သေချာပေါက် နောက်ဆုံးအကြိမ်ပဲ
Vol. 31 Ch. 451
*ငါလခွမ်းတဲ့မှပဲ*
ရဲ့လင်းချန် သွေးအန်လုနီးပါး ဖြစ်သွားသည်။
*ဒါက ဘယ်လိုလုပ် စွမ်းရည်တစ်ခု ဖြစ်ရမှာလဲ*
သူ ကံကောင်းသည်ဟု ခံစားခဲ့မိခြင်းက မှားနေသည့်ပုံပင်။
လက်ရှိ၌ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ စွမ်းရည်က အားထားရသော စွမ်းရည် ဖြစ်ရန်သာ ဖြစ်လေသည်။
ရဲ့လင်းချန်၏ မခံမရပ်နိုင် ဖြစ်နေသော အကြည့်အောက်၌ သောက်စားခြင်း စွမ်းရည်အား ရွှေရောင် အလင်းနှင့်အတူ အခြားစွမ်းရည်တစ်ခုက အစားထိုးသွားလေသည်။
*အဆိပ်ပြီးခြင်း ဆိုပါလား*
*မြတ်စွာဘုရား*
*ဒါက …. အံ့ဩစရာတွေက နေရာတိုင်းမှာ ရှိနေပါလား*
*ဒါက အဆိပ်ပြီးခြင်းပဲ၊ ဒီတစ်ခါတော့ ငါ့ကို တားဆီးလို့ မရနိုင်တော့ဘူး*
*မဟုတ်မှလွဲရော ဒီနေ့ အစောပိုင်းတုန်းက မြစ်ရေ ညစ်ညမ်းတာကို ငါ ရွံခဲ့လို့ စနစ်က ငါ့ကို ဆုချတာများလား*
*အဆိပ်ပြီးခြင်း (အခြေခံအဆင့်) အဆိပ်များကို ရှောင်နိုင်သည့် အခြေခံ စွမ်းရည်။ သာမန် အဆိပ်များက ယခု သင့်ကို မခြိမ်းခြောက်နိုင်တော့ပါ။*
၎င်းက ရေဝိညာဉ် ခန္ဓာကိုယ်နှင့် ဆင်တူသည်။ ၎င်းက စွမ်းရည်အဆင့်ထက်ပင် ကျော်လွန်နေပြီး ထူးခြားသော ခန္ဓာကိုယ် အမျိုးအစားတစ်ခု ဖြစ်နေလေပြီ။
စွမ်းရည် ဖော်ပြချက်က စွမ်းရည်၏ အကန့်အသတ်ကို မသတ်မှတ်ထားသော်လည်း စနစ်မှ ပေးလာသော စွမ်းရည်အားလုံး၏ သဘောတရားအရ အားလုံးက ထိပ်တန်း အရည်အသွေးများပင်။ ဤစွမ်းရည်က သူ့ကို စိတ်ပျက်အောင် မလုပ်နိုင်ဟု ရဲ့လင်းချန် ယုံကြည်ထားသည်။
အဆိပ်ပြီးခြင်းသည် လူတိုင်း စိတ်ကူးယဉ်မိသော ဆန်းကြယ်သည့် ခန္ဓာကိုယ်တစ်ခု ဖြစ်သည်မှာ အသေအချာပင်။ ရဲ့လင်းချန်အတွက်မူ ယင်းအား အကောင်းတကာ့ အကောင်းဆုံးစု ဆိုနိုင်ပေသည်။ သူ့အား ခြိမ်းခြောက်နိုင်သော အရာက အနည်းငယ်သာလျင် ရှိသည်။ အဆိပ်ပြီးခြင်းနှင့်ဆိုလျင် သူ့၌ ယုံကြည်ချက် ပိုရှိလာလေပြီ။
သောက်စားခြင်းက ဤသို့သော အကျိုးအမြတ်များ ယူဆောင်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ဤသို့သော ရုတ်တရက် အံ့ဩဖွယ်ကိစ္စကြောင့် ရဲ့လင်းချန် သတိလက်လွတ် ဖြစ်သွားခဲ့ရသည်။
*ငါ့ကံက အတော်လေး ကောင်းနေတဲ့ပုံပဲ၊ နောက်တစ်ခုလောက် စမ်းကြည့်ရင်ကောင်းမလား၊ ငါ ချီသန့်စင်မှု တကယ် ရရင်လည်း ရလာမှာပေါ့*
ရဲ့လင်းချန် နှစ်ခါတွေးမနေဘဲ အကောင်အထည် ဖော်လိုက်သည်။
လက်ရေးလှပညာ၊ ပန်းချီဆွဲခြင်း၊ အနှိပ်ပညာ၊ ချီသန့်စင်မှု၊ အနောက်တိုင်း ဆေးပညာ၊ လယ်စိုက်ခြင်း၊ ဂျာမနီ ဘာသာစကား၊ ရုရှားဘာသာစကား၊ တူရကီ ဘာသာစကား …
အလင်းတန်းက စွမ်းရည် တစ်ခုပြီးတစ်ခုပေါ်သို့ ဖြတ်ပြေးသွားသည်။ အလင်းတန်း၏ အရှိန် နှေးလာသည် နှင့်အမျှ ရဲ့လင်းချန်၏ နှလုံးခုန်နှုန်းက တိုးလာသည်။
*ချီသန့်စင်မှုနား ရောက်တော့မယ်၊ လုပ်စမ်းပါ၊ မင်း လုပ်နိုင်ပါတယ်*
သို့သော် အလင်းတန်းက ချီသန့်စင်မှုသို့ မရောက်ခင် တစ်ခုအလိုဖြစ်သော အနှိပ်ပညာ၌ ရပ်တန့်၍ အဆုံးသတ်သွားလေသည်။
*ယီးပဲ၊ နည်းနည်းလေးပဲ လိုတော့တာကွာ*
ရွှေရောင် အလင်းတန်း တောက်ပသွားပြီးနောက် အနှိပ်ပညာ စွမ်းရည်က စွမ်းရည်အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲ တိုးတက်သွားသည်။
မရဏ အထိအတွေ့။
*မရဏ အထိအတွေ့ (အခြေခံအဆင့်) သွေးကြောဆုံမှတ် တစ်ခုချင်းစီတိုင်းအား တိကျစွာ ခွဲခြားနိုင်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို သွေးကြောဆုံမှတ်များမှနေ၍ ထိန်းချုပ်နိုင်သော စွမ်းရည်။*
*ငါက မရဏ အထိအတွေ့ကိုတောင်မှ ရနေပါလား။ ငါက စွန်းဝူခုန်းလို အခြားသူကို တစ်ချက်တည်းနဲ့ တားနိုင်ပြီလို့ ဆိုလိုတာလား၊ ဒါက ငါလုပ်ချင်သလို လုပ်နိုင်တယ်လို့ ဆိုလိုတာလား၊ ကြောက်ဖို့ကောင်းလိုက်တာ*
စနစ်က သူ့အား ဘယ်သောအခါကမှ စိတ်ပျက်အောင် မလုပ်ခဲ့ပါ။ သူ့အား နောက်ထပ် ပြိုင်ဘက်ကင်းသော စွမ်းရည်တစ်ခု ချီးမြှင့်ပြန်လေပြီ။
*အခြေခံအဆင့် စွမ်းရည် အဆင့်မြှင့်တာ နှစ်ခု လုပ်ပြီးပြီဆိုတော့ … အလယ်အလတ်အဆင့် စွမ်းရည်ကို ကြိုးစားကြည့်ရင် ကောင်းမလား*
*ဒါက သေချာပေါက် နောက်ဆုံးအကြိမ်ပဲ*
ရဲ့လင်းချန်၏ စိတ်ထဲ၌ မီးတောက်နေလေသည်။ သူ့ကိုယ်သူ လုံးဝ မထိန်းနိုင်တော့ပါ။
*လုပ်လိုက်တာပေါ့*
နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း (အခြေခံအဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်ခြင်း (အခြေခံအဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အခြေခံအဆင့်)၊ သားရဲ ယဉ်ပါးခြင်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ပြောင်းရုပ်လွှဲ ပညာ (အခြေခံအဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ အစီအရင် (အခြေခံအဆင့်)၊ နဂါး အမဲလိုက်ခြင်းပညာ (အခြေခံအဆင့်)၊ မရဏ အထိအတွေ့ (အခြေခံအဆင့်)၊ အဆိပ်ပြီးခြင်း (အခြေခံအဆင့်)။
ရေပန်းစားမှု အမှတ် တစ်သန်း ကုန်သွားလေပြီ။
စွမ်းရည်က ဆယ့်လေးခု ရှိသည်။ အဝါရောင် အလင်းတန်း၌ ၎င်းတို့ကြား၌ ခေါက်တုံ့ခေါက်ပြန် သွားနေပြီး ရဲ့လင်းချန်အား ပို၍ စိုးရိမ်ပူပန်လာစေသည်။
သားရဲယဉ်ပါးခြင်း။
ရွှေရောင် အလင်းတန်းနှင့်အတူ သားရဲ ယဉ်ပါးခြင်း (အခြေခံအဆင့်)သည် သားရဲ ယဉ်ပါးခြင်း (အလယ်အလတ်အဆင့်) သို့ အဆင့်တက်သွားလေသည်။
*သားရဲယဉ်ပါးခြင်း (အလယ်အလတ်အဆင့်); သင်၏ တိရစ္ဆာန်များအား စိတ်ဝိညာဉ် သားရဲများ ဖြစ်အောင် မြန်မြန် လေ့ကျင့်ပေးလိုက်ပါ*
*ဒီစွမ်းရည်ပဲ*
*ဒါက ငါ့ကို အံ့ဩအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ*
တစ်ချိန်တည်းမှာပင် သားရဲ ယဉ်ပါးခြင်းနှင့် ပတ်သက်သော ဗဟုသုတများစွာက ရဲ့လင်းချန်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသဖြင့် သူ့အား ခေါင်းကိုက်သလို ခံစားရစေသည်။ ထို့နောက်တွင်မူ အချက်အလက်က သူနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။
ပေါင်းစပ်ခြင်းနှင့်အတူ ရဲ့လင်းချန် ယခင်ကထက် ပို၍ ထိတ်လန့်သလို ခံစားလာရသည်။
အခြေခံအဆင့် သားရဲယဉ်ပါးခြင်းသည် သူ၏ တိရစ္ဆာန်များအား ပို၍ သန်မာကြီးထွားလာစေသည်။ ရှောင်ချင်နှင့် ရှောင်ဟွေကို ဥပမာပေးရပေမည်။ သူတို့သည် ရဲခွေးတစ်ကောင်ထက် အရွယ်အစား ပိုကြီးသည်။ ထို့အပြင် သူတို့သည် သူနှင့်အတူ သိုင်းပညာ အခြေခံအချို့ကို လိုက်ပါ သင်ယူနိုင်စွမ်း ရှိသည်။ သို့သော် သားရဲယဉ်ပါးခြင်း အလယ်အလတ်အဆင်က ပို၍ အထင်ကြီးစရာ ကောင်းပေသည်။
ဖော်ပြချက်၌ ရေးထားသလိုပင် ၎င်းက သူ၏ တိရစ္ဆာန်များကို စိတ်ဝိညာဉ် သားရဲများဖြစ်အောင် ပြောင်းလဲ ပေးနိုင်သည်။
စိတ်ဝိညာဉ် သားရဲက ဘာလဲ၊ ဧရာမ လိပ်ကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့က စိတ်ဝိညာဉ် သားရဲများ၏ ဥပမာ ပြယုဂ်များပင်။ သူတို့ကြောင့်ပင် ရေကန်ပတ်လည်၌ စိတ်ဝိညာဉ် စွမ်းအင်များ စုစည်းနေခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ် သားရဲများက ချီကို သန့်စင်နိုင်သောကြောင့်ပင်။
၎င်းက ရဲ့လင်းချန်၌ ရှောင်ချင်နှင့် ရှောင်ဟွေတို့အား လေထဲမှ စိတ်ဝိညာဉ် စွမ်းအင်ကို ခံစားမိပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ဘူ၍ သူတို့ကိုယ်သူတို့ တိုးတက်အောင် လေ့ကျင့်ပေးနိုင်သည့် နည်းလမ်းများ ရှိသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
စိတ်ဝိညာဉ် စွမ်းအင်ကို စုပ်ယူခြင်းက ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲလာစေပြီး သူတို့၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို တိုးတက်လာစေသည်။ အချိန်တိုအတွင်း ကြီးမားသော သက်ရောက်မှုများ ရမည် မဟုတ်ပါ။ သို့သော် မည်သည့်အရာမဆိုသည် အချိန်ပေး၍ တစိုက်မတ်မတ် လေ့ကျင့်လျင် ကြောက်စရာ ကောင်းလောက်သည်အထိ တိုးတက်လာနိုင်ပေသည်။ သူတို့ အချိန်နှင့်အမျှ စိတ်ဝိညာဉ် စွမ်းအင်ကို ပိုစုပ်ယူနိုင်လေ ယင်းက သူတို့၏ ခန္ဓာကိုယ်ကို တိုးတက်လာစေလိမ့်မည်။ အချိန်ကုန်လာသည်နှင့်အမျှ သူတို့သည် ပို၍ ကြောက်စရာကောင်းလောက်အောင် တိုးတက်ကြီးထွားလာပေမည်။
ဧရာမ စပါးအုံးမြွေကြီးနှင့် လိပ်အိုကြီးတို့က ထိုအတွက် ဥပမာကြီးများပင်။
ချီသန့်စင်မှုကို ရဲ့လင်းချန် သဘောကျရသည့် အကြောင်းရင်းမှာ ၎င်း၏ အလားအလာကြောင့် ဖြစ်သည်။ ၎င်း၏ ရေရှည် အကျိုးသက်ရောက်မှုများကို စဉ်းစားကြည့်မည်ဆိုလျင် ချီသန့်စင်မှုသည် သူ ပိုင်ဆိုင်ထားသည့် အံ့ဩစရာ အကောင်းဆုံး စွမ်းရည် ဖြစ်ပေသည်။ ချီသန့်စင်မှု၏ အကျိုးအမြတ်ကို သူကိုယ်တိုင်ကိုယ်ကျ ခံစားသိမြင်ခဲ့ပြီး ဖြစ်သည်။
အခြေခံအဆင့် စွမ်းရည် အဆင့်မြှင့်ခြင်းနှစ်ခုနှင့် အလယ်အလတ်အဆင့် စွမ်းရည် မြှင့်တင်ခြင်း တစ်ခု။ သူသည် ရေပန်းစားမှု အမှတ် စုစုပေါင်း ၁.၂ သန်း သုံးခဲ့ပြီးသဖြင့် ရေပန်းစားမှုအမှတ် ၃.၃ သန်းသာ ကျန်တော့လေသည်။
*ဒီလောက် အများကြီး ကျန်နေသေးတာ … တစ်ခါလောက် ထပ်ကြိုးစားကြည့်ရင်ကောင်းမလား*
*ဒါပြီးရင် ဘာမှ ထပ်မရှိတော့ဘူး။ ငါ နောက်တစ်ခါ ကံစမ်းဖို့ နည်းနည်းလောက် ချန်ထားဖို့ လိုတယ် မဟုတ်လား*
ရေပန်းစားမှုအမှတ် တစ်သန်း လျော့သွားခြင်းနှင့်အတူ အဝါရောင် အလင်းတန်းက စတင်၍ ဖြတ်ပြေး လာပြန်သည်။
အရဟာ လက်သီးစွမ်းအင် (အခြေခံအဆင့်)
အလင်းတန်း ရပ်သွားသော စွမ်းရည်ကို မြင်ပြီး ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိပြီးနောက် သူ့မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာသည်။
ထိုစွမ်းရည်၏ အစွမ်းက သံသယ ဝင်စရာပင် မလိုပါ။ အလယ်အလတ်အဆင့်က ဘာပြောင်းလဲမှုများ ယူဆောင် လာလေမလဲဟု သူ သိချင်မိသည်။ ရဲ့လင်းချန် စိတ်မရှည်လာတော့ပါ။
ရွှေရောင် အလင်းတန်း ဖြတ်ပြေးသွားပြီးနောက် စွမ်းရည်မြှင့်တင်မှု ပြီးဆုံးသွားလေသည်။
*အရဟာ လက်သီးစွမ်းအင် (အလယ်အလတ်အဆင့်): အားပြင်းသော လက်သီးတွင် စိတ်ဝိညာဉ် စွမ်းအင် ပါဝင်လာလေပြီ။ လက်သီးတစ်ချက်တည်းဖြင့် မဖြေရှင်းနိုင်သော အရာဟူ၍ မရှိ။ အကယ်၍ ရှိလာလျင် လက်သီး နှစ်ချက်၊ သုံးချက် … အဆုံးမရှိ သုံးနိုင်၏။*
ရဲ့လင်းချန်သည် စွမ်းရည်ကို ရရှိပြီးနောက် မျက်လုံးအရောင် တောက်လာပြီး အရဟာ လက်သီးစွမ်းအင်၏ အံ့ဩစရာကောင်းသော စွမ်းရည်ကြောင့် မှင်တက်သွားရသည်။
အခြေခံအဆင့်တုန်းက စွမ်းရည်နှင့် ယှဉ်လိုက်လျင် အလယ်အလတ်အဆင့်က နောက်ထပ် အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ချိုးဖောက်သွားခဲ့လေပြီ။
အခြေခံအဆင့်မှ အရဟာ လက်သီးစွမ်းအင်သည် သန်မာသော်လည်း ၎င်းသည် သူ့လက်သီး၌ အတွင်းအား စုစည်းရန် လိုအပ်ပေသည်။ လက်သီးတစ်ချက်စီတိုင်း၌ အထင်ကြီးစရာကောင်းသော ခွန်အား ပါဝင်သော်လည်း သူ အားကုန်သုံးရန် လိုအပ်ပေသည်။ ထို့အပြင် ၎င်းက တိုက်ပွဲ ကြာရှည်လေ မောပန်းလာလေ ဖြစ်စေ၏။
သို့သော် အလယ်အလတ်အဆင့်သို့ ရောက်သောအခါ လုံးဝ ပြောင်းလဲသွားလေသည်။ လက်သီးမှ ဖြစ်ပေါ်လာသော လေသည် လေထဲမှ စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်းလာနိုင်သည်။ လုံလောက်သော ခွန်အားသာ ရှိပါက လူတစ်ယောက်သည် အသံအတားအဆီးကိုပင် ချိုးဖောက်နိုင်၏။ သို့သော် ရဲ့လင်းချန်သည် အသံ အတားအဆီးကို ချိုးဖောက်နိုင်ရုံသာမက လေကိုပင် ပုံဖော်၍ ပစ်လွှတ်နိုင်လေသည်။
သူ ဆန္ဒရှိသရွေ့ သူ့လက်သီးက လေကိုဖိနှိပ်၍ ကျည်ဆံကဲ့သို့ ပစ်ခွင်းနိုင်ပေသည်။ ဥပမာပြောရလျင် ဧရာမ စပါးအုံးမြွေကြီးနှင့် ရင်ဆိုင်ရပါက လက်ရှိ ရဲ့လင်းချန်သည် ခပ်လှမ်းလှမ်းနေ၍ ဧရာမ စပါးအုံးမြွေကြီးအား စက်သေနတ် ပစ်သကဲ့သို့ လက်သီးများ ပစ်သွင်းနိုင်ပေသည်။
ထိုလက်သီးများက အနီးကပ် လက်သီးနှင့် မယှဉ်နိုင်သော်လည်း ကောင်းကျိုးက သိသာလှသည်။ အနည်းဆုံး သာမန်လူတစ်ယောက်အတွက် ယင်းက လှည့်ကွက်တစ်ခုလိုပင်။
နောက်ဆုံးတွင် ရဲ့လင်းချန်သည် ကျန်ရှိနေသော ရေပန်းစားမှုအမှတ် ၂.၃ သန်းကို ကြည့်ပြီး ရပ်လိုက်သည်။ သူသည် စနစ်မီနူးထဲမှ စိတ်ကျေနပ်မှုအပြည့်ဖြင့် ထွက်လိုက်လေသည်။
သူသည် စိတ်အခြေအနေ အလွန် ကောင်းနေသဖြင့် သီချင်းညည်း၍ အောက်ထပ်သို့ ဆင်းကာ ညစာ ပြင်ဆင် လေတော့သည်။
…