ကျွန်တော်တို့ကို တွေ့သွားပြီလို့ ကျွန်တော် ထင်တယ်
Vol. 31 Ch. 452
ညခုနစ်နာရီခွဲတွင် ကျန်းယွင်ရှီနှင့် မီယာကိုတို့သည် အိမ်သို့ အချိန်မီ ပြန်ရောက်လာကြသည်။
ထိုအချိန်သည် ရဲ့လင်းချန် ဝိုင်အလှကုန် ပစ္စည်းဆိုင်အတွက် သတ်မှတ်ထားသော လုပ်ငန်းချိန် ဖြစ်လေသည်။ အချိန်မှာ မနက် ခုနစ်နာရီမှ ညခုနစ်နာရီ ဖြစ်သည်။ ကျန်းယွင်ရှီ၏ အကျင့်စရိုက်အရ သူသာ ထိုသို့မလုပ်လျင် သူမသည် ညဆယ်နာရီ ကျော်သည်အထိ အလုပ်လုပ်နေလောက်သည်။
သူတို့၏ လုပ်ငန်းက မိတ်ကပ်နှင့် ပတ်သက်နေသဖြင့် နေ့ဘက်တွင် လူကျသည်က သဘာဝပင်။ လူတော်တော်များများသည် သူတို့၏ အလုပ်များနှင့် အစည်းအဝေးများကို နေ့ဘက်တွင်သာ လုပ်လေ့ရှိသည်။ ညဘက်၌ မိတ်ကပ်အတွက် လာတတ်သော အမျိုးသမီးများလည်း ရှိပေသည်။ ထိုအမျိုးသမီးများ ညဘက်၌ ဘာလုပ်သလဲဆိုသည်ကိုတော့ မပြောသည်က ပိုကောင်းပေသည်။
ရဲ့လင်းချန်သည် ထိုသို့သော ဧည့်သည်များကို ဝန်ဆောင်မှု ပေးချင်စိတ် မရှိပါ။
သူတို့ အိမ်သို့ ရောက်သည်နှင့် စံအိမ်တစ်ခုလုံးက အံ့ဩစရာကောင်းသော ရနံ့တစ်ခုနှင့် ပြည့်နှက်နေ၏။ ကျန်းယွင်ရှီ၏ ခန္ဓာကိုယ်လေးက ချက်ချင်း တောင့်တင်းသွားပြီး သူမမျက်ဝန်းတွင် မျက်ရည်များ ပြည့်နှက်လာသည်။
“လင်းချန်၊ နောက်ဆုံးတော့ ရှင် ပြန်ရောက်လာပြီပဲ”
ကျန်းယွင်ရှီသည် မီးဖိုချောင်ထဲသို့ တန်း၍ ပြေးသွားပြီး ရဲ့လင်းချန်အား အနောက်မှနေ၍ တင်းကြပ်စွာ ဖက်ထားလေသည်။ သူမ သူ့ရင်ခွင်ထဲ၌ ပျော်သာဝင်လိုက်ချင်မိတော့သည်။
သူ မရှိသည့် အတောအတွင်း သူမသည် ရဲ့လင်းချန်နှင့် ပတ်သက်သော သတင်းများကို သူမ အဆက်မပြတ် နားစွင့်မိသည်။ သူမ ကြားလေလေ ပို၍ စိုးရိမ်မိလေလေ ဖြစ်ရသည်။ အထူးသဖြင့် ရဲ့လင်းချန် ဧရာမ စပါးအုံး မြွေကြီးနှင့် တိုက်ပွဲဝင်သည်ကို တိုက်ရိုက် ထုတ်လွှင့်နေစဉ်ကပင် ဖြစ်သည်။ ရဲ့လင်းချန် အဆင်ပြေကြောင်း သူမ သိနေသော်လည်း သူမ အိပ်မပျော်သော ညများကို ကြုံတွေ့နေရဆဲပင်။
“လင်းချန်၊ ရှင် ကျွန်မကို သေမတတ် ကြောက်အောင် လုပ်တာပဲ၊ နောက်ဆို အဲ့လို အန္တရာယ်များတဲ့ ကိစ္စတွေ ထပ်မလုပ်ပါနဲ့တော့”
ကျန်းယွင်ရှီက ငို၍ ရဲ့လင်းချန်၏ ကျောပြင်ကို ထုရိုက်ကာ သူမ၏ မကျေနပ်ချက်များကို ဖြေဖျောက်နေသည်။
“ရှင် ထိခိုက်ထားလား၊ ဒီဘက် လှည့်ပါဦး၊ ကျွန်မ ကြည့်ဦးမယ်”
ကျန်းယွင်ရှီက သူ့ခန္ဓာကိုယ်ကို စိုးရိမ်ပူပန်စွာ စစ်ဆေးလေသည်။
ရဲ့လင်းချန်က ကျန်းယွင်ရှီကို ငေးကြည့်နေမိသည်။ သူမ၏ လှပသော မျက်နှာလေးတွင် စိုးရိမ်သော အမူအရာ ပေါ်လွင်နေပြီး သူမအကြည့်၌ စိုးရိမ်မှုတို့နှင့် ပြည့်နှက်နေကာ တစ်ချိန်လုံး သူမ၏ အားနည်းသော လက်လေးများဖြင့် သူ့အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးနေသည်။ ယင်းက သူ့နှလုံးသားအား နွေးထွေးမှုတို့နှင့် ပြည့်နှက်သွားစေ၏။
သူ မနေနိုင်ဘဲ ရှေ့တိုး၍ နမ်းရှိုက်လိုက်မိသည်။
လူရှေ့သူရှေ့၌ မက်မက်မောမော နမ်းရှိုက်နေခြင်းက ဘေးလူဖြစ်သော မီယာကိုအား မှင်တက်သွားစေသည်။ ဤသို့သော မြင်ကွင်းကို မကြည့်ချင်ဘဲ ကြည့်လိုက်ရ၍ သူမခန္ဓာကိုယ်လေး တုန်ယင်လာသည်။ သူမ မကြာသေးခင်ကမှ သိလာသော တရုတ် အင်တာနက် ဗန်းစကားဖြစ်သော ဘဝက ခက်ခဲတယ်၊ ထားလိုက် ဟူသည့် စကားကို အမှတ်မထင် သတိရမိသွားလေသည်။
ရဲ့လင်းချန်၏ ဟင်းလျာ အရသာက ပြောနေစရာပင် မလိုတော့ပါ။ ၎င်းက ကျန်းယွင်ရှီကို အပြည့်အဝ စိတ်ကျေနပ် သွားစေသည်။ အစက သူမသည် အနေအထိုင်ကို ထိန်းရန် ကြိုးစားနေသော်လည်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သူမ ပါးစပ်တစ်ဝိုက်၌ ဆီများ ဝေ့ကာ ပေကျန်သွားသည်။ မီယာကိုသည်လည်း မထူးပါ။ ရဲ့လင်းချန်၏ ကျေးကျွန် ဖြစ်ရသည်က သူမအတွက် ဆိုးရွားသော်လည်း ဤသို့သော စားကောင်း သောက်ဖွယ်များကို စားရပါသေးသည်။ ဤသည်က အပြင်ရှိ လူတော်တော်များများ လက်တွေ့ဖြစ်လိုသော စိတ်ကူးအိပ်မက်ပင်။
စားသောက်ပြီးနောက် မီယာကိုအား ပန်းကန်ဆေးရန် တာဝန်ပေးလိုက်သဖြင့် ရဲ့လင်းချန်နှင့် ကျန်းယွင်ရှီတို့သာ ဆိုဖာပေါ်၌ ကျန်ခဲ့ပြီး သူတို့၏ ချစ်ခြင်းကို ဘာကိုမှ အရေးမစိုက်ဘဲ ပူးကပ်၍ ပြသနေ၏။
“ဟုတ်သားပဲ၊ လင်းချန်၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အခုတလော ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတယ်”
ကျန်းယွင်ရှီသည် သူမတို့၏ ကြည်နူးဖွယ် အခိုက်အတန့်များ အပြီး၌ အရေးကြီးသော တစ်စုံတစ်ရာကို သတိရသွားလေသည်။
“ဘာဖြစ်လို့လဲ”
“ရှင် ကျွန်မတို့ ဝယ်သူတွေကို လတိုင်း ကံစမ်းမဲ ရှိတယ်လို့ ကတိပေးခဲ့တာကို မှတ်မိသေးလား၊ အခု တစ်လတောင် ရှိသွားပြီ၊ ပြီးတော့ မဲပေါက်တဲ့သူကို ဝေ့ပေါ်ကနေ ရွေးပြီးသွားပြီ”
ကျန်းယွင်ရှီက ပြောပြသည်။
“တစ်လတောင် ရှိသွားပြီလား”
ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက ပြုံး၍ ပြောလိုက်လေသည်။
“ကိုယ်က တစ်ခုခု ကြီးကြီးမားမား ဖြစ်တယ်လို့ ထင်နေတာ၊ ဒါလေးက မိတ်ကပ်လေးပဲ မဟုတ်လား၊ အရမ်းကြီး ဗျာမများရပါဘူး”
ကျန်းယွင်ရှီက နှုတ်ခမ်းလေးစူကာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ မျက်မှောင်ကြုတ်၍ ပြောသည်။
“အဲ့လူက … အခြားသူတွေနဲ့ နည်းနည်းလေး မတူဘူး”
“မတူဘူး ဟုတ်လား”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
“အဲ့လူက အရမ်း ရုပ်ဆိုးလို့လား”
ကျန်းယွင်ရှီက ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲသွားပြီး တစ်ခဏမျှ ငြိမ်နေပြီးမှ ဆက်ပြောလေသည်။
“အဲ့လို မဟုတ်ဘူး၊ ဒါပေမဲ့ အခြေအနေက ရှင်ပြောတာနဲ့ သိပ်မကွာဘူး၊ ကျွန်မ ရှင့်အတွက် သူ့ပုံ ယူလာတယ်”
ဓာတ်ပုံကို မြင်ပြီးနောက် ရဲ့လင်းချန်၏ မျက်နှာတွင် အံ့ဩမှုတို့ ပြည့်နှက်လာ၏။
ဓာတ်ပုံထဲမှ မိန်းကလေးသည် နှစ်ဆယ်ဝန်းကျင်မျှသာ ရှိသေးသည်။ ပုံမှန်အားဖြင့် ထိုအရွယ်သည် နုပျိုနှုနှင့် အလှတရားတို့ အမြင့်ဆုံးတို့ ရောက်နေသည့် အသက်အရွယ် ဖြစ်သည်။ သို့သော် သူမ၏ မျက်နှာ ဘယ်ဘက်ခြမ်း၌ အနီရောင် အမာရွတ်တစ်ခု ရှိနေသည်။
ထိုအမာရွတ်က သူမ ပါးအလယ်တွင် တည်ရှိနေပြီး သူမ မျက်လုံးထောင့်နားအထိ ပြန့်နေကာ စက်ဆုပ်စရာ ကောင်းပုံ ပေါ်နေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ယင်းက မီးလောင်ဒဏ် အမာရွတ်ဖြစ်ကြောင်း ရဲ့လင်းချန် သေချာပေါက် သိလိုက်သည်။
ထိုသို့သော အမာရွတ်မျိုးက အမျိုးသမီးတစ်ယောက်အတွက် ကြီးမားသော ရိုက်ချက်တစ်ခုပင်။ ယင်းက သူမ၏ ရုပ်ရည်ကို ဖျက်ဆီးနိုင်သည်။
အမာရွတ် မရှိသော သူမ၏ မျက်နှာတစ်ခြမ်းမှနေ၍ သူမသည် မတော်တဆ မဖြစ်ခင်က ကြည့်ကောင်းခဲ့ကြောင်း ကောက်ချက်ချ နိုင်ပြီး နတ်သမီးလေးတမျှလောက်ပင် ရှိနိုင်လောက်သည်။ ကောင်းကင်ဘုံမှ ငရဲသို့ ကျသွားသကဲ့သို့သော အဖြစ်အပျက်ကြောင့် ဤအမျိုးသမီး၏ မျက်လုံးတွင်း၌ ဆောက်တည်ရာမရမှုတို့နှင့် ပြည့်နှက်နေသည်က မဆန်းတော့ပါ။
“သူ့နာမည်က ချောင်ရှန်ရှန်တဲ့၊ သူက သရုပ်ဆောင်တစ်ယောက်လေ၊ အရင်က အေအဆင့် စူပါစတား၊ ဒါပေမဲ့ အရင်တုန်းက ရုပ်ရှင်ရိုက်နေတုန်း ရုတ်တရက် မီးထလောင်ခဲ့တာ၊ သူ ထွက်ပြေးနိုင်ခဲ့ပင်မယ့် သူ့မျက်နှာ တစ်ခြမ်းက ပျက်စီးသွားတယ်လေ”
ကျန်းယွင်ရှီ၏ အသံတွင် သနားကြင်နာမှုတို့နှင့် ပြည့်နေသည်။ အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ရုပ်ရည်သွင်ပြင်က ဘယ်လောက် အရေးကြီးလဲ သူမ အပြည့်အဝ သိပါသည်။ အကယ်၍ သူမမျက်နှာသာ ပျက်စီးသွားလျင် သူမ ရဲ့လင်းချန်ကို ကြည့်ရန်ပင် အလွန် ရှက်ရွံ့မိလောက်သည်။ ယင်းက သူမကို သတ်သည် ထက်ပင် ပိုဆိုးသေးသည်။
“အွန်လိုင်းပေါ်က ကောလာဟလတွေအရဆို သူက သူ့အချစ်ဆုံး သူငယ်ချင်းကို ကယ်ဖို့ ကြိုးစားရင်း မီးလောင်သွားတာတဲ့၊ စိတ်မကောင်းစရာက သူ့အချစ်ဆုံး သူငယ်ချင်းက အဲ့စကားကို ငြင်းတယ်လေ၊ အခုက သူ့ရဲ့ ပျက်စီးသွားတဲ့ ရုပ်ရည်ကြောင့် သူ့သရုပ်ဆောင် အသက်မွေးဝမ်းကြောင်းက အဆုံးသတ်နား ရောက်နေပြီ၊ သူ့ချစ်သူကတောင် သူနဲ့ လမ်းခွဲလိုက်တဲ့ပုံပဲ”
အဖြစ်အပျက်က ရိုးရှင်းသော်လည်း လှည့်ကွက်များလှသည်။ မည်သို့ပင်ဆိုစေကာမူ ယင်းက အလွန် ဝမ်းနည်းစရာ ကောင်းသော မတော်တဆမှုပင်။
ထိုအမျိုးသမီး၏ မျက်လုံးတွင် သူမ၌ အသက်ရှင်စရာ ဘာအကြောင်းမှမရှိပုံ ပေါ်နေသည်က အံ့ဩစရာ မဟုတ်တော့ပေ။ ထိုသို့သော ဆောက်တည်ရာမရသည့် အဖြစ်အပျက်နှင့် ကြုံတွေ့ရပြီးနောက် မည်သူမဆို မျှော်လင့်ချက် ပြန်ရရန် ခက်ခဲမှာပင်။
“သူက ကံစမ်းမဲ ပေါက်သွားတဲ့တစ်ယောက်လား”
ရဲ့လင်းချန်က တည်ငြိမ်စွာ မေးလိုက်သည်။
ကျန်းယွင်ရှီက ခေါင်းညိတ်ပြသည်။
“သူက ကျွန်မတို့ အလှကုန် ပစ္စည်းဆိုင်ကို မကြာခဏ လာဖူးတယ်၊ ဒါပေမဲ့ ကျွန်မတို့ သူ့အမာရွတ်ကို ဖုံးကွယ်ပေးဖို့ မကူညီပေးနိုင်ခဲ့ဘူး၊ သူ ပေါက်သွားမယ်လို့ ကျွန်မ ထင်မထားဘူး၊ အနုပညာရှင်ဆိုတဲ့ သူ့အဆင့်အတန်းကြောင့် သူ ကံစမ်းမဲ ပေါက်သွားတဲ့ သတင်းက မြန်မြန်ဆန်ဆန် ပျံ့သွားတာ၊ အခု အင်တာနက် ပေါ်မှာ နေရာယူနေပြီ”
သူမက ရဲ့လင်းချန်ကို ကြည့်နေပြီး ဆက်ပြောချင်သော်လည်း သူမကိုယ်သူမ ထိန်းထားလိုက်သည်။
သို့သော် ရဲ့လင်းချန်က သူမ ဘာပြောချင်နေသလဲ ဆိုသည်ကို ခန့်မှန်းမိနေသည်။ သူက ရယ်၍ ပြောလိုက် လေသည်။
“ကိုယ့်အထင် ကိုယ်တို့ ဒီအတွက် ဘယ်လောက် အယောင်ယောင် အမှားမှား ဖြစ်နေလဲဆိုတာကို မြင်ချင်တဲ့သူတွေ အများကြီး ရှိနေတာ မဟုတ်လား”
ကျန်းယွင်ရှီ ခေါင်းညိတ်ပြသည်။ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အလွန် ကျော်ကြားနေပြီး နယ်ပယ်တူတွင်းမှ အခြားသူများထက် သာနေသည်။ ယခု သူတို့က ဤသို့သော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသဖြင့် အခြားသူများ အောင်ပွဲခံနေသည်က ဖြစ်တတ်သည့် သဘာဝပင်။
ဤသို့သော အမာရွတ်မျိုးက မိတ်ကပ် ဘယ်လောက်လိမ်းလိမ်း ဖုံးကွယ်ရန် မဖြစ်နိုင်ပါ။ ယခင်က ရဲ့လင်းချန်၏ မိတ်ကပ် စွမ်းရည်သည် အင်တာနက်ပေါ်၌ အလန့်တကြား ဖြစ်စေခဲ့သည်။ ယခုတစ်ခေါက်တွင် လူတိုင်းက သူ လက်စွမ်းပြသည်ကို မြင်ချင်နေကြလေသည်။ အကယ်၍ သူ အမှားလုပ်မိပါက ၎င်းသည် သူ့နာမည်ကို စွန်းထင်းစေမည့် သူ့ဘဝ၏ အမည်းစက်ကြီး ဖြစ်လာပေလိမ့်မည်။
“လင်းချန်၊ ကျွန်မတို့ ဒါကို တကယ် မလုပ်နိုင်ဘူးဆိုရင် … ကျွန်မတို့ သူ့ကို ငြင်းလိုက်ကြမလား”
ကျန်းယွင်ရှီက တီးတိုး ရေရွတ်သည်။
“ဟားဟား၊ မင်း ကိုယ့်အပေါ် ယုံကြည်မှု မရှိဘူးလား”
ရဲ့လင်းချန်က ကျန်းယွင်ရှီကို ကြည့်ပြီး အေးအေးလူလူ ပြောလိုက်သည်။
“ဒါ အသေးအဖွဲ ကိစ္စလေးပါ၊ မနက်ဖြန် ကိုယ် လာတာကိုပဲ စောင့်နေပါ”
သူက တစ်ခဏမျှ ငြိမ်သွားပြီးမှ ကျန်းယွင်ရှီကို ပွေ့ချီ၍ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“ဒီနေ့ကတော့ … နွေဦးညတစ်ညတာက ရွှေပေါင်း တစ်ထောင်လောက် အဖိုးတန်တယ်တဲ့၊ အပေါ်ထပ်ကို သွားရအောင် …”
…
အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။ ညကောင်းကင်ယံအောက်၌ အရိပ်နှစ်ခုသည် တောင်ကျစမ်းရေ အိမ်ရာထဲသို့ တိတ်တဆိတ် ခိုးဝင်လာပြီး ရဲ့လင်းချန်၏ ခြံထဲသို့ တန်းတန်းမတ်မတ် ဝင်လာကြသည်။
“အစ်ကိုကြီး၊ ဒါက ဟိုကောင် ရဲ့လင်းချန် နေတဲ့နေရာလား”
တစ်ယောက်က ခပ်တိုးတိုး ပြောသည်။
“ငါတို့ အချက်အလက်က သေချာပေါက် မှန်တယ်ကွ”
ကျန်တစ်ယောက်က ပြာအက်နေသော အသံဖြင့် ပြောသည်။
“ငါတို့ ဒီကိစ္စကို မြန်မြန် ဖြေရှင်းရမယ်၊ ပြန်ပြေးဆွဲပြီးတာနဲ့ ပြေးမယ်၊ မြန်မြန်လုပ်”
“သူငယ်နှပ်စားလေးကို ကိုင်တွယ်ဖို့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ကျွန်တော်တို့ကို လှုပ်ရှားဖို့ သုံးရတယ်လို့ ကြီးကျယ်လိုက်တာ”
“မင်း ဘာသိလို့လဲ၊ ဒီကောင်က နည်းပညာ ဉာဏ်ကြီးရှင်ကွ၊ သူ့တန်ဖိုးက မင်းထက် အဆတစ်ရာမက တန်တယ်”
ခေါင်းဆောင်က မကျေမနပ် ပြောသည်။
“စကားပြောမနေနဲ့တော့၊ ပုန်းဖို့ အာရုံစိုက်”
“အာ … အစ်ကိုကြီး၊ ကျွန်တော်တို့ကို တွေ့သွားပြီလို့ ကျွန်တော် ထင်တယ်နော် …”
အားလုံး ပြောစရာ စကားမဲ့သွားလေသည်။