← Chapters

လီယုံမြို့

Vol. 30 Ch. 454

လီယုံမြို့

Vol. 30 Ch. 454

ခေါင်းဆောင်၏စကားလုံးတို့က သတိပေးချက်တို့ဖြင့်ပြည့်နေသည်။

ခေါင်းဆောင်အား နားမလည်သူတို့သာ ထိုစကားကြားလျှင် ရွှီချင်းက စိတ်မထိန်းနိုင်ဘဲ တစ်ဖက်လူ၏ သက်စောင့်မီးအိမ်ကို ကိုလုယူမည်ကို ခေါင်းဆောင်က စိုးရိမ်သည်ဟု ထင်လောက်ကြပေမည်။

သို့ရာတွင် ထိုစကားတို့က ရွှီချင်းနားထဲသို့ရောက်ရှိသွားချိန်မှာတော့ သူက ခေါင်းဆောင်စကား၏နောက်ကွယ်က အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်လိုက်၏။

ခေါင်းဆောင်က တိုက်ခိုက်ခြင်းသည် ပြဿနာမဟုတ်သော်လည်း သူက မည်သူ့ကိုမျှ အရှင်မထားဘဲ သပ်ရပ်စေ့စပ်စွာ လုပ်ရမည်ဖြစ်ကြောင်း ပြောနေခြင်းသာဖြစ်သည်။ ထို့အပြင် သူကိုခေါ်ရန် မမေ့ရန်လည်းဖြစ်ပေသည်။

သို့ရာတွင် ရွှီချင်းက ၎င်းသက်စောင့်မီးအိမ်ကို လုယူရန်စိတ်ကူးမရှိသေးပေ။ တဖက်လူ၏နောက်ခံကြောင့်တော့ မဟုတ်ဘဲ သူတို့ချင်းရန်စမရှိသေးသောကြောင့် သတ်ဖြတ်ရန်အကြောင်းလည်း မရှိခြင်းကြောင့်သာ ဖြစ်သည်။

ထို့ကြောင် ရွှီချင်းက ခေါင်းခါယမ်းလိုက်၏။

“ကျုပ်သူ့ကို မနိုင်လောက်ဘူး။”

ခေါင်းဆောင်က မျက်ခုံးပင့်လိုက်ပြီး ဟန်လုပ်ပြုံးသည်။

“မင်းက ငါ့ကိုပါဖုံးကွယ်နေပြီလား။ ချင်းလေး မင်းရဲ့လက်ရှိစွမ်းရည်က နန်းတော်ငါးခုကို ယှဉ်နိုင်လောက်ပြီမလား။”

ရွှီချင်းက ဆက်မပြောဘဲ အဝေးသို့သာ ငေးကြည့်လိုက်သည်။ သူကြည့်နေသည်က မြောက်ဘက်အရပ်စူးစူးသို့ဖြစ်သည်။ ၎င်းက လီယုံကျောက်တိုင်တည်နေရာဖြစ်နေပြီး ယင်ဟွမ်ပြည်နည်အားထွက်ခွာသည့် လမ်းလည်း ဖြစ်ပေသည်။’

“အစ်ကိုကြီး ကျောက်ရှာတောင်က ဘယ်နေရာမှာလဲသိသလား။”

ရွှီချင်းက အသာမေးလိုက်သည်။

“ကျောက်ရှာတောင်ဟုတ်လား။ အင်း… ခဏစဉ်းစားလိုက်ဦးမယ်။”

ခေါင်းဆောင်က မှင်တက်မိသွားပြီး စဉ်းစားလိုက်သည်။

“အဲဒီတောင်ကို ငါဖုန်းဟိုင်‌ဒေသမြေပုံထဲမှာ တွေ့ဖူးသလိုပဲ။ ကျောက်ရှာတောင်က ဒေသမြို့တော်နဲ့ မလှမ်းမကမ်းမှာပဲရှိတယ်။ ဒဏ္ဌာရီရှိတာက ရှေးပဝေသဏီနေမင်းရဲ့ တစ်ခါက စက်တော်ခေါ်ရာနေရာလို့လည်းပြောကြတယ်။”

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး နှုတ်ဆိတ်သွားသည်။

အချိန်တို့ကုန်လွန်သွားပြန်သည်။ နောက်ပိုင်းခရီးက လွန်စွာချောမွေ့နေတော့သည်။ ထိုအချိန်အတွင်းတွင် သူတို့က ပုံစံမျိုးစုံရှိသော လှေပျံအချို့ကိုလည်း တွေ့ခဲ့ရသေးသည်။ ၎င်းတို့က ဦးတည်ချက်တူညီနေကြပြီး အဖွဲမျိုးစုံကိုကိုယ်စားပြုသည့် အလံနဲ့ အထိန်းအမှတ်ရုပ်တု၊ရုပ်ပုံများ ပြသထားလျက်ရှိကြသည်။

၎င်းလှေပျံများထဲမှ ကျင့်ကြံသူများအားလုံးမှာ လူငယ်များဖြစ်နေကြပြီး ကျင့်ကြံဆင့်များကလည်း အတော်လေး အားကောင်းသည်။

ဓားကိုင်ရုံးတော်မှ လူခေါ်ခြင်းသည် ယင်ဟွမ်ဒေသကြီးတစ်ခုလုံးက လူသားအဖွဲ့များအတွက် ကိစ္စကြီးတစ်ခုဖြစ်ပေသည်။ ဂိုဏ်းအဖွဲ့များစွာက ကောင်းကင်လက်ရွေးစင်များသည် ထိုစမ်းသပ်ပွဲသို့ ပါဝင်ဖြေဆိုရန် အပြေးလာနေကြမည်ပင်။

ဓားကိုင်သူတစ်ဦးဖြစ်လာလျှင် ဂိုဏ်းအတွင်းတွင်ဖြစ်ပင် ပြင်ပတွင်ဖြစ်စေ အဆင့်အတန်းတို့ များစွာကွာခြားသွားမည်ပင်။ ထို့အပြင် သူတို့တွင် အနာဂတ်ကောင်းများနဲ့ အခွင့်အလမ်းကောင်းများလည်း ပိုရှိလာနိုင်ဦးမည်ဖြစ်သည်။

မကြာခင် တစ်လကုန်သွားပြန်၏။

ကုန်းပတ်ပေါ်တွင် ရပ်နေသည့် ရွှီချင်းက အဝေးတစ်နေရာတွင် ကြီးမားလှသော ကျောက်တိုင်လုံးကြီးကို မြင်တွေ့နိုင်လာပြီဖြစ်သည်။

ပေတစ်သောင်းပတ်လည်ရှိသည့် လီယုံကျောက်တိုင်ကြီးက မည်းနက်နေပြီး အင်းစာလုံးပေါင်းများစွာ ထွင်းထားလျက်ရှိကာ ဖော်မပြနိုင်လောက်အောင် ကြီးမားကျယ်ပြန့်သည့် အားတို့ ထုတ်လွှတ်လျက်ရှိနေသည်။

အနီးကပ်ကြည့်ရှုရာတွင် ၎င်းအင်းစာလုံးတစ်ခုချင်းစီက တာအိုမှော်တို့ပါနေရာ ၎င်းတို့အတွင်းမှ ကမ္ဘာတစ်ခုစီဖြစ်ပေါ်နေသည့်အလားပင်။

ရုပ်တုထွင်းပုံတို့ကလည်း ထို့အတူပင်။ မြောက်များစွာသော သန္ဓေပြောင်းသားရဲများနဲ့ ကိုယ်ရိပ်များထွင်းထုထားပြီး ၎င်းတို့အားလုံးက ကြောက်မက်ဖွယ်ဖိအားတို့ ထုတ်လွှတ်လျက်ရှိနေကြသည်။

၎င်းတို့တစ်ခုစီတိုင်းက မြင်သူတိုင်း ကြည်ညိုလေးစားမှုအလိုလိုဖြစ်လာအောင် စေစားနေတော့သည်။

ကောင်းကင်သို့တက်သွားမည့်ဟန် ကျောက်တိုင်ကြီးသည် တိမ်များကို ထိုးဖောက်ကာ အဆုံးအစမဲ့ ရှည်လျားလှ၏။ ထို့ကြောင့် ကောင်းကင်ပေါ်တွင် နန်းတော်တစ်ခုရှိနေသည်ကိုသာ မှုန်ဝါးဝါးမြင်တွေ့နိုင်တော့သည်။

နန်းတော်ကြီးမှာ လီယုံကျောက်တိုင်ကြီးအား ဖိချထားသည့် သဘောဖြစ်သည်။

သို့ရာတွင် ၎င်းဖိနှိပ်မှုက လီယုံကျောက်တိုင်၏ တိုက်ပွဲစိတ်တို့အား ချိုးနှိမ်နိုင်ခြင်းမရှိသေးပေ။ ၎င်းကျောက်တိုင်ကြီးကြောင့် သတ္တဝါများစွာသေကြေခဲ့ရပြီး ၎င်းသတ္တဝါတို့သေခြင်းကြောင့် အငြိုးအတေးများနှင့် အစွဲများလည်း ကျောက်တိုင်ကြီးအပေါ် ရစ်ဝဲကျန်ရှိနေကြလေသည်။

သို့ရာတွင် တိုက်ပွဲစိတ်တို့ အရှိန်အဝါအားတို့ အောက်တွင် ထိုရန်ငြိုးနှင့်အစွဲအလမ်းတို့မှာ ဆက်လက်ပြန့်ထွက်နိုင်ခြင်းမရှိကြတော့ပေ။ ၎င်းတို့က ကျောက်တိုင်ကြီးအား ကြည့်ရှုနေကြသူအားလုံးစိတ်ထဲတွင် ပဲ့တင်ထပ်နေသည့် အသံမဲ့အော်သံများ အဖြစ်သာ ပြောင်းလဲသွားကြတော့သည်။

ရွှီချင်းစိတ်တို့ တုန်လှုပ်သွားသည်။ သူအကြည့်တို့ပိုနက်ရှိုင်းသွားရစေသည်ကတော့ သူ့စိတ်နယ်ပယ်ထဲက တစ္ဆေအင်ပါယာတောင်ကုန်းကလည်း အတန်ငယ်လှုပ်ယမ်းလာခြင်းဖြစ်ပေသည်။

၎င်းက လီယုံကျောက်တိုင်းကြီးအား ဆွဲငင်မှုရှိနေသည့်အလားပင်။ တစ်ချိန်တည်းမှာပင်…ထိုလီယုံကျောက်တိုင်ကြီးကလည်း မသိမသာလှုပ်ခါသွားသေးသည်။

ရွှီချင်းပင့်သက်တစ်ချက်ရှိုက်လိုက်မိသော်လည်း အံ့သြမိခြင်းတော့ မရှိပေ။ ယခင်က ဝိညာဉ်သုံးပါးတောင်တွင်လည်း ထိုတစ္ဆေအင်ပါယာတောင်ကုန်းက ထိုသို့တုံ့ပြန်ခဲ့သေးသည်ပင်။ ယခုတုံ့ပြန်မှုက အနည်းငယ်ပိုပြင်းနေခြင်းတစ်ခုသာ ရှိသည်။

ခေါင်းဆောင်က ရွှီချင်းဘေးတွင် ရပ်ကာ ခံစားချက်အပြည့်နဲ့ သက်ပြင်းချလိုက်သည်။

“နောက်ပိုင်းမျိုးဆက်တွေက တစ္ဆေအင်ပါယာကို သုံးသပ်ကြည့်ခဲ့ကြပြီး ဒီ အင်အားကြီးလက်နက်ဟာ သူ့အဓိကလက်နက်ဖြစ်မယ်လို့ တွက်ဆထားခဲ့ကြတယ်။ ဒီကျောက်တိုင်ကြီးက သူနဲ့အတူ တစ်လောကလုံးကို အနိုင်ယူခဲ့ပြီး တိုက်ပွဲတိုင်းမှာ ပါဝင်သတ်ဖြတ်ခဲ့တယ်။ တစေအင်ပါယာရဲ့ ဇစ်မြစ်ကတော့ လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ သူက ဘယ်မျိုးနွယ်က လာတယ်ဆိုတာ ဘယ်သူမှမသိနိုင်ကြဘူး။ သူက အချိန်မှားမွေးဖွားလာခဲ့ပြီး နတ်ဘုရားရဲ့ ကွဲကြေနေတဲ့မျက်နှာရောက်လာပြီးမှ တာအိုအလင်းပွင့်သွားခဲ့တာ ဆိုတဲ့အချက်တစ်ခုပဲ အားလုံးသိနိုင်ကြတယ်။”

“သူ့ရန်သူက ဘယ်သူများပါလိမ့်။ သူက ဒီနေရာကို သေအံ့ဆဲဆဲပြေးလာခဲ့ပြီး လက်နက်ကို ပစ်လွှတ်လိုက်တာကြောင့်ပဲ ရေခဲလွင်ပြင်ထဲကျဆင်းသွားခဲ့တာလို့ သိခဲ့ကြတယ်။ အဲဒီနောက် သူက ပင်လယ်ကမ်းစပ်မှာ မျက်လုံးမှိတ်ပြီး ထိုင်လျက်သား ကွယ်လွန်သွားဖို့ ဆုံးဖြတ်လိုက်ဟန်တူတယ်”

“သူက တောင်ဘက်ကို မျက်နှာမူရင်း တစ်ခုခုကိုစောင့်နေခဲ့တဲ့ပုံနဲ့ ပင်လယ်ကို ငေးကြည့်ရင် ကွယ်လွန်သွားခဲ့တယ်လို့ တစ်ယောက်က ပြောခဲ့သေးတယ်။”

ခေါင်းဆောင်အသံက တိုးညင်းလာသည်။

ရွှီချင်းက သူ့စိတ်နယ်ပယ်ထဲက တစ္ဆေအင်ပါယာတောင်ကုန်းကို အာရုံခံလိုက်ပြီး အနည်းငယ်မှုန်ဝါးနေသေးသော်လည်း သူနဲ့ တဖြည်းဖြည်းတူလာသည့် မျက်နှာကို ကြည့်လိုက်တော့သည်။ သူ ငြိမ်ကျသွားမိသည်။

သူမျက်လုံးတို့က လီယုံကျောက်တိုင်ကြီးပတ်လည်က မြေပြင်အားကြည့်လိုက်၏။

မြေပြင်အား နှင်းတို့ဖုံးလွှမ်းနေပြီး လီယုံကျောက်တိုင်ကြီးအား စက်ဝိုင်းပုံရွက်ဖျင်တဲများစွာ ဝိုင်းပတ်ကာ ထူးခြားသောမြို့တစ်မြို့ ဖြစ်ပေါ်နေတော့သည်။

ထိုနေရာတွင် သာမန်သေမျိုးတို့မရှိကြပေ။ နေရာအရပ်ရပ်မှ ကျင့်ကြံသူများသာ ရှိနေကြပြီး အများစုက လေလွင့်ကျင့်ကြံသူတို့ဖြစ်ကြသည်။ ထို့အပြင် သူတို့အားလုံးက လူသားများသာဖြစ်ကြပြီး တခြားမျိုးနွယ်များကို မြင်တွေ့ရခြင်း မရှိပေ။

လီယုံကျောက်တိုင်ကြီးက အနီးတွင် နေနိုင်သူတို့အား ကန့်သတ်ချက်မထားရှိပေ။ သာမန်သက်ရှိဖြစ်စေ ကျင့်ကြံသူဖြစ်စေ စိတ်ရှိသမျှ ဤနေရာတွင် နေနိုင်ကြသည်ပင်။

ကန့်သတ်ချက်တစ်ခုသာ ရှိသည်။ ထိုသူက လူသားဖြစ်ရပေမည်ဟုပင်။

လီယုံကျောက်တိုင်ကြီးမှာ မူလကပင် ဆန်းကြယ်လှသည်။ ၎င်းထုတ်လွှတ်သည့် တိုက်ပွဲမာန်စိတ်တို့ကို အချိန်ကြာရှည်သုံးသပ်လာပြီးနောက်တွင် စိတ်ထဲတွင် ဝိညာဉ်အမှတ်အသားတစ်ခု ဖြစ်တည်လာပြီး ကျင့်ကြံမှုကို အတိုင်းအတာတစ်ခုထိအားဖြည့်ပေးမည်ဖြစ်သည်။

ထို့အပြင် လီယုံကျောက်တိုင်ကြီးထဲတွင် အမွေအနှစ်အချို့လည်း ပါရှိသေးသည်။ လူသားတစ်ဦးဖြစ်နေသ၍ ၎င်းကျောက်တိုင်ကြီးပေါ်တက်လှမ်းနိုင်ပေသည်။ အခွင့်အရေးကြုံလျှင် အမွေအနှစ်ကို သုံးသပ်နိုင်ဦးမည်ဖြစ်သည်။

ထို့ကြောင့်ပင် ဤနေရာတွင် လူသားလေလွင့်ကျင့်ကြံသူတို့ တဖြည်းဖြည်းများပြားလာကြပြီး စည်ကားလာခဲ့၏။

ဂိုဏ်းများစွာကလည်း ရောက်ရှိလာပြီးဖြစ်ကာ သူတို့ အခြေစိုက်စခန်းများ၌ ဂိုဏ်းအမှတ်အသားအလံများနဲ့ ရွက်ဖျင်တဲများ စိုက်ထူထားကြသည်။ အထူးသဖြင့် ယင်ဟွမ်ဒေသကြီးက အချို့သော အဖွဲ့ကြီးများကရောက်ရှိနေကြပြီဖြစ်သည်။

၎င်းတို့ထဲတွင်တော့ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့လည်း ပါဝင်သည်။

မြို့တစ်ခုလုံးက ဈေးများဖြင့်ပြည့်နေပြီး လူများစည်ကားလှုပ်ရှားလျက်ရှိတော့သည်။

လူများစုကတော့ ခေါင်းမော့ကြည့်လျက် ဆွေးနွေးပြောဆိုနေကြ၏။

ရွှီချင်းကလည်း ထိုမြင်ကွင်းကို သတိပြုမိကာ လီယုံကျောက်တိုင်ပေါ်က လူရိပ်များကို သတိပြုလိုက်မိသည်။

လူတစ်ရာခန့် အမြင့်နေရာစုံတွင် ပြန့်ကာရှိနေကြသည်။

အချို့က အပေါ်သို့တက်နေကြပြီး အချို့က ထိုးထွက်နေသည့် အင်းစာလုံးရုပ်တုများပေါ်တွင် ကျင့်ကြံလျက်ရှိကြသည်။ ၎င်းတို့ထဲတွင် အမြင့်ဆုံးနေရာတွင်ရှိသူကတော့ ထိုက်စီရှန်းမုန်ဂိုဏ်းဝတ်စုံနဲ့ လူငယ်တစ်ဦးဖြစ်ပေသည်။

ထိုလူမှာ တာအိုသားတော် မဟုတ်ဘဲ တာအိုသားတော်အောက်က ကောင်းကင်လက်ရွေးစင်ထဲက တစ်ဦးဖြစ်နေသည်။

ရွှီချင်းသည် လွန်ခဲ့သောတစ်လက ထိုက်စီရှန်းမုန်ဂိုဏ်း၏လှေပျံများထဲတွင် ထိုလူငယ်ကိုမြင်ခဲ့ကြောင်း အမှတ်ရလိုက်မိသည်။ ယခု ထိုလူမှာ ပေငါးထောင်အမြင့်သို့ရောက်ရှိနေပြီး ထိုနေရာသည် သူ့တတ်စွမ်းမှုအားကုန်ဖြစ်ဟန်တူကာ ဆက်တိုးနိုင်ခြင်းမရှိတော့ပါ။ နောက်ဆုံးတွင် သူက လက်လျှော့လိုက်ပြီး အောက်သို့ ဆင်းလာသည်။

သူ ဆင်းသက်လာသည်နှင့် လီယုံကျောက်တိုင်ကြီးထံမှ အပြာရောင်အလင်းတစ်ခု ထုတ်လွှတ်လာပြီး သူ့ထံသို့ တိုးဝင်သွား၏။

ဝမ်းသာအားရပင် ကောင်းကင်လက်ရွေးစင်လူငယ်က အလင်းကို ဖမ်းဆုပ်လိုက်သည်။ ထိုခဏ၌ပင် အပြာရောင်အလင်းသည် အပြာရောင်မြူခိုးငွေ့များအဖြစ် ပြောင်းလဲသွား၏။

ထိုအရာက မည်သည့်အရာမျိုးဖြစ်သည်ကို ရွှီချင်းမသိသော်လည်း ထိုမြင်ကွင်းကြောင့် ကျောက်တိုင်ကြီးအောက်က လူအုပ်သည် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အော်ဟစ်ဆူညံသံများ ထွက်ပါ်လာသည်။

“သူက မြူခိုးချီ ချီးမြင့်ခံရတာပဲ။ ဒီချီက အသက်အားအတွက် အကျိုးအများကြီးရှိတယ်”

“အမြင့်တက်နိုင်လေ ချီးမြှင့်ခံရနိုင်ခြေပိုများလေပဲ”

“ဒါက ကျင့်စဉ်အမွေအနှစ်မဟုတ်ပေမဲ့ မြူခိုးချီ ချီးမြှင့်ခံရတာလည်း တော်တော်ကောင်းတာပါပဲ။”

ရွှီချင်းမျက်လုံးများ စူးရှသွားသည်။ သူက ထိုက်စီရှန်းမုန်ဂိုဏ်းလူငယ်လက်ထဲက အပြာရောင်မြူခိုးကို ကြည့်လိုက်ရာ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားရ၏။

“ဒါက လီယုံကျောက်တိုင်ကြီးရဲ့သဘာဝပဲ။ အမြင့်ကိုရောက်နိုင်လေ ဆုလဒ်တွေရနိုင်ခြေများလေပဲ။”

ခေါင်းဆောင်ကလည်း လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် တက်ကြွသော အရိပ်အယောင်များအား တွေ့ရသည်။

“မဟာမိတ်အဖွဲ့က လီယုံကျောက်တိုင်ကြီးအကြောင်း စိတ်ဝင်စားစရာ သတင်းတွေတွေ့ထားတယ်။ ဒီနှစ်ပိုင်းတွေမှာ ကျောက်တိုင်ကြီးက အမွေအနှစ်အချို့နဲ့ ထူးဆန်းတဲ့ စွမ်းအားလှိုင်းတွေရော ထုတ်လွှတ်ခဲ့တယ်။ အမွေအနှစ်တွေက အချို့က အသက်စွမ်းအား ဖြည့်ပေးပြီး အချို့က ဆေးကို အင်အားတိုးစေတယ်။ အချို့က ရှေးလက်နက်တွေစီရင်ရာမှာ ကူညီပေးတယ်။”

“ပြီးတော့ ဒီလီယုံကျောက်တိုင်ကြီးကိုယ်တိုင်လည်း ရှိသေးတယ်။ ဒီနေရာက ကျောက်တိုင်ပေါ်က တိုက်ပွဲစိတ်မာန်တို့ကို သုံးသပ်ဆင်ခြင်တဲ့အခါ စိတ်နယ်ပယ်ထဲမှာ တိုက်ပွဲဝိညာဉ်အမှတ်သားဖြစ်တည်လာနိုင်သေးတယ်။ ဒါကလည်း ဆုလဒ်ကောင်းတစ်ခုပဲ။ ဒီဝိညာဉ်အမှတ်က အစွမ်းထက်သတ်ဖြတ်စွမ်းအားတွေ ပါဝင်ပြီးတော့ ရနိုင်ဖို့ကလည်း အရမ်းမခက်ဘူး။ ဥပမာဆိုရရင် ငါက ဒီလီယုံကျောက်တိုင်ကြီးကို တစ်ချက်ကြည့်ရုံနဲ့ အဲဒီအမှတ်သားကို သုံးသပ်မိနိုင်တော့မယ်လို့ ရိပ်တိတ်တိတ်ခံစားမိနေတယ်။ ပြီးတော့ ဒီဆုလဒ်က ဓားကိုင်ရုံးတော်စမ်းသပ်ပွဲမှာ အမှတ်တွေပေါင်းထည့်ပေးနိုင်သေးတယ်။”

ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ထိုတိုက်ပွဲစိတ်မာန်ကို သုံးသပ်ရန် ဆုံးဖြတ်လိုက်သည်။

ရွှီချင်း၏ လေးနက်သည့်ဟန်ကို မြင်လျှင် ခေါင်းဆောင်က ရယ်ချင်သွားသည်။ အမှန်က ထိုဝိညာဉ်အမှတ်အသားကို နားလည်နိုင်ရန်က လွန်စွာခက်ခဲလွန်းလှသည်။ သို့သော် သူ၏အစ်ကိုကြီးနေရာကို တမင်ဟန်ပြရန် သူက လွယ်ကူသည်ဟုပြောခဲ့ခြင်းဖြစ်သည်။

ဤနည်းဖြင့် ရွှီချင်းက တဖြေးဖြေး ထိုအမှတ်အသားကို နားလည်ဆင်ခြင်ပြီး အောင်မြင်သွားသောအခါ သူ,ချန်အားညိုကို ပို၍ ထူးခြားစေပေလိမ့်မည်။

ထိုသို့အတွေးတို့ဖြင့် သုံးဦးသားက လီယုံမြို့နယ်ပယ်ထဲသို့ တဖြည်းဖြည်းချဉ်းကပ်လာကြသည်။

ရွှီချင်းက မှော်သင်္ဘောကို သိမ်းဆည်းလိုက်၏။

သုံးဦးသား ရွက်ဖျင်တဲများဖြင့် ပြုလုပ်ထားသည့် မြို့သို့ရောက်ရှိလာပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့စခန်းနေရာသို့ လျှောက်လာခဲ့လိုက်ကြသည်။

မြို့တွင် လူအများအပြား ရောက်နှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် စတည်းချနေထိုင်ရန် ငှားယမ်းခမှာ မသက်သာတော့ပါ။ ထို့ကြောင့် ငွေကုန်စရာမလိုသည့် ဂိုဏ်းစခန်းသည်သာ အကောင်းဆုံး ရွေးချယ်ရာ ဖြစ်သည်။

လူအုပ်အားဖြတ်ကျော်လာခဲ့ပြီးနောက် ရွှီချင်းနဲ့ကျန်နှစ်ဦးတို့က ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့စခန်းသို့ ရောက်ရှိလာတော့သည်။

ထိုနေရာမှာ လီယုံကျောက်တိုင်ကြီးနှင့် မလှမ်းမကမ်းတွင်ရှိနေပြီး တဲပေါင်း တစ်ရာခန့်ရှိနေသည်။ ရွှီချင်းတို့ရောက်သွားသောအခါ သူတို့ကိုယ်ပေါ်က ဖုံးကွယ်မှုများ ပျက်ပြယ်သွားကြပြီး မူရင်းရုပ်သွင်တို့ ပြန်လည်ပေါ်ထွက်လာကြ၏။ သူတို့သွင်ပြင်တို့က ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့တပည့်များစွာတို့၏ အာရုံကို ဖမ်းစားလိုက်သည်။

ခေါင်းဆောင်နဲ့ ယန်ယန်တို့က ကိစ္စမရှိလှသော်လည်း ရွှီချင်းကတော့ မတူပေ။

လက်ရှိမျိုးဆက်တွင် မဟာမိတ်အဖွဲ့ထဲ၌ တာအိုသားတော်၏အဆန့်အတန်းနှင့် ဂုဏ်သတင်းတို့ဖြင့် ဆက်ဆံခံရသော တစ်ဦးတည်းသောသူ ဖြစ်သည့်အလျောက် ရွှီချင်းသည် အလွန်ကျော်ကြားနေပြီး ဖြစ်သည်။ ထိုကြောင့် သူ ရောက်လာသည်နှင့် အဖွဲ့ထဲမှ တပည့်များစွာက လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ကြသည်။

ဤတစ်ကြိမ်၌ ဂိုဏ်းဝင်တစ်ရာခန့် ရောက်လာကြသည်။ အများစုမှာ အခြေတည်အဆင့်၌သာ ရှိနေကြပြီး ရွှေအမြုတေအဆင့်တချို့ ပါဝင်သည်။ သူတို့အများစုမှာ ဓားကိုင်များ မဖြစ်နိုင်ကြတော့ပါ။ သူတို့က အရပ်ခေါ်စကားအရ ဂိုဏ်းမှ စီစဉ်ပေးမှုကြောင့်သာ အသက်အရွယ်ကိုက်ညီခြင်းကြောင့် ကံစမ်းသဘောမျိုး လာရောက်ကြခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် ချီရွဲ့ထုံဂိုဏ်း၏တောင်ကုန်းမျိုးစုံက တပည့်များစွာပင် ပါရှိကြသေးသည်။ ငအလေးပင် ထိုအထဲ၌ ပါနေသေးသည်၊။ သူက ရွှီချင်းနဲ့ ခေါင်းဆောင်တို့ကို မြင်လျှင် ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်၏။

ငအလေးက အလျင်အမြန်ပြေးလာပြီး ရွှီချင်းနောက်သို့ လိုက်ပါကာ အစောင့်အရှောက်ပုံစံဖမ်းလျှက် ပတ်ဝန်းကျင်ကို ကြည့်ပေးနေသည်။

မကြာမီ သူတို့သုံးဦး နေရာရသွားသည်။ ချီရွဲ့ထုံဂိုဏ်းသားများနှင့် ပြောခဲ့သော စကားများအရ ဤတစ်ကြိမ်မဟာမိတ်အဖွဲ့ကို ဦးဆောင်လာသူများမှာ သူ့ဘိုးဘေးဖြစ်သည့် ရွှယ်လျန့်ကျစ်နဲ့ ယန်ယန်၏ အဘွားတို့ဖြစ်ကြောင်း ရွှီချင်း သိခဲ့ရသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာသားကောင်ဂိုဏ်းနဲ့ ကောင်းကင်ရတနာဂိုဏ်းက ဂိုဏ်းချုပ်များလည်း ပါဝင်ပေသေးသည်။

သူ့ဆရာကတော့ ပါလာခဲ့ခြင်းမရှိပါ။

ယန်ယန်မှာ အပြစ်မကင်းသလို ခံစားနေရသည်။ သူမသည် ချီရွဲ့ထုံဂိုဏ်းမှ ခိုးထွက်လာခဲ့ခြင်းဖြစ်သည်။ သူမအဘွားလည်း ဤနေရာသို့ ရောက်နေကြောင်းသိလျှင် ယန်ယန်က ရွှီချင်းအား တစ်ခုခုပြောရန်ပြင်လိုက်ချိန်မှာပင် အသံပို့‌ကျောက်စိမ်းပေလွှာက တုန်ခါလာတော့သည်။ ယန်ယန် သက်ပြင်းချလိုက်၏။

“အစ်ကို ရွှီချင်း ညီမအဘွားက ညီမဒီမှာ ရောက်နေတာကို သိနေပြီး သူဆီလာခဲ့ဖို့ ပြောနေတယ်။ ညီမအရင်သွားပြီး ‌ချော့လိုက်ဦးမယ်။ မဟုတ်ရင် နောက်ပိုင်း အပြင်ထွက်ဖို့ ခက်သွားလိမ့်မယ်။”

ခေါင်းဆောင်က ဘေးမှ စိတ်ပေါ့စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက နတ်မိမယ်ကျစ်ရွှမ်မပါလာသည်ကို ကြားသိရသဖြင့် လွန်စွာ စိတ်အေးသွားကြောင်းထင်ရှားနေသည်။

“ဘိုးဘေးက ဒီရောက်နေတာဟုတ်လား။ ငါ့အတွက်လာတာဖြစ်ရမယ်။ ဒီအဘိုးကြီးက ရုပ်တည်နဲ့နေပေမဲ့ ငါ့ကို တော်တော်ချီးကျူးလေးစားနေတယ်။ ဒီတစ်ခေါက်လည်း ဂိုဏ်းကို ပြန်လာဖို့ လာပြောတာဖြစ်မယ်။ ချင်းလေး… မင်းက ဒီအဆင့်မရောက်သေးဘူး။ မင်းက စကားပြောတာနည်းနည်းလိုသေးတယ်။ ငါ့ကို အကြွေးပြန်ဆပ်ရမယ်ဆိုတာ မမေ့နဲ့။ ငါက မင်းကို အဘိုးကြီးတွေပျော်အောင်လုပ်တဲ့နည်း သင်ပေးထားတယ်လို့ ပြောလို့ရတယ်။”

ခေါင်းဆောင်က ဝင့်ကြွားစွာပြောလိုက်သည်။

ရွှီချင်း၏မျက်လုံးများ ပြူးကျယ်လာသည်။

“အစ်ကိုကြီးပြောတာမှန်တယ်။ အစ်ကိုကြီးက ဘိုးဘေးဆီအရင်သွားတွေ့လိုက်ပါ။ ဘိုးဘေးက စမ်းသပ်ပွဲအကြောင်း သတင်းအချက်အလက်တွေ စုဆောင်းထားလောက်တယ်။ ကျွန်တော်တို့ ဝင်ပြိုင်ချိန်ကျရင် အကျိုးပိုရှိနိုင်မှာပဲ။”

“ဟုတ်တယ်”

ခေါင်းဆောင်မျက်လုံးတို့ အရောင်တောက်သွားသည်။ သူက ထွက်ရန်ပြင်လိုက်စဉ်မှာပင် လမ်းတဝက်တွင်ရပ်လိုက်ပြီး ရွှီချင်းအား သံသယဖြင့် လှည့်ကြည့်လိုက်သည်။

“ချင်းလေး မင်းစကားဒီလောက်များတာ တွေ့ရခဲတာပဲ။ တစ်ခုခုမှားနေပြီထင်တယ်။”

ရွှီချင်းက ခေါင်းဆောင်မျက်လုံးတို့အား အံ့သြဟန်ဖြင့် ကြည့်လိုက်သည်။

ခေါင်းဆောင်က ရွှီချင်းအား သံသယဖြင့်ကြည့်နေဆဲပင်။ သူက ပြောရန်ပါးစပ်ဟချိန်မှာပင် အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု အဝေးကောင်းကင်မှ မြည်ဟိန်းထွက်လာသည်။ ထိုအသံက ခေါင်းလောင်းသံအလား အဘက်ဘက်သို့ ပျံ့လွင့်သွားပြီး လေနဲ့တိမ်တို့ လှိုင်းထစေကာ ကမ္ဘာလောကတစ်ခုလုံး တုန်ဟီးသွားစေတော့သည်။

“ဓားကိုင်ရုံးတော်ရဲ့ ပိုင်နက်နေရာဟာ လူမဟုတ်သူတွေအတွက် တားမြစ်နေရာဖြစ်တယ်။”

“လူမဟုတ်တဲ့ မျိုးနွယ်တွေ ဝင်လာတာနဲ့ အသတ်ခံရမယ်။”

All Chapters