဲ့ သူ့တိုက်ရည်ခိုက်ရည်က နန်းတော်ခြောက်ဆောင်နဲ့အထက် ရှိလောက်တယ် ”
“ ချင်းလေး၊ သူ့သက်စောင့်မီးအိမ်ကို သဘောကျနေပြီလား။ ငါတို့ သူ့ကို သတ်ဖို့ အခွင့်အရေးရှာကြမယ်လေ ”
ရွှီချင်းက ခေါင်းယမ်းလိုက်သည်။ ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ မခိုးမခန့် ရယ်လိုက်သည်။
“ ဒါပေမဲ့ သူက သူတော်စင်ကြယ်လို မဟုတ်ဘူး။ သူ သေသွားရင် ထိုက်စီရှန်းမုန်ဂိုဏ်း သေချာပေါက် ဒေါသထွက်သွားမှာ။ ထိုက်စီရှန်းမုန်ဂိုဏ်းကို အဘိုးကြီး ခုခံနိုင်မှာ မဟုတ်လောက်ဘူး ”