← Chapters

ကမ္ဘာဦးအပျက်အဆီးနယ်မြေ

Vol. 16 Ch. 229

ကမ္ဘာဦးအပျက်အဆီးနယ်မြေ

Vol. 16 Ch. 229

အခန်း ၂၂၉ - ကမ္ဘာဦးအပျက်အဆီးနယ်မြေ

သူ့ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီးနောက်.. ဆူဇီမိုသည် ချပ်ဝတ်စိမ်းမိချောင်း၏ ဝမ်းဗိုက်ထဲတွင် ဆက်လက် မနေ‌လို‌တော့ပေ။

ကမ်းခြေတစ်ခုပေါ် တက်လိုက်ပြီးနောက်.. ဆူဇီမိုသည် သူ့ဓါးပျံကို စီးနင်းကာ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ကြည့်၍ မြေပုံတစ်ခုကို ထုတ်ယူရင်း နှိုင်းယှဉ်ချိန်ဆကြည့်လိုက်၏။

သူထင်ထားသည့်အတိုင်းပင်.. သူသည် ဆန်းကြယ်တောင်ထွတ်မှ ပို၍ အတော်ဝေးဝေးကို ရောက်လာခဲ့ပေပြီ။

သူ၏ လက်ရှိတည်နေရာကနေဆိုလျှင်.. ဆန်းကြယ်တောင်ထွတ်သို့ မရပ်မနား၊ မအိပ်မနေ ခရီးအပြင်းနှင်လျှင်တောင် တစ်လလောက် ကြာလိမ့်ပေမည်။

“အို့”

ထိုအချိန်မှာပင် ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

သူ့ခေါင်းထဲတွင် ဆိုင်းမဆင့်ဗုံမဆင့်နှင့် စူးစူးရှရှ နာကျင်မှုက ပေါ်လာ၏။

ထို့နောက် ဆူဇီမို၏ အမြင်အာရုံက ဝေဝါးလာပြီး မိန်းမောသွား၏။ သူ့ရှေ့တွင် သေဆုံးခဲ့ပြီးဖြစ်သော သွေးနီရောင်ဝတ်လူငယ်က ပေါ်လာပြီး မကောင်းဆိုးဝါးဆန်ဆန် သွားဖြဲ၍ ပြုံးကာ သူ့ကို စိုက်ကြည့်နေ၏။

ဆူဇီမို၏ မျက်လုံးအိမ်ထဲတွင် ထူးထူးဆန်းဆန်း အစိမ်းရောင်အလင်း‌ဖျော့ဖျော့က ခဏမျှ ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွား၏။

သူ့မျက်လုံးများကို တင်းတင်းစေ့မှိတ်လိုက်ပြီး ဆူဇီမို၏ မျက်နှာက ရှုံ့တွနေ၏။

သွေးနီရောင်ဝတ်လူငယ်က သေဆုံးသွားပြီးဖြစ်သည့်တိုင်အောင် ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် သွေးကျွန်ပြုအတတ်၏ စွမ်းအားအကြွင်းအကျန်များက ကျန်ရစ်နေဆဲဖြစ်၏။

သို့သော် သည့်အရင် ရေထဲမှာ သူပြန်လည်အားဖြည့်နေတုန်းက ထိုအရာကို သတိမထားမိခဲ့ပေ။

ထိုလျှို့ဝှက်အသိရခက်သော အဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ နည်းလမ်းများက အလွန်တရာ ဆိုးယုတ်ကြောက်စရာကောင်းပြီး.. ကြိုတင်မှန်းဆလို့မရဘဲ ခုခံဖို့ရာ မစွမ်းသာပေ။

ထိုထူးဆန်းသည့် စူးစူးရှရှနာကျင်မှုက တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတာပဲလား.. သို့မဟုတ်.. တစ်ယောက်ယောက်ကများ နောက်ကွယ်ကနေ အဲ့ဒါကို ကြိုးကိုင်ထိန်းချုပ်နေတာလား။

ဆူဇီမို၏ မျက်လုံးများက အရောင်ပြောင်းသွားပြီး မျက်‌မှောင်ကြုတ်ကာ အတွေးနက်နေမိ၏။

ဘာပဲပြောပြော သူသည် ချပ်ဝတ်စိမ်းမိချောင်း၏ ဝမ်းဗိုက်ထဲမှာ ရှိနေတုန်းက ထိုစူးစူးရှရှနာကျင်မှုကို မခံစားခဲ့ရဘဲ.. ကျိရွှေမြစ်ထဲမှ သူတက်လာပြီး မကြာမီမှာပင် ၎င်းက ပေါ်ပေါက်လာ၏။

အရာအားလုံးက တိုက်ဆိုင်လွန်းလှ၏။

နောက်ပြီး.. တစ်ယောက်ယောက်က ထိုအရာကို ထိန်းချုပ်နေတာဆိုလျှင် သူက ဘာဖြစ်ချင်နေတာလဲ။

“သူတို့က ငါအသက်ရှိသေးလား၊ သေပြီလားဆိုတာကို ဆန်းစစ်ချင်တာလား.. ငါမသေသေးဘူးဆိုတာသိရင် အဲ့ဒါကနေတစ်ဆင့် င့ါနောက်ကို လိုက်ချင်တာလား”

ခဏကြာစဉ်းစားပြီးနောက်.. ဆူဇီမိုသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး.. တီးတိုးရေရွတ်လိုက်၏။

“ဒီကောင်တွေက ဘယ်လိုမှ ခါချလို့ မရပါလား”

သူ့သီအိုရီသာ မှန်ကန်လျှင်.. ကျိရွှေမြစ်အောက်တွင် နေခြင်းက တစ်ဖက်အဖွဲ့အစည်း၏ ထောက်လှမ်းခြင်းကို ရှောင်ရှားနိုင်ပုံရ၏။

သို့သော်လည်း သူက ကျိရွှေမြစ်ထဲမှာပဲ အမြဲတမ်း မနေနိုင်ပေ။

ဤကိစ္စနှင့် ပတ်သတ်ပြီး သူအဖြေရှာရပေမည်။

သူ့မှာ ရွေးချယ်စရာနှစ်ခု ရှိ၏။

ပထမရွေးချယ်စရာကတော့.. သူ့ကိုယ်ထဲမှ ထိုမကောင်းသည့်စွမ်းအားများကို ဖယ်ထုတ်နိုင်မည့်နည်းလမ်းအား ရှာဖွေကြံဆဖို့ပင်။

ဒုတိယရွေးချယ်စရာကတော့.. သူ့နောက်က လိုက်လာမည့်သူများကို ရှင်းထုတ်နိုင်မည့်နည်းလမ်းအား ရှာဖွေဖို့ပင်။

ထိုရွေးချယ်စရာ နှစ်ခုစလုံးက တစ်ကယ်တော့ စိတ်ကူးယဉ်ဆန်လှ၏။ ဆူဇီမိုသည် ထိုအရာကို သူ့ခွန်အားသက်သက်နှင့် လုပ်နိုင်စွမ်း လုံဝမရှိပေ။

ပထမစိတ်ကူးနှင့် ပတ်သတ်ပြီး သူ့မှာ မည်သည့်နည်းလမ်းမျှ မရှိပေ။

ဒုတိယစိတ်ကူးနှင့် ပတ်သတ်လျှင်တော့.. ဆူဇီမိုမှာ အကြံတစ်ခုတော့ ရှိလေသည်။

တစ်ကယ်တမ်းပြောရလျှင် သူ၏ ထိုစိတ်ကူးက အလွန်အန္တရာယ်များလှပြီး သူပါ ကိစ္စတုံးသွားဖို့ များလေသည်။

မြေပုံကို နောက်တစ်ဖန် ဖြန့်ကြည့်လိုက်ပြီးနောက် နောက်ထပ် သူဆင်းသက်မည့်နေရာကို ဆူဇီမိုက သတ်မှတ်လိုက်၏။

မြေပုံထဲတွင် အန္တရာယ်များသည့် နေရာများကို အမှတ်အသားပြထား၏။

တစ်ချို့နေရာများက အန္တရာယ်လာရာရင်းမြစ်ကို ဖော်ပြထား၏။ အချို့နေရာများကတော့ အန္တရာယ်ရှိသည်ကိုသာ ဖော်ပြထားပြီး အကြောင်းရင်းကို မသိရပေ။

ထိုအထဲတွင်မှ နေရာတစ်ခုအပေါ်၌ သွေးညိုရောင်ဖြင့် ကြက်ခြေခတ်ပြထား၏။

ထိုနေရာက အန္တရာယ်အများဆုံးနေရာတစ်ခုဟု ဆိုလိုခြင်းပင်။

ထိုနေရာက အပျက်အဆီးနယ်မြေတစ်ခုဟုသာ ဆူဇီမိုသိထားပြီး တခြားဘာမျှ မသိရပေ။

ကမ္ဘာဦးခေတ်မှ ကြွင်းကျန်ရစ်ခဲ့သော အပျက်အဆီးနယ်မြေ!

ကမ္ဘာဦးခေတ်က လွန်စွာ ကြာမြင့်ခဲ့ပြီးဖြစ်သောကြောင့်.. ထိုခေတ်နှင့် သက်ဆိုင်သည့်အရာများက ဘာမျှ မကျန်ခဲ့တော့သလောက်ပင်။

သို့သော်လည်း.. ကမ္ဘာဦးခေတ်မှ ဒီနေ့အချိန်ထိ ကြွင်းကျန်ရစ်နေသေးသော ထူးခြားသည့် အရာများ၊ နေရာများလည်း ရှိနေတတ်သေး၏။

ရက်စက်ပြတ်သားသည့် အလင်းက ဆူဇီမို၏ မျက်လုံးထဲတွင် ပေါ်လာပြီး.. မြေပုံကို ပြန်သိမ်းကာ ထိုကမ္ဘာဦးအပျက်အဆီးနယ်မြေဆီသို့ ဦးတည်လိုက်၏။

“အဲ့ဒီကမ္ဘာဦးအပျက်အဆီးနယ်မြေမှာ ဘယ်လိုအန္တရာယ်တွေရှိနေမလဲ.. အဲ့ဒါက မင်းတို့ကောင်တွေကို ချေမှုန်းပစ်ဖို့ လုံလောက်မလား ကြည့်ရသေးတော‌ပေါ့ကွာ”

ဆူဇီမိုသည် သူ့နောက်က လိုက်နေသူများကို ကမ္ဘာဦးအပျက်အဆီးနယ်မြေဆီသို့ ခေါ်ဆောင်သွားဖို့ အစီအစဉ်ချလိုက်၏။

. . .

ညနေစောင်းလုနေပေပြီ။

ဆူဇီမိုသည် လုံးဝအနားမယူဘဲ.. တစ်လမ်းလုံး ခရီးနှင်လာခဲ့၏။

ကျင့်ကြံသူဘယ်လောက်များများက သူ့နောက်က လိုက်နေသလဲ၊ သူတို့ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်တွေလဲ.. ဆူဇီမို မသိရပေ။

မည်သို့ပင်ဆိုစေ.. သူသည် ကမ္ဘာဦးအပျက်အဆီးနယ်မြေဆီသို့ တတ်နိုင်သမျှ မြန်မြန်ရောက်ဖို့ လိုလေသည်။ ထိုမှသာ အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ.. သူ့နောက်က လိုက်လာသူများကို သတ်ဖြတ်ပစ်ရန် ထောင်ချောင်များဆင်ဖို့ အချိန်ရပေလိမ့်မည်။

မနက်ခင်း..

မရပ်မနား ခရီးနှင်လာပြီး နောက်ဆုံးမှာတော့.. ဆူဇီမိုသည် ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ အစွန်အဖျားနေရာသို့ ရောက်လာခဲ့ပေပြီ။

သူရောက်သွားသောအခါ.. တုန်လှုပ်သွား၏။ သူ့ဘေးပတ်လည်တစ်ဝိုက်မှာ ကျင့်ကြံသူအရေအတွက် အတော်များများ ရှိနေရောက်နေကြ၏။ အဲ့ဒီမှာ ချီစုဖွဲ့အဆင့်များ၊ အခြေတည်အဆင့်များနှင့် လေထဲတွင် ပျံသန်းနေကြသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများပါ ရှိနေကြ၏။

တစ်ချက်ကြည့်လိုက်ရုံနှင့် ကျင့်ကြံသူများ သောင်းနှင့်ချီ၍ စုဝေးနေကြသည်ကို သိနိုင်၏။ ထိုပမာဏက အလွန်တရာ သိပ်သည်းများပြားပြီး လန့်ဖို့ပင် ကောင်းလှ၏။

ကျင့်ကြံသူများထဲတွင်.. နိုးထဝိညာဉ်အဆင့်၊ ပကတိအရှင်များပင် ပါပုံရ၏။

နိုးထဝိညာဉ်အဆင့်များအပေါ်၌ စိတ်ဝိညာဉ်အကဲဖြတ်ခြင်းက အလုပ်မလုပ်တော့ပေ။

ထိုသူများ၏ အော်ရာက အလွန်တရာ ကြောက်စရာကောင်းနေပြီး.. ရွှေအမြုတေအဆင့်ကို ကျော်လွန်နေပြီဟု ဆူဇီမိုသည် ခံစားမိနေ၏။

“တစ်ခုခုတော့ လွဲနေပြီ”

ဆူဇီမို စဉ်းစားရကျပ်သွား၏။

အစက သူတွေးမိသည်မှာ ဤလူများသည် လျှို့ဝှက်အသိရခက်သော အဖွဲ့အစည်းမှ လူများဖြစ်ပြီး သူရောက်အလာကို ကြိုတင်စောင့်ဆိုင်းနေသည်ဟုပင်။

ထိုသို့သာဆိုလျှင် လျှို့ဝှက်အသိရခက်သော အဖွဲ့အစည်း၏ နည်းလမ်းများက မည်သို့မျှ မှန်းဆလို့မရလောက်အောင် ကြောက်စရာကောင်းနေပြီ ဖြစ်လေသည်။

သို့သော်လည်း ထိုလူများကို တိတ်တဆိတ် သူစောင့်ကြည့်ပြီးနောက်.. ထိုလူများက ဂိုဏ်းတစ်ဂိုဏ်းထဲမှ လူများမဟုတ်ကြောင်း.. ဆူဇီမို သိရှိလိုက်ရ၏။ သူတို့သည် နေရာပေါင်းစုံမှ ရောက်လာခဲ့ကြခြင်း ဖြစ်ရပေမည်။

ဆူဇီမိုသည် ပိုလို့ပင် စဉ်းစားရကျပ်လာ၏။

ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ သူခြေတစ်လှမ်းမျှ မချရသေးခင်မှာပင် ဘာလို့ ဒီလောက်များတဲ့ ကျင့်ကြံသူတွေနဲ့ လာတွေ့နေရတာလဲ။

တစ်ကယ်ဆို.. သူ့သရုပ်သကန်ကို ဖုံးကွယ်ဖို့အတွက် ဆူဇီမိုသည် သူ့ဂိုဏ်းတံဆိပ်ပြားကို ဖြုတ်သိမ်းထားပြီးဖြစ်၏။

“ဒီမှာ တာအိုရောင်းရင်း.. ခင်ဗျားတို့ ဘာလို့ ဒီနေရာမှာ လာစုနေကြတာလဲဗျ”

ဆူဇီမိုသည် သူ့ဘေးမှ ဖြတ်သွားသော ချီစုဖွဲ့မှုအဆင့် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ကို လှမ်းဆွဲပြီး မေးလိုက်၏။

ဆူဇီမိုက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို မြင်လိုက်ရသောအခါ.. ထိုသူ၏ အမူအယာက တလေးတစားပုံစံ ဖြစ်သွား၏။

ထိုသူက လက်သီးဆုပ်လေးစားဟန်ပြ၍ ပြောလိုက်၏။

“ဒီက တာအိုရောင်းရင်းက မသိသေးဘူးထင်တယ်.. ပြီးခဲ့တဲ့ တစ်လလောက်ကပေါ့၊ ရှေ့မှာရှိတဲ့ ကမ္ဘာဦးအပျက်အဆီးနယ်မြေရဲ့ ကောင်းကင်ထက်ကို ရွှေရောင်အလင်းတန်းကြီးတစ်ခုက ထိုးတက်လာတယ်တဲ့.. အဲ့ဒါက အချိန်တော်တော်ကြာခဲ့တဲ့အပြင် လျှပ်စီးတွေ မိုးကြိုးတွေပါ ပစ်ချလိုက်သေးတယ်ဗျာ”

ဆူဇီမိုက ဘာမျှ ပြန်မပြောရသေးခင်မှာပင် သူတို့အနား ဖြတ်သွားသော အခြားခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက် မနေနိုင်စွာ ဝင်ပြောလိုက်၏။

“ငါကြားတာတော့.. အဲ့မှာ သက်တန့်အရောင်တွေတောင် ပေါ်လာပြီး အဲ့ဒါက တော်တော်ကို တစ်မူထူးခြားတယ်တဲ့”

“ပြောကြတာတော့.. အဲ့ဒီမှာ နဂါးဟိန်းသံတွေနဲ့ ဖီးနစ်အော်သံတွေပါ ကြားရတယ်တဲ့”

“ကျွတ်.. ငါ အရင်တုန်းက တစ်ကယ့်နဂါးကို မြင်ခဲ့ရသေးတယ်.. နဂါးတစ်ကောင်လုံးတော့ မဟုတ်ဘူးပေါ့ကွာ.. ကြေးခွံတစ်ခွံနဲ့ လက်သည်းတစ်ဝက်ဆိုပေမယ့်လဲ အဲ့ဒါနဲ့တင်ကို တော်တော်ကြောက်ဖို့ ကောင်းနေပြီ.. သူ့ကြေးခွံတစ်ခွံက ငါတို့ခန္ဓာကိုယ်ထက်တောင် ကြီးသေးတယ်.. ပြီးတော့ သူ့လက်သည်းကလည်း ငါတို့ဓါးပျံတွေထက်တောင် ပိုရှည်ပြီးတော့ ပိုထက်သေးတယ်”

သူ့ဘေးမှ ကျင့်ကြံသူတစ်ယောက် တစ်ကယ့် ဟန်ကြီးပန်ကြီး အမူအယာနှင့် ဝင်ပြောလိုက်၏။ စကားပြောရင်း တံတွေးများက စင်ထွက်လာပြီး.. သူ့မျက်လုံးများက အရောင်ထွက်လာ၏။ သူ့စကားများက ချဲ့ကားပြောဆိုနေတာ သိသာပြီး တဖြည်းဖြည်းနှင့် ပို၍ပို၍ ဘောင်ကျော်လာ၏။

ဆူဇီမိုက ထပ်မေးလိုက်၏။

“အဲ့လိုလား”

“ဒါပေါ့.. အဲ့ဒီလက္ခဏာတွေက ရှေ့က ကမ္ဘာဦးအပျက်အဆီးနယ်မြေမှာ ရတနာတွေ ရှိတယ်လို့ ဆိုလိုတာပဲ.. နောက်ပြီး ရတနာက အခုမှ ပေါ်လာကာစပဲ ရှိသေးတယ်”

“နောက်ထပ်ဖြစ်နိုင်တာတစ်ခုလဲ ရှိသေးတယ်.. အဲ့ဒါက ကမ္ဘာဦးခေတ်က လိုဏ်ဂူတိုက်ခန်းတစ်ခုကို အားကောင်းတဲ့ချိတ်စည်းတစ်ခုနဲ့ ပိတ်ဆို့ထားတာဖြစ်မယ်.. အခု အဲ့ချိတ်စည်းက ပျက်ပြယ်သွားပြီး.. အထဲမှာ ရတနာတွေလဲ အများကြီးရှိတဲ့ပုံပဲ”

“ဟုတ်လောက်တယ်.. အဲ့ဒါက ကမ္ဘာဦးခေတ်က ဂိုဏ်းတစ်ဂိုဏ်းက နောက်လာနောက်သားတွေကို အမွေအနှစ်ပေးဖို့အတွက် ချန်ထားရစ်ခဲ့တာ ဖြစ်ရမယ်”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက အမျိုးမျိုးခန့်မှန်း ဆွေးနွေးနေကြ၏။

“ဒါပေမယ့်လို့ ကျုပ်ကြားဖူးတာတော့.. ကမ္ဘာဦးခေတ်က ကြွင်းကျန်အပျက်အဆီးနယ်မြေတွေက အရမ်းအန္တရာယ်များတယ်မလား”

“ဒါပေါ့”

တစ်ယောက်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါနဲ့ပတ်သတ်ပြီး ကောလဟလတွေကတော့ အများကြီးရှိတာပဲ.. ဒါပေမယ့် အဲ့ထဲမှာ ဘယ်လိုအန္တရာယ်တွေရှိတယ်ဆိုတာတော့ ဘယ်သူမှ သေချာမသိကြဘူးတဲ့”

“ရှေးခေတ်ကထဲက အဲ့နေရာမှာ နှစ်တိုင်းလိုလို.. ကျင့်ကြံသူတွေ သေနေကြတာပဲတဲ့”

“အန္တရာယ်ကတော့ ရှောင်လွှဲလို့မရဘူးပေါ့.. ဒါပေမယ့်လဲ အဲ့ဒါက ကမ္ဘာဦးအပျက်အဆီးနယ်မြေတစ်ခုဆိုမှတော့.. အဲ့ဒီမှာ ကမ္ဘာဦးခေတ်က ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေ ရှိမှာပဲ.. မင်းသာ အဲ့လိုရတနာတစ်ခုကို တွေ့အောင်ရှာနိုင်ခဲ့မယ်ဆိုရင်.. မင်းက မိုးထိအောင် ထောင်တက်သွားလိမ့်မယ်”

ထိုသည်ကို ကြားရချိန်တွင်.. များစွာသော ကျင့်ကြံသူများသည့် စိတ်လှုပ်ရှားလာကြပြီး သူတို့၏ မျက်လုံးများက ဝင်းလက်လာကြ၏။

ကမ္ဘာဦးခေတ်ကတည်းက အကောင်းအတိုင်း ကျန်ရှိနေသေးသော မည်သည့်ပစ္စည်းမဆို.. သေချာပေါက် အဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်လေသည်။

All Chapters