ပြေးဖို့ရာ မြေမရှိ
Vol. 16 Ch. 226
အခန်း ၂၂၆ - ပြေးဖို့ရာ မြေမရှိ
Translator – Than Toe Aung
ဆူဇီမိုသည် မြေပေါ်သို့ လဲကျသွားပြီး.. သူ့အရိုးများနှင့် အရွတ်များက ကျိုးပျက်ကွဲထွက်ကုန်ပြီဟု ခံစားလိုက်ရ၏။ နာကျင်မှုကို တောင့်ခံရင်း.. သူသည် ညဝိညာဉ်ကို ဝတ်ရုံထဲမှ သေချာဂရုတစိုက် ထုတ်ယူ၍ ရင်ခွင်ထဲမှာ ပွေ့ပိုက်လိုက်၏။
ညဝိညာဉ်ကို သူစိုးရိမ်နေမိ၏။
သူလည်ပင်းက ဆုတ်ပြတ်ထွက်သွားသောကြောင့် ယုဖေး၏ အသက်သွေးက များစွာကုန်ဆုံးသွားခဲ့သော်လည်း.. ဘာပဲဖြစ်ဖြစ် သူက ရွှေအမြုတေအဆင့်သားရဲတစ်ကောင်သာ ဖြစ်လေသည်။ သူ၏ မသေခင် နောက်ဆုံးတိုက်ခိုက်မှုကပင် အတော်ကို ကြောက်စရာကောင်းနေပြီးဖြစ်၏။
ဆူဇီမိုသာ ညဝိညာဉ်၏ နေရာမှာဆိုလျှင်လည်း သူသည်လည်း အသက်ရှင်နိုင်ဦးမလား အာမမခံနိုင်ပေ။
သို့စေကာမူ.. ညဝိညာဉ်ကို အပြင်သို့ ထုတ်ကြည့်လိုက်ပြီးနောက် ဆူဇီမိုသည် အံ့သြမှင်တက်သွားရ၏။
တန်လင်းတောင်ကြားမှာတုန်းက ယုဖေး၏ ရိုက်ချက်ဖြင့် ညဝိညာဉ်၏ ခါးက သိမ်၍ချိုင့်ဝင်သွားတာကို ဆူဇီမိုသည် သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်ခဲ့ရ၏။ ထိုရိုက်ချက်က ၎င်း၏ ကိုယ်တွင်းအင်္ဂါများကို အပြင်းအထန်ဒဏ်ရာ ရစေနိုင်ပြီး.. အချိန်မရွေး အသက်ထွက်သွားစေလောက်၏။
သို့သော်လည်း အခုအခါမှာတော့ ညဝိညာဉ်က ပုံမှန်အတိုင်းလို ပြန်ဖြစ်နေလေပြီ။
ညဝိညာဉ်သည် ဆူဇီမို၏ ရင်ခွင်ထဲတွင် ငြိမ်ဝပ်နေပြီး သူ့ပါးစပ်မှ သွေးများလည်း မထွက်တော့သလို.. သူ့အသက်ရှူသံကလည်း နှေးနှေးနှင့် မှန်နေပြီဖြစ်၏။
သူသည် ဆူဇီမို၏ အကြည့်ကို ခံစားမိလိုက်သောအခါ.. ညဝိညာဉ်က ခေါင်းကိုမော့၍ သူ့၏ မျက်လုံးသေးသေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ကျောက်မျက်တုံးများလို နက်မှောင်နေပြီး.. ဆူဇီမိုကို ကြည့်နေသော သူ့မျက်လုံးများက အသက်ဓါတ်ဖြင့် ပြည့်ဝနေ၏။
လူတစ်ယောက်နှင့် တောကောင်တစ်ကောင်က တစ်ယောက်ကိုတစ်ယောက်ကို ကြည့်နေကြ၏။
“ဟဟ! ဟားဟား..!”
ညဝိညာဉ်က အဆင်ပြေသည်ကို တွေ့ရသောအခါ ဆူဇီမိုက သဘောကျကျေနပ်သွားပြီး.. ကျယ်လောင်စွာ အားပါးတရ ရယ်ချလိုက်၏။
“ဟီး.ရ!”
ဆူဇီမိုပျော်နေသည်ကို ခံစားမိကာ ညဝိညာဉ်ကလည်း သူ့ပ့ါးစပ်လေးကို ဟ၍ တုန့်ပြန်အော်ဟစ်လိုက်၏။
ဆူဇီမိုက ညဝိညာဉ်ကို မ,ယူလိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်၏။
ညဝိညာဉ်၏ ဆဲလ်အသစ်ပြန်လည် မွေးဖွားနှုန်းက အလွန်တရာ အားကောင်းလှကြောင်း ဆူဇီမိုသည် တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။
၎င်းက အပြည့်အဝပြန်လည် မကောင်းမွန်သေးသော်လည်း.. သူ၏ အတွင်းအင်္ဂါများမှ ဒဏ်ရာများက စတင်ကျက်လာပြီး.. ကျိုးသွားသော အရိုးများကလည်း ပြန်ဆက်နေပြီဖြစ်ကြောင်း သူသိလိုက်ရ၏။
တန်လင်းတောင်ကြားမှ ပြေးလာခဲ့ချိန်မှ အခုအချိန်အထိ ညဝိညာဉ်သည် မည်သည့် ဆေးလုံးကိုမျှ မသောက်သုံးခဲ့ရဘဲ.. သူ့ခန္ဓာကိုယ်၏ ကိုယ်ပိုင်ပြန်လည်ချိန်ညှိပြင်ဆင်နိုင်စွမ်းသက်သက်ကိုသာ မှီခိုခဲ့ရ၏။
ညဝိညာဉ်သည် မွေးဖွားလာသည်မှာ တစ်လလောက်သာ ရှိသေးလေသည်။
တစ်ကယ်တော့.. ညဝိညာဉ်၏ အလားအလာက အရမ်းကောင်းလေလေ.. သူကြီးထွားဖို့အတွက် ထောက်ပံ့ရမည့် အရင်းအမြစ်ကလည်း တော်တန်ရုံနှင့် မရလေလေ ဖြစ်မည်။
သူက ကြမ်းကြုတ်သားရဲပေါက်လေးတစ်ကောင် ဖြစ်မည်ဆိုလျှင်.. ပုံမှန်အားဖြင့် သူ့မိဘများကလည်း မူလသွေးမျိုးဆက်ကြမ်းကြုတ်သားများ ဖြစ်ပေလိမ့်မည်။ သူတို့က အလွန်တရာ စွမ်းအားကြီးသောကြောင့် သူတို့၏ကလေး ကြမ်းကြုတ်တောကောင်လေးအတွက်. လုံလောက်သည့် အစားအစာနှင့် လိုအပ်သည့် အရင်းအမြစ်များကို ဖြည့်ဆည်းပေးနိုင်လိမ့်ပေမည်။
သို့စေကာမူ.. ယခုအခါမှာတော့ ဆူဇီမိုက အလယ်အလတ်အခြေတည်အဆင့် တစ်ယောက်သာဖြစ်ပြီး.. ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ့မှာညဝိညာဉ်ကို ပြုစုပျိုးထောင်ပေးဖို့ ဘာမျှ မယ်မယ်ရရ မရှိပေ။
သူသည် သိုလှောင်အိတ်ထဲကနေ ယန်ဖေး၏ အတွင်းအမြုတေကို ထုတ်ယူလိုက်ပြီး.. ညဝိညာဉ်ကို စားသုံးစေဖို့ အလို့ငှာ နှားခေါင်းဝမှာ တေ့ပေးလိုက်၏။
ညဝိညာဉ်၏ ချောင်းမြောင်းလုပ်ကြံမှုကြောင့်သာ မဟုတ်လျှင် အခုလောက်ဆို ဆူဇီမိုက သွေးနီရောင်ဝတ်လူငယ်၏ သွေးကျွန်တစ်ယောက် ဖြစ်နေလောက်ပေပြီ။
ထို့ကြောင့် သူသည် အနည်းငယ်ကလေးတောင် နှမြောတွန့်တိုမနေဘဲ.. အတွင်းအမြုတေကိုထုတ်၍ ညဝိညာဉ်အား ကျွေးလိုက်၏။
သူ့နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်ပြီးနောက် ညဝိညာဉ်က နှာတစ်ချက်ချေကာ.. ခေါင်းကို တစ်ဖက်သို့ ချာကနဲလှည့်၍ နှုတ်ခမ်းကို စူလိုက်၏။ သူ့မျက်လုံးများက ရွံရှာအထင်သေးမှုကို ဖော်ပြနေ၏။
“အေ့..”
ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် ပြောစရာစကားမဲ့သွားရ၏။
ထိုအတွင်းအမြုတေက ယခုသူ့မှာရှိသော အရာများထဲ တန်ဖိုးအရှိဆုံးဟု ပြောလို့ရ၏။
ထိုအရာကိုပင် ညဝိညာဉ်က အထင်သေးစက်ဆုပ်လိမ့်မည်ဟု ဆူဇီမိုသည် ထင်မထားခဲ့ပေ။
“ဒီလောက်ကောင်းတဲ့ဟာကိုတောင် လက်မခံဘူးဆိုတော့ မင်းက ရူးနေတာပဲ ဖြစ်ရမယ်”
ညဝိညာဉ်နှင့်အတူ သေဘေးမှ ပွတ်ကာသီကာ လွတ်မြောက်လာ၍ ရှင်သန်ခွင့်ရလိုက်သောအခါ.. ဆူဇီမို၏ စိတ်အခြေအနေက ကောင်းမွန်နေပြီး.. ဟာသနှောစနောက်လိုက်၏။ သူသည် အတွင်းအမြုတေကို ပြန်သိမ်းထားလိုက်ပြီး နောက်မှ သူ့ဘာသာစားဖို့ ဆုံးဖြတ်ထားလိုက်၏။
“ငါမင်းကို အရင် ခဏချထားရဦးမယ်.. ငါ အစီအရင်ဝင်္ကပါနဲနဲလောက် ခင်းကျင်းချင်လို့.. ငါတို့ ဒီနေရာမှာ နှစ်ရက်သုံးရက်လောက်တော့ ပုန်းနေကြတာပေါ့”
ဆူဇီမိုက ညဝိညာဉ်ကို စကားပြောလိုက်၏။
ညဝိညာဉ်က ဆူဇီမိုကို တွယ်ကပ်ထားလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ထပ်ကာထပ်ကာ တိုးဝင်လိုက်၏။ ဤနေရာက သူ့အတွက် သက်တောင့်သက်သာ အရှိဆုံးနေရာတစ်ခုလိုပင်။
ဆူဇီမိုကလည်း ငြင်းဆန်မနေတော့ဘဲ ထိုကောင်လေးကို သူဝတ်ရုံစထဲ ထိုးထည့်လိုက်ပြီး.. လိုဏ်ဂူပေါက်ဝသို့ လျှောက်လာကာ.. ဝင်္ကပါအစီအရင်များကို စတင်ခင်းကျင်းလိုက်၏။
သူ့သွေး၏ သုံးပုံတစ်ပုံကို လောင်ကျွမ်းစေပြီးနောက် ယခုအခါ ဆူဇီမိုမှာ အလွန်တရာ အားနည်းနေပြီဖြစ်၏။
သို့သော်လည်း သူ အနားမယူရဲသေးပေ။
သူသည် စက္ကန့်ပိုင်းတောင် အချိန်မဖြုန်းရဲဘဲ.. ဝင်္ကပါအစီအရင်နှစ်ထပ်လောက်ကို ခင်းကျင်းပြီးမှသာ သူ့စိတ်က အနည်းငယ် သက်တောင့်သက်သာ ရှိလာ၏။
သို့သော်လည်း ဝင်္ကပါလမ်းကြောင်းနှစ်ခုကို ခင်းကျင်းပြီးလို့ သိပ်မကြာမီ ဆူဇီမိုသည် ရုတ်တရတ် ရပ်တန့်လိုက်၏။ သူ့ရင်ထဲမှ အလွန်တရာ ထူးဆန်းသည့်ခံစားချက်တစ်ခုက လှိုက်တက်လာ၏။ သူသည် ပစ်မှတ်ထားခံနေရသလိုမျိုးဖြစ်၏။
အန္တရာယ်သတိပေးချက်မျိုး မဟုတ်ပေ။
သို့သော်လည်း.. ဆူဇီမိုသည် တစ်ခုခုလွဲမှာနေသည်ဟု ခံစားမိနေ၏။
ပုန်းလျှိုးနေသော မျက်လုံးတစ်စုံက တစ်နေရာရာကနေ သူ့ကို စိုက်ကြည့်နေသလိုပင်။
သူသည် အမူအယာမပျက် ပုံမှန်လိုပင် ဝင်္ကပါလမ်းကြောင်းများကို ဆက်လက်ခင်းကျင်းနေလိုက်၏။ သို့သော်လည်း သူသည် ပတ်ဝန်းကျင်ကို ဆက်တိုက်လေ့လာအကဲခတ်ကြည့်နေပြီး ထိုမအီမသာခံစားချက်က ဘယ်ကနေ လာသလဲဆိုတာ ကြိုးစားရှာဖွေကြည့်နေ၏။
အတန်ငယ်ကြာသွားသော်လည်း.. ဆူဇီမိုသည် ဘာကိုမျှ မတွေ့ရပေ။
“ငါ ထင်ယောင်ထင်မှား ဖြစ်နေတာလား”
သူသည် မျက်မှောက်ကြုတ်ပြီး အတွေးနက်နေမိ၏။
ဒါက ထင်ယောင်ထင်မှား ဖြစ်သာဆိုလျှင် တော်သေး၏။ သို့မဟုတ်ပါက..
ထိုအချိန်မှာပင် ညဝိညာဉ်က ဆူဇီမို၏ ရင်အုပ်ထဲကနေ ခေါင်းပြူထွက်လာ၏။
“ဟီး.ရ!”
ညဝိညာဉ်က အသံပြုလိုက်၏။
ဆူဇီမိုက ညဝိညာဉ်၏ အော်သံကို သိပ်အလေးမထားမိဘဲ သူ့ဟာသူသာ အတွေးနက်နေမိ၏။
“ဟီး.ရ! ဟီး.ရ!”
ခဏကြာပြီးနောက်.. ဆူဇီမိုက သူ့အား လျစ်လျူရှုထားသည်ကို မြင်ရသောအခါ ညဝိညာဉ်က နောက်ထပ်နှစ်ကြိမ် ထပ်အော်လိုက်၏။ သူသည် လက်သည်းများကို မထုတ်ဘဲ သူလက်ဖဝါးဖြင့် ဆူဇီမို၏ ရင်ဘတ်ကို ကုတ်ခြစ်လိုက်၏။
“ဘာဖြစ်လို့လဲကွ”
သူသည် သတိပြန်ကပ်လာပြီး ခေါင်းကိုငုံ့ကာ မေးလိုက်၏။
ညဝိညာဉ်က သူ့ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထက် တစ်နေရာကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူ၏ နက်မှောင်နေသော မျက်ဆံထဲတွင် အလွန်သေးငယ်သော အလင်းစက်လေးက ရောင်ပြန်ဟပ်နေ၏။
“အို့”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရတ် ခေါင်းမော့ကြည့်လိုက်၏။
ကောင်းကင်အထက်.. တိမ်စိုင်များကြားထဲတွင်.. နက်မှောင်နေသော အစက်လေးတစ်စက်က ပုန်းလျှိုးနေပြီး ခပ်ရေးရေးသာ မြင်နိုင်၏။
ထိုအကွာအဝေးအရ.. သာမန်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာဖြစ်လျှင်.. သူတို့၏ အမြင်အာရုံက ထိုမျှအထိ ရောက်နိုင်မည်မဟုတ်ဘဲ ကောင်းကင်ထက် ကခုန်နေသော ထိုအမည်းစက်လေးကို သတိထားမြင်မိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ အမြင်အာရုံ အလွန်တရာ ထက်ရှလှပြီး.. ထိုအမည်းစက်လေးက သွေးကျီးကန်းတစ်ကောင်ဖြစ်သည်ဆိုတာ တန်းပြီး မှတ်မိလိုက်၏။
ထိုမျှသာမဟုတ်ဘဲ.. တိမ်စိုင်များအကြားတွင် နောက်ထပ်အမည်းစက်လေးများလည်း ရှိနေသေး၏။
ထိုသွေးကျီးကန်းများ၏ လမ်းညွှန်ပေးပို့မှုအရဆိုလျှင်.. ရွှေအမြုတေအဆင့်တစ်ယောက်က သူတို့၏ နေရာကို ရှာတွေ့သွားဖို့ သိပ်ကြာတော့မည် မဟုတ်ပေ။
ရုတ်တရတ် ဆူဇီမိုသည် ကျောရိုးတစ်လျှောက် စိမ့်တက်လာပြီး ချမ်းတုန်လာ၏။
သူသည် နောက်ကလိုက်လာသူများကို လုံးဝ ခါချနိုင်ခြင်း မရှိသေးပေ။
သူသည် တစ်ခုခု လွဲမှားနေတာကို သတိမထားမိ၊ ညဝိညာဉ်ကလည်း သူ့ကို သတိမပေးဘူးဆိုလျှင်.. သူသည် ဘယ်လိုဘာကြောင့် ဆိုတာပင် သိလိုက်မည်မဟုတ်ဘဲ.. ရွှေအမြုတေများ၏ ဝိုင်းဝန်းပိတ်ဆို့သတ်ဖြတ်ခြင်းကို ခံရပေတော့မည်။
ပြေးစမ်းကွာ!
ဆူဇီမိုခေါင်းထဲ အရင်ဆုံးပေါ်လာသည့်အတွေးမှာ ဆက်လက်ထွက်ပြေးဖို့ပင်။
သို့သော်လည်း ဘယ်နေရာကို သူထွက်ပြေးရပါမည်လဲ။
သွေးကျီးကန်းများက များပြားလွန်းလှ၏။ ထို့အပြင်.. သူတို့က အလွန်မြန်ဆန်ပြီး အနံ့ခံအာရုံလည်း ကောင်းလှ၏။ ဆူဇီမို ဘယ်နေရာကိုပြေးပြေး သူတို့က လိုက်မီနေမည်သာ ဖြစ်လေသည်။
သွေးကျီးကန်းများ၏ သူ့ရန်သူ၏ ကင်းထောက်မျက်လုံးများဖြစ်ပြီး နေရာတိုင်းမှာ ရှိနေ၏။
ဆိုလိုသည်မှာ ဆူဇီမိုက သူ့ရန်သူ၏ မျက်စိဒေါက်ထောက်စောင့်ကြည့်နေမှုအောက်မှာ အမြဲတမ်းရှိနေသည့်သဘောပင်။
ပြေးစရာမြေ မရှိတော့လေပြီ။
ထို့အပြင် သူ့အခြေအနေက အလွန်တရာဆိုးလှ၏။ စောစောက လောင်ကျွမ်းသွားခဲ့သော သူ့သွေးများကို ပြန်လည်မဖြည့်တင်းရသေးဘဲ.. သူ့မှာ မည်သည့်စွမ်းအင်မျှ မကျန်ရှိတော့ပေ။
သူဘာလုပ်ရမလဲ။
ဆူဇီမိုသည် သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီး သူ့စိတ်ကိုတည်ငြိမ်ဖို့ အကောင်းဆုံးကြိုးစားကာ.. ဤအခြေအနေမှ ရုန်းထွက်နိုင်မည့်နည်းလမ်းတစ်ခုကို အကြိတ်အနယ်စဉ်းစားလိုက်၏။
ထိုသွေးကျီးကန်းများ၏ မျက်စိအောက်မှ လွတ်မြောက်နိုင်ဖို့ နည်းလမ်းတစ်ခုတော့ ရှိရမည်ဟု သူယုံကြည်လေသည်။
အတန်ငယ်ကြာပြီးနောက် ဆူဇီမိုက ရုတ်တရတ် မျက်စိနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ့မှာ အကြံတစ်ခု ရလာပေပြီ။
သူသည် သိုလှောင်အိတ်ထဲမှ သားရဲအတွင်းအမြုတေကို ထုတ်ယူလိုက်ပြီး တစ်ခါတည်း မျိုချလိုက်၏။
ဆူဇီမိုသည် သွေးစတေးထွက်ပြေးခြင်းကို နောက်တစ်ကြိမ် ထပ်သုံးဖို့ ပြင်ဆင်လိုက်၏။
သွေးစတေးထွက်ပြေးခြင်းကို နှစ်ကြိမ်ဆက်တိုက်အသုံးပြုမည်ဆိုပါက.. သူ့သွေးများ၏ သုံးပုံနှစ်ပုံသည် လောင်ကျွမ်းကုန်ဆုံးသွားမည်ဖြစ်ပြီး.. သူသည် အသက်သေဆုံးရဖို့ အခွင့်များလေသည်။
သို့သော်လည်း သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။
ကြိုတင်ကာကွယ်သည့်အနေဖြင့် အတွင်းအမြုတေကို ကြိုတင်စားသုံးထားဖို့သာ သူတတ်နိုင်လေတော့သည်။
ယခုအခါ ဆူဇီမိုသည် သူ၏ အားအနည်းဆုံး အခြေအနေမှာ ရှိနေ၏။ သူသာ သွေးစတေးထွက်ပြေးခြင်းကို မသုံးဘူးဆိုလျှင် သူသည် သိပ်ပြီး ဝေးဝေးရောက်အောင် ပြေးနိုင်မည်မဟုတ်ဘဲ.. ရွှေအမြုတေများက သူ့ကိုကျိန်းသေပေါက် လိုက်မီလာလိမ့်ပေမည်။
သိုလှောင်အိတ်ထဲကနေ မြေပုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဆူဇီမိုက စေ့စပ်သေချာစွာ ကြည့်ရှုလိုက်၏။
များမကြာမီ သူသည် မြေပုံကို ပြန်သိမ်းလိုက်ပြီး.. သွေးစတေးထွက်ပြေးခြင်းကို စတင်အသက်သွင်းလိုက်၏။ သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး ဦးတည်ဘက်တစ်ခုဆီသို့ လျှစ်ကနဲ ပြေးထွက်သွား၏။