← Chapters

မြတ်စွာဘုရား မိစ္ဆာကြီးပါလား

Vol. 30 Ch. 449

မြတ်စွာဘုရား မိစ္ဆာကြီးပါလား

Vol. 30 Ch. 449

အေးချမ်း၍ တည်ငြိမ်နေသော ကန်ရေမျက်နှာပြင်၌ ခပ်လှမ်းလှမ်းမှနေ၍ လူတစ်ယောက်နှင့် လိပ်တစ်ကောင် တို့၏ ပုံရိပ်က တဖြည်းဖြည်း နီးကပ်လာသည်။

ရဲ့လင်းချန်သည် လိပ်အိုကြီး၏ ကျောပေါ်တွင် လှဲရင်း ကောင်းကင်ကို လှမ်းကြည့်နေသည်။

“ဟေ့ လိပ်အိုကြီး၊ ငါ့ကို အမှန်အတိုင်းပြော၊ မင်း မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းသွားပြီ မဟုတ်လား၊ ပြီးတော့ မင်း အသက်ရှင်နေတာ ဘယ်လောက် ကြာပြီလဲ၊ ငါ လိပ်ဘာသာစကား သင်ပြီးတဲ့အချိန်အထိ စောင့်နေလိုက်၊ ငါ မင်းနဲ့ သေချာပေါက် စကား ကောင်းကောင်း ပြောမယ်”

သူသည် တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောလေသည်။

“အရင်တုန်းက ထန်ဘုန်းတော်ကြီး အနောက်ဘက်ကို ခရီးသွားတုန်းက သူ့ကို မြစ်ကို ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့တာ မင်း မဟုတ်လား၊ မင်း မဟုတ်ရင် မင်းရဲ့ ဘိုးဘေး ဖြစ်နိုင်ချေများတယ်”

လိပ်အိုကြီးက ခပ်အုပ်အုပ် အသံ ပြုလာသည်။ ရဲ့လင်းချန်က လိပ်ဘာသာစကားကို မသင်ရသေးတာတောင်မှ ၎င်း၏အသံမှ မကျေနပ်ချက်ကို ကြားရပါသည်။

“ပြီးရော၊ ပြီးရော၊ အဲ့ကျွန်းကို ငါ မင်းအတွက် မှတ်ထားပေးတယ်၊ ငါ ချမ်းသာလာရင် သေချာပေါက် ဝယ်ပေးမယ်၊ ပြောင်းဖို့တော့ အချိန် မကျသေးဘူး”

ရဲ့လင်းချန်က အောင့်သက်သက် ပြုံးလိုက်သည်။ လိပ်အိုကြီးက ထိုအဖြစ်အပျက်ကို တွေးနေလိမ့်ဦးမည်ဟု သူ ထင်မထားမိပါ။

ဘဝ၏ ရုန်းကန်ခြင်း ပြီးသွားခဲ့စဉ်က ရဲ့လင်းချန်သည် ရိုက်ကူးရေးအဖွဲ့က သူ့အတွက် ပြင်းထားသော လမ်းကို မသုံးခဲ့သလို လေယာဉ်လည်း မစီးခဲ့ပေ။ ထိုအစား သူက ရေလမ်းကိုသာ ရွေးခဲ့သည်။

သူ့တွင် ရေဝိညာဉ် ခန္ဓာကိုယ် ရှိပြီး လိပ်အိုကြီးကိုလည်း အတူတူ ခေါ်လာခဲ့ရသည်။ ရေလမ်းကြောင်းက ပို၍ အဆင်ပြေလေသည်။

တစ်ချိန်တည်းမှာပင် သူသည် ကျွန်းတစ်ချို့ကို ကြည့်နိုင်သည့် အခွင့်အရေးကိုလည်း ရခဲ့သည်။ ရဲ့လင်းချန်၏ အစီအစဉ်တွင် ကျွန်းတစ်ကျွန်း ဝယ်ရန် ပါဝင်သည်။ ထို့အပြင် လိပ်အိုကြီးလည်း ရှိနေသဖြင့် ကျွန်းတစ်ကျွန်း ရှိခြင်းက ပို၍ အဆင်ပြေသည်။ ၎င်းက သူ အခိုင်အမာ လိုချင်နေသော အစီအစဉ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

တရုတ်နိုင်ငံသည် ကြီးမားပြီး သယံဇာတများနှင့် ပြည့်နှက်နေကာ ကမ္ဘာပေါ်ရှိ မြေနေရာကျယ်သော ထိပ်တန်းနိုင်ငံ သုံးနိုင်ငံစာရင်းထဲ၌ ပါဝင်လေသည်။ ကျွန်းများသည် သဘာဝအလျောက် ပေါများ၏။ သူတို့သည် လီတောင်တန်း၏ မြစ်ကြောတစ်လျှောက်မှနေ၍ အရှေ့တရုတ်ပင်လယ်အထိ ကူးခပ်လာခဲ့သည်။ လူမသိစေရန် သူတို့သည် များသောအားဖြင့် ရေငုပ်ခဲ့ကြလေသည်။

အရှေ့တရုတ် ပင်လယ် ကမ်းရိုးတစ်လျှောက်တွင် သူတို့ ကျွန်းများစွာကို တွေ့ခဲ့သည်။ ထိုကျွန်းများအားလုံးထဲမှ တစ်ခုသည် စိတ်ဝိညာဉ် စွမ်းအင် စုစည်းမှုက အခြားသော နေရာများထက် အဆများစွာ ပိုသာနေ၏။ တစ်နည်း ပြောရလျင် ထိုကျွန်း၏ ဖုန်းရွှေက အကောင်းဆုံးပင်။

ထို့အပြင် ထိုကျွန်းသည် သိသိသာသာကို လူသူကင်းမဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု လက္ခဏာ တစ်ခုမှ မရှိပေ။ ၎င်း၏ အရွယ်အစားကလည်း အံကိုက်ပင်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ရဲ့လင်းချန် အလွန်အမင်း ကျေနပ်မိသည်။ လိပ်အိုကြီးသည်လည်း ထိုနေရာကို သဘောကျလေသည်။ ရဲ့လင်းချန်သာ ဆွဲမခေါ်လာခဲ့လျင် လိပ်အိုကြီးသည် ထိုကျွန်းကို ပြောင်းပြီး ၎င်း၏ လက်ကျန် သက်တမ်းကို ပျော်ရွှင်စွာ ခံစားနေလောက်သည်။

ထိုသို့သော ကျွန်းတစ်ကျွန်းကို လူသူကင်းမဲ့အောင် ထားထားခြင်းက နှမြောစရာပင်။ ၎င်းကို သူ့လက်ထဲ မြန်မြန်ရောက်အောင် လုပ်မှ ဖြစ်ပေမည်။ ယင်းက သူ့အတွက် အကျိုးရှိမှာ သေချာလှသည်။

ဘတ်စ်ကားကို ကယ်လိုက်သည့် ကိစ္စမှာ ကံကောင်းထောက်မစွာ တိုက်ဆိုင်သွားခြင်း ဖြစ်သည်။ သူတို့သည် ထိုအရပ်မှ မြို့တော်သို့ ကူးလာရင်းနှင့် ထိုအခြေအနေနှင့် တိုးသွားခြင်း ဖြစ်လေသည်။ ထိုအတွက် ပြောနေစရာပင် မလိုပါ။ သူတို့ကို သူ ကယ်ကို ကယ်မှာ ဖြစ်သည်။

စနစ်ကို ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်၏ နှုတ်ခမ်းက ကွေးတက်သွားပြီး ပြုံးမိသွားသည်။ ဤအချိန် အတောအတွင်း သူ၏ ရေပန်းစားမှု အမှတ်များက အဆက်မပြတ် တိုးလာခဲ့သည်။ လက်ရှိတွင် ၎င်းက စုစုပေါင်း ၄.၅ သန်းသို့ ရောက်ရှိသွားလေပြီ။

ယခုကဲ့သို့ အချိန်မျိုး၌ ရဲ့လင်းချန်သည် စနစ်၏ ကြီးမားသော လိုအပ်ချက်များကို အပြည့်အဝ ကြုံတွေ့သိမြင် လိုက်ရသည်။ ယခုတလောအတွင်း သူ ပြုလုပ်ခဲ့ပြီးသော ရုတ်ရုတ်သဲသဲများအားလုံးက ဤပမာဏမျှလောက်သာ ဖြစ်စေခဲ့သည်။ သူ့စွမ်းရည်များကို ဘယ်သောအခါမှ အဆင့်မြင့်အထိ ရောက်အောင် လုပ်နိုင်ပါမည်နည်း။ သူ၏ စွမ်းရည်အား အဆင့်မြင့်အဆင့်သို့ ရောက်ရှိရန် ရေပန်းစားမှုအမှတ် ဆယ်သန်း လိုအပ်ပေသည်။

ရဲ့လင်းချန်သည် မျက်မှောင်ကြုတ်မိနေပြီးနောက် တစ်ခဏအကြာ၌ ပြန်ပြေလျော့သွားသည်။ သူ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သော်လည်း လူအများစုက သူ့ကို မသိကြပေ။ ထို့အပြင် ဤလောကကြီးက တရုတ်နိုင်ငံတစ်ခုတည်း ရှိနေခြင်း မဟုတ်ပါ။ ကမ္ဘာပေါ်၌ လူပေါင်းများစွာ ရှိသဖြင့် သူ၏ ရေပန်းစားမှုအမှတ်က သန်းဆယ်ချီ၍ ဆတိုး တက်လာနိုင်လောက်သည်။

သူ၏ ရေပန်းစားမှု အမှတ်များအတွက် သူသည် ရုတ်ရုတ်သဲသဲ ဖြစ်စေသည့် လမ်းကို ပို၍ လျှောက်ရပေမည်။

*နိုင်ငံခြားသားတွေဆီကလည်း ရလာလောက်တယ်၊ သူတို့တွေက ဒီပါရမီရှင်ရဲ့ ထက်မြက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်တော့မှာ*

“လိပ်အိုကြီး ရေငုပ်လိုက်”

ရဲ့လင်းချန်၏ နားများက မသိမသာ လှုပ်ခတ်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

လိပ်အိုကြီးက ခပ်နိမ့်နိမ့် မာန်ဖီသံ ပေးပြီး ရေကန်၌ လှိုင်းသိပ်မထစေဘဲ ချက်ချင်း ရေထဲသို့ လျင်မြန်စွာ ငုပ်လျှိုးသွားသည်.

သူတို့သည် မြို့တော်၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်နေပြီး ဖြစ်သည်။ သူ့ခန့်မှန်းချက်အရဆိုလျင် မြစ်ရေအောက်မှ သွားခြင်းဖြင့် မကြာခင် တောင်ကျစမ်းရေ အိမ်ရာသို့ သူတို့ ရောက်နိုင်သည်။

တောင်ကျစမ်းရေ အိမ်ရာက မြို့တော်တွင်းမှ မြစ်ပေါင်းများစွာဖြင့် ချိတ်စက်နေသည့် ရေကန်နားမှ ဥယျာဉ်ထဲ၌ တည်ရှိမှန်း ရဲ့လင်းချန် သိထားသည်။ ဤနေရာက လတ်တလော လိပ်အိုကြီးအတွက် ယာယီအိမ် ဖြစ်လာ ပေလိမ့်မည်။

သူတို့ မြစ်ရေစီးအကြောင်း ကူးခတ်နေစဉ်မှာပင် ရဲ့လင်းချန် ပို၍ မျက်မှောင်ကြုတ်လာပြီး တဖြည်းဖြည်းနှင့် ရွံရှာသော အမူအရာသို့ ပြောင်းလဲသွားသည်။

ရေက ညစ်ပတ်လွန်းလှသည်။ သူ ရေအောက်မှ မြင်ကွင်းကို မြင်ရရန် အခက်အခဲ ဖြစ်နေသည်။ ငါးများကလည်း သေလုနီးပါး ဖြစ်နေပြီး ညစ်ညမ်းရေအတွင်း၌ အသက်ရှင်ကျန်ရစ်သည့် ငါးများသာ ကျန်ခဲ့လေသည်။ ထို့အပြင် ရေ၏ အရောင်က အကျည်းတန်သော အရောင်သို့ ပြောင်းလဲနေ၏။ ညစ်ညမ်းမှုက ပိုပို၍ ဆိုးရွားလာမှန်း သိသာလှသည်။

“ချီးပဲ ငါ ထပ်ပြီး သည်းမခံနိုင်တော့ဘူး”

ရဲ့လင်းချန် တစ်ခါမှ ခံစားရ မခက်ဖူးပါ။ ထပ်မံ၍ သည်းမခံနိုင်တော့သောကြောင့် သူ ရေပေါ် ခုန်တက်လိုက်သဖြင့် ဗွမ်းခနဲ ရေများ စင်လာပြီး ကုန်းပေါ် ခြေချမိသွားသည်။ တုန်းချန်ရွာသည် မြို့တော်၏ ကျေးလက်ဒေသတွင်းမှ ရွာတစ်ရွာ ဖြစ်သည်။ ၎င်းသည် ရွာတစ်ရွာ ဖြစ်သော်လည်း အတော်လေး တိုးတက်နေကာ သက်ဝင်လှသည်။ ရေကန်ဘေး၌ ရှိသော ရွာဈေးသည် လူအစည်ဆုံး နေရာ ဖြစ်သည်။

သို့သော် လက်ရှိအချိန်၌ ဈေးတစ်ခုလုံး တိတ်ဆိတ်ကုန်သည်။ ဈေးရောင်းသူများသည် သူတို့၏ ပစ္စည်းများကို ချပြီး အားလုံး၏ အကြည့်က ရေထဲမှ ရုတ်တရက် ခုန်ထွက်လာသော ပုံရိပ်ပေါ်သို့ အကြည့် ရောက်နေကြသည်။

*ရုပ်ရှင် ရိုက်နေတာလား*

ဤသည်မှာ သူတို့၏ ပထမဦးဆုံး ထင်မြင်ချက် ဖြစ်သည်။ ရေထဲမှ သိုင်းပညာရှင်တစ်ယောက် ခုန်ထွက်လာသည်ကို ရိုက်ကူးနေသည့် အခန်း ဖြစ်လောက်သည်။ ယင်းက အတော်လေး ကြည့်ကောင်းသည် ကိုတော့ သူတို့ မငြင်းနိုင်ပါ။

*သရုပ်ဆောင် ကောင်းတယ်ဟ*

“ဗွမ်း”

ထိုအခိုက်မှာပင် ရေမျက်နှာပြင် တုန်လာပြီး ဗွမ်းခနဲ လွင့်စဉ်လာ၏။ ထို့နောက် ကြီးမားသော လိပ်တစ်ကောင်က ၎င်း၏ ခြေလက်များကို လှုပ်ခတ်၍ ရေကန်ထဲမှ အလျင်အမြန် တက်လာလေသည်။

၎င်းသည် ရွေ့လျားလျက် မာန်ဖီနေပြီး မသိလျင် ဆိုးရွားသော တစ်စုံတစ်ရာကို ကြုံခဲ့ရသလိုပင်။ ၎င်းက တစ်ခုခုထံမှ ထွက်ပြေးလာပုံရသည်။

“အား … မိစ္ဆာကြီးပါလား”

“ဝေးဝေးပြေးဟေ့၊ မိစ္ဆာကြီးက မင်းတို့ကို စားတော့မယ်”

“ယီးပဲ၊ ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါ သိနေတယ်၊ စက်ရုံက အဆိပ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေထဲကပဲ ဖြစ်မယ်၊ အခု ရေကန်ထဲမှာ မိစ္ဆာတွေ ကြီးထွားလာပြီ”

“ကျေးဇူးပြုပြီး ငါ့ကို အသက်ချမ်းသာပေးပါ၊ ငါက အသက် လေးဆယ် ရှိနေပြီဆိုပင်မယ့် လူပျိုပဲ ရှိပါသေးတယ်၊ ငါ ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ထားပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို မစားပါနဲ့”

…

စက္ကန့် သုံးဆယ်အတွင်းမှာပင် မူလက လူထူနေသော ဈေးသည် အားလုံး အသားကုန် ထွက်ပြေးကြသဖြင့် ဟာလာဟင်းလင်း ဖြစ်ကုန်ကာ အစအနပင် ရှာမရတော့ချေ။

ရဲ့လင်းချန်နှင့် လိပ်အိုကြီးတို့ ဆွံ့အကုန်သည်။

အချိန်တစ်ခုအထိ ထွက်ပြေးပြီးနောက် ထိုလူအုပ်သည် မိစ္ဆာကြီးက သူတို့နောက် ပြေးမလိုက်သည်ကို သိသွားကြသည်။ ထိုအခါတွင်မှ သူတို့ စိတ်အေးကာ သက်ပြင်းချလိုက်ပြီး အသိစိတ်ကို ပြန်စုစည်းကြလေသည်။

“အာ … ဒီလိပ်ကြီးကို တော်တော် ရင်းနှီးနေသလိုပဲ၊ ငါ အရင်က ဘယ်မှာ မြင်ဖူးတာပါလိမ့်”

“အခု မင်း ပြောမှ ကြည့်မိတယ်၊ အဲ့လိပ်ကြီးနားမှာ လူတစ်ယောက် ရှိနေသလိုပဲ”

“လခွမ်း အဲ့ဒါ ရဲ့နတ်ဘုရားနဲ့ အနက်ရောင် စစ်သည်တော်ပဲ”

“အဲ့ဒါ ရဲ့နတ်ဘုရားပဲ၊ လုံးဝကို ရဲ့နတ်ဘုရားဟ”

“ငါတို့ ဘာလို့ ထွက်ပြေးကြတာလဲ”

ချက်ချင်းဆိုသလိုပင် သူတို့၏ ကြောက်စိတ်များ လွင့်စဉ်ကုန်ကာ သူတို့၏ မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး အမြန်ဆုံးနှုန်းနှင့် ပြေးလာကြသည်။

“ရဲ့နတ်ဘုရား ငါတို့ လာပြီ”

“ဘယ်အရူးက မိစ္ဆာလို့ အော်လိုက်တာလဲ၊ မင်း ငါ့ကို အရူးလို ထွက်ပြေးအောင် လုပ်ပြီးတော့ ရဲ့နတ်ဘုရား ကိုတောင် သတိမထားမိဘူး”

“ရဲ့နတ်ဘုရား၊ အနက်ရောင် စစ်သည်တော်၊ မင်းတို့က ငါ့ရဲ့ စံပြပုဂ္ဂိုလ်တွေပဲ၊ အား … ငါ့ကို စောင့်ပါဦး”

“သေစမ်း၊ ရဲ့နတ်ဘုရား ဘယ်မှာလဲ”

လူတိုင်းသည် ပိုက်ဆံ ဆယ်သန်း ဆုံးရှုံးလိုက်ရသကဲ့သို့ စိတ်ပျက်စွာ သက်ပြင်းချလေသည်။

သူတို့ ပြန်ရောက်လာသည့်အချိန်တွင် ရဲ့လင်းချန်က လိပ်အိုကြီးနှင့်အတူ ခပ်ဝေးဝေးသို့ ရောက်နှင့်နေလေပြီ။ ကမ်းစပ် တစ်လျှောက်မှ စိုစွတ်သော စွတ်ကြောင်းများအရ သူတို့ အခြားမြစ်တစ်ခုသို့ ကူးပြောင်းသွားပုံ ရသည်။

မကြာခင်မှာပင် ထိုမြင်ကွင်းကို သတင်းများ၌ တင်ဆက်လာသည်။ လူတစ်ချို့ဆိုလျင် အကြောင်းရင်းကို တိကျစွာ ခန့်မှန်းလာ၏။

“ရဲ့နတ်ဘုရားနဲ့ အနက်ရောင် စစ်သည်တော်တို့ တုန်းချန်ရွာမှာ ရုတ်တရက် ပေါ်လာရတဲ့ အကြောင်းရင်းက ကန်ထဲက ပြင်းထန်တဲ့ ညစ်ညမ်းမှုကြောင့် ဖြစ်နိုင်တယ်၊ သူတို့ ရေထဲကနေ ဆိုးရွားတဲ့ အခြေအနေကြောင့် မထွက်ချင်ဘဲ ထွက်လာရတာ”

ထိုသတင်းက အလွန် လူစိတ်ဝင်စားမှု များလာပြီး လူပေါင်းများစွာက ငြင်းခုန်ကြလေသည်။ သူတို့အားလုံးသည် ရဲ့လင်းချန်အတွက် စိတ်မကောင်း ဖြစ်ကြပြီး ပတ်ဝန်းကျင် စောင့်ရှောက်ရေးအတွက် တိုက်တွန်းကြပြီး လူအချို့အား တာဝန်ယူရန် ပြောဆိုကြတော့သည်။

…

All Chapters