← Chapters

မေ့မရသော အတွေ့အကြုံ

Vol. 30 Ch. 447

မေ့မရသော အတွေ့အကြုံ

Vol. 30 Ch. 447

ထိုမတော်တဆမှု ဖြစ်ပြီး မကြာခင်မှာပင် လူတော်တော်များများက သူတို့၏ WeChat Moments ၌ သတင်းများ ပလူပျံလာသည်။

[မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်ရတာလဲ၊ ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်]

[ကလေးတွေက ဖြူစင်ပါတယ်၊ ကောင်းကင်ဘုံရေ ကျေးဇူးပြုပြီး သူတို့ကို အသက်ရှင်ခွင့်ပေးပါ]

[ရွှတ် ရွှတ် ရွှတ်၊ ဒါက ရက်စက်လွန်းပါတယ်၊ မနက်ခင်းမှာ ဘာလို့ ဒီလိုကိစ္စမျိုးက အရင်ဆုံး ဖြစ်ရတာလဲ]

[ဒီလောကမှာ နတ်ဘုရား တစ်ပါးပါး ရှိတယ်ဆိုရင် ကျေးဇူးပြုပြီး သင့်ရဲ့ တန်ခိုးတွေ ပြပေးပါ]

[ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်]

[ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်]

…

တစ်ချိန်တည်းမှာပင် မြစ်အတွင်း၌ ဘတ်စ်ကားက လျင်မြန်စွာ မြုပ်နေ၏။

ဘတ်စ်ကားထဲမှ ခရီးသည်များသည် အပြင်ဘက်အား ဆောက်တည်ရာမရ ကြည့်နေကြသည်။ ပြတင်းပေါက် များနှင့် တံခါးများကို ကျပ်နေအောင် ပိတ်ထားသဖြင့် သူတို့အတွက် ထွက်ပြေးရန် မဖြစ်နိုင်ပါ။ မြစ်က အဆုံးမရှိသော ချောက်နက်တစ်ခုလိုပင်။ သူတို့ မြင်နေရသည့် တစ်ခုတည်းသော အရာမှာ အဆက်မပြတ် နစ်မြုပ်နေခြင်း ဖြစ်ပြီး သူတို့၏ သေဘေးနှင့် ဖြည်းဖြည်းချင်းစီ ပို၍ နီးကပ်လာနေ၏။

ရှောင်ရွှယ်သည် ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမသည် ပုံမှန်အတိုင်း ဘတ်စ်ကားဖြင့် ကျောင်းသို့ သွားခဲ့သည်။

ယနေ့မနက်၌ သူမနှင့် တစ်ခန်းတည်းမှ သူငယ်ချင်းနှင့် ဆုံခဲ့သဖြင့် သူမ အံ့ဩခဲ့ရသည်။ နှစ်ယောက်သား အတူတူ ထိုင်ပြီး စကားတပြောပြောနှင့် သူမတို့၏ ပုံနေသော အိမ်စာအကြောင်း ပြောဆိုလာကြသည်။

သို့သော် ကားအရှေ့ပိုင်း၌ တစ်ခုခု ဖြစ်သွားခဲ့သည်။ တစ်စုံတစ်ယောက်က ယာဉ်မောင်းသူနှင့် စကားများနေပြီး ပဋိပက္ခက ပိုပို၍ ပြင်းထန်လာ၏။ ထို့နောက် ကားသည် အထိန်းအကွပ်မဲ့စွာ ယိမ်းယိုင်သွားသဖြင့် သူမတို့ ဘယ်ညာ ယိမ်း၍ လွင့်ထွက်ကုန်သည်။

ပြင်းထန်စွာ တုန်ခါပြီးနောက် ဘတ်စ်ကားတစ်စီးလုံး ရေထဲကျသွားသည်ကို သူမ သတိပြုလိုက်မိသည်။

ဘတ်စ်ကားထဲမှ လေက ပါးသထက် ပါးလာပြီး သူမတို့ ပတ်လည်မှ ဖိအားက ပိုတိုးလာသဖြင့် သူမ အသက်ကို ပြတ်တောင်း ပြတ်တောင်း ရှူနေရသည်။ ဘတ်စ်ကား၏ ဆက်ကြောင်းများမှနေ၍ ရေများက စိမ့်ဝင်လာသဖြင့် သူမ အဝတ်အစားများ စိုရွှဲကုန်သည်။

သူမ အပြင်ဘက်မှ မြင်ကွင်းကို တစ်ချက် ကြည့်လိုက်သည်။ ရေက အနည်းငယ် မှောင်မိုက်လာပြီး ငါးများက ထိတ်လန့်မှုကြောင့် ဟိုဟိုဒီဒီ ကူးခပ်နေ၏။

*ဒါ ရေအောက်ကမ္ဘာလား*

ရေအောက်၌ ဘာများ ရှိမလဲဟု သူမ တွေးခဲ့ဖူးသည်။ ယနေ့ သူမ တကယ် မြင်ရလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ဘတ်စ်ကားပေါ်တွင် ခရီးသည်များသည် ငိုယိုနေကြသည်။ အချို့ဆိုလျင် ကြံရာမရသဖြင့် လှိုက်အော်ငိုနေပြီး ပြတင်းပေါက်ကို ဖွင့်နိုင်ရန် အစွမ်းကုန် ကြိုးစားနေကြလေသည်။

*ငါ သေရတော့မှာလား*

ရှောင်ရွှယ်သည် ဘေခြင်းတရားနှင့် အကျွမ်းမဝင်ပါ။ သူမသည် စိတ်ထဲ၌ နေရခက်သလို ခံစားနေရသည်။

*ငါ သေသွားပြီးရင် ဘယ်တော့မှ ပြန်မနိုးလာတော့ဘူးလား၊ ငါ့မိဘတွေတော့ အရမ်း ဝမ်းနည်းနေတော့မှာပဲ*

ဘတ်စ်ကားထဲ၌ ရေက တက်သထက် တက်လာသည်။ ရှောင်ရွှယ်သည် ရေတချို့ကြောင့် မွန်းလာ၏။ သူမလည်ပင်းတွင် အရိမေတ္တေယျဘုရားပုံ ကျောက်စိမ်းဆွဲကြိုးလေး ဆွဲထားသဖြင့် ယင်းက သူမနှင့်အတူ ရေစီးကြောင်းအတိုင်း မျောပါနေသည်။

ယင်းသည် သူမအတွက် သူမမိဘများ ဘုရားကျောင်းမှ ဝယ်ထားပေးခြင်း ဖြစ်သည်။ ယင်းက သူမကို တစ်ဘဝလုံး‌ ပျော်ရွှင်ခြင်းနှင့် ချမ်းသာခြင်းတို့ စောင်မပေးလိမ့်မည်ဟု ပြောခဲ့သည်။

*ဒါက တကယ်ပဲ ငါ့ကို ကယ်နိုင်မှာလား*

ရှောင်ရွှယ် မသိပါ။ သူမသည် ရေထဲ၌ မြုပ်လုနီးပါး ဖြစ်နေလေ၏။

ထိုစဉ် ဧရာမ လိပ်ကြီးတစ်ကောင် ပုံစံရှိသော အရာက သူမတို့ထံ ကူးခပ်လာနေသည်ကို သူမ ခပ်ရေးရေး မြင်လိုက်ရသည်။ တစ်ယောက်ယောက်က လိပ်ကြီး၏ ကျောပေါ်၌ ထိုင်လိုက်လာသလိုပင်။

တံတားပေါ်၌ လူအုပ်က ကြီးသထက် ကြီးလာသည်။ ကမ်းစပ် တစ်လျှောက်တွင် လူများစွာက အဖြေရှာရန် ကြိုးစားနေကြသည်။ အင်တာနက်တစ်ခုလုံးကလည်း ဤပြဿနာကို ဖြေရှင်းရန် အစွမ်းကုန် ကြိုးစားနေ သော်လည်း ခက်ခဲနေသေးသည်။

အချိန် ကြာလာသည်နှင့်အမျှ လူတိုင်း ရလဒ်ကို ခန့်မှန်းမိနေကြသည်။ သို့သော် ဘယ်သူမှ ရင်မဆိုင်လိုပါ။ ဆန်းကြယ်မှု ဖြစ်လာလိမ့်မည်ဟု သူတို့ကိုယ်သူတို့ ဆက်တိုက် နှစ်သိမ့်ရန် ကြိုးစားနေ၏။ ထိုသို့ ဖြစ်ကို ဖြစ်ရပေမည်။

“နှေးလွန်းတယ်၊ နှေးလွန်းတယ်၊ ကယ်ဆယ်ရေးအဖွဲ့ ဘယ်မှာလဲ၊ မိနစ်တိုင်းက တန်ဖိုးရှိနေတာလေ”

“လခွမ်း၊ အဲ့ကားသမားက ငတုံးလား၊ ဘာလို့ သူ မြစ်ထဲ မောင်းချတာလဲ၊ ဘာလို့လဲကွာ”

“အချိန်တွေ ကုန်သွားလိုက်တာ၊ အခု ဘတ်စ်ကားက ဘယ်မှာလဲ၊ ငါတို့ သူတို့ကို ဘယ်လို ကယ်မလဲ”

“ခုနက လူတစ်ယောက် မြစ်ထဲ ပြေးဆင်းသွားတယ်၊ ဒါပေမဲ့ သူ နှစ်မိနစ်ထက်တောင် မကြာလိုက်ဘူး လက်လျှော့လိုက်ရတယ်၊ ရေစီးက သန်လွန်းတယ်”

“မြတ်စွာဘုရား၊ ဟေ့လူတွေ မြစ်ထဲကို ကြည့်လိုက်ဦး၊ အဲ့ဒါ ဘာကြီးလဲ”

သူတို့၏ မျှော်လင့်ချက်များ ကျဆင်းလာချိန်တွင် စိတ်လှုပ်ရှား၍ အံ့ဩမှုတို့နှင့် ပြည့်နှက်နေသော အသံတစ်သံကို ကြားလိုက်ရသည်။ ယင်းက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

*ဒါ … ဒါက …*

လှမ်းကြည့်လိုက်ပြီးနောက် လူအုပ်ကြီးသည် မိမိတို့၏ နှလုံးခုန်သံကို ပြန်ကြားရသလို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်ကုန်သည်။ သူတို့အားလုံးသည် မှင်တက်စွာဖြင့် မြစ်လယ်အား ငေးကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင် စိုးရိမ်တုန်လှုပ်မှုနှင့် မျှော်လင့်စောင့်စားခြင်းတို့ ပြည့်နှက်နေ၏။

မြစ်၏ တည်ငြိမ်နေသော ရေမျက်နှာပြင်တွင် ရုတ်တရက် ဧရာမ ဝဲကတော့ကြီးတစ်ခု ပေါ်လာနေသည်ကို သူတို့ မြင်နေရသည်။ ဝဲကတော့က အရွယ်အစား ကြီးလာသည်။ တဖြည်းဖြည်းနှင့် ဘတ်စ်ကားက လူတိုင်း၏ အမြင်အာရုံထဲသို့ ပေါ်ပေါက်လာလေသည်။

“ဘတ်စ်ကား၊ ဒါ ဘတ်စ်ကားပဲ၊ ဘတ်စ်ကား ရေပေါ် ပေါ်လာတာဟ”

တစ်ယောက်က အသံကုန် အော်ဟစ်လာပြီးနောက် ဝမ်းသာလွန်း၍ ငိုကြွေးလေသည်။

“ကောင်းကင်ဘုံက သူတို့ကို စောင့်ရှောက်တာပဲ၊ မြတ်စွာဘုရားရဲ့ ကရုဏာတော်ပဲ”

“မြေယိုး၊ မင်းမျက်လုံးကို ဖွင့်ပြီး သေချာကြည့်၊ ဘတ်စ်ကားက ပေါလောပေါ်နေတာ မဟုတ်ဘူး၊ အောက်ကနေ တစ်ခုခုက မထားတာကွ”

တဖြည်းဖြည်းနှင့် ကြီးမားသော လိပ်ခွံတစ်ခု ပေါ်လာသဖြင့် လူအုပ်ကြီး ရူးမတတ် ဖြစ်သွားလေသည်။

“လခွမ်း၊ အဲ့ဒါ လိပ်အိုကြီးဟ၊ ဒါ သောက်ကျိုးနည်း လိပ်အိုကြီးပဲ၊ အဲ့ဒါက ဘတ်စ်ကားကို မထားတာ”

“ရွှတ် ရွှတ် ရွှတ်၊ လိပ်အိုကြီး အသက်ရှည်ပါစေ၊ မင်းက အံ့ဩဖို့ ကောင်းတာပဲ”

“ဒီအဓိပ္ပာယ်မရှိတဲ့ လိပ်အိုကြီးဆိုတာက ဘာလဲ၊ အဲ့ဒါ အနက်ရောင် စစ်သည်တော်ကွ၊ တရုတ်နိုင်ငံရဲ့ ဒဏ္ဍာရီလာ သားရဲ၊ ကြီးမြတ်လှတဲ့ အနက်ရောင် စစ်သည်တော်ရေ ကျေးဇူးပြုပြီး ကျွန်တော် ဂါဝရပြုတာကို လက်ခံပေးပါ”

“အား … ဆန်းကြယ်မှုတစ်ခု ဖြစ်လာမယ်ဆိုတာကို ငါ သိနေတယ်လေ”

“အနက်ရောင် စစ်သည်တော်ရဲ့ ကျောပေါ်ကို ကြည့်ဦး၊ အဲ့ဒါ ရဲ့နတ်ဘုရားပဲ၊ မြတ်စွာဘုရား ရဲ့နတ်ဘုရား ဒီကို ရောက်လာပြီပဲ”

“ဟင့်ဟင့်ဟင့် … နောက်ဆုံးတော့ ငါ့ယောက်ျားကို လူကိုယ်တိုင် မြင်ဖူးခဲ့ပြီ၊ သူက တီဗွီထဲက ပုံထဲ အဆတစ်ရာ ပိုချောတာပဲ၊ ကျွန်မ ရှင့်ကို ချစ်တယ်”

“ရဲ့နတ်ဘုရား၊ မင်းက သိပ်မိုက်တယ်ဟေ့၊ မင်းက အကောင်းဆုံးပဲ”

…

တစ်ချိန်တည်းမှာပင် အချို့က ဓာတ်ပုံ ချက်ချင်း ရိုက်၍ သူတို့၏ WeChat Moments များ၌ တင်ကြသည်။ တစ်ချို့ဆိုလျင် ဗွီဒီယိုများ ရိုက်၍ TikTok ၌ တင်ကြလေသည်။

“ငါ အရင်က ဒီလောက် တစ်ခါမှ စိတ်မလှုပ်ရှားဖူးဘူး၊ ရုပ်ရှင်တွေထဲက တင်စားတဲ့ စကားလုံးတွေက အခု ငါ့ဆီမှာ တကယ် ဖြစ်နေပြီ၊ ငါ့စံပြပုဂ္ဂိုလ်ကို ငါ ပထမဆုံးအကြိမ် ဒီလောက် အနီးကပ် တွေ့ဖူးတာပဲ၊ ငါ ပျော်လွန်းလို့ သတိလစ်တော့မယ် ထင်တယ်”

“ရဲ့နတ်ဘုရားက ဖန်သားပြင်ထဲကထက် လူကိုယ်တိုင်က ပိုပိုပြီး တော်တာပဲ၊ ပြီးတော့ ငါ တကယ့် အနက်ရောင် စစ်သည်တော်နဲ့ တွေ့ရပြီ၊ ဒီနေ့က ငါ ကံကောင်းတဲ့နေ့ပဲ”

“အနက်ရောင် စစ်သည်တော်က ရုတ်တရက် ပေါ်လာပြီး လူတွေရဲ့ အသက်ကို ကယ်ခဲ့တယ်၊ ငါတို့ရဲ့ စောင့်ရှောက်သူ ဒဏ္ဍာရီလာ သားရဲဖြစ်ဖို့ ထိုက်တန်ပါပေတယ်”

ဘတ်စ်ကား မတော်တဆမှု ဖြစ်နေစည်တွင် သတင်းများက အင်တာနက်အနှံ့ ပျံ့နှံ့နေပြီး လူပေါင်းများစွာထံမှ အားပေးသံများ ထွက်ပေါ်လာသည်။

[ဘတ်စ်ကား မြစ်ထဲ ကျသွားတာကို ကြားလိုက်ရကတည်းက ငါ ဒီသတင်းကို ချက်ချင်း အမီလိုက်နေတာ၊ သူတို့ တကယ် အကယ်ခံလိုက်ရပြီပဲ၊ ငါ ဒီကမ္ဘာကြီးကို ချစ်သွားပြီ]

[ကျေးဇူးတင်ပါတယ် ရဲ့နတ်ဘုရား၊ ကျေးဇူးတင်ပါတယ် အနက်ရောင် စစ်သည်တော်]

[ဘတ်စ်ကား ရေပေါ် ပေါ်လာတာကို ငါ မြင်တုန်းက ငိုမိတယ်၊ ငါ တကယ် ငိုမိတာ]

[ငါ လိပ်အိုကြီးနဲ့ ရဲ့နတ်ဘုရားကို တွေ့တုန်းက ငါ ငိုခဲ့တယ်၊ အဲ့အချိန်တုန်းက သူတို့က တောက်ပနေသလိုပဲ၊ ငါ မျက်ရည်တောင် လည်တယ်]

[ကျွန်မ ယောက်ျားရေ၊ ကျွန်မကို စောင့်နေနော်၊ ကျွန်မ အလုပ်ကနေ လစ်ပြီး အခုချက်ချင်း အပြေးလာနေပြီ]

…

လိပ်အိုကြီးက ဘတ်စ်ကားကို ပင့်မ၍ မြစ်ကမ်းနားသို့ သယ်လာသည်။ ဘတ်စ်ကားက ကြီးသော်လည်း ၎င်းက အားသိပ်မစိုက်ရပါ။ ရဲ့လင်းချန်က လိပ်၏ ကျောပေါ်တွင် ထိုင်ပြီး အထဲမှ ခရီးသည်များ၏ အခြေအနေကို စစ်ဆေးနေသည်။

အထဲတွင် ကျောင်းသားများစွာ ရှိသည်။ သူတို့ အသေးစား ခေါင်းထိမိ၍ သတိမေ့သွားခြင်းနှင့် ထိတ်လန့်ခြင်းတို့သာ ခံစားရ၍ တော်ပါသေးသည်။ ဘာမှ ကြီးကြီးမားမား မဖြစ်သွားကြပေ။

ထူးဆန်းစွာပင် ကလေးမလေးတစ်ယောက်က အတည်ငြိမ်ဆုံး ဖြစ်နေ၏။ သူမ၏ ကြည်လင်သော မျက်လုံးများက သူ့အပေါ် တိတ်တဆိတ် စွဲကပ်နေသည်။

မှောင်မိုက်၍ အေးစက်သော ရေအောက်လောကထဲမှ ထိတ်လန့်ဖွယ် လွတ်မြောက်လာပြီးနောက် တောက်ပသော နေရောင်ခြည်က ရှောင်ရွှယ်၏ ခန္ဓာကိုယ်ပေါ် ဖြာကျလာပြီး သူမအား နွေးထွေးသွားစေပြီး အအေးဓာတ်များ လွင့်စဉ်သွားစေသည်။ ယင်းက သူမကို ဤလောကထဲမှ မဟုတ်တော့သော ခံစားချက်မျိုး ပေးစွမ်းနေ၏။

သူမသည် ဤလောက၏ ကြင်နာမှုကို ထပ်မံ၍ ခံစားမိပြန်လေပြီ။ ယင်းက သူမ စိုက်ကြည့်နေသော အချောဆုံး အမျိုးသားဟု ထင်ရသည့် အစ်ကိုကြီးတစ်ယောက်နှင့်အတူ ရောက်လာခဲ့သည်။ နေ‌ရောင်ခြည်က သူ့ဘေးပတ်လည်တွင် ထွန်းလင်းနေပြီး မသိလျင် သူက တောက်ပနေသလိုပင်။ ထိုမြင်ကွင်းသည် သူမ ဘယ်သောအခါမှ မမေ့နိုင်သော မြင်ကွင်းတစ်ခုပင်။

…

All Chapters