ကျိရွှေမြစ်
Vol. 16 Ch. 227
အခန်း ၂၂၇ - ကျိရွှေမြစ်
Translator – Than Toe Aung
သည်တစ်ကြိမ်တွင်တော့.. ဆူဇီမိုသည် ဦးတည်ရာမဲ့ ပြေးနေတာမျိုး မဟုတ်တော့ပေ။
သွေးကျီးကန်းများ၏ မျက်စိဒေါက်ထောက်စောင့်ကြည့်မှုမှ လွတ်မြောက်နိုင်မည့် တစ်နေရာသာ ရှိလေသည်။
ကျိရွှေမြစ်!
ဘာပဲပြောပြော.. သွေးကျီးကန်းများက အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲများသာ ဖြစ်၏။ သူတို့မှာ အတွင်းအမြုတေများ မရှိသေးသောကြောင့် အတွင်းပိုင်းအသက်ရှူမှုကို မပြုလုပ်နိုင်ကြပေ။ ထို့ကြောင့် သူတို့သည် ကျိရွှေမြစ်ထဲသို့ ငုပ်လျှိုးနိုင်ကြလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုကတော့ ခြားနား၏။
သူက အင်မော်တယ်လမ်းစဉ်ရော၊ သားရဲလမ်းစဉ်ကိုပါ ကျင့်ကြံ၏။ သူ့မှာ အတွင်းအမြုတေ မရှိသေးသော်လည်း.. သူသည် စိတ်ဝိညာဉ်စွမ်းအင်ကိုသုံး၍ အကာအကွယ်အလွှာတစ်ခု ဖန်တီးကာ ရေများကို တွန်းကန်ထားနိုင်၏။
မြေပုံက ညွှန်ပြထားသည်မှာ.. ကျိရွှေမြစ်က မဟာကျိုးအင်ပါယာတစ်ခုစလုံးကို ဖြတ်စီးနေ၏။
ကျိရွှေမြစ်က ဘယ်နေရာက စတင်ပြီး ဘယ်နေရာမှာ အဆုံးသတ်သလဲဆိုတာ မည်သူမျှ မသိကြပေ။ မြေပုံကလည်း ထိုအရာကို ဖော်ပြမထားပေ။
သို့သော်လည်း အဲ့ဒါက အရေးမကြီးပေ။ ဆူဇီမိုလုပ်စရာရှိသည်မှာ ကျိရွှေမြစ်ထဲ ဒိုင်ဗင်ထိုးခုန်ချပြီး ရေစီးကြောင်းအတိုင်း လိုက်ပါသွားဖို့ပင်။ ထိုသို့ဖြင့် သူသည် သွေးကျီးကန်းများကို မျက်ခြေဖြတ်နိုင်လိမ့်ပေမည်။
ဆူဇီမိုသည် တစ်ညလုံး မအိပ်စက်ဘဲ ပြေးလွှားနေခဲ့၏။ နောက်တစ်နေ့မနက်ခင်းမှာတော့.. သူသည် ကျိရွှေမြစ်ကမ်းပါးသို့ ရောက်ရှိလာခဲ့ပေပြီ။
သူရောက်လာသည့်ခဏ၌ ဆူဇီမို၏ပုံစံက ဖြူဖတ်ဖြူရော်နှင့် အမြင်အာရုံက ဝေဝါးလာပေပြီ။
သူသာ ထိုသားရဲအတွင်းအမြုတေကို ကြိုတင်စားသုံးမထားခဲ့လျှင် သူသည် သွေးစတေးထွက်ပြေးခြင်းကို နှစ်ခါဆက်တိုက် အသုံးပြုခဲ့သည့်အတွက် အခုလောက်ဆို အသက်ထွက်နေလောက်ပေပြီ။
လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာက ဘယ်လောက်ပင် သန်မာကြံ့ခိုင်လှသည်ဖြစ်ပါစေ.. သူတို့သွေးအဆီအနှစ်၏ သုံးပုံနှစ်ပုံ လောင်ကျွမ်းသွားခြင်းကိုတော့ ခံနိုင်ရည်ရှိကြလိမ့်မည် မဟုတ်ပေ။
သည်တစ်ကြိမ်တွင် သူသည် လုံးဝ ပင်ပန်းနုန်းချိနေပေပြီ။
ဆူဇီမိုသည် ဒယီးဒယိုင်နှင့် ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ.. မြစ်ထဲသို့ ခေါင်းငိုက်စိုက်ကျသွာ၏။
“ဗွက်.. ဗွက်.. ဗွက်!”
ရေမျက်နှာပြင်ပေါ်တွင် ရေဂယက်များက ပလုံစီထသွား၏။
ဆူဇီမိုသည် ရေထဲတွင် မျက်နှာကို ခဏနှစ်ထားပြီးနောက် ပြန်ထ၍ ဦးခေါင်းကို လှုပ်ခါကာ ကြိုးစား၍ မတ်တပ်ထရပ်လိုက်၏။ သူ့စိတ်က အနည်းငယ်တော့ ရှင်းလင်းသွားပေပြီ။
ညဝိညာဉ်က ဆူဇီမို၏ ဝတ်ရုံကြားထဲကနေ ထွက်လာ၍ မြစ်ရေထဲ ခဏကူးခတ်ပြီးနောက် ပေါ်လောကိုယ်ဖော့၍ မျောနေလိုက်၏။
ကြည့်ရသည်မှာ ညဝိညာဉ်က ရေထဲတွင်လည်း ကောင်းကောင်းနေနိုင်ပုံရ၏။
ဆူဇီမိုသည် အံကြိတ်၍ ညဝိညာဉ်ကို ပွေ့ပိုက်လိုက်၏။ သူသည် ကြိုးစားပမ်းစား အားထုတ်၍ စိတ်ဝိညာဉ်အကာအရံတစ်ခုကို ဆင့်ထုတ်လိုက်၏။ နောက်ဆုံးမှာတော့.. သူသည် ကျိရွှေမြစ်ထဲသို့ ခုန်ချ၍ လုံးပျောက်ကွယ်သွားခဲ့၏။
မြစ်ရေက အေးစက်နေ၏။
သူ၏ မျိုးဆက်သွေးအများစုကို လောင်ကျွမ်းထားစေသော လူတစ်ယောက်အတွက် ထိုအေးစက်မှုအတိုင်းအတာက အရိုးထဲထိ စိမ့်ဝင်လာလေ၏။
ဆူဇီမိုသည် ညဝိညာဉ်ကို တင်းကျပ်စွာ ပွေ့ဖက်၍ အောက်သို့ ထိုးဆင်းရင်း.. နဖူးမှခြေဖျား သူ့တစ်ကိုယ်လုံး ချမ်းတုန်လာ၏။
သူသည် စိတ်ဝိညာဉ်ကို စုစည်းလိုက်ပြီး နည်းနည်းကလေးမျှ နမော်နမဲ့ မလုပ်ရဲဘဲ.. သူ့ဘယ်ဘက်လက်ထဲတွင် ထိပ်တန်းအဆင့်ဓါးပျံကို ဆုပ်ကိုင်ကာ ပတ်ဝန်းကျင်တစ်ခွင်ကို အဆက်မပြတ် လေ့လာအကဲခတ်နေ၏။
ကျိရွှေမြစ်က သိပ်ပြီး ရင်းနှီးဖော်ရွေတတ်သော နေရာမျိုး မဟုတ်ပေ။
ဤမြစ်ထဲရှိ အန္တရာယ်ကျရောက်နိုင်စွမ်းက တောကြီးမျက်မည်းထဲမှာ သွားနေရတာအောက် မလျော့ကျပေ။
ကျိရွှေမြစ်အတွင်း၌လည်း ချောင်းမြောင်းနေကြသော စွမ်းအားကြီးသားရဲများစွာ ရှိလေသည်။
သတိလက်လွတ်ဖြစ်သွားလျှင် ဒီနေရာမှာလည်း သူသေသွားနိုင်၏။
ဆူဇီမိုသည် သိပ်ပြီးနက်နက်လည်း မငုပ်ရဲပေ။
ပုံမှန်အားဖြင့်တော့.. ပိုမိုသန်မာသည့် သားရဲများက ရေအောက်အနက်ပိုင်းမှာ ကျင်လည်ကျက်စားတတ်ကြ၏။
ယခုအခါ ဆူဇီမိုအနားတစ်ဝိုက် လှည့်ပတ်သွားလာနေကြသော အကောင်များမှာ မည်သို့ကျင့်ကြံရမည် စတင်သင်ယူကာစဖြစ်သော ချီစုဖွဲ့မှုအဆင့်စိတ်ဝိညာဉ်သားရဲများသာ ဖြစ်ကြလေသည်။ ရေမှာနေကြသော သားရဲအများစုမှာ ကြည့်လိုက်လျှင် သိသာထင်သာ ရှိလေသည်။
ထိုစိတ်ဝိညာဉ်သားရဲများက သူ့ကို ခပ်လှမ်းလှမ်းကနေသာ လိုက်ကြည့်နေပြီး တစ်ကောင်မျှ အနားကို မကပ်ရဲကြပေ။
ရုတ်တရတ်..
သူတို့သည် ကြောက်လန့်စရာ တစ်စုံတစ်ရာနှင့် ကြုံတွေ့လိုက်ရသလို.. စိတ်ဝိညာဉ်သားရဲများသည် အလွန်တရာ လျှင်မြန်စွာ ကြောက်လန့်တကြား ပြန့်ကျဲပြေးထွက်ကုန်ကြ၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ စိတ်ထဲတွင်လည်း အန္တရာယ်သတိပေးသံက မြည်လာ၏။
ရှေ့တည့်တည့် ဦးတည်ဘက်မှ မြစ်ရေများက တစ်ဖက်တည်းသို့ လှိုင်းထန်၍ တစ်လိပ်လိပ်တက်လာ၏။ ထိုရေလှိုင်းများကြားထဲတွင် ဒေါမာန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့် အံ့မခန်းအော်ရာက ပြည့်နှက်နေ၏။
ထိုအရာက စိတ်ဝိညာဉ်သားရဲတစ်ကောင်ပင်..
အခြေတည်အဆင့်စိတ်ဝိညာဉ်သားရဲတစ်ကောင်က ပေါ်လာချေပြီ။
ဇီ.. ဇီ.. ဇီ..!
ဆူဇီမိုသည် သူ့ဒန်ထျန်ထဲမှ နာကျင်မှုကို တောင့်ခံရင်း.. စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်၍ ထိုးသွင်းလိုက်၏။
သူ့ဓါးပျံက အဆက်မပြတ် တုန်ခါလာ၏။
ဆူဇီမိုတစ်ယောက် သူ့ဓါးပျံကို အသက်သွင်းရသည့် အကြောင်းမှာ ထိုစိတ်ဝိညာဉ်သားရဲနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့ပင် ဖြစ်လေသည်။ သို့သော်လည်း သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာပြီးနောက် ဓါးပျံကို ပြန်ရုတ်သိမ်းလိုက်၏။
ဝှစ်..
စိတ်ဝိညာဉ်သားရဲက ရေလှိုင်းကြားထဲက ထွက်ပေါ်လာပြီး.. ဆူဇီမိုသည် ၎င်းကို သေချာမြင်လိုက်ရပြီ ဖြစ်လေသည်။
ချပ်ဝတ်စိမ်းမိချောင်း!
ချပ်ဝတ်စိမ်းမိချောင်းက ကျိရွှေမြစ်ထဲတွင် တွေ့ရတတ်သော သားရဲတစ်မျိုး ဖြစ်လေသည်။ သူသည် သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်နှင့် ထိုခန္ဓာကိုယ်ကြီးကို တစ်ကိုယ်လုံး ဖုံးအုပ်ပေးထားသည့် အလွန်မာကျောသော အရေခွံကြောင့် ထိုချပ်ဝတ်စိမ်းမိချောင်းဟူသော နာမည်ကို ရထားခြင်း ဖြစ်လေသည်။
ချပ်ဝတ်စိမ်းမိချောင်းက ရေထဲတွင် အလွန်တရာ လျှင်မြန်ပြီး ၎င်းက တခဏအတွင်း ဆူဇီမို၏ ရှေ့မှောက်သို့ ရောက်လာခဲ့၏။
ထိုအချိန်တွင် ဆူဇီမိုသည် ကြီးမားသည့် တောင်ကုန်းတစ်ခုနှင့် ရင်ဆိုင်နေရသလို ခံစားလိုက်ရ၏။
ရွှစ်..
ဆူဇီမို၏ အရှေ့သို့ ရောက်လာပြီးပြီးချင်းမှာပင်.. ချပ်ဝတ်စိမ်းမိချောင်းက သူ၏ ကြီးမားလှသည့် ပါးစပ်ကြီးကို ဟလိုက်ပြီး ဆူဇီမိုကို မြစ်ရေများနှင့်အတူ တန်းပြီး မျိုချလိုက်၏။
ဆူဇီမိုက ချပ်ဝတ်စိမ်းမိချောင်း၏ အာခေါင်ထဲတွင် မတ်တပ်ရပ်လိုက်၏။ သူသည် ထိုအထဲတွင် အလွန်သေးငယ်နေပုံရသော်လည်း အလွန်တရာ တည်ငြိမ်နေ၏။
ချပ်ဝတ်စိမ်းမိချောင်းက သူ၏ အောက်မေးရိုးကို စေ့မလို့ လုပ်တုန်းမှာပင်.. ဆူဇီမိုက သူ၏ ထိပ်တန်းအဆင့်ဓါးပျံကို ထုတ်ယူလိုက်ပြီး ၎င်းအပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်လေးခုကို အသက်သွင်းလိုက်၏။ သူက အေးစက်စွာ ပြောလိုက်၏။
“မင်း နဲနဲလေးမှ မလှုပ်ရင် ကောင်းလိမ့်မယ်!”
ထိုအချိန်တွင် ညဝိညာဉ်ကလည်း သူ့လက်သည်းများကိုထုတ်၍ ချပ်ဝတ်စိမ်းမိချောင်း၏ လျှာပေါ်တွင် သူ့လက်ဖဝါးနှစ်ဖက်ကို ညင်သာစွာ တင်ထားလိုက်၏။
သူသည် ခွန်အား များစွာ မစိုက်ထုတ်ရသေးသော်လည်း.. ချပ်ဝတ်စိမ်းမိချောင်း၏ လျှာမှ သွေးများက စိမ့်ထွက်လာနေပြီဖြစ်၏။
“အခု ငါပြောတာကို နားထောင်!”
ချပ်ဝတ်စိမ်းမိချောင်း၏ အာခံတွင်းထဲမှာ ရပ်နေရင်း ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကျိရွှေမြစ်အတိုင်း ငုပ်ပြီး ကူးသွား.. အခုလောလောဆယ်တော့ မင်းအစာအိမ်ကို ငါ ခဏငှားနေချင်တယ်”
“ငါ့သွေးဓါတ်ကို ပြန်ဖြည့်တင်းပြီးတာနဲ့ ငါထွက်သွားပေးမယ်.. ပြီးတော့ ငါ မင်းအသက်ကိုလဲ အန္တရာယ်မရှာဘူးလို့ ကတိပေးတယ်!”
ချပ်ဝတ်စိမ်းမိချောင်းက စိတ်ဝိညာဉ်သားရဲအဆင့်သို့ ရောက်အောင် ကျင့်ကြံထားနိုင်ပြီး.. အသိဉာဏ်ဝင်နေပြီဖြစ်၏။
၎င်းက သူပြောသည့်စကားကို နားလည်လိမ့်မည်ဟု သူယုံလေသည်။
တစ်ကယ်လည်း.. ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ချပ်ဝတ်စိမ်းမိချောင်းက ခေါင်းညိတ်ပြလိုက်၏။
ထိုအရာက ကောင်းမွန်သည့် ရွေးချယ်မှုပင်။
ဆူဇီမိုကို သူယုံကြည်ရပေမည်။
မဟုတ်လျှင် အခု ချက်ချင်လက်ငင်း အသက်ဆုံးရှုံးသွားရပေလိမ့်မည်။
ညဝိညာဉ်ကို ပွေ့ပိုက်လိုက်ပြီး.. ဆူဇီမိုက ချပ်ဝတ်စိမ်းမိချောင်း၏ အစာအိမ်ထဲသို့ သူ့လည်ချောင်းမှတစ်ဆင့် လျှောဆင်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူ့အား လမ့်ရိုပေးခဲ့သော ကာကွယ်ရေးအဆောင်ကိုပါ ချိုးဖျက်လိုက်၏။
အလင်းအိမ်တစ်ခုက ဆူဇီမိုကို လွှမ်းခြုံသွား၏။
ချပ်ဝတ်စိမ်းမိချောင်း၏ အစာအိမ်အတွင်းက အနည်းငယ် ညှီစို့စို့ နံသော်လည်း.. ထိုနေရာ၌ မည်သည့် အနှောင့်အယှက်မျှ မရှိပေ။ သူ့အတွက်တော့ စိတ်အေးလက်အေးနှင့် ပြန်လည်အားဖြည့်အနားယူဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်လေသည်။
ဆူဇီမိုသာ ညဝိညာဉ်ကိုပိုက်၍ ကျိရွှေမြစ်ရေစီးကြောင်းအတိုင်း မျောပါကူးခတ်နေရလျှင်.. သူ့မှာ ပြန်လည်အားဖြည့်အနားယူဖို့ အချိန်ရမည် မဟုတ်ပေ။
ဤအစီအစဉ်က ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို ပစ်နိုင်လိုက်သလိုပင်။
အခုလောလောဆယ်မှာတော့ ဆူဇီမိုသည် ချပ်ဝတ်စိမ်းမိချောင်း၏ ဝမ်းဗိုက်တွင်းမှာပင် နေဖို့ ဆုံးဖြတ်ထား၏။ သူနှင့် ညဝိညာဉ်တို့၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားမှသာလျှင် သူတို့သည် ဤနေရာမှ ထွက်ခွာ၍ ကမ်းခြေသို့ ပြန်တက်ရပေမည်။
သူ့ခေါင်းနှင့် အမြီးကို လှုပ်ခါလိုက်ပြီးနောက် ချပ်ဝိညာဉ်မိချောင်းက လျှစ်ကနဲ ပျောက်ကွယ်သွားပြီး.. မြစ်အောက်သို့ ငုပ်လျှိုးကူးခတ်လိုက်၏။
. . .
သုံးရက်ကြာပြီးနောက်..
ကျိရွှေမြစ်ပြင်ထက်တွင် သွေးကျီးကန်းမြောက်များစွာက လှည့်ပတ်ပျံသန်းနေကြပြီး ကောင်းကင်တစ်ခွင် ပြည့်နှက်နေ၏။
ဖန်းယွဲ့နှင့် တန်လင်းတောင်ကြားတိုက်ပွဲ၌ ပါဝင်ခဲ့ကြသော အခြားသူများသည် မြစ်ကမ်းပါးတွင် ရပ်နေကြ၏။ သူတို့သည် တသွင်သွင် စီးဆင်းနေသော မြစ်ရေပြင်ကို ကြည့်ကာ သူတို့၏ အမူအယာကများက ပျက်ယွင်းနေပြီး တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့ထွက်လာခဲ့တုန်းက သူတို့မှာ ရွှေအမြုတေအဆင့် ဆယ်ယောက်ပါခဲ့၏။
ယခုအခါ သူတို့မှာ ခြောက်ယောက်သာ ကျန်ရှိလေတော့သည်။
ဖန်းယွဲ့၏ မျက်နှာက အနည်းငယ် ဖြူလျော့နေ၏။ သူသည် အပြင်းအထန် ဒဏ်ရာရရှိထားပုံရပြီး.. ပြန်လည်မသက်သာသေးခင်မှာပင် ဤနေရာသို့ အပြေးအလွှား လာခဲ့ရ၏။
သူတို့၏ အခြေတည်အဆင့် ကျင့်ကြံသူများ၏ အင်အားအရေအတွက်မှာလည်း ထက်ဝက်လောက် လျော့ကျသွားပေပြီ။
“အား.. အား!”
သိပ်မကြာမီ.. ခပ်လှမ်းလှမ်းမှ နားပင်းမတတ် စူးစူးရှရှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရ၏။
သွေးကျီးးကန်းများအားလုံးသည် ခဏမျှ ရပ်တန့်သွားပြီးနောက်.. အလွန်စွမ်းအားကြီးသည့် တည်ရှိမှုတစ်ခုကို ကြိုဆိုလိုက်သလို ကောင်းကင်ထက်တွင် နှစ်ဖက်နှစ်ချက် အုပ်စုခွဲလိုက်ကြ၏။
သိပ်မကြာမီ.. နက်မှောင်နေသောဧရာမသွေးကျီးကန်းကြီးတစ်ကောင်က သူတို့ရှိရာသို့ ပျံသန်းလာ၏။
သူ့ကျောပေါ်တွင် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းရွယ်လူတစ်ယောက်က လိုက်ပါလာ၏။ သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ့မျက်နှာက ပါးလျကာ သူ့မျက်လုံးများက ဝမ်းနည်းဆွေးမြည့်နေပုံရ၏။
“နန်းတော်သခင်ကို ကြိုဆိုပါတယ်”
သွေးကျီးကန်းနန်းတော်မှ မြောက်များလှစွာသောလူများသည် မြေပြင်ပေါ်တွင် ကပျာကယာ ဒူးထောက်ချလိုက်ကြ၏။ သူတို့၏ ဦးခေါင်းများကို ငုံ့ထားကြပြီး နဖူးမှခြေဖျားထိ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေကြ၏။
သူတို့ထဲက မည်သူမျှ နန်းတော်သခင်နှင့် မျက်လုံးချင်း မဆုံရဲကြပေ။
ဖန်းယွဲ့က အံကိုကြိတ်၊ သတ္တိမွေး၍ ပြောလိုက်၏။
“နန်းတော်သခင်.. ဖြစ်ခဲ့တာကတော့.... .....”
တန်လင်းတောင်ကြားတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံကို ဖန်းယွဲ့က ပြန်ပြောင်းပြောပြလိုက်၏။
တစ်ကယ်တော့.. ယုဖေးမည်သို့မည်ပုံ သေခဲ့ရသည်ကို မည်သူမျှ မမြင်လိုက်ကြပေ။
ဖြစ်စဉ်တစ်ခုလုံးတွင် ထိုအချက်က စဉ်းစားရအကျပ်ဆုံး ဖြစ်လေသည်။
ယုဖေးသာ မသေခဲ့လျှင် သူတို့၏ သခင်လေးသည် ရွှေမြုတေအဆင့်သားရဲတစ်ကောင်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်ပြီး အခုလို သေဆုံးခဲ့ရလိမ့်မည် မဟုတ်ပေ။