နတ်မိမယ်ကျစ်ရွှမ်ထံမှ စာလွှာ
Vol. 30 Ch. 455
အသံကြီးတစ်ခုက တစ်မြို့လုံး မြည်ဟိန်းထွက်သွားပြီး လူများစွာတို့က ကောင်းကင်ထံသို့ မော့ကြည့်လိုက်ကြ၏။
လီယုံကျောက်တိုင်အဖျားရှိ တိမ်များကြားမှ လူရိပ်တစ်ခု ထိုးထွက်လာသည်။
ထိုလူမှာ သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး ဖြစ်၏။ သူသည် အမှုထမ်းဝတ်စုံနဲ့ ငွေရောင်စီခြယ်ထားသည့် အပြာရောင်ခေါင်းဆောင်းတစ်ခုအား ဆောင်းထားသည်။ သူသည် ခရမ်းရောင်ကြေးခွံလက်အိတ်များကို စွပ်ထားပြီး နောက်ကျောတွင်တော့ ဓားရိုးသာ ပေါ်ရုံ အဝတ်နက်ရစ်ပတ်ထားသည့် ဓားကြီးတစ်စင်းချိတ်ဆွဲထား၏။
သူ နှင့်အတူ သူ့နောက်တွင် ဝဲကတော့အသွင် ချောက်နက်ကြီး သုံးခုပေါ်ထွက်လာသည်။
ထိုချောက်နက်ကြီးသုံးခုလုံးမှာ သဘာဝဖြစ်စဉ်ကြီးများနှင့် အလားသဏ္ဍာန်တူသည်။ ၎င်းတို့ တစ်ခုချင်းစီတိုင်းတွင် လျှို့ဝှက်ဝိညာဉ်သိုက်တစ်ခုစီပါဝင်နေဟန် ရ၏။
ထိုလျှို့ဝှက်ဝိညာဉ်သိုက်သုံးခုထံမှ အော်ညည်းသံများ ထွက်လာနေကြသည်။ ထိုနေရာတို့တွင် ရက်စက်ကြမ်းကြုတ်လှသော အိပ်မက်ဆိုးများ ချုပ်နှောင်ထားသည့်အလား ပြင်းထန်သော တုန်ခါလှိုင်းများထုတ်လွှတ်နေ၏။
ထိုလူက ညာလက်ကို မြှောက်လိုက်ပြီး အဝေးကောင်းကင်ဆီသို့ လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည်။
သူတိုက်ခိုက်လိုက်သည်နှင့် နောက်ထပ် လျှို့ဝှက်ဝိညာဉ်သိုက်သုံးခုက ပေါက်ကွဲထွက်သွားပြီး ကောင်းကင်တစ်ခုလုံးသို့ ရောင်စုံအလင်းများထုတ်လွှတ်ကာ ကောင်းကင်နဲ့မြေကြီးကြားတစ်လောကလုံးသို့ ဓားပျံများစွာအဖြစ် ဖြာထွက်သွားပြီး ဒီရေလှိုင်းလုံးကြီးများ ဖြစ်သွားကြသည်။
ဓားပျံတစ်ခုစီတိုင်းက ပြင်းထန်သော အားလှိုင်းတို့ထုတ်လွှတ်နေပြီး ကောင်းကင်ကိုထိုးဖောက်ကာ အာကာကို ခွဲဖျက်တော့မည့်အလား ထင်မှတ်ရသည်။ ထိုအခိုက်တွင် ဓားများအားလုံးသည် အဝေးထံသို့ ပြေးဝင်သွားကြ၏။
တပြိုင်နက်တည်းတွင် အဝေးကောင်းကင်၌ ဒေါသတကြီးဟိန်းသံကြီးတစ်ခု ထွက်လာသည်။ ကောင်းကင်တွင် ယခင်ကတည်းက ပုန်းအောင်းနေသည့်ဟန်ရှိသည့် အရိပ်သဏ္ဌာန်တစ်ခု ထွက်လာ၏။ သို့သော် ဓားလှိုင်းများ၏စွမ်းအားအောက်တွင် သူသည် ဆက်လက်ပုန်းအောင်းနေနိုင်စွမ်းမရှိတော့ပေ။
၎င်းသည် လွန်စွာအကျည်းတန်လှသည့် သားရဲဆိုးကြီးတစ်ကောင် ဖြစ်၏။
အတိအကျဆိုရလျှင် ၎င်းသည် ဧရာမလောက်ကောင်ကြီးတစ်ကောင်နဲ့ ပိုတူနေသည်။ ၎င်း၏ပေတစ်သောင်း အရှည်ရှိသော ကိုယ်ခန္ဓာကြီးတစ်လုံးအား အကျိအချွဲများ ဖုံးနေပြီး မနှစ်မြို့စရာအနံ့ဆိုးတစ်ခု ထုတ်လွှတ်လျက်ရှိနေသည်။
လောက်ကောင်ကြီး၏ ခေါင်းပေါ်တွင် လက်တံနှစ်ခုလည်း ရှိနေသည်။
ထိုလက်တံနှစ်ခုလုံးတွင် ခေါင်းတစ်လုံးစီရှိနေပြီး အမျိုးသားနဲ့ အမျိုးသမီးခေါင်းများဖြစ်ကြသည်။ လောက်ကောင်ကြီးမှာ အစိမ်းရောင်အရေပြားရှိကာ မျက်လုံးတို့က နီရဲနေကြသည်။ မကြာခင်က ထွက်ပေါ်လာခဲ့သော ဒေါသတကြီးဟိန်းဟောက်လိုက်သံတို့က ခေါင်းနှစ်လုံး တပြိုင်နက်အော်လိုက်ခြင်း ဖြစ်ပေမည်။
လောက်ကောင်ကြီးအမြီးမှာကား ကွေးထောင်နေပြီး ထိုအမြီးတွင်လည်း ခေါင်းတစ်လုံးရှိနေ၏။
၎င်းခေါင်းကတော့ အဘိုးကြီးတစ်ဦးဖြစ်နေပြီး ထိုအချိန်တွင် ထိုအဘိုးကြီးမျက်နှာ အမူအရာက ပြောင်းလဲသွားပြီး အနက်ရောင်မြူခိုး တစ်ခု ချက်ချင်း မှုတ်ထုတ်လိုက်သည်။
ထိုမြူခိုးက ပြန့်ထွက်သွားပြီး လောက်ကောင်ကြီးဝန်းကျင်တစ်ခုလုံးအား ဖုံးလွှမ်းကာ ၎င်းနောက်ဆုတ်နေသည့် နှုန်းကိုလည်း တိုးမြှင့်ပေးလိုက်သည်။
သို့ရာတွင် နောက်ကျသွားချေပြီ။ တစ်ခဏအတွင်းတွင် ဓားပျံပေါင်းမြောက်မြားစွာက ထိုအကျည်းတန် သတ္တဝါကြီးအား ထိုးဖောက်သွား၏။
လောက်ကောင်ကြီးက မည်မျှပင် ခုခံကာကွယ်သော်လည်း အချည်းနှီးသာဖြစ်သည်။ တခဏအတွင်း ၎င်း၏ကိုယ်က ဓားပျံတို့၏သတ်ဖြတ်စွမ်းအားအောက်တွင် ပြိုလဲကာ အပိုင်းပိုင်းအစစ ခုတ်ဖြတ်ခံလိုက်ရတော့သည်။
ခေါင်းသုံးလုံးသာ အနက်ရောင်မြူခိုးများထပ်မံမှုတ်ထုတ်လျက် အဝေးသို့ပျံထွက်သွားကြလေသည်။
သို့ရာတွင် ထိုသို့ပြေးရန်လွတ်မည်ဟုထင်ခြင်းကလည်း စိတ်ကူးယဉ်ခြင်းသာဖြစ်ကြောင်း ထင်ရှားနေသည်။ ထိုသားရဲဆိုးကြီး ကိုယ်က လဲပြိုသွားသည်နှင့် အမှုထမ်းဝတ်စုံနဲ့ ဓားကိုင်သူက ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူ့အမြန်နှုန်းက မြင့်လွန်းသဖြင့် ခဏတွင်းချင်း သူသည် ခေါင်းများအနီးသို့ရောက်ရှိလာသည်။ သူက ညာလက်ကိုမြှောက်လိုက်ရာ ဓားပျံမြောက်မြားစွာ စုစည်းလာပြီး အစိမ်းရောင်တောက်ပနေသည့် ဓားရှည်ကြီးတစ်လက် ဖြစ်လာသည်။
ထိုဓားမှာ အောက်သို့ခုတ်ပိုင်းကျလာသည်နှင့် အမျိုးသမီးခေါင်းက ကွဲထွက်သွားသည်။
ဒုတိယဓားချက်တွင် အမျိုးသားခေါင်းမှာ ပေါက်ကွဲထွက်သွားသည်။
ဓားကိုင်သူက တတိယဓားချက်အား ခုတ်ယမ်းလိုက်သည်။ ထိုဓားသည် ချက်ချင်းပျံထွက်သွားပြီး အစိမ်းရောင်ရေလွှမ်းနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်း ဟိန်းသံတစ်ချက်ပြုလိုက်ပြီး အဘိုးကြီးခေါင်းကို ဝါးမျိုသွားတောသည်။
တလောကလုံး တိတ်ဆိတ်သွားသည်။ မြေပြင်ရှိ ကျင့်ကြံသူအားလုံး ထိတ်လန့်အံ့အားသင့်နေမိကြသည်။
“မကြာသေးခင်က ကျုပ်တို့ ဓားကိုင်ရုံးတော်က ဝိညာဉ်သုံးပါးတောင်ကုန်းကို တိုက်ခိုက်ပြီး မြေအောက်နတ်သမီးကို ဖမ်းလာဖို့ ညွန်ကြားချက်လက်ခံရထားခဲ့တယ်။ ဒါ့ကြောင့် မိစ္ဆာနဲ့ တစ္ဆေအချို့က ဒီနေရာကိုလာ ချောင်းကြတာပဲ။”
ထိုလူကြီးက အေးဆေးစွာဆက်ပြောလိုက်သည်။
“ပြီးတော့ ကျူပ်တို့ဓားကိုင်ရုံးတော်ရဲ့ စည်းမျဉ်းကို ထပ်ပြောမယ်။ ဒီမြေကို လူသားတွေပဲ ခြေချခွင့်ရှိတယ်။”
ထိုလူကြီးက ညာလက်ကိုမြှောက်လိုက်ပြီး လက်ဟန်များအတွဲလိုက်ပြုလိုက်ကာ လီယုံကျောက်တိုင်ကြီးအား ချိန်ရွယ်ညွှန်လိုက်သည်။ ထိုချက်ချင်းပင် ကျောက်တိုင်ကြီးက တုန်ခါလာပြီး တိုက်ခိုက်ရေးဆန္ဒအားမာန်တို့ ပေါက်ကွဲထွက်လာတော့သည်။
၎င်းအားမာန်တွင် အရာအားလုံးကို အနိုင်ယူသုတ်သင်လိုသည့် တိုက်ခိုက်ရေးရှိန်ဝါတို့ပါဝင်နေပြီး အဘက်ဘက်သို့ တဝုန်းဝုန်းလှိုင်းထန်ထွက်သွားသည်။
ကီလိုငါးထောင်အချင်းဝက်ရှိသော ကောင်းကင်သို့ ပြင်းထန်သော တုန်လှိုင်းများပြန့်ထွက်သွားပြီး မြေပြင်တွင်လည်း ထိုနည်း၎င်း တုန်လှိုင်းများဖြာထွက်သွားသည်။ ထိုတိုက်ခိုက်ရေးဆန္ဒအားမာန်တို့က နတ်အာရုံတို့သယ်ဆောင်လျက် ကျင့်ကြံသူအားလုံးအား ဖြတ်တိုက်သွားသည်။
၎င်းသည် ဤနေရာကို အာရုံစိုက်ကြည့်နေကြသည့် ကျင့်ကြံသူအားလုံးအား အံ့မခန်းဖွယ်စစ်ထုတ်ကြည့်သွားသည့်အလားပင်။ တစ်ချိန်တည်းမှာပင် မြို့တွင်းနှင့် မြို့ပြင်တို့၌ တဖောင်းဖောင်းပေါက်ကွဲသံများ မြည်ဟိန်းပဲ့တင်သွားကြသည်။ မြို့ထဲရှိ လူရာချီက ရုတ်တရက်ပေါက်ကွဲကာ ချက်ချင်းသေဆုံးသွားကြသည်။
ကောင်းကင်၏ ခုနစ်နေရာရှစ်နေရာတို့တွင်လည်း ညည်းတွားအော်သံများထွက်လာကြသည်။
ထိုအရာအားလုံးပြီးဆုံးသွားချိန်တွင် ကမ္ဘာကြီးက ရှင်းလင်းသွားလေသည်။
ထိုလူကြီးကတော့ ခေါင်းပင် မလှည့်ပဲ ကောင်းကင်သို့ လျှောက်လှမ်းသွား၏။ သူသည် တိမ်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
မြေပြင်ကတော့ တိတ်ဆိတ်နေသည်။ အချိန်အတန်ကြာပြီးနောက်တွင်မှ ထိတ်လန့်အော်သံများ၊ ရေရွတ်သံများ ထွက်လာကြတော့သည်။ ရွှီချင်းက ပင့်သက်တစ်ချက်ရှိုက်သည်။ ဘေးတွင်ရှိသည့်ခေါင်းဆောင်မှာလည်း ထိုနည်းတူဖြစ်သည်။
အစောပိုင်းတွင် နတ်အာရုံက သူ့တို့ကိုလည်း ဖြတ်တိုက်သွားခဲ့သေးသည်။ သူကိုယ်တိုင်က လူဖြစ်ကြောင်းနဲ့ ပြဿနာရှိမည်မဟုတ်ကြောင့် သိနေသည့်တိုင် နတ်အာရုံအောက်တွင် ရွှီချင်းနှလုံးရပ်မတတ်ခံစားလိုက်ရသေးသည်။ သူ ပို၍ထိတ်လန့်ရသည်ကတော့ ဓားကိုင်ရုံးတော်၏ ကြီးမားပြင်းထန်လှသည့် ကြီးစိုးမှုအာဏာပင်ဖြစ်သည်။
ထိုအမှုထမ်းဝတ်စုံနှင့် လူကြီးမှာ ဝိညာဉ်သိုက်အဆင့်ဖြစ်နေပြီး ဗလာနတ္ထိအဆင့်မဟုတ်ကြောင်းထင်ရှားသည်။ သို့ရာတွင် သူ ထွက်လာပြီး တိုက်ခိုက်လိုက်ချိန်တွင် မြို့တွင်းသို့ရောက်ရှိနေခဲ့ကြသော ဂိုဏ်းပေါင်းစုံဘိုးဘေးတို့၏ အရှိန်အဝါများအားလုံး ဖိနှိပ်ခံရသည်။
“ဘိုးဘေးတွေကို ဖိနှိပ်ခဲ့တာက ဒီလူရဲ့ကျင့်ကြံဆင့်မဟုတ်ဘဲ နောက်ခံရာထူးပဲဖြစ်ရမယ်။”
လူသားမျိုးနွယ်၏ လမ်းမှန် အထက်ရုံးတော်ကြီးငါးခုထဲမှ တစ်ခုဖြစ်သည့် ဓားကိုင်ရုံးတော် ဖြစ်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်တွင် မြို့ထဲမှ ကျင့်ကြံသူတို့ သတိပြန်ဝင်လာကြ၏။ သူတို့၏မျက်လုံးများ တမုဟုချင်း တောက်လောင်လာကြသည်။ လူများစွာတို့က ထိုလီယုံကျောက်တိုင်ကြီးအဆုံးသို့ လှမ်းမျှော်ကြည့်ကြ၏။
၎င်းသည် ယင်ဟွမ်ဒေသကြီး၏ ဓားကိုင်ရုံးတော် အခြေစိုက်စခန်းဖြစ်သည်။
ဓားကိုင်ရုံးတော်၏ အင်အားပြသောပုံစံကြောင့် ဂိုဏ်းများနှင့် အဖွဲ့အစည်းများစွာတို့မှ တပည့်များအား ဓားကိုင်ရုံးတော်သို့ ဝင်လိုစိတ်များကို လှုံ့ဆော်သည်။ အထူးသဖြင့် ခေါင်းဆောင်မှာ ပို၍ စိတ်အားထက်သန်လာသည်။ သူသည် ဓားကိုင်တစ်ဦးဖြစ်လာရန် စိတ်ကူးယဉ်နေတော့၏။
ရွှီချင်းကလည်း ဓားကိုင်သူဖြစ်ရန် စိတ်ဝင်စားမိသော်လည်း သူ ပို၍ အလေးထားသည်ကား သည်မတိုင်ခင် လီယုံကျောက်တိုင်ကြီးထံမှ တုန်ခါမှု ဖြစ်သည်။
ထိုကျောက်တိုင်ကြီး တုန်ခါလှုပ်ရှားသွားချိန်တွင် သူ့စိတ်နယ်ပယ်ထဲတွင် တစေအင်ပါယာတောင်ကုန်းမှာလည်း တုန်ခါလှုပ်ရှားသွားကြောင်း သူ ခံစားမိ၏။ တစ်ချိန်ထဲမှာပင် တစေအင်ပါယာတောင်ကုန်းပေါ်တွင် ကမ္ပည်းစာ သုံးဆယ်ကျော် ဝဲပျံတက်သွား၏။
ထိုကမ္ပည်းစာတို့မှ ပြင်းထန်သော တိုက်ခိုက်ရေးဆန္ဒအားမာန်များ ထုတ်လွှတ်နေကြသည်။ ရွှီချင်းက ၎င်းတို့ကို အာရုံခံမိချိန်တွင် အတွေးများနက်လာ၏။
“ဒါက ခေါင်းဆောင်ပြောခဲ့တဲ့ တိုက်ပွဲဝိညာဉ်အမှတ်သားများလား။ ဒီပုံနဲ့ဆို တကယ်ရဖို့လွယ်နေတာပဲ။”
ရွှီချင်းက ထိုသို့တွေးလိုက်သော်လည်း ထိုကမ္ပည်းစာတို့က ခေါင်းဆောင်ပြောခဲ့သော ဝိညာဉ်အမှတ်သားများ ဟုတ်မဟုတ် သူ မသေချာသေးပါ။
ထိုအရာများအား သူ ထုတ်ယူနိုင်သည်ဟုလည်း ခံစားရ၏။
သူက လက်ကိုမြှောက်လိုက်ပြီး စိတ်ဖြင့် စေစားလိုက်ရာ အမှတ်သားများစွာထဲမှ တစ်ခုက စိတ်နယ်ပယ်ထဲ၌ ပျောက်ကွယ်သွားပြီး သူ့လက်ဖဝါးတွင် ပေါ်လာသည်။
အလင်းများတောက်ပလာပြီး တိုက်ခိုက်ရေးဆန္ဒအာမာန်များ ပို၍ပြင်းထန်စွာ ဖြာထွက်လာကြလျှင် ၎င်းကမ္ပည်းစာသည် မန္တန်အဖြစ် အသုံးပြုနိုင်ပြီး အတော်လေး အားကောင်းသော ပြင်းအားများ ပါဝင်သည်ဟု ခံစားရ၏။
“အစ်ကိုကြီး ဒီတိုက်ခိုက်ရေးဝိညာဉ်အမှတ်….”
ရွှီချင်းက နောက်လှည့်ကာ ခေါင်းဆောင်ထံသို့ ကြည့်လိုက်သည်။ သူ့မေးခွန်းမဆုံးသေးခင် စိတ်ကူးယဉ်နေသည့် ခေါင်းဆောင်က မျက်လုံးပြူးကာ ဖျပ်ခနဲကြည့်လာသည်။
“တိုက်ခိုက်ရေးဝိညာဉ်အမှတ်သားလား။ မင်းဘယ်တုန်းက ဆင်ခြင်နားလည်ခဲ့တာလဲ။ ဒီဟာက တော်တော်…လွယ်တာပဲ။ မဆိုးဘူး မဆိုးဘူး။ မင်း အမှတ်တွေပိုရလာမှာပဲ။”
ခေါင်းဆောင်က မှင်တက်အံ့သြလွန်းနေမိသော်လည်း ချက်ချင်းပင် အေးဆေးသောအမူအရာသို့ ဟန်လုပ်လိုက်၏။
“ခုနက လီယုံကျောက်တိုင်ကြီးတုန်ခါသွားခဲ့ချိန်မှာ ကျွန်တော့ စိတ်နယ်ပယ်ထဲ ဒီအမှတ်သားတွေ ပေါ်လာတာပါပဲ။”
ရွှီချင်းက ခေါင်းညိတ်လိုက်ရင်း သံသယမျက်လုံးများဖြင့် ကြည့်သည်။ ခေါင်းဆောင်ပုံစံက တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရစေသည်။
ခေါင်းဆောင်က ချောင်းဟန့်လိုက်ပြီး စိတ်နှလုံးထဲက မနာလိုမှုတို့ကို ချုပ်တည်းကာ ရယ်မောလိုက်၏။
“ချင်းလေး မင်းထိုးထွင်းဉာဏ်က မဆိုးဘူးပဲ။ ဒါပေမဲ့ ငါထက်တော့ နည်းနည်းနိမ့်နေသေးတယ်။ ငါလည်းအခုပဲ ဒီဟာကို နားလည်ရရှိနိုင်ခဲ့ပြီ။ ဒီတော့မင်း သိပ်ဝင့်ကြွားနေဖို့ မလိုဘူး။ ဝိညာဉ်အမှတ်သားတစ်ခုက ဘာမှမဟုတ်ပါဘူး။ ငါက အမှတ်သားငါးခု ရခဲ့တုန်းကတောင် ဘာမှ ထုတ်မပြောခဲ့ဘူးလေ။ ငါတို့က အမှတ်တိုးရနိုင်ဖို့ဆိုရင် ဝိညာဉ်အမှတ်သား အနည်းဆုံး ကိုးခုလောက် ရဖို့လိုတယ်”
ရွှီချင်းက သူ့စိတ်နယ်ပယ်ထဲရှိ တိုက်ခိုက်ရေးဝိညာဉ်အမှတ်သား ဆယ်ဂဏန်းတို့ထိရှိနေသည်ကို အာရုံခံမိသော်လည်း ထုတ်ပြောခြင်းမပြုတော့ပါ။ ထိုဝိညာဉ်အမှတ်သားတို့ ဆင်ခြင်ရရှိနိုင်သည့် ခက်ခဲမှုက ယခင် ခေါင်းဆောင် ရှင်းပြခဲ့သည်နှင့် အနည်းငယ် ကွဲလွဲနေပေသည်။
“ဟုတ်ပြီး မင်း ဆက်ပြီး ဆင်ခြင်သုံ့သလိုက်ဦး။ ငါက ဘိုးဘေးကို သွားတွေ့လိုက်ဦးမယ်။”
ခေါင်းဆောင်သည် ရွှီချင်းနှင့် ဝေးရာသို့ ခွာထွက်ကာ တခြားတစ်နေရာ၌ ဝိညာဉ်အမှတ်အသားတို့အား သုံ့သဆင်ခြင်လိုသည်။ ရွှီချင်းက ဝိညာဉ်အမှတ်သားတစ်ခု အလွယ်တကူ သုံးသပ်ရနိုင်ခြင်းကြောင့် သူ့မှာ ဖိအားများစွာ ခံစားနေရ၏။
ထိုကိစ္စက အလွန်လွယ်ကူသည်ဟု ပြောခဲ့ခြင်းက ဖိအားကို ပို၍ပင် တိုးလာစေသည်။ သူက အချိန်တိုအတွင်း ဆင်ခြင်သုံ့သနိုင်ခြင်း မရှိလျှင် အတော်လေး အရှက်ရဖွယ်ကိစ္စဖြစ်သည်။
ခေါင်းဆောင်ထွက်ခွာသွားသည်ကို မြင်လျှင် ရွှီချင်းက ထိုဝိညာဉ်အမှတ်သားတို့အား သေချာလေ့လာရန် တွေးလိုက်သည်။ ထို့ကြောင့် သူက သူနေထိုင်ရာနေရာသို့ ထွက်လာခဲ့၏။
သို့ရာတွင် သူတို့နှစ်ဦးက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်၌ပင် ခေါင်းဆောင်မှာ ရုတ်တရက် မျက်နှာအမူအရာ ပြောင်းသွား၏။ ရွှီချင်းက အများသုံးစကားဖြင့် ရည်ညွန်းခဲ့သည်ကို သတိထားမိလိုက်၏။
သူက မျက်လုံးပြူးသွားပြီး နောက်ကို လှည့်ကြည့်လိုက်သည်။
“နေပါဦး ရွှီချင်း မင်းခုနက အမှတ်သားတွေလို့ ပြောခဲ့တာလား။”
ရွှီချင်း၏ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားသည်။
“မင်း…မင်းဘယ်နှခု ရခဲ့တာလဲ။”
ခေါင်းဆောင်က သေချာအောင် မေးသည်။
ရွှီချင်းက ခေါင်းဆောင်အား တစ်ချက်ကြည့်လိုက်ပြီး လက်ကိုယမ်းလိုက်သည်။ ထိုချက်ချင်းတွင် ဝိညာဉ်အမှတ်သား သုံးဆယ်ခန့် ပျံထွက်လာပြီး သူ့လက်အား လျင်မြန်စွာ လှည့်ပတ်ကြကာ တိုက်ခိုက်ရေးဆန္ဒအားမာန်များ ထုတ်လွှတ်ကြ၏။
ခေါင်းဆောင် မှင်တက်မိသွားသည်။
“ဒါတွေအားလုံး အခုချက်ချင်းပဲ ပေါ်လာတာဟုတ်လား။”
“ဟုတ်တယ်လေ။ ခေါင်းဆာင် ပြောခဲ့တာမှန်တာပဲ။ ဒါက တော်တော်လွယ်တယ်။”
ရွှီချင်း မျက်တောင်ခတ်လိုက်သည်။
ခေါင်းဆောင်မှာကား ဆက်ပြောရန် အင်အားမရှိတော့ပါ။
သူက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လုံးဝ နောက်မလှည့်တော့ဘဲ ထွက်သွားသည်။ သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူသည် လီယုံကျောက်တိုင်ထံသို့သွားပြီး ဝိညာဉ်အမှတ်သားလေးဆယ်ရသည်အထိ ဆင်ခြင်သုံ့သရမည်။
“လေးဆယ်က စိတ်မချရသေးဘူး။ ခြောက်ဆယ်ရမှ ဖြစ်မယ်။”
ခေါင်းဆောင်၏နောက်ကျောကို ကြည့်ကာ ရွှီချင်း စိတ်ချမ်းသာသွားသည်။ ထို့နောက် သူက ပြန်လှည့်ကာ နေထိုင်ရာနေရာသို့ ပြန်လာ၏။
သူ၏နေရာသို့ ပြန်ရောက်လျှင် ပတ်ဝန်းကျင်၌ အတားအဆီးများ စီစဉ်နေရာချသည်။ ထို့နောက်တွင်မှ တင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်အမှတ်သားတို့အား လေ့လာ၏။
ဝိညာဉ်အမှတ်သားများစွာ အဘယ်ကြောင့် တပြိုင်နက်ပေါ်ထွက်လာရသည်ကို သူ သိလိုသည်။ ထိုကိစ္စက တစေအင်ပါယာတောင်ကုန်းတည်ရှိနေခြင်းနှင့် ဆက်စပ်နေ၏။ ထိုကိစ္စနှစ်ခုသည် အရင်းအမြစ်တစ်ခုတည်းမှ လာခြင်းဟု သူ ကောက်ချက်ချထားသည်။
မျက်စိတမှိတ်အတွင်း အချိန်သုံးရက်ကုန်လွန်သွား၏။
တတိယနေ့ညတွင် ဟွမ်ရီခွန်လည်း ရောက်ရှိလာသည်။
သူ ရောက်လာပြီးနောက်တွင် ရွှီချင်းအား သူက ကျောက်စိမ်းပေလွှာတစ်ချပ်အား လိုလားခြင်းမရှိသော ဟန်ပင်ဖြင့် ထုတ်ပေးသည်။
“ဘိုးဘေးက မင်းကို ပေးခိုင်းလိုက်တာ။”
ဟွမ်ရီခွန်၏ဘိုးဘေးမှာ နတ်မိမယ်ကျစ်ရွှမ်ဖြစ်သည်။
ရွှီချင်းလည်း ကျောက်စိမ်းပေလွှာကို တွန့်ဆုတ်စွာကောက်ယူလိုက်ပြီး အချိန်အတန်ကြာငြိမ်ကျသွားသည်။ သူ့နတ်အာရုံက ၎င်းပေလွှာထဲသို့ တိုးဝင်သွားလျှင် နတ်မိမယ်ကျစ်ရွှမ်၏ လေးတွဲကာ ဆွဲဆောင်မှုရှိလှသောအသံကို ကြားရ၏။
“ကောင်လေး အစ်မကြီးကို လွမ်းနေတာလား။”
ရွှီချင်းက တိတ်တဆိတ်သာ ထိုင်နေလိုက်သည်။
“မင်းမသွားခင် အစ်မအတွက်ချန်ထားခဲ့တဲ့ လက်ဆောင်ကို ငါ အရမ်းကြိုက်တာပဲ။”
ရွှီချင်းက လီယုံကျောက်တိုင်ဘက်သို့ တစ်ချက်လှမ်းကြည့်ကာ ခေါင်းဆောင်မှာ ထိုနေရာ၌ ရှိလောက်သည်ဟု တွေးလိုက်၏။
“မင်းရေးပို့ခဲ့တဲ့ စာကိုလည်း ငါ ဖတ်ခဲ့ရသေးတယ်။ မင်း စကားလုံးတွေ အတော်လေး ရဲတင်းနေတာ ပုံမှန်မဟုတ်ဘူးဆိုပေမဲ့…မင်းက ဒီထက် သန်မာချင်ပြီးတော့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ငါ့ကို မကြားစေချင်ဘူးဆိုတာကတော့… ငါတို့ချင်းတွေ့ဖို့မလွယ်လို့ စာလွှာနဲ့ပဲ ပြောစေချင်တယ် မဟုတ်လား။ ဒါကြောင့် ငါက ဟွမ်ရီခွန်ကို ကျောက်စိမ်းပေလွှာ ပို့ခိုင်းလိုက်တာပေါ့။”
ရွှီချင်း၏ မျက်လုံးတို့ ချက်ချင်းပြူးကျယ်လာသည်။
“ပြီးတော့ မင်းစာထဲမှာ ချန်အားညိုအတွက် အသနားခံထားပြီး ကတိတွေလည်း အများကြီးပေးထားတော့ ချန်အားညိုကိစ္စကို မေ့ထားလိုက်ကြတာပေါ့။ ငါက အခုသူနဲ့ ဆက်ငြင်းမနေတော့ပါဘူး။ ဒါပေမဲ့ မင်းကတိပေးထားခဲ့တာကိုတော့ မမေ့နဲ့ပေါ့။”
ရွှီချင်း အသက်ရှူနှုန်းတို့ မြန်ဆန်လာသည်။
“ငါက ခုတစ်ကြိမ် မင်းစကားကို နားထောင်ပြီး လီယုံကျောက်တိုင်ကို မသွားတော့ဘူး။ ဒီတော့ ရွှမ်ယုံဂိုဏ်းက လူတွေကို မင်းက ကူပြီးဂရုစိုက်ကြည့်ထားပေးပေါ့။”
“နောက်ပြီးရင်တော့ အမြန်ဆုံးပြန်လာခဲ့ပေါ့။… ဒါနဲ့ စာထဲမှာမင်းတောင်းဆိုထားသလိုခေါ်ဖို့ ကတော့ ကောင်လေး မင်းက တော်တော် စကားတတ်တာပဲ။ ဒါပေမဲ့ အဲဒီလိုခေါ်ဖို့ကတော့ မဖြစ်သေးဘူး။ မင်းရဲ့နောက်ပိုင်း စွမ်းဆောင်နိုင်မှုတွေအပေါ်မူတည်ဦးမှာပဲ။”
ရွှီချင်း၏နဖူးမှ သွေးကြောများ ဖောင်းကြွလာသည်။ သူက အချိန်အတန်ကြာတိတ်ဆိတ်သွားသည်။ သူ့စိတ်တို့ကို ပြန်ထိန်းချုပ်လိုက်ပြီးနောက်တွင် သူက ဝါးပေလွှာကို ထုတ်လိုက်ပြီး ခေါင်းဆောင်နာမည်ကို ရှာလိုက်သည်။ ထို့နောက် ၎င်းနာမည်နောက်က မေးခွန်းသင်္ကေတကို ပြင်းထန်စွာကြက်ခြေခတ်လိုက်တော့သည်။
***