ငါ ပျင်းတယ်၊ ဘာလုပ်ရမလဲ
Vol. 30 Ch. 450
[အခုနှစ်တွေမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုက ပြင်းထန်တဲ့ ပြဿနာ တစ်ခု ဖြစ်လာပြီ၊ သနားစရာကောင်းတဲ့ ရဲ့နတ်ဘုရားလေး]
[ကျေးဇူးပြုပြီး သင့်တော်တဲ့ တာဝန်ယူပေးပါ၊ ငါတို့နိုင်ငံမှာ အနက်ရောင် စစ်သည်တော် ပေါ်လာဖို့က အရမ်း ရှားတယ်၊ ညစ်ညမ်းမှုက ဒါကို အတင်း နှင်ထုတ်လိုက်တာမျိုး အဖြစ်မခံပါနဲ့]
[ဟားဟားဟား မင်းတို့တွေ သတင်းကို မြင်ပြီးပြီလား၊ အစတုန်းက တုန်းချန်ရွာက လူတွေက မိစ္ဆာတစ်ကောင်က သူတို့ကို တိုက်ခိုက်နေတာလို့ ထင်နေတာကွ၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်]
[ရဲ့နတ်ဘုရား၊ မင်း လိပ်အိုကြီးရဲ့ ကျောပေါ်ကနေ နေရာတိုင်းကို ကူးသွားဖို့ ကြိုးစားနေတာလား]
…
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် နေ့တစ်ဝက်မျှ ခရီးနှင်ပြီးနောက် တောင်ကျစမ်းရေ အိမ်ရာသို့ ရောက်ရှိလာသည်။
သူ ရေကန်ထဲမှ မထွက်လာခင်မှာပင် ချစ်ခင်သော အူသံများနှင့်အတူ အလျင်စလို ပြေးလာသော ခြေသံများကို သူ ကြားလိုက်ရသည်။
“ဒါ ဒယ်ဒီရဲ့ အနံ့ပဲ၊ ဒယ်ဒီ အိမ်ပြန်ရောက်လာပြီဟေ့”
“ဟင့်ဟင့်ဟင့် … နောက်ဆုံးတော့ ဒယ်ဒီ အိမ်ပြန်လာပြီကွ၊ ငါ သူ့ကို တအား လွမ်းနေတာ”
“ထူးဆန်းလိုက်တာ၊ ဒယ်ဒီက ခြံတံခါးကနေ ဝင်မလာဘူး၊ သူက တောင်နောက်ကနေ လာတာ”
“ဟမ် မတူတဲ့ အနံ့တစ်ခု ရှိနေသလိုပဲ”
ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ အသံက ရဲ့လင်းချန်၏ နားထဲသို့ တိုးဝင်လာပြီး သူ ပြုံးမိသွားသည်။ သူ ကြည်နူးသလို ခံစားလိုက်ရသည်။ ဤအကောင်ပေါက်လေး နှစ်ကောင်က သူ မွေးခဲ့မိသည်က အလကားဖြစ်ခဲ့ပုံ မပေါ်ပါ။
ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် အလွန်အမင်း လျင်မြန်လှသည်။ တစ်ခဏအတွင်း အရိပ်နှစ်ခုသည် ကွင်းကို ဖြတ်၍ ရဲ့လင်းချန်အနားသို့ ရောက်လာသည်။ သို့သော် ရဲ့လင်းချန်အနားမှ ကြီးမားသော ပုံရိပ်ကို သူတို့ မြင်သောအခါ ၎င်းက သူတို့ကို အတော်လေး ကြောက်လန့်သွားစေသဖြင့် သူတို့၏ ကျောပေါ်မှ မွေးများ ထောင်တက်လာပြီး အူသံက စူးရှကာ ကျယ်လောင်လာသည်။
“လခွမ်း ဧရာမ လိပ်မိစ္ဆာကြီးပါလား”
ချက်ချင်းဆိုသလိုပင် သူတို့သည် ရဲ့လင်းချန်အရှေ့၌ ရပ်ကာ သူ့အား လိပ်အိုကြီးထံမှ ပိတ်ဆို့ကာကွယ်ပြီး လိပ်အိုကြီးကို စူးစိုက်ကြည့်၍ ဟောင်နေကြသည်။
“ဒယ်ဒီ ဒီကနေ ထွက်သွားတော့၊ ကျွန်တော် ဒယ်ဒီ့အတွက် သူ့ကို တားထားပေးမယ်”
ဤအတောအတွင်း ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ခန္ဓာကိုယ်က အတော်လေး ဖွံ့ဖြိုးလာသည်။ ရဲ့လင်းချန်၏ လေ့ကျင့်ရေး အကျိုးသက်ရောက်မှုများကိုပါ ပေါင်းလိုက်သောအခါ သူတို့၏ အရွယ်အစားက သာမန် ဝံပုလွေထက် ပိုကြီးမားနေပြီး ရဲ့လင်းချန်၏ ခါးနားသို့ ရောက်လုနီးပါး ရှိနေသည်။ သို့သော် လိပ်အိုကြီးနှင့် ယှဉ်လိုက်သောအခါ သူတို့က သေးနေသလိုပင်။
“ကဲကဲ မင်းတို့ အော်နေတာကို ရပ်လိုက်”
ရဲ့လင်းချန်က ရှောင်ချင်နှင့် ရှောင်ဟွေတို့အား ချက်ချင်း ရပ်ရန် အချက်ပြလိုက်သည်။
“ဒါ မိတ်ဆွေ ဟုတ်ပြီလား၊ မင်းတို့ဘာသာ ရင်းနှီးအောင် လုပ်ထားကြ”
“ဟမ်”
ရှောင်ချင်နှင့် ရှောင်ဟွေတို့ အနည်းငယ် အံ့ဩသွားလေသည်။ သူတို့က ရဲ့လင်းချန်ကို ကြည့်နေပြီးနောက် လိပ်အိုကြီးအား ကြည့်လေသည်။ သူတို့သည် စပ်စုသော မျက်နှာထားများနှင့် လိပ်အိုကြီးနားသို့ သတိဖြင့် ချဉ်းကပ်သွားသည်။
“ဂီး”
“ဂီး”
သူတို့ ဘယ်လို ဆက်သွယ်လဲ ရဲ့လင်းချန် မတွေးတတ်ပါ။ သူတို့ အလွန် လျင်မြန်စွာ ရင်းနှီးသွားသည်ကိုသာ သူ သိလေသည်။ ထို့နောက် ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် လိပ်အိုကြီး၏ ကျောပေါ်၌ စရပ်လာပြီး သူတို့အား ရေထဲ၌ ကူးခပ်ရန် ခေါ်သွားစေသည်။ သူတို့သည် လိပ်အိုကြီး၏ ကျောပေါ်၌ စိတ်လှုပ်ရှားစွာ ကစားနေကြသည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ အမွေးကို လေညင်းက တိုးဝှေ့ တိုက်ခတ်သွားပြီး သူတို့ပုံစံက ဝံပုလွေဘုရင် များကဲ့သို့ အံ့ဩစရာ ကောင်းနေလေသည်။
ရဲ့လင်းချန် ရယ်မောလိုက်ပြီးနောက် သူတို့ကို လျစ်လျူရှုလိုက်သည်။ သူက သူတို့ကို အပြင်လူများကို ရှောင်ရန်သာ ပြောပြီး အိမ်ဘက်သို့ လျှောက်လာလိုက်သည်။
ရေထဲ၌ အချိန်အတော်ကြာအောင် နေခဲ့သဖြင့် ရဲ့လင်းချန်သည် အရင်ဆုံး ရေချိုးလိုက်ပြီးနောက် သူ့အခန်းသို့ ပြန်၍ ကောင်းကောင်း အနားယူရန် ပြင်ဆင်လေသည်။ သူ့ကိုယ်သူအတွက် အားလပ်ရက်ယူပြီး ဘာကိုမှ ဂရုမစိုက်ဘဲ သက်တောင့်သက်သာ အနားယူရန် သူ စဉ်းစားထားသည်။
လူအများစုလိုပင် ရဲ့လင်းချန်၏ အပန်းဖြေရာက သူ့ဖုန်း ဖြစ်လေသည်။
သူသည် ဖုန်းထုတ်၍ အိပ်ရာပေါ်၌ လှဲနေသည်။ ရဲ့လင်းချန်သည် စိတ်ဝင်စားစရာ ဗွီဒီယိုလေးများ ရှိလေမလား သိချင်၍ အရင်ဆုံး TikTok ထဲ ဝင်လိုက်သည်။
သို့သော် ဗွီဒီယိုအတိုလေး အခုနှစ်ဆယ်ကို ကြည့်ပြီးနောက် သူ ပျင်းရိလာသည်။
ဗွီဒီယို အတိုလေး အခုနှစ်ဆယ်၌ တစ်ဝက်ကျော်က သူနှင့်ပတ်သက်သော အရာများ ဖြစ်သည်။ လိပ်အိုကြီး၊ ဧရာမ စပါးအုံးမြွေနှင့် အကောင်းဆုံး ခင်ပွန်းသည် ဇကာတင်စာရင်းများ၏ ဗွီဒီယိုများ ရှိနေသည်။ သူက နံပါတ်တစ်၌ နေရာယူနေ၏။ အများစုမှာ သူ၏ ချောမောသော အသွင်အပြင်၏ အနီးကပ်ပုံများ ဖြစ်ပြီး မရေတွက်နိုင်သော ချီးကျူးမှုများနှင့် မှတ်ချက်များ ရရှိထားသည်။
ကျန်နေသော ဗွီဒီယိုအများစုမှ မိန်းမလှလေးများ၏ ဗွီဒီယိုလေးများ ဖြစ်လေသည်။ TikTok တွင် မိန်းမလှလေးများစွာ ရှိသည်ကိုတော့ သူ ဝန်ခံရပေမည်။ သို့သော် ရဲ့လင်းချန်က ဘယ်လိုလူစားမျိုးလဲ။ သူ့အနားတွင် မိန်းမလှလေးများစွာ ရှိနေပြီး အချစ်ကြွေးများစွာ တင်နေသူ ဖြစ်သည်။ ထိုမိန်းမလှလေးများ အပေါ်တွင် သူ စိတ်မဝင်စားမိပေ။
TikTok ကို ကြည့်ရသည်က ပျင်းရိလာသည်။ ရဲ့လင်းချန်သည် ခပ်မြန်မြန် ထွက်၍ ဝေ့ပေါ်ထဲသို့ ဝင်လိုက်သည်။
သို့သော် ရေပန်းစားနေသော ထိပ်တန်း ရှာဖွေမှုစာရင်း ဆယ်ခု၌ ခြောက်ခုက သူ့အကြောင်း ဖြစ်နေသည်။ ဝေ့ပေါ်၏ ပို့စ်အများစုကလည်း သူ့အကြောင်း ဖြစ်နေလေသည်။ ထို့နောက် သူသည် သတင်းများကို ကြည့်လိုက်ပြီး ယင်းကလည်း သူနှင့် ပတ်သက်သော သတင်းများ ဖြစ်နေ၏။
*ဟူး … ငါ ဝတ္ထု ဖတ်မှနဲ့တူတယ်*
ထိပ်ဆုံးစာအုပ်က သူ၏ နတ်ဘုရားများကို သုတ်သင်ခြင်း ဖြစ်နေသည်။ ရေပန်းစားနေသော စာသားများကလည်း သူ့ဝတ္ထုမှ စာသားများကို ကူးထားခြင်း ဖြစ်နေလေသည်။ အသံသွင်း စာအုပ်များတွင် သူ၏ မီးအိမ်မှုတ်တစ္ဆေ၊ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနှင့် သုံးပြည်ထောင်အား လေ့လာခြင်းတို့က စိုးမိုးထားသည်။
*ငါ သီချင်းနားထောင်မှနဲ့တူတယ်*
အလင်းအား ဖွေရှာသူ၊ အလင်းနှစ်များစွာ၊ ပြောမပြသော စကားများနှင့် လူတစ်ချို့တို့ကလည်း သီချင်း ဇယားများမှ မဆင်းသေးချေ။
ရဲ့လင်းချန် သက်ပြင်းရှည် ချလိုက်မိသည်။
*ဒါက … သိပ်တော်လွန်းနေလို့ မချင့်မရဲ ဖြစ်မိတာများလား*
*ငါ ပျင်းတယ်၊ ဘာလုပ်ရမလဲ*
*ရေပန်းစားမှု အမှတ်တွေ စုတဲ့အရာကပဲ ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်နဲ့ တူတယ်*
ရဲ့လင်းချန်သည် သူ၏ လုပ်ရပ်များအတွက် တစ်ခဏမျှ နောင်တရမိသည်။ ထို့နောက် သူသည် ပင့်သက်ရှိုက်ကာ စနစ်မီနူးထဲသို့ ဝင်လိုက်သည်။ ရေပန်းစားမှုအမှတ် ၄.၅ သန်းကို ကြည့်ပြီး သူ စိတ်မထိန်းနိုင်တော့ဘဲ သူ့ကံကို စမ်းရန် စိတ်ကူးလိုက်လေသည်။
*တစ်ခါပဲ၊ တစ်ခါလောက်လေးပဲ*
ရဲ့လင်းချန် နှုတ်ခမ်း သပ်လိုက်မိသည်။
သူသည် မျှော်လင့်ချက် အပြည့်နှင့် သူ့အာရုံအားလုံးကို စနစ်မီနူးထဲသို့ ပုံအောလိုက်ပြီး သူ၏ လက်ရှိ စွမ်းရည်များကို စမှတ်လေသည်။
လက်ရှိတွင် သူ့၌ အလတ်အလတ်အဆင့် စွမ်းရည်နှစ်ခု ရှိလေသည်။ ယင်းတို့မှာ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ရေး (အလယ်အလတ်အဆင့်) နှင့် လျင်မြန်စွာ ပြေးခြင်း (အလယ်အလတ်အဆင့်) တို့ပင်။
တစ်ခုက သူ၏ ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ပေးပြီး သူ့အား ကျည်ဆံများကို တားဆီးနိုင်စေသည်။ အခြားတစ်ခုက သူ့အား ပြန့်ပြူးသော မြေပြင်၊ ထူးခြားသော မြေအနေအထားနှင့် ရေပေါ်တောင်မှ ပြေးနိုင်အောင် ပြုလုပ်ပေးသည်။ ၎င်းတို့က ကြောက်စရာ ကောင်းလှပေသည်။
ကျန်သည်များမှာ အခြေခံအဆင့် စွမ်းရည်များ ဖြစ်လေသည်။
နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြောဆိုခြင်း (အခြေခံအဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်ခြင်း (အခြေခံအဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အခြေခံအဆင့်)၊ သားရဲ ယဉ်ပါးခြင်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ပြောင်းရုပ်လွှဲပညာ (အခြေခံအဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ အစီအရင် (အခြေခံအဆင့်)၊ နဂါးရှာ အစီအရင် (အခြေခံအဆင့်) စသည်တို့ ဖြစ်လေသည်။
အခြေခံအဆင့် စွမ်းရည် ဆယ့်နှစ်ခုက ရဲ့လင်းချန်အား သူ၏ ခွန်အားအစစ်ကို သတိပြုမိလာစေသည်။ ထိုခွန်အားကြောင့် ရဲ့လင်းချန်သည် ထောင်လွှားသော အပြုအမူ လုပ်ရဲခြင်း ဖြစ်သည်။
*ဒီစွမ်းရည်တွေကို ငါ ဆက်ပြီး အဆင့်မြှင့်နေရင် အဆင့်မြင့်အဆင့်ကို ရောက်သွားပြီဆိုရင် ဒီကမ္ဘာထဲက ဘယ်အရာက ငါ့ကို တားနိုင်လောက်မလဲ*
*မဟုတ်ဘူး၊ ကမ္ဘာအစား စကြဝဋ္ဌာလို့ ငါ ပြောသင့်တယ်*
သူ အောက်သို့ ဆက်၍ ဆွဲကြည့်သောအခါ ကျန်နေသော အရာအားလုံးက စွမ်းရည် တစ်ရာရာခိုင်နှုန်း ပြည့်နေသော စွမ်းရည်များသာ ကျန်တော့လေသည်။
လက်ရေးလှပညာ၊ ပုံဆွဲပညာ၊ အနှိပ်ပညာ၊ ချီသန့်စင်မှု၊ အနောက်တိုင်း ဆေးပညာ၊ လယ်စိုက်ခြင်း၊ ဂျာမန် ဘာသာစကား၊ သောက်စားခြင်း၊ ရုရှား ဘာသာစကား၊ တူရကီ ဘာသာစကား …
အလွန် များပြားစွာ ရှိနေလေသည်။ ရဲ့လင်းချန်သည် တစ်ခုချင်းစီ လိုက်ကြည့်ရန် စိတ်မရှည်တော့ပါ။ သူ တစ်ချက်ကြည့်ပြီး ဒုက္ခရောက်နေလေသည်။
*ဘယ်လို စွမ်းရည်အဆင့်မျိုးကို ငါ အဆင့်မြှင့်သင့်လဲ*
နောက်ဆုံးတွင် သူ့အကြည့်က ချီသန့်စင်မှုပေါ် ကျရောက်သွားသည်။ ထိုစွမ်းရည်သာ အခြေခံအဆင့်သို့ အဆင့်တက်သွားပါက အံ့ဩစရာ ကောင်းမည်မှာ အသေအချာပင်။
အမှန်အတိုင်း ပြောရလျင် သူ ၎င်းကို အလွန်အမင်း လိုချင်ပါသည်။
*ငါ လိုချင်မှတော့ ငါ အကောင်အထည် ဖော်သင့်တာပေါ့*
ရဲ့လင်းချန်သည် သူ့ကံက မဆိုးလွန်းဟု ခံစားမိနေ၏။ ယင်းမှာ လောင်းကစားသမားတစ်ဦး၏ ယုံကြည်ချက်ပင်။
*ရေပန်းစားမှုအမှတ် တစ်သိန်းကို သုံးပြီး အခြေခံအဆင့် ကံစမ်းမဲလေး လုပ်တာပေါ့*
ရဲ့လင်းချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး အာရုံစူးစိုက်ကာ စတင်လိုက်သည်။
ရွှေရောင် အလင်းတန်းက စွမ်းရည် အပြည့်ဖြစ်နေသော စွမ်းရည်များပေါ်၌ လျင်မြန်စွာ ရေါ့လျားနေသည်။ ရဲ့လင်းချန်သည် စိုးရိမ်ပူပန်စွာ ကြည့်နေရင်းနှင့် အသက်ရှူသံ မမှန်တော့ချေ။
ရွှေရောင် အလင်းတန်း၏ လျင်မြန်ပုံက မျက်လုံးကို ပြာလာစေသည်။ နောက်ဆုံး၌ ၎င်းက ရပ်သွားလေသည်။
*သောက်စားခြင်း ဟုတ်လား*