အကောင်းဆုံး တိုင်းပြည်
Vol. 30 Ch. 445
ညစာစားပြီးနောက် အားလုံးသည် ရှုခင်းကြည့်သည့် တဲအိမ်လေးသို့ သွားကြပြီး တစ်ခဏမျှ လေညင်းခံကာ သူတို့၏ အခန်းသို့ ပြန်၍ စောစောနားကြသည်။
ရဲ့လင်းချန်က သူ့ခုတင်ပေါ် လှဲ၍ မျက်လုံး မှိတ်ထားသည်။ သူ အိပ်မပျော်သေးဘဲ ဤအစီအစဉ်၌ ပါဝင်ခြင်းမှ ရရှိသော သူ၏ အကျိုးရလဒ်များကို ဆက်လက် တွက်ချက်နေ၏။
ပထမဆုံးအချက်မှာ ငွေကြေး အမြတ်များ ဖြစ်သည်။ စာချုပ်အရ တစ်ဖက်လူသည် သူ့အား ရိုက်ကူးရေးအတွက် ငါးသန်း ပေးရန် လိုအပ်သည်။ သုံးရက်တည်းနှင့် ငါးသန်း ရရှိခြင်းပင်။ ယင်းက အဆင့်အေ အနုပညာရှင် တစ်ယောက်ကို ပေးသော အနုပညာကြေးပင်။ သို့သော် ရဲ့လင်းချန်၏ ရိုက်ကူးရေးမှ စွမ်းဆောင်ရည်နှင့် ရိုက်ကူးရေးမှ သူ၏ လက်ရှိ ကျော်ကြားမှု၏ အထောက်အကူ ဖြစ်မှုကြောင့် ဒါရိုက်တာက သူ့အတွက် စာချုပ်အသစ် ပြင်ဆင်ပေးခဲ့သည်။
၎င်းတွင် ငါးသန်းမှ သန်းနှစ်ဆယ်သို့ တက်သွားခဲ့သည်။ မူလတန်ဖိုးထက် လေးဆ တက်သွားခဲ့လေသည်။ ယင်းသည် လက်ရှိ ထိပ်တန်း အနုပညာနှင့် ယှဉ်နိုင်သော ငွေကြေးပင်တည်း။
ဤသည်မှာ ရဲ့လင်းချန်ကို အသိအမှတ် ပြုခြင်း ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့၏ သူနှင့် ဆက်ဆံရေးကောင်းကို ဆက်လက် ထားရှိလို၍ ဖြစ်သည်။ ရဲ့လင်းချန်၏ စွမ်းဆောင်မှုက ဘဝ၏ ရုန်းကန်ခြင်းအား အဆင့်အနည်းငယ်မျှ တက်လာစေခဲ့သည်။ ထို့အပြင် ရဲ့လင်းချန်၏ ကျော်ကြားမှုသည် ကံပေါ် မူတည်ခြင်း မဟုတ်ဘဲ သူ၏ လုပ်နိုင်စွမ်းအပေါ် မူတည်ခဲ့သည်။ နောင်အနာဂတ်တွင် ပို၍ တိုးတက်ရုံသာ ရှိပေမည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့သည် ရဲ့လင်းချန်၏ မျက်နှာသာပေးမှု ရရန် အပိုပိုက်ဆံ ထပ်ပေးချင်စိတ် ရှိနေခြင်း ဖြစ်လေသည်။
သန်းနှစ်ဆယ်အပြင် ဧရာမ စပါးအုံးမြွေကြီးကို ရောင်းချခြင်းမှ ရရှိလာသ်ည့ ၆၉ သန်းကိုပါ ထပ်ပေါင်းလိုက်သောအခါ စုစုပေါင်း အမြတ်က ၈၉ သန်း ဖြစ်နေလေပြီ။
အပိုပိုက်ဆံကို ကြည့်ပြီး ရဲ့လင်းချန် သက်ပြင်းချရုံသာ ရှိတော့သည်။ အစွမ်းအစများ ရှိသော လူများသည် တကယ်ကို ပိုက်ဆံ မြန်မြန် ရနိုင်ပေသည်။ သူသည် နှိမ့်ချနေရန် ကြိုးစားနေသော်လည်း သူ၏ အရည်အချင်းများက ခွင့်မပြုချေ။
သူ၏ လက်ရှိ ဝင်ငွေကို တွက်ချက်ပြီးနောက် သူ၏ ပိုင်ဆိုင်မှုများ ဖြစ်သော ဝိုင်အလှကုန် ပစ္စည်းဆိုင်၊ ပန်ဒါ ထုတ်လွှင့်ရေး၊ အနုပညာ ကုမ္ပဏီနှင့် ဝမ်ရုံ နည်းပညာတို့ကိ စဉ်းစားမိသည်။ နောင်တွင် ထိုကုမ္ပဏီများ အားလုံးသည် ဝိုင်လုပ်ငန်းစုအောက်၌ သေချာပေါက် စာရင်းဝင်နေပေမည်။
ထို့နောက် သူသည် သူ့ကုမ္ပဏီများ၏ လက်ရှိ တန်ဖိုးကို တွက်ချက်ကြည့်သည်။ ယခင်က ဝမ်ရုံနည်းပညာ၏ ရှယ်ယာများကို ဝယ်ယူခဲ့သဖြင့် သူ သန်းခုနစ်ရာကျော် သုံးခဲ့ရသည်။ ထိုအချိန်တွင် သူ့၌ ၁၅ သန်းသာ ကျန်တော့သည်။ ကံကောင်းစွာဖြင့် ဉာဏ်ရည်မြင့် စက်ရုပ်လေး ရှောင်ယွင်ကို တီထွင်ရာ၌ သုံးခဲ့သည့် ၁၅ သန်းက အကြီးအကျယ် အောင်မြင်ခဲ့သည်။ ထိုတစ်ပတ်အတွင်း ရှောင်ယွင်၏ အမှာစာများက အခုတစ်သောင်း ကျော်သွားခဲ့လေသည်။
ယင်းက အရောင်း ပမာဏက သန်းကိုးရာ ကျော်သွားပြီဖြစ်ကြောင်း ဆိုလိုနေ၏။
စက်ကို ရဲ့လင်းချန်က အပြည့်အဝ ဒီဇီုင်းဆွဲထားခြင်း ဖြစ်သောကြောင့် တီထွင်မှုစရိတ်၌ ပမာဏ အတော်လေး သက်သာသွားခဲ့သည်။ ရောင်းဈေးမြှင့်ထားပြီး ထုတ်လုပ်ရေးစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်တို့ကိုပါ နုတ်လိုက်လျင် အသားတင် အမြတ်က ၅၀ ရာခိုင်နှုန်းသို့ ရောက်နေခဲ့သည်။
ဤသည်မှာ တစ်ပတ်တည်းနှင့် ဝမ်ရုံနည်းပညာက အမြတ် သန်း၄၅၀ ရအောင် လုပ်နိုင်ခဲ့သည်ဟု ဖော်ပြနေ၏။
ရဲ့လင်းချန်၏ ရှယ်ယာများနှင့်ဆိုလျင် သူသည် အမြတ်ဝေစု ၃၅ သန်း ရပေမည်။
ဤနေရာ၌ ရှင်းပြချက်အချို့ လိုအပ်ပေလိမ့်မည်။ ဤမျှ များပြားသော ပိုက်ဆံများ ရရှိရန် မလွယ်ကူပါ။ ရဲ့လင်းချန်၏ တည်ရှိမှုက လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသဖြင့် ရှောင်ယွင်ကဲ့သို့ စက်ရုပ်ကို ဒီဇိုင်းထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားသော ကုမ္ပဏီများဆိုလျင် နှစ်ပေါင်း ဆယ်နှင့်ချီ အချိန်ယူရန် လိုအပ်လောက်ပြီး ဤသို့သော စက်ရုပ်မျိုး ထုတ်လုပ်ရန် ကျရှုံးလောက်သေးသည်။ နည်းပညာသည် အမြတ်များသော နယ်ပယ် ဖြစ်သည်။ သို့သော် ၎င်းသည် အမြတ်များများ ရနိုင်ရန်အတွက် မရေတွက်နိုင်သော ဗဟုသုတများနှင့် သုတေသနများ လိုအပ်ပေသည်။
ဝိုင်အလှကုန်ပစ္စည်းဆိုင်အတွက်မှာမူ ၎င်းသည် အင်တာနက်ပေါ်၌ ရေပန်းစားနေသော ဆိုင်တစ်ဆိုင် ဖြစ်သော်လည်း ကိုယ်ပိုင် ထုတ်ကုန်များ မရှိသဖြင့် ချဲ့ထွင်ရန် အသင့်မဖြစ်သေးပေ။ ၎င်းတွင် တစ်နေ့ ဧည့်ခံနိုင်သော ဧည့်သည် အရေအတွက်များကလည်း အကန့်အသတ် ရှိပေသည်။ အမြတ်က ရှစ်သောင်းမှ ကိုးသောင်း ဝန်းကျင်တွင်သာ ရှိလေသည်။ ယင်းက ကောင်းပုံပေါက်သော်လည်း ရဲ့လင်းချန်အတွက် ဘာမှမဟုတ်ချေ။ ထုတ်လုပ်ရေး ပလက်ဖောင်း၏ အမြတ်က နည်းသည်။ ၎င်း၏ ကျော်ကြားမှုက ကောင်းသော်လည်း ကုန်ကျစရိတ် မြင့်သည်။ လက်ရှိတွင် ၎င်း၏ ဈေးကွက် တန်ဖိုးက မြင့်သော်လည်း အမြတ်က အလှကုန် ပစ္စည်းဆိုင်ထက် ပိုမသာပါ။
အကျဉ်းချုပ် ကြည့်လိုက်လျင် လက်ရှိ၌ ရဲ့လင်းချန်တွင် ၄၅ သန်းလောက်သာ ငွေသား သုံးနိုင်ပေသည်။ အနုပညာ ကုမ္ပဏီမှာမူ ၎င်းထံမှ ဘာမှမရနိုင်ခင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ထုတ်လွှင့်မှုကို စောင့်ရန် လိုအပ်နေ ပေသေးသည်။
အဆုံးသတ်တွင် … ယင်းသည် မလုံလောက်သေးပါ။
သူ့ကုမ္ပဏီကို ချဲ့ထွင်ရန် လိုအပ်ခြင်းကြောင့် အထူးသဖြင့် ဝမ်ရုံ နည်းပညာပင်၊ သူသည် ပိုက်ဆံကို အသည်းအသန် လိုအပ်နေ၏။ သူသည် ဤအခွင့်အရေးကို အသုံးချပြီး အဓိကမြို့ကြီးများ၌ ဆိုင်ခွဲများ ဖွင့်၍ ဈေးကွက် ချဲ့ထွင်ရန် လိုအပ်ပေသည်။ သို့သော် ပုံမှန် ဆိုင်ခွဲများသည် ဆိုင်ပစ္စည်းများ ဝယ်ယူရန် လိုအပ်ပြီး ယင်းက နောက်ထပ် ကုန်ကျစရိတ်ကြီး ဖြစ်သဖြင့် သူ့အတွက် ခေါင်းကိုက်စရာပင်။
ရဲ့လင်းချန်သည် လုပ်ငန်း လုပ်ပိုင်ခွင့် ဆိုင်ခွဲများ ဘယ်တော့မှ ဖွင့်မည် မဟုတ်ဘဲ ပုံမှန် ဆိုင်ခွဲများသာ ဖွင့်မည် ဖြစ်သည်။ သူ့၌ သန်းချီရှိနေလျင်တောင်မှ အဓိကမြို့ကြီးများ၌ သူ ဆိုင်ခွဲများ ဘယ်လောက်များများ ဝယ်နိုင်ပါမည်နည်း။ ကမ္ဘာတစ်ဝှမ်း၌ ဖွင့်လိုခြင်းက ဘောင်ပင် ကျော်နေလောက်သည်။
*ဟူး … ခေါင်းကိုက်စရာပဲ*
ရဲ့လင်းချန်၏ အစီအစဉ်များအရဆိုလျင် နောက်ပိုင်း အဆင့်များအတွက် သူ လိုအပ်သော ပိုက်ဆံမှာ များလွန်းလှသည်။ အရင်ဆုံး သူသည် သူ၏ လုပ်ငန်းများ အခြေစိုက်အတွက် ကျွန်းတစ်ကျွန်း ဝယ်ကို ဝယ်မှ ဖြစ်မည်။ ထို့နောက် သူသည် ထိုကျွန်း၌ ဌာနချုပ်တစ်ခုကို တည်ဆောက်ပြီး သူ့ကုမ္ပဏီကို ထိုသို့ ရွှေ့ရန် လိုအပ်ပေသည်။ နှိမ့်ချ၍ ငြိမ်ငြိမ်ကုပ်ကုပ် နေတတ်သော သူကဲ့သို့ ပါရမီရှင်အတွက် ထိုကျွန်း၏ ဒီဇီုင်းက ခမ်းနားနေမှကို ဖြစ်မည်။
သူ့တွင် အနည်းဆုံး ပိုက်ဆံ ဘီလီယံနှင့်ချီ၍ ရှိမနေပါက သူ ဘာကိုမှ မလုပ်နိုင်ပါ။
ဤသည်ကို သူ တစ်ဆင့်ပြီးတစ်ဆင့် လုပ်မှ ရပေမည်။ သူ၏ အကောင်းဆုံး တိုင်းပြည်အား တည်ဆောင်ရန် ခရီးလမ်းက တကယ်ကို ရှည်လျားလွန်းလှသည်။
သူ၏ ပိုင်ဆိုင်မှုများကို တွက်ချက်ပြီးနောက် ရဲ့လင်းချန်သည် သူ၏ အာရုံကို စနစ်ထဲမှ သူ၏ ရေပန်းစားမှု အမှတ်များအတွက် ပြောင်းလိုက်သည်။
၎င်းကို ကြည့်မိပြီးနောက် သူကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။ ဧရာမ စပါးအုံးမြွေကြီးကို သူ သတ်လိုက်ပြီးသည့် အခါမှစ၍ ယခုအချိန်အထိ သူ၏ ရေပန်းစားမှုအမှတ်က ၁.၂ သန်းဝန်းကျင်မှ ၃.၂ သန်းကျော်သို့ ရောက်သွားခဲ့သည်။
သူ ရေပန်းစားမှုအမှတ် ၂သန်း ရရှိခဲ့ပါတကား။
သူ မသိလိုက်သည့်အချက်မှာ တစ်နေ့လုံး အင်တာနက်၌ ပြောနေသော စကားများက သူနှင့် ဆက်စပ်နေသော အကြောင်းအရာများ ဖြစ်သည်ဆိုခြင်းပင်။ ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများ၏ ထိပ်တန်း ဆယ်ခု စာရင်း၊ Tencent News၊ Sina News နှင့် အခြားသော သတင်းဌာနများအားလုံးကလည်း သူနှင့် ပတ်သက်သော သတင်းများကို ကြေညာနေကြသည်။
[ရှေးခေတ် ဧရာမ စပါးအုံး မြွေမိစ္ဆာကြီးအား ရှာဖွေတွေ့ရှိမှု]
[အံ့ဩစရာကောင်းတဲ့ လူ့ခန္ဓာကိုယ်ရဲ့ အလားအလာ ထွက်ပေါ်လာခြင်း]
[အံ့ဩစရာကောင်းသော ရဲ့နတ်ဘုရား]
[ရေအောက်ထဲမှ ဧရာမ လိပ်ကြီး၊ ဒီကမ္ဘာမှာ လူမသိတဲ့အရာတွေ ဘယ်နှစ်ခု ထပ်ရှိနေသလဲ]
[ကောင်းကင်ဘုံမှ မင်္ဂလာရှိသော အတိတ်နိမိတ်၊ ဒဏ္ဍာရီလာ သားရဲ အနက်ရောင် စစ်သည်တော် ကိုယ်ထင်ပြလာပြီ]
[ကြေးမြင့်သော လေလံပွဲ၊ ဧရာမ စပါးအုံးမြွေကြီးရဲ့ ဆေးပညာတန်ဖိုး]
[ငါးရာဂရမ်ကို တစ်သောင်း လျှော့ပေးခြင်း၊ ရဲ့နတ်ဘုရားက လိုလိုလားလားနဲ့ ဆယ်သန်းကျော် အဆုံးခံခြင်း]
…
ယနေ့သည် သတင်းဌာနကြီးများ၏ သတင်းများ ဖုံးလွှမ်းနေသော နေ့တစ်နေ့ဟု ဆိုရပေမည်။ သတင်းထူးများက တစ်ခုပြီး တစ်ခု တက်လာနေ၏။ WeChat Moments ၊ TikTok နှင့် အခြားသော ပလက်ဖောင်းများတွင်လည်း ပလူပျံနေသည်။ သတင်းက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး လူတော်တော်များများ၏ အမြင်ကို ပြောင်းလဲ စေခဲ့သည်။ ယင်းကို သတိမထားမိရန် ခက်လှသည်။
လေလံပွဲ အခွင့်အရေးကို လွတ်သွားသဖြင့် နောင်တရနေသော ကုမ္ပဏီများစွာလည်း ရှိနေသည်။ အချို့သည် လိပ်အိုကြီးကို အလွန် စိတ်ဝင်စားနေကြသည်။ သို့သော် သူတို့က ရဲ့လင်းချန်နှင့် ဆက်သွယ်၍မရ ဖြစ်နေ၏။
ဤသို့သော ရုတ်ရုတ်သဲသဲ ဖြစ်ခြင်းနှင့် အတွေးအမြင်များ ပြောင်းလဲစေသော မတော်တဆ အဖြစ်များက ရေပန်းစားမှု အမှတ်များ တိုးလာစေသည့် အမြန်ဆုံး နည်းလမ်းများ ဖြစ်ပေသည်။
ရေပန်းစားမှုအမှတ် ၃.၂ သန်းကျော်၊ ၎င်းသည် ရဲ့လင်းချန်၏ ဘဝတွင် အများဆုံး ဖြစ်ပြီး ယင်းတို့ကို သူ ဘယ်လို သုံးရမလဲ မသေချာ ဖြစ်နေလေသည်။ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူသည် ဘာစွမ်းရည်ကိုမှ အဆင့်မမြှင့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် ရက်တစ်ရက်ကို ရွေးပြီး အလောင်းအစား ပြုလုပ်ရန် စိတ်ကူးထားလိုက်သည်။
နောက်တစ်နေ့တွင် တစ်ဖွဲ့လုံး မနက်စောစော နိုးလာပြီး မနက်စာအား တိတ်ဆိတ်စွာ စားကြသည်။ လူတိုင်း စကား နည်းနေလေ၏။
“အင်း … အရာရာတိုင်းက အဆုံးသတ်ကို ရောက်ရမှာပဲလေ၊ တက်တက်ကြွကြွ နေစမ်းပါ၊ ငါတို့ နောက်တစ်ခါ ထပ်တွေ့ဦးမှာပေါ့”
ဟယ်ကျားက အံကိုခဲ၍ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဟန်ဆောင်ကာ ပြောလိုက်သည်။
သူ့စကားက အခြေအနေကို ပို၍ ခံစားချက် တိုးလာစေသည်။
“အီးဟီးဟီး … ငါ ရဲ့နတ်ဘုရားရဲ့ အရသာရှိတဲ့ ဟင်းလျာတွေနဲ့ ခွဲမနေနိုင်ဘူး၊ နောက်ဆို ငါ့ဘဝကို ငါ ဘယ်လို အသက် ဆက်ရတော့မလဲ”
ဝေ့တရွှင်းက ငိုလေသည်။
“ရဲ့နတ်ဘုရား၊ ငါ မင်းမရှိဘဲ မနေနိုင်ဘူး”
“တရွှင်း၊ မင်း နောက်ဆို ငါ ချက်တဲ့ ဘယ်ဟာကိုမဆို မစားတာ ပိုကောင်းလိမ့်မယ်”
ဟွမ်လေ့က သူ့ကို သုန်မှုန်စွာ ကြည့်လေသည်။
“အဲ့လိုမလုပ်ပါနဲ့ ဖေဖေဟွမ်ရယ်၊ ကျွန်တော် ရဲ့နတ်ဘုရားကို ဆုံးရှုံးပြီးပြီ၊ ခင်ဗျားကိုပါ အဆုံးရှုံး မခံနိုင်ဘူး”
ဝေ့တရွှင်းက ချက်ချင်း သူ့အပြုအမူကို ပြောင်းပြီး အခြေအနေကို ပြန်အဖတ်ဆယ်လေသည်။
“အစ်ကိုတရွှင်း၊ ရှင့်ထိုက်နဲ့ ရှင့်ကံပဲလေ”
ကျောက်လျန့်ရင် မနေနိုင်ဘဲ ပြောလိုက်မိသည်။
သူတို့၏ ဟာသများက ဝမ်းနည်းမှုကို အနည်းငယ် လျော့နည်းသွားစေခဲ့သည်။ သူတို့ တံခါးနား လျှောက်သွားချိန်တွင် ဟယ်ကျားက ရဲ့လင်းချန်ကို ကြည့်လာသည်။
“ရဲ့နတ်ဘုရား၊ ငါ့ဘဝမှာ ငါ နက်နက်ရှိုင်းရှိုင်း လေးစားရတဲ့လူက နည်းနည်းပဲ ရှိတယ်၊ မင်းက သေချာပေါက် အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ၊ မင်းကိုသာ ငါ မသိခဲ့ရင် ဒီကမ္ဘာမှာ အဲ့လို ပြီးပြည့်စုံတဲ့လူ ရှိတယ်ဆိုတာကို ငါ သိလာမှာ မဟုတ်ဘူး”
“ဆရာ ဟယ်ကျားရဲ့ စကားကို ငါ ထောက်ခံတယ်”
ဟွမ်လေ့က ဝင်ပြောသည်။
“ရဲ့နတ်ဘုရား၊ ဒီအစီအစဉ်မှာ မင်းနဲ့အတူ ပါဝင်ခွင့်ရတာက ငါတို့အတွက် ဂုဏ်ယူစရာ ဖြစ်သလို ကံကောင်းခြင်းဆိုလည်း ဟုတ်တယ်”
“ရဲ့နတ်ဘုရား မင်း ချက်ခဲ့တဲ့ ဟင်းတွေကို ငါ တစ်သက်လုံး မေ့မှာ မဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ်”
ဝေ့တရွှင်းက ပြောသည်။
“ကျွန်တော်လည်း ခင်ဗျားတို့နဲ့ ဆုံတွေ့ရတာကို ဂုဏ်ယူပါတယ်၊ နောက်ပိုင်း ကျွန်တော်တို့ ထပ်တွေ့ဦးမယ်လို့ ယုံကြည်ပါတယ်”
ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်၊ မင်းတို့ လာလည်ချင်တဲ့အချိန်တိုင်း လာလည်ကြပါ၊ မင်းတို့တွေကို မှိုအိမ်လေးက အမြဲတမ်း ကြိုဆိုနေပါတယ်”
…