← Chapters

ကြံရာမရခြင်းကြားမှ မျှော်လင့်ချက်

Vol. 31 Ch. 455

ကြံရာမရခြင်းကြားမှ မျှော်လင့်ချက်

Vol. 31 Ch. 455

အမျိုးသမီးတစ်ယောက်၏ လက်ကိုင်အိတ်များကို ကောက်ကောက်ပါအောင် လိုက်ဝယ်ခြင်းအား အချက် သုံးချက်ဖြင့် ခွဲခြားနိုင်သည်။

ပထမအချက်မှာ လှပခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ အသား ဖြစ်သည်။

တတိယအချက်မှာ ကုန်အမှတ်တံဆိပ် ဖြစ်လေသည်။

ထိုအချက် သုံးချက်နှင့် ကိုက်ညီသည်နှင့် မည်သည့် အမျိုးသမီးမဆိုသည် မက်မက်မောမော ဖြစ်သွားကြစမြဲပင်။ ဥပမာအားဖြင့် Chanel သို့မဟုတ် Hermes တို့ပင်။

အိတ်၏ အရွယ်အစားက ဒီဇီုင်းပေါ်တွင် မူတည်ပြီး အိတ်အသားက ကုန်ကြမ်းပေါ်၌ မူတည်သည်။ ကုန်ကြမ်းနှင့် ဒီဇိုင်းက မကြာခဏ လိုက်ဖက်ကြသည်။ လှပစွာ ဒီဇိုင်းဖော်ထားသော အိတ်သည် ဖန်တီးရ မလွယ်ကူပါ။ ၎င်းက လက်တွေ့နှင့် ထပ်တူကျရန်လည်း လိုအပ်ပေသည်။ အချို့သော ဒီဇိုင်းများသည် ကုန်ကြမ်း အကန့်အသတ်ကြောင့် ပြီးပြည့်စုံရန် မဖြစ်နိုင်ပေ။

ရဲ့လင်းချန်၏ ဒီဇိုင်းသည် စပါးအုံးမြွေ အရေခွံကို အသုံးပြုထားပြီး လက်ရှိ၌ ရေပန်းအစားဆုံး ကိုယ်ပိုင် ဒီဇိုင်းကို ဖန်တီးရန် ဖြစ်လေသည်။ အိတ်အသားနှင့် ဒီဇိုင်းပုံစံက အလွန်ကို အရေးကြီးပေသည်။

သို့သော် ကုန်အမှတ်တံဆိပ် သို့မဟုတ် ကုန်အမှတ် အမည်တစ်ခုမှ အရာသည် ဆွေးနွေးပြောဆိုရန် လိုအပ်ပေသည်။

လက်ရှိ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်း ဈေးကွက်အရဆိုလျင် ဈေးကွက်ထဲ၌ တန်ဖိုးကြီး အမှတ်တံဆိပ် များနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ လူအများ အသိအမှတ်ပြုသော တန်ဖိုးကြီး အမှတ်တံဆိပ်အသစ်တစ်ခု ဖန်တီးခြင်းက ခက်ခဲပြီး အချိန်ယူရသည်။

ထို့ကြောင့် ရဲ့လင်းချန်က Vatti ကို အသုံးချ၍ နာမည်ယူလိုခြင်း ဖြစ်သည်။

ရဲ့လင်းချန် ကမ်းလှမ်းသော စီးပွားဖက် နည်းလမ်းမှာ Vatti အမှတ်တံဆိပ်ကို ငှားရမ်းရန် ဖစ်သည်။ သူက Vatti အတွက် သီးသန့် တန်ဖိုးကြီး ပစ္စည်းများ ပေါင်းချုပ်ကို တစ်ကိုယ်တည်း ဖန်တီးလိုခြင်း ဖြစ်လေသည်။

လက်ရှိတွင် Vatti သည် ပြည်တွင်း ထိပ်တန်း အမှတ်တံဆိပ်တစ်ခုသာလျင် ဖြစ်သေးသည်။ ယင်းက နိုင်ငံတကာ တန်ဖိုးကြီး အမှတ်တံဆိပ်များနှင့် တစ်တန်းတည်း မဟုတ်သေးပါ။

ရဲ့လင်းချန် လိုချင်သော အရာမှာ Vatti ၏ ဌာနတစ်ခု ဖြစ်လာခြင်းနှင့် တူညီသည်။ သို့သော် ထိုဌာနက လုံးဝ သီးသန့်ခွဲထွက်နေပြီး ရဲ့လင်းချန်က အရာအားလုံးကို သူ့ဘာသာသူ ဒီဇီုင်းဆွဲမည် ဖြစ်သည်။ ထို့နောက် သူက Vatti ကို ထုတ်လုပ်ရေးအတွက် အကူအညီ တောင်းမည်ဖြစ်ပြီး ပစ္စည်း၏ ဈေးကိုလည်း ရဲ့လင်းချန်ကိုယ်တိုင်ပင် သတ်မှတ်ပေမည်။

အမြတ်ကို ငါးဆယ်စီ ခွဲဝေပေးမည်။

၎င်းသည် အလွန် တင်စီးသော လိုအပ်ချက်တစ်ခုဖြစ်ပြီး ထို့ကြောင့်ပင် သခင်လေးမာက ရဲ့လင်းချန်ကို အထက်စီးဆန်သည်ဟု ပြောခြင်း ဖြစ်သည်။

ကျားတိကြောင့်သာ မဟုတ်လျင် မာတင်က တောင်းဆိုမှုကို ဟာသတစ်ခုသဖွယ် သဘောထားမိမှာ ဖြစ်သည်။

“ဆရာရဲ့၊ Vatti က ဒီတစ်ကမ္ဘာလုံးမှာ ထင်ရှားတဲ့ပုံရိပ်တစ်ခုလို့ သတ်မှတ်လို့ ရတယ် မင်းရဲ့ တောင်းဆိုမှုကိုသာ အများက သိသွားရင် Vatti က ရှိသမျှ သိက္ခာအားလုံး ကျသွားလိမ့်မယ်”

မာတင်က ရဲ့လင်းချန်ကို ကြည့်၍ ပြောလိုက်သည်။

“ပြီးတော့ … ငါတို့ မင်း ပြောတဲ့အတိုင်း တကယ် လုပ်တယ်ဆိုရင် နောင်အနာဂတ်မှာ မင်းက Vatti ကို ခယမှာလား ဒါမှမဟုတ် Vatti က မင်းကို ခယရမှာလား”

“ခယဖို့ဆိုတဲ့ မေးခွန်းကို မေးစရာတောင် မလိုဘူး၊ ဒါ နှစ်ဦးနှစ်ဖက် ကောင်းကျိုးရတဲ့ အခြေအနေပဲ”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“Vatti က ကမ္ဘာ့ တန်ဖိုးကြီး အမှတ်တံဆိပ်တွေကြားမှာ ထိပ်တန်း ဖြစ်လာမယ်လို့ ကျုပ် ပြောရဲတယ်၊ အဲ့ဒါက မလုံလောက်ဘူးလား”

မာတင် မျက်မှောင်ကြုတ်သွားပြီး ရဲ့လင်းချန်အား စိုက်ကြည့်လေသည်။ Vatti သည် နိုင်ငံတကာသို့ ထိုးဖောက်နိုင်သည့် နည်းလမ်းများကို နှစ်ပေါင်းများစွာ စဉ်းစားခဲ့သည်။ သို့သော် သူတို့သည် ပြည်ပ အမှတ်တံဆိပ်များ၏ ငြင်းပယ်ခြင်း ခံခဲ့ရပြီး သူတို့၏ အမှတ်တံဆိပ်ကို လူသိအောင် ပြုလုပ်ရန် ခက်ခဲကြောင်း သိလိုက်ရသည်။

တန်ဖိုးကြီး ကုန်ပစ္စည်းသည် အမြတ်များစွာရသော နယ်ပယ်တစ်ခုဖြစ်သည်မှာ အသေအချာပင်။ တရုတ်နိုင်ငံမှ လူများက အခြားနိုင်ငံများမှ တန်ဖိုးကြီး ကုန်ပစ္စည်းများ ဝယ်နိုင်သည်ကို ဂုဏ်ယူနေပြီး သူတို့ပိုက်ဆံများကို အခြားနိုင်ငံများထံ စီးဆင်းခွင့် ပေးနေသည်က ရှက်စရာပင်။

“မင်း တကယ် အဲ့လောက် ယုံကြည်မှု ရှိလား”

မာတင်က မေးသည်။

“ဒါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ မဟုတ်ဘူး၊ လုပ်နိုင်စွမ်းပဲ”

ရဲ့လင်းချန်၏ မျက်လုံးများက တောက်ပစွာ ဝင်းလက်နေ၏။ သူ မပြောဘဲ ထားလိုက်သည့် စကားတစ်ခွန်း ရှိပါသေးသည်။ ယင်းမှာ Vatti က သူ့ကို ရွေးချယ်ခြင်း မဟုတ်ဘဲ သူကသာ Vatti ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟူသော စကားပင်။

“ကောင်းပြီလေ၊ ငါတို့ ဒါကို မင်းနဲ့အတူ ကြိုးစားကြည့်တာပေါ့”

မာတင်က တစ်ဒင်္ဂမျှ အလေးအနက် စဉ်းစားပြီးနောက် သွားပေါ်အောင် ပြုံး၍ ပြောလာကာ အရေးကြီးသော ဆုံးဖြတ်ချက် အချို့ ချလိုက်ရသလိုပင်။

သူ၏ ပြတ်သားမှုက ရဲ့လင်းချန် ထင်ထားသည်ထက်ပင် ပိုနေလေသည်။

“ဆရာရဲ့၊ ဆရာကျားက မင်းကို ထောက်ခံပေးထားတာဆိုတော့ မင်း စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်”

မာတင်က အလွန် လေးနက် တည်ကြည်နေသည်။

“ငါတို့ရဲ့ ပထမဆုံး စီးပွားဖက် လုပ်ကိုင်မှုကနေ အံ့ဩစရာတွေ ပြပေးမယ်လို့ ငါ မျှော်လင့်ပါတယ်၊ တကယ်လို့ မအောင်မြင်ခဲ့ရင် ငါတို့ရဲ့ ပူးပေါင်းမှုကို တစ်ခါတည်း ရပ်မယ္၊ နောက်ထပ် ရှေ့ဆက်ဖို့ မလိုတော့ဘူး”

“စိတ်မပူပါနဲ့၊ အောင်မြင်ပါလိမ့်မယ်”

ရဲ့လင်းချန်က အသာပြုံး၍ ပြောလိုက်သည်။

“ကောင်းပြီလေ၊ ငါ လောင်းကြေးထပ်ရတာပေါ့”

မာတင်က စူးရှတင်းမာသော အကြည့်နှင့် ပြောလိုက်သည်။

“ဒီဇိုင်းနဲ့ ဧရာမ စပါးအုံးမြွေရဲ့ အရေခွံကိုတော့ ဥက္ကဋ္ဌကျားကိုပဲ တာဝန်လွှဲပေးလိုက်တော့မယ်၊ ငါ့နေရာက မင်း ထုတ်လုပ်နိုင်အောင် ကူညီပေးရုံပဲ ရှိတယ်”

Vatti သည် တရုတ်တစ်နိုင်ငံလုံးတွင် ရှိပြီး မြို့တော်ရှိ ခရိုင်ခြောက်ခုတွင်လည်း ဖွင့်ထားသည်။ မာတင်က ထိုခရိုင်များထဲမှ တစ်ခုကို တာဝန်ယူထားခြင်း ဖြစ်ပေသည်။

ရဲ့လင်းချန် သူ့ကို လေးစားစွာ မကြည့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ မာတင်က ဌာနချုပ် နောက်ကွယ်မှ သူနှင့် ပူးပေါင်းရန် သီးသန့် သဘောတူထားခြင်း ဖြစ်ပုံရသည်။ ထိုအတွက်ကြောင့် မာတင်လည်း အလွန် ဖိအားများနေပုံ ရသည်။

“ငါတို့ ပူးတွဲလုပ်ကိုင်တာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”

…

တစ်ချိန်တည်းမှာပင် ဝိုင်အလှကုန် ပစ္စည်းဆိုင်၌။

ယနေ့တွင် ပုံမှန်ထက် ပို၍ ဆူညံနေလေသည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်လက ယခုလိုနေ့၌ အံ့ဩစရာတစ်ခုကို သူတို့ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ လူတော်တော်များများက နောက်ထပ် အံ့ဩစရာ ဖြစ်လာလေဦးမလားဟု သိချင်နေကြသည်။

ထိုလူများထဲတွင် ဆိုင်၏ ကျော်ကြားမှုကို အားကျသူများ ရှိသလို အံ့ဩစရာ အဖြစ်ကို လုံးဝ မယုံသူများလည်း ပါပေသည်။ သို့သော် အခြားသူများမှာမူ … သူတို့၏ WeChat Moments ၌ ပုံတင်ရန်အတွက်သာ လာခြင်း ဖြစ်လေသည်။

“အရင်တစ်ခေါက်က ဝိုင်အလှကုန် ပစ္စည်းဆိုင်ရဲ့ အံ့ဩစရာ အဖြစ်ကို ငါ ကြားခဲ့တယ်၊ ဒါပေမဲ့ ငါ့မျက်လုံးနဲ့ မမြင်လိုက်ရတာ ဆိုးတာပဲ၊ အဲ့ဒါ တကယ် ဟုတ်၊ မဟုတ် ငါ မသိဘူး ဖြစ်နေတယ်”

“အဲ့ဒါက သက်သက် နာမည်ကြီးအောင် လုပ်တယ်လို့ ထင်ရတဲ့ သံသယဝင်စရာတွေ အများကြီး ရှိတယ်လို့ ထင်တယ်၊ ဒီနှစ်တွေမှာ ကိစ္စတော်တော်များများက စန်းထရုံသက်သက်အတွက်ပဲ လုပ်ကြတာ‌လေ”

“အရင်တစ်ခေါက်က ဖြစ်ခဲ့တာက တကယ်ဆိုတာ ငါ ပြောရဲတယ်၊ ငါ အဲ့မှာ ရှိနေတာ၊ ငါ့မျက်လုံးနဲ့ လေးဆယ်ဝန်းကျင် အဒေါ်ကြီးက နှစ်ဆယ်ဝန်းကျင်ပုံ ပေါက်သွားတာကို တပ်အပ် မြင်ခဲ့တာကွ”

“တကယ်လား၊ တကယ် အဲ့လောက် အံ့ဩဖို့ ကောင်းတာလား”

“တကယ် ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ အခု ငါတို့ဘာသာ ကြည့်ကြတာပေါ့”

“ဒီတစ်ခါတော့ ဝိုင်အလှကုန် ပစ္စည်းဆိုင် ကံဆိုးပြီ၊ မဲပေါက်တဲ့သူက ချောင်ရှန်ရှန်လို့ ငါ ကြားထားတယ်၊ သူ့မျက်နှာပေါ်က အမာရွတ်ကို သူတို့ ဘယ်လိုလုပ် ဖုံးပေးနိုင်စွမ်း ရှိမှာလဲ”

“ဟုတ်တယ်၊ ဒါ မိတ်ကပ်လေ၊ ပလတ်စတစ် ဆာဂျရီမှ မဟုတ်တာ၊ မျက်နှာကို ပြောင်းဖို့က မဖြစ်နိုင်ဘူးမလား၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်အတွက် ကံဆိုးတာပဲ၊ အစက တော်တော်လေး ကံကောင်းနေတာ၊ ဒါပေမဲ့ ဒုတိယအကြိမ် ကံစမ်းမဲမှာကျတော့ သူတို့ဘာသာသူတို့ ချောက်ထဲကျပြီ၊ ဟားဟားဟား …”

…

ဆူညံနေသော စကားသံများကို လျစ်လျူရှုပြီး ဆိုင်က အစီအစဉ်တကျ လည်ပတ်နေသည်။ ကျန်းယွင်ရှီက စိုးရိမ်နေသော်လည်း သူမ၏ အမူအရာကို ထိန်းထားဆဲပင်။ လင်းချန်က ပြောထားပြီးသား ဖြစ်သဖြင့် သူမကို စိတ်ညစ်ရအောင် လုပ်မည် မဟုတ်ပါ။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာပြီး နေ့လယ်ခင်းသို့ ရောက်လာ၏။ ခြစ်ခြစ်တောက် ပူနေသော နေက မီးအလား ပူပြင်းနေကာ ကောင်းကင်ယံ အလယ်၌ ရှိနေလေသည်။

ထိုစဉ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက ဝိုင်အလှကုန် ပစ္စည်းဆိုင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။ သူမ၌ လှပသော အချိုးအစား ရှိသော်လည်း ဤသို့သော ရာသီဥတု၌ သူမ ဦးခေါင်းတစ်ခုလုံးကို အနက်ရောင် အဝတ်စနှင့် စည်းနှောင်ထားသည်က ထူးဆန်းလှသည်။

ထူးဆန်းသော ဝတ်စားဆင်ယူမှုက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ သူမ ဦးတည်နေသော နေရာကို မြင်သောအခါ သူမ ဘယ်သူလဲဆိုသည်ကို လူတိုင်း ခန့်မှန်းမိသွားသည်။

ဆွေးနွေးပြောဆိုနေသော အသံများ တဖြည်းဖြည်း တိုးသွားသော်လည်း ပို၍ ဆူညံလာသည်။ စကားလမ်းကြောင်းက ထိုအမျိုးသမီးဘက်သို့ ကူးပြောင်းသွားလေသည်။

လူတိုင်း၏ တီးတိုးပြောဆိုမှုအောက်၌ ထိုပုံရိပ်လေး၏ လှပသော ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူမလက်များက မျက်နှာကို ပို၍ အတင်း စည်းနှောင်လာပြီး လမ်းလျှောက်နှုန်းကို ပိုသွက်လိုက်သည်။

ပြီးခဲ့သည့်လတွင် ချောင်ရှန်ရှန်သည် အမြင့်ဆုံးမှ တစ်ခါတည်းနှင့် ပြုတ်ကျခဲ့သည့် ရက်စက်မှုကို အမှန်တကယ် ခံစားခဲ့ရသည်။ လူတွေအားလုံးက သူမကို ရှောင်ဖယ်ကြပြီး သူမသည် နာမည်ကြီး နတ်သမီးလေးမှ လှောင်ရယ်စရာ အဖြစ်သို့ ရောက်သွားခဲ့သည်။

သူမ၏ အသက်မွေးဝမ်းကြောင်း ပျက်စီးရသလို သူမမျက်နှာလည်း ပျက်စီးခဲ့သည်။ အရင်က သူမကို အားကြိုးမာန်တက် ပိုးပမ်း၍ ချစ်ခဲ့သော သူမချစ်သူကလည်း သူမကို ရွံရှာနေသည်။ သူမ၏ အခင်ဆုံး သူငယ်ချင်းကတောင်မှ သူမတို့၏ မိတ်ဆွေ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သည်။ လက်ရှိအချိန်၌ လူသားဆန်သော ခံစားချက်နှင့် နွေးထွေးမှုတို့က သူမ ဤကမ္ဘာပေါ်၌ အသည်းအသန် လိုချင်နေသော အရာများ ဖြစ်သည်။

သူမဘဝက ဘယ်မှာ အဆုံးသတ်မလဲ သူမ မသိသလို လောကကြီးကို ရင်ဆိုင်ရန် သူမ ဘယ်လို အပြုအမူမျိုး ထားရမလဲလည်း သူမ မသိပါ။ သူမ သည်းခံ၍ ကျော်ဖြတ်ချင်ပြီး သူမ သန်မာလာချင်သည်။ သို့သော် လူတိုင်းထံမှ ထူးဆန်းသော အကြည့်များကို သူမ မြင်သည့်အခါတိုင်း သူမ လုံးဝ ခံနိုင်ရည် မရှိခဲ့ပါ။

အေးစက်လှသော လောကကြီးထဲမှ သူမ ထွက်ခွာသွားဖို့ပင် တွေးခဲ့မိသည်။ မကြာသေးခင်က သူမ ထွက်သွားရန် ပြင်ဆင်ခဲ့ပါသည်။ ယင်းက ဝိုင်အလှကုန်ပစ္စည်းဆိုင်မှ ဖိတ်ကြားမှုကို မရသေးခင်အထိပင်။

*ကံထူးရှင်တဲ့လား*

*ငါ့ကို ကံကောင်းတယ်လို့ ပြောလို့ရလို့လား*

ချောင်ရှန်ရှန် သူမကိုယ်သူမ ရယ်မောမိသော်လည်း ဝိုင်အလှကုန်ပစ္စည်းဆိုင်၏ မိတ်ဆက်မှုကို မြင်သောအခါ သူမ မှင်တက်သွားရသည်။

*ယိုယွင်းမှုတွေကနေ မှော်ပညာ ဖြစ်လာအောင် လုပ်တာလား၊ လူတစ်ယောက်ရဲ့ ငယ်ရွယ်နုပျိုမှုကို ပြန်သစ်လွင် လာအောင် လုပ်ပေးနိုင်တယ်တဲ့လား*

All Chapters