ဆက်လက်၍ နှိမ့်နှိမ့်ချချ နေခြင်း
Vol. 30 Ch. 448
“သူ ရောက်လာပြီ၊ ရဲ့နတ်ဘုရား ရောက်လာပြီ”
မြစ်ကမ်းပါး၌ လူအုပ်ကြီးက စုဝေးလျက် ရှိသည်။ သူတို့သည် အနီးဝန်းကျင်မှနေ၍ အပြေး ဆင်းလာကြသည်။ သူတို့၏ မျက်လုံးများက အရူးအမူး တောက်ပနေပြီး ရဲ့လင်းချန်ကို ကြည့်ကာ သူ့နာမည်ကို အော်ဟစ် နေကြသည်။
ဧရာမ လိပ်အိုကြီးကို ကြောက်လန့်သည့် သူတို့၏ ကြောက်စိတ်ကိုပင် မေ့နေကြသည်။ သူတို့ထဲမှ အချို့ဆိုလျင် ရဲ့လင်းချန်ထံသို့ အပြေးကူးသွားချင်စိတ် ပေါက်နေသည်။ သူတို့ထဲက လူအချို့သည် လိပ်အိုကြီးအား ဒူးထောက်၍ အရိုအသေ ပေးနေပြီး လိပ်အိုကြီးသည် နှစ်ပေါင်း ထောင်ချီ၍ အသက်ရှင်ခဲ့သော လိပ်မင်းဖြစ်ပြီး စွမ်းအားများ ရှိသည်ဟု ထင်မှတ်ကြသည်။
“ဟမ်း …”
လိပ်အိုကြီးက ခပ်တိုးတိုး အသံပြုပြီး ၎င်း၏ ကြီးမားသော ခေါင်းကိုမော့၍ ပါးစပ်မှ ရေများ ဖြန်းလေသည်။ ယင်းက မြင်းတစ်ကောင် နေရာတိုင်းကို ရေစင်အောင် လုပ်လိုက်သလိုပင်။
ယင်းက မပြင်းထန်သော်လည်း လူအုပ်ကြီးအား နောက်ဆုတ်သွားအောင် လုပ်နိုင်သည်။ လူအုပ်ကြီးသည် ရန်စခံရသည်ဟု မခံစားရဘဲ အားပါးတရ ကျယ်လောင်စွာ ရယ်မောကြလေသည်။
“ဒါက ပျော်ဖို့ကောင်းတယ် …”
ကလေးများစွာက ပျော်ရွှင်သွားပြီး ရယ်မောနေကြသည်။
လတ်တလော ရာသီဥတုသည် နွေးသည့်ဘက်သို့ ရောက်နေသဖြင့် ယခု ဖြန်းလိုက်သော ရေက အန္တရာယ် မရှိသလို သူတို့အား အေးမြသွားစေသည်။
“အားလုံးပဲ ဘတ်စ်ကားကို နေရာချဖို့ ကျွန်တော့်ကို နေရာလေး ရှင်းပေးကြပါဦး၊ ခရီးသည်တွေက ထိတ်လန့် နေတော့ နေရာ လိုအပ်ပါတယ်”
ရဲ့လင်းချန်က တည်ငြိမ်စွာ ရှင်းပြသည်။
“ပြီးတော့ အားသန်တဲ့လူတစ်ချို့က ကားပေါ်က ခရီးသည်တွေကို သယ်ပေးလို့ ရနိုင်မလား”
“ရတာပေါ့၊ ကိုယ့်လူတို့ လမ်းဖယ်ကြဟေ့၊ ရဲ့နတ်ဘုရားရဲ့ လမ်းကို မပိတ်ကြနဲ့”
လူတစ်ယောက်က ချက်ချင်း ပြန်ပြောလေသည်။
လူအုပ်ကြီးသည် လိပ်အိုကြီးအား မကြောက်ရွံ့ပါ။ သူတို့သည် ဘေး၌ ရပ်၍ လိပ်အိုကြီး၏ ကျောပေါ်ရှိ ဘတ်စ်ကားပေါ်မှ ခရီးသည်များကို အောက်သို့ ဆင်းနိုင်ရန် ကူညီပေးနေသည်။
“ငါလည်း ပါမယ်”
“ငါလည်း ကူညီမယ်”
လူအများသည် သူတို့ကိုယ်တိုင်ကိုယ်ကျ ဆက်တိုက် လုပ်အားပေးနေကြသည်။
ရဲ့လင်းချန်သည် ခရီးသည်များအား ဘတ်စ်ကားထဲမှ ထွက်ရန် ဦးဆောင်၍ ကူညီပေးပြီးနောက် သူတို့အား အောက်ဘက်ရှိ လူအုပ်ထံသို့ လက်လွှဲပေးလိုက်သည်။
အလွန် လျင်မြန်စွာပင် ခရီးသည်များအားလုံးကို ကယ်တင်၍ ပြီးသွားလေသည်။ သူတို့ထဲမှ အများစုသည် ကြောက်စိတ်ကြောင့် တုန်ယင်နေဆဲ ဖြစ်သည်။ သူတို့အားလုံးက ရဲ့လင်းချန်ကို ကျေးဇူးတင်စွာ ကြည့်နေကြသည်။
လိပ်အိုကြီးသည် သူ့ခန္ဓာကိုယ်အား ခါလိုက်ပြီး ရဲ့လင်းချန်က ဘတ်စ်ကားကို တွန်းဖယ်လိုက်သဖြင့် ဘတ်စ်ကားက ၎င်း၏ ကျောပေါ်မှ ချက်ချင်း ပြုတ်ကျသွားလေသည်။
ထိုအခါတွင်မှ ကယ်ဆယ်ရေး အစီအစဉ်က ပြီးဆုံးသွားတော့သည်။
“ရဲ့နတ်ဘုရား၊ ငါက မင်းရဲ့ ပရိသတ်ပါ၊ ငါ မင်းရဲ့ လက်မှတ်လေး ရနိုင်မလား”
“ရဲ့နတ်ဘုရား၊ ငါ့သူငယ်ချင်းတွေက မင်းကို သဘောကျတာ၊ မင်း ငါနဲ့အတူတူ ဓာတ်ပုံလေး ရိုက်ပေးလို့ ရမလား”
“ရဲ့နတ်ဘုရား၊ မင်း ဒီမှာ ရှိနေတာက ငါတို့အတွက် ကံကောင်းတာပဲ”
“ဝိုး … ဒါက အနက်ရောင် စစ်သည်တော်လား၊ သူက တော်တော် ကြီးတာပဲ၊ မိုက်လိုက်တာ”
…
ကယ်ဆယ်ရေး အစီအစဉ် ပြီးဆုံးသွားပြီးနောက် လူအုပ်ကြီးက ချက်ချင်း ဆူညံပွက်လောရိုက်လာသည်။ သူတို့က ရဲ့လင်းချန်ကို အသည်းအသန် သဘောကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဤသည်မှာ ဟန်လုပ် သရုပ်ပြနေခြင်း မဟုတ်ပါ။ ရဲ့လင်းချန်၏ လက်ရှိ ကျော်ကြားမှုကြောင့် သူ၏ ပရိသတ်အားက အေအဆင့် အနုပညာရှင်တစ်ယောက်ထက် ကျော်လွန်နေသည်။ ထို့အပြင် သူက ယခုလေးတင် လူအပြည့်ပါသော ဘတ်စ်ကားကို ကယ်ပေးခဲ့သဖြင့် ပို၍ အကျိုးရသွားခဲ့သည်။
လိပ်အိုကြီးက သူ့အတွက် အကာအဖြစ် ရှိနေသေး၍ ကံကောင်းသွားသည်။ သို့မဟုတ်ပါက ရဲ့လင်းချန်သည် လူအုပ်ကြီး၏ ဝိုင်းခြင်း ခံရလောက်သည်။ အထူးသဖြင့် မိန်းကလေး ပရိသတ်များပင်။ သူတို့၏ အကြည့်များက ပြင်းထန်လွန်းသဖြင့် ရဲ့လင်းချန်အား အနေရခက်စေပြီး သူ့အား ထွက်ပြေးချင်စိတ် ပေါက်လာစေသည်။
*ယောက်ျားလေးတစ်ယောက်က အပြင်သွားရင် ဂရုစိုက်ဖို့ လိုတာပဲ*
“ကိုကို ရဲ့နတ်ဘုရား၊ နျိုနျို ရှင့်ကို ချစ်တယ်နော်”
ထိုစဉ် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးမလေးတစ်ယောက်၏ အသံ ထွက်လာသည်။ သူမက တောက်ပသော မျက်လုံးများဖြင့် ရဲ့လင်းချန်ကို ကြည့်နေပြီး သူမအသံက အလွန် ကြည်လင်လေသည်။
ရဲ့လင်းချန်က ကလေးမလေးကို ပြုံးပြ၍ ညင်သာစွာ ပြန်ပြောလိုက်သည်။
“ကိုကို ရဲ့နတ်ဘုရားကလည်း မင်းကို ချစ်ပါတယ်၊ နျိုနျိုလေးက အလိမ္မာလေးပဲ”
“မေမေ၊ ကိုကိုရဲ့နတ်ဘုရားကတောင် သမီးကို ချီးကျူးနေပြီ”
ကလေးမလေးက သူမမိခင်ကို စိတ်လှုပ်ရှားစွာဖြင့် ဂုဏ်ယူစွာ ပြန်ပြောလေသည်။
သူမမိခင်က ခေါင်းညိတ်ပြပြီး ရဲ့လင်းချန်အား ကူကယ်ရာမဲ့စွာ ကြည့်လေသည်။
“ရဲ့နတ်ဘုရား၊ ဒီကလေးက ဘဝရဲ့ ရုန်းကန်ခြင်းကို ကြည့်ပြီးကတည်းက မင်းရဲ့ အကြီးစား ပရိသတ် ဖြစ်လာတာ၊ ပြိးတော့ သူ ဘယ်နေရာသွားသွား မင်းရဲ့ ပရိသတ်ဖြစ်ဖို့ ပြောနေတာ”
“ဟားဟားဟား ဒီလို ချစ်စရာကောင်းတဲ့ ပရိသတ် ရှိမယ်လို့ ကျွန်တော် ထင်မထားမိဘူး၊ ဒီအတွက် ကျွန်တော် အောင်ပွဲ ခံသင့်တာပဲ”
ရဲ့လင်းချန်က အားပါးတရ ရယ်၍ ပြန်ပြောလိုက်သည်။
“သမီး တစ်ယောက်တည်း မဟုတ်ပါဘူးနော်၊ သမီးတို့ တစ်ခန်းလုံးက ကိုကို ရဲ့နတ်ဘုရားကို ချစ်တာ”
ကလေးမလေးက အလွန် တည်ကြည်လေးနက်ဟန်ဖြင့် ပြောလေသည်။
“ဒါပေမဲ့ သမီးက သမီးတို့အတန်းက ပရိသတ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်”
သူမစကားက လူအုပ်ကြီးအား ရယ်မောသွားစေသည်။
ရဲ့လင်းချန် ခေါင်းညိတ်ရင်းနှင့် အကြောင်းရင်းကို အကြမ်းဖျင်း စဉ်းစားမိသွားသည်။
ချီသန့်စင်မှုကို သူ လေ့ကျင့်ကတည်းက သူ့ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ် စွမ်းအင် ရှိလာသည်။ ထို့အပြင် သူ၏ အတွေးအခေါ်၊ အပြုအမူက ဤလောကနှင့် ကျော်လွန်စ ပြုလာသည်။ ကလေးငယ်များတွင် စူးရှသော အာရုံများ ရှိပြီး သူ့အား ကြည့်ရ အဆင်ပြေသည်ဟု ခံစားမိသောကြောင့် သူ့ကို ချစ်ခင်ခြင်း ဖြစ်သည်။
“ကိုကိုရဲ့နတ်ဘုရား၊ သမီး ကိုကိုနဲ့ ဓာတ်ပုံ အတူတူ ရိုက်လို့ရလား”
ကလေးမလေးက စိတ်အားထက်သန်နေသော အသံနှင့် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် မေးလေသည်။
“ရတာပေါ့”
ရဲ့လင်းချန်က ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကလေးမလေးက သူ့ထံ ချက်ချင်း ပြေးလာသည်။
“သတိထားဦးလေ”
သူမအမေက စိုးရိမ်သွားပြီး သူမနောက်ကို အလျင်အမြန် လိုက်လာပြီး လိပ်အိုကြီးအား ကြောက်ရွံ့စွာ ကြည့်လေသည်။
“စိတ်မပူပါနဲ့ မေမေရဲ့၊ ဒါ အနက်ရောင် စစ်သည်တော်လေ၊ သူက ကောင်းပါတယ်၊ မီးမီးကို နာကျင်အောင် မလုပ်ပါဘူး”
ကလေးမလေးက ရဲရင့်သည်။ သူမက ကြောက်ရွံ့သည့် လက္ခဏာ တစ်ခုမှ မပြဘဲ လိပ်အိုကြီး၏ ကျောပေါ်သို့ သူမဘာသာ စတက်လေသည်။
“ဟုတ်တယ်၊ အနက်ရောင် စစ်သည်တော်က လူတွေကို ထိခိုက်အောင် မလုပ်ဘူး”
ရဲ့လင်းချန်က ပြုံးပြီး ကလေးမလေးကို ဆွဲခေါ်လေသည်။
“ဟင်း”
လိပ်အိုကြီးက ရဲ့လင်းချန်၏ စကားကို ထောက်ခံသကဲ့သို့ လိုက်ပါခေါင်းညိတ်ပြီး ပါးစပ်ကို တွန့်၍ ပြုံးသယောင် ပြုမူလာသည်။
ကံဆိုးသည်က ထိုအပြုံးသည် အလွန် သက်ရောက်မှု မရှိခြင်းပင်။ ယင်းက တစ်နည်းနည်းဖြင့် ပို၍ ကြောက်စရာ ကောင်းသွားပုံ ပေါ်စေ၏။
ထို့နောက် ရဲ့လင်းချန်က သူမကို ဖက်ပြီး လိပ်အိုကြီး၏ ကျောပေါ်၌ သူမနှင့်အတူ ဓာတ်ပုံ ရိုက်လေသည်။ မရေတွက်နိုင်သော ဘေးလူများက ကလေးမလေးကို အားကျစွာ ကြည့်နေပြီး သူမနေရာ၌ သူတို့ ဖြစ်ချင်စိတ် ပေါ်နေကြသည်။
ထို့နောက် သူတို့ ဆက်လက် ပြုမူသည်က သူတို့၏ WeChat Moments ပေါ်၌ တင်ခြင်းပင်။
[ရဲ့နတ်ဘုရားက တကယ်ကို ဖော်ရွေတာပဲ၊ အစီအစဉ်ထဲမှာထက် ပိုပြီး ဖော်ရွေသေးတယ်]
[ငါ အဲ့ကလေးမလေးကို မနာလိုဖြစ်လိုက်တာ၊ ငါ့ကိုပဲ သူ ဖက်လိုက်ပါတော့လား၊ ရဲ့နတ်ဘုရားရဲ့ အပွေ့အဖက်က သိပ်နေလို့ကောင်းမှာပဲ]
ထိုပုံက အင်တာနက်ပေါ်၌ လူပြောများသော ခေါင်းစဉ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ကယ်ဆယ်ရေး အသင်းများ နေရာသို့ အပြေးရောက်လာသောအခါ တိတ်ဆိတ်သံကိုသာ ကြားလိုက်ရသည်။
ရဲ့လင်းချန်က အခြေအနေကို ကြည့်ပြီး လူအုပ်ကြီးအား ပြုံးပြလိုက်သည်။
“ကယ်ဆယ်ရေးအဖွဲ့က ဒီကို ရောက်လာပြီဆိုတော့ ကျွန်တော် သွားသင့်ပြီပဲ”
ထိုသို့ပြောပြီးနောက် သူသည် လူအုပ်ကြီးအား တုံ့ပြန်ချိန်မပေးဘဲ လိပ်အိုကြီး၏ ကျောပြင်ပေါ် ထိုင်၍ မြစ်စီးဆင်းရာအတိုင်း လိုက်ပါသွားလေသည်။ လူအုပ်ကြီးသည် လိပ်အိုကြီး၏ ကျောပေါ်မှ ပုံရိပ်ကို ငေးကြည့်ရုံသာ တတ်နိုင်လေသည်။ တစ်ခါတရံတွင် မြစ်လေညင်းကြောင့် သူ၏ အဝတ်အစားက တဖျပ်ဖျပ် လွင့်နေတတ်သည်။ ယင်းက လူအုပ်ကြီးအတွက် အမှတ်ရစရာပင်။
ထိုပုံရိပ်ကို အင်တာနက်ပေါ် တင်ခဲ့ကြပြီး လူတော်တော်များများက အချိန်တစ်ခုအထိ သူတို့၏ နောက်ခံပုံရိပ်အဖြစ် အသုံးပြုကြလေသည်။
[ဖေးရီက အဝါရောင် ကြိုးကြာကို စီးသလို ကျန်းကောလောင်က မြည်းကိုစီးပြီး မသေမျိုးကမ္ဘာဆီ တက်လှမ်းတယ်ဆိုတဲ့ ပုံပြင်တွေ ရှိခဲ့တယ်၊ အခု ငါတို့မှာ လိပ်အိုကြီးကို စီးပြီး လူတွေကို ကယ်တင်တဲ့ ရဲ့နတ်ဘုရား ရှိလာပြီ၊ အံ့ဩဖို့ကောင်းတဲ့ ပုံပြင်တွေပါလား]
[ဆက်ပြီး နှိမ့်နှိမ့်ချချ နေတာပဲ၊ ရဲ့နတ်ဘုရားရဲ့ အပြုအမူက အသိဉာဏ် ပွင့်သွားတဲ့ လူတစ်ယောက်လိုပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ]
[ရဲ့နတ်ဘုရားနဲ့အတူ လိပ်ကြီးရဲ့ ကျောပေါ်မှာ နေဝင်ချိန်နဲ့ နေထွက်ချိန် မြင်ကွင်းတွေကို ခံစားလို့ ရမယ်ဆိုရင် ပျော်ဖို့ ကောင်းမှာပဲ]
[ရဲ့နတ်ဘုရားရဲ့ ဆွဲဆောင်နိုင်စွမ်းက အကန့်အသတ် မရှိဘူး၊ အနက်ရောင် စစ်သည်တော်တောင်မှ သူ့ကို အညံ့ခံရတယ်၊ ရဲ့နတ်ဘုရားဆိုတဲ့ နာမည်အတိုင်းပါပဲလား]
…
ရဲ့နတ်ဘုရားက အနက်ရောင် စစ်သည်တော်ပေါ်မှနေ၍ လူများကို ကယ်တင်သည့် သတင်းများက အဓိက သတင်းဌာနများအားလုံးက တင်ကြပြီး လိပ်အိုကြီးအား သတင်းဌာနမျိုးစုံက အနက်ရောင် စစ်သည်တော်ဟု တရားဝင် ခေါ်ဝေါ်ကြသည်။ အချို့သော ဇာတ်လမ်းရှာသူများသည် အနက်ရောင် စစ်သည်တော် ပေါ်လာသည့် သတင်းကို ယူ၍ ကောင်းကင်ဘုံမှ မင်္ဂလာရှိသော အတိတ်နိမိတ်တစ်ခုဟု ပြောကြပြီး ဤသည်က တရုတ်နိုင်ငံ အင်အားကြီးလာမည့် လက္ခဏာဟု ပြောကြလေသည်။
ဤသတင်းက ဧရာမ စပါးအုံးမြွေကြီးနှင့် လိပ်အိုကြီးတို့၏ သတင်း မငြိမ်သွားခင် သတင်းထူးအဖြစ် ပေါ်သွားခဲ့သည်။ အစိုးရဘက်မှ တရားဝင် သတင်းဌာနများကတောင်မှ ရဲ့လင်းချန်၏ လုပ်ရပ်များကို ချီးမွမ်းလေသည်။ နိုင်ငံတစ်ဝှမ်းလုံးမှ လိပ်အိုကြီးအား စောင့်ရှောက်သူ မျိုးစိတ်တစ်ခုအဖြစ် မှတ်ယူပြီး ၎င်း၏ အထူး အဆင့်အတန်းကို ဖော်ပြလေသည်။