အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း
Vol. 16 Ch. 230
အခန်း ၂၃၀ - အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း
ပြီးခဲ့သည့်တစ်လအတွင်း.. အပြင်ဘက်မှ ကျင့်ကြံသူများသည် ကမ္ဘာဦးအပျက်အဆီးနယ်မြေရှိရာသို့ တစ်ဖွဲ့ဖွဲ့ ရောက်လာနေကြ၏။
တစ်ဖက်မှာတော့.. ထိုသည်က ရှေးဟောင်းရတနာတစ်ခု ပေါ်လာသည်ဟူသော သတင်းကြောင့်ဖြစ်၏။
အခြားတစ်ဖက်မှာတော့.. ကမ္ဘာဦးအပျက်အဆီးနယ်မြေကကို ကျင့်ကြံသူများအား အလွန်ဆွဲဆောင်နိုင်သောကြောင့် ဖြစ်လေသည်။
ရှေးခေတ်တိုက်ပွဲမြေမှာ ရှေးခေတ်က ချန်ထားရစ်ခဲ့သော လျှို့ဝှက်ကုန်းမြေတစ်ခုဖြစ်ပြီး.. ၎င်းက သူ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံစည်းမျဉ်းရှိပြီး သီးခြားကွဲထွက်နေ၏။
ရှေးခေတ်တိုက်ပွဲမြေမှ များစွာသော ကျင့်ကြံသူများသည် မိုးကောင်းကင်ကိုပင် ဖီဆန်နိုင်သော အခွင့်အလမ်းများကို ရရှိခဲ့ပြီး ထိုသူများသည် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့ကြ၏။
ယခု ကမ္ဘာဦးအပျက်အဆီးနယ်မြေမှ အခွင့်အလမ်းအကျိုးအမြတ်များကိုသာ ရရှိခဲ့လျှင်.. ထိုသူက မည်မျှအတိုင်းအတာထိ အောင်မြင်လာပါမည်လဲ။
ကျင့်ကြံသူတစ်သောင်းကျော်တွင် အများစုမှာ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ဖြစ်ကြပြီး.. အဖွဲ့အစည်းအချို့နှင့် ဂိုဏ်းများမှလည်း ပါဝင်ကြ၏။
ထိုအထဲတွင်မှ ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းက အသန်မာဆုံး ဖြစ်ကြ၏။
မဟာကျိုးအင်ပါယာအတွင်း၌ ဂိုဏ်းကြီးငါးဂိုဏ်းပြီးလျှင် ထိုဂိုဏ်းများက အင်အားအတောင့်တင်းဆုံးဖြစ်ပြီး သည့်အရင်ထဲက ဆူဇီမိုသည် သူတို့၏နာမည်ကို ကြားဖူးခဲ့၏။
နိုးထဝိညာဉ်အချို့မှာလည်း ထိုဂိုဏ်းနှစ်ဂိုဏ်းမှ ဖြစ်ကြ၏။
“ဂါး!”
မလှမ်းမကမ်းမှ ဟိန်ဟောက်သံတစ်သံက ရုတ်တရတ် ထွက်ပေါ်လာ၏။
ကြောက်စရာကောင်းသည့်အော်ရာနှင့် ရွှေခြင်္သေ့တစ်ကောင်က ပြေးချလာ၏။ သူ့ခန္ဓာကိုယ်ကြီးက ကြီးမားလှပြီး ဖြုန်လောက်စရာဖြစ်ကာ.. စူးစူးရဲရဲကြည့်နေသော သူ့မျက်လုံးများက အေးစက်နေ၏။
ရွှေခြင်္သေ့က သာမန်ထက် ထူးခြားနေပြီး.. ရွှေအမြုတေအဆင့်သို့ ရောက်နှင့်နေပြီးသော သားရဲတစ်ကောင်ဖြစ်သည်မှာ ထင်ရှားလေသည်။
များစွာသောကျင့်ကြံသူများသည် တုန်လှုပ်သွားကြပြီး.. တကွဲတပြား ခုန်ထွက်လိုက်ကြ၏။
လေထဲကနေ လှမ်းလာပြီးနောက် ရွှေခြင်င်္သေ့က နိုးထဝိညာဉ်တစ်ယောက်၏ ဘေးသို့ ရောက်ချလာကာ.. သူ့ဦးခေါင်းကို ခန္ဓာကိုယ်ကို နာခံကျိုးနွံစွာ နှိမ့်ချလိုက်၏။
“အင်း”
နိုးထဝိညာဉ်ကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီး ၎င်းအပေါ်သို့ ခုန်တက်လိုက်၏။
ခွပ်.. ခွပ်.. ခွပ်!
မြင်းခွာသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ခပ်လှမ်းလှမ်းကောင်းကင်ထက်မှ ဦးချိုတစ်ခုတည်းရှိသော ဆွတ်ဆွတ်ဖြူနေသည့် မြင်းတစ်ကောင်က လာနေ၏။ သူသည် ထပ်ကာထပ်ကာ နှာကိုမှုတ်၍ အလွန်တရာ လျှင်မြန်သောနှုန်းဖြင့် နောက်ထပ်နိုးထဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ ဘေးသို့ ရောက်လာ၏။
သိပ်မကြာမီ နောက်ထပ်နိုးထဝိညာဉ်အဆင့်များ၏ အစီးတော်တောကောင်များသည် ရောက်ချလာကြ၏။
ထိုတောကောင်များအားလုံးသည် ကြောက်စရာကောင်းသည့်အော်ရာကို ပိုင်ဆိုင်ထားကြပြီး.. အားလုံးသည် အတွင်းအမြုတေဖွဲ့တည်ထားပြီးသား ဖြစ်ကြ၏။
သို့သော်လည်း ထိုတောကောင်များသည် ကမ္ဘာဦးအပျက်အဆီးနယ်မြေဘက်ကို မျှော်ကြည့်လိုက်ကြပြီး.. သူတို့မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များက ပေါ်နေ၏။
“သွားကြတာပေါ့!”
ကောင်းကင်အဆူရာဂိုဏ်းမှ နိုးထဝိညာဉ်တစ်ယောက်က အမိန့်ပေးလိုက်ပြီး သူ့ဂိုဏ်းသားများကို ဦးဆောင်ကာ ကမ္ဘာဦးအပျက်အဆီးနယ်မြေဆီသို့ ဦးတည်လိုက်၏။
ထို့နောက်ဆက်တိုက်ပင်.. ခရမ်းတိမ်ပြာဂိုဏ်းမှ နိုးထဝိညာဉ်အဆင့်တစ်ယောက်ကလည်း သူ့ဂိုဏ်းသားများကို ဦးဆောင်ခေါ်သွားလိုက်၏။
“ကမ္ဘာဦးအပျက်အဆီးနယ်မြေက အရမ်းအန္တရာယ်များလွန်းတယ်တဲ့.. ငါတို့ ဒီကနေပဲ အရင်စောင့်ကြည့်နေကြရင် ကောင်းမလား”
“ငါတို့က စောင်ကြည့်နေတုန်း အဲ့ထဲမှာ ရတနာတွေ ပေါ်လာလို့ တခြားသူတွေက အကုန်အရင်ယူသွားကြရင်ရော”
“လာကွာ သူတို့နောက်ကနေ လိုက်ကြရအောင်.. ငါတို့ နိုးထဝိညာဉ်အဆင့်တစ်ယောက်ပါတဲ့ အုပ်စုတစ်စုနောက်ကနေ လိုက်လို့ရတာပဲ.. ငါတို့ ရတနာတစ်ခုမှ မရဘူးဆိုရင်တောင် အသက်တော့ မသေလောက်တော့ဘူးပေါ့”
ကျန်ရှိနေသော ကျင့်ကြံသူများသည် ဆွေးနွေးလိုက်ကြပြီး သိပ်မကြာမီ.. အဖွဲ့နှစ်ဖွဲ့ ကွဲသွားကြ၏။
ကျင့်ကြံသူအများစုသည် ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်း နှစ်ဂိုဏ်းနောက်သို့ နှစ်ဖွဲ့ခွဲ၍ လိုက်ပါရင်း ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ ဝင်ရောက်လိုက်ကြ၏။
လူအနည်းစုလောက်သာ တွေဝေတွန့်ဆုတ်နေကြပြီး နဂိုရပ်နေရာမှာသာ စောင့်ကြည့်ရင်း ကျန်ခဲ့ကြ၏။
အစကတော့ ဆူဇီမိုသည် အလောတကြီး လိုက်ဝင်သွားဖို့ ဆန္ဒမရှိသေးပေ။ သို့သော်လည်း ကောင်းကင်ထက်တွင် သွေးကျီးကန်းများ၏ အရိပ်အယောင်ကို သူစတင်မြင်လာရပြီဖြစ်၏။
ထို့အပြင် သူတို့၏ အရေအတွက်က ပိုပို များလာနေ၏။
ဆိုလိုသည်မှာ ရှေ့ကင်းထောက် သွေးကျီးကန်းများက သူ့ကို မီလာပြီပင်။
သူ့နောက်က လိုက်လာသူများ ဤနေရာသို့ ရောက်လာဖို့က သိပ်ကြာတော့မည်မထင်ပေ။
“ငါ ဒီနေရာမှာ ဆက်ပြီး ကြန့်ကြာနေလို့ မဖြစ်တော့ဘူးပဲ!”
ရက်စက်ပြတ်သားသည့် အရိပ်အယောင်များက ဆူဇီမို၏ မျက်လုံးထဲတွင် ပေါ်လာ၏။
ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ အပြင်ဘက်တွင် သူဝိုင်းရံခံရလျှင် ဘယ်မှ သူထွက်ပြေးလို့ရလိမ့်မည် မဟုတ်ပေ။
လူအုပ်ကြီးနှင့် ရောနှောပြီး ဆူဇီမိုသည် ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ လိုက်ပါဝင်ရောက်လိုက်၏။
ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ အစွန်အဖျားတွင် ကြီးမားသိပ်သည်းညို့မှိုင်းနေသည့်တောအုပ်ကြီး တစ်ခုရှိ၏။
ကမ္ဘာဦးအပျက်အဆီးနယ်မြေဆီသို့ နီးကပ်လာလေလေ.. သစ်ပင်များက ပို၍ သိပ်သည်းများပြားလာလေဖြစ်ပြီး.. ရှေးဆန်သည့်အော်ရာတစ်မျိုးက ထွက်ပေါ်လာ၏။
သစ်ပင်တစ်ပင်တိုင်းက အလွန်တရာ ကြီးမားလှ၏။ မိုးထိမတတ် ထိုးတက်နေပြီး.. ပင်စည်များက ယောက်ျားဆယ်ယောက်လောက် ဝိုင်းပတ်ဖက်မှ မီလိမ့်ပေမည်။
အေးမြသည့် လေပြေလေညင်းလေးများ တိုက်ခတ်လိုက်တိုင်း.. သစ်ရွက်သစ်ခက်များကြားမှ နေရောင်ခြည်က တိုးဝင်လာပြီး လူတိုင်းကို အနွေးဓါတ်ပေးနေ၏။
ကျင့်ကြံသူများ၏ အုပ်စုသည် လူဦးရေသောင်းချီနေပြီး အတော်လေးများပြားကာ ပြည့်ညှပ်နေ၏။ သို့သော်လည်း ကမ္ဘာဦးတောအုပ်ထဲရောက်ချိန်မှာတော့ သူတို့က မထင်မရှား သေးငယ်သွားကြ၏။
မသိလိုက်မသိဖာသာနှင့်ပင် ညဝိညာဉ်က အပြင်ဘက်ကို ချောင်းကြည့်နေ၏။
သူက ဆူဇီမို၏ ရင်ခွင်ထဲမှ ခေါင်းပြူရင်း ပတ်ဝန်းကျင်တစ်ခွင်ကို သူ၏ နက်မှောင်နေသော မျက်လုံးများဖြင့် အေးစက်စက် အကဲခတ်ကြည့်နေ၏။
နိုးထဝိညာဉ်များစီးနင်းလာသည့် အတွင်းအမြုတေများ ဖွဲ့တည်ပြီးသော ရွှေခြင်္သေ့၊ ယူနီကွန်းနှင့် အခြားတောကောင်များသည်ပင်လျှင် ကမ္ဘာဦးတောအုပ်ထဲ၌ စိုးရိမ်တကြီး သတိထား၍ လျှောက်လှမ်းနေကြ၏။
သို့သော်လည်း ညဝိညာဉ်ကတော့ အနည်းကလေးတောင်မျှ ဖြုန်မနေပေ။
ရုတ်တရတ်!
ရှေ့တည့်တည့်မှ စူးစူးဝါးဝါး အော်သံများက ထွက်ပေါ်လာ၏။
ဆူဇီမို ရင်တစ်ချက်ထိတ်သွားပြီး.. ရောက်နေရာမှာ ရပ်တန့်၍ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်၏။
ရှေ့မလှမ်းမကမ်းတွင်.. အနာကွန်ဒါတစ်ကောင်သည် သစ်ကိုင်းများတွင် ရစ်ခွေပတ်၍ သူ့ခန္ဓာကိုယ်က သစ်ပင်နှင့် တစ်သားတည်းဖြစ်နေ၏။
အနာကွန်ဒါက သူ့ပါးစပ်ထဲတွင် လူအချို့ကိုဝါး၍ သွေးများက စီးကျနေခြင်းကြောင့်သာ မဟုတ်လျှင်.. ဆူဇီမိုတောင် သူ့ကို သတိထားမိလိမ့်မည် မဟုတ်ပေ။
ထိုအနာကွန်ဒါက ကြီးလွန်းလှ၏။
သူ၏ ခန္ဓာကိုယ်အပိုင်းအတော်များများကို သစ်ရွက်များကြားထဲတွင် ဖွက်ထားပြီး.. မြင်နေရသော အပိုင်းကပင် ပေတစ်ရာကျော်လောက် ရှိလေသည်။
ထိုကျင့်ကြံသူအနည်းငယ်က သူ့ပါးစပ်ထဲတွင် သွားကြားတောင် ညှပ်လောက်မည် မထင်ပေ။
ပို၍ ကြောက်စရာကောင်းသည့်အချက်မှာ.. ရွှေအမြုတေအဆင့်များပင်လျှင် သူ့ပါးစပ်ထဲ၌ ကူကယ်ရာမဲ့နေပြီး ကိုက်စားဝါးမျိုးခြင်း ခံနေရခြင်းပင် ဖြစ်လေသည်။
“ဖုန်း!”
နိုးထဝိညာဉ်အဆင့်တစ်ယောက်က သူ့လက်ကို လှုပ်ခါ၍ တိုက်ခိုက်လိုက်၏။ ကြောက်စရာကောင်းသည့် အားလှိုင်းတစ်ခုက ထွက်ပေါ်လာပြီး အနာကွန်ဒါ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
အနာကွန်ဒါ၏ ခန္ဓာကိုယ်က တိုက်ခိုက်မှု၏ ထိတွေ့မှုဖြင့် ယိမ်းထိုးသွားပြီး.. အကြေးခွံအချို့ ကွာကျကာ အောက်က အသားပေါ်လာ၏။
သို့သော်လည်း အနာကွန်ဒါက နောက်ဆုတ်မသွားဘဲ ပိုလို့တောင် ဒေါမာန်ထလာကာ.. သူ့မျက်လုံးထဲမှ အေးစက်၊ ရက်စက်သည့် အကြည့်က ထွက်ပေါ်လာ၏။
ဟာ!
ရုတ်တရတ် အနာကွန်ဒါက သူ့ပါးစပ်ကို ဟလိုက်ပြီး အားမာန်ပြင်းထန်စွာ စုပ်ယူလိုက်၏။
သန်မာအားကောင်းသည့် လေဆွဲအားက ဖြစ်ပေါ်လာ၏။
သစ်ပင်များမှ သစ်ကိုင်းများပင်လျှင် ကျိုးပဲကျကုန်၏။
အားနည်းသည့် ကျင့်ကြံသူများမှာ သူတို့၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ.. အနာကွန်ဒါ၏ ပါးစပ်ထဲသို့ ဆုပ်သွင်းယူခြင်း ခံလိုက်ကြရ၏။
ဤအကောင်က တစ်ကယ်အနာကွန်ဒါအစစ် ဖြစ်လေသည်။
.
ဆူဇီမိုသည်လည်း အနာကွန်ဒါ နည်းစနစ်ကို ကျင့်ကြံထားသော်လည်း.. ယခုမြင်ရသော မြင်ကွင်းက သူ့ကို အပြင်းအထန် တုန်လှုပ်သွားစေ၏။
“ဒီကောင်စုတ်ကတော့ သေချင်နေပြီထင်တယ်!”
နောက်ထပ်နိုးထဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ဟိန်းဟောက်လိုက်ပြီး.. တိုက်ခိုက်လိုက်၏။ ဓါးပျံသုံးလက်က ပျံထွက်လာ၏။
ထိုဓါးပျံသုံးလက်က အလွန်တရာ ကြောက်စရာကောင်းလှသည့်အားကို သယ်ဆောင်ထားပြီး.. ၎င်းက စိတ်ဝိညာဉ်တိုက်ကွက်များ၏ အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်၏။
ဓါးပျံသုံးလက်က အနာကွန်ဒါ၏ ပါးစပ်ထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင်.. တိုက်ခိုက်လိုက်သော နိုးထဝိညာဉ်ကျင့်ကြံသူက တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး.. သူ့အမူအယာက ပြောင်းလဲသွား၏။
“အခြေအနေ မဟန်တော့ဘူး.. မြန်မြန် လူစုခွဲ့ကြဟေ့!”
သူသည် အထိတ်တလန့် အော်ဟစ်လိုက်ရင်း သူ့ဝတ်ရုံစကို ဝေ့ရမ်းကာ သူပစ်လွှတ်လိုက်သော ဓါးပျံသုံးလက်ကို ပြန်ရုတ်သိမ်း၍ အကွာအဝေးတစ်ခုသို့ ကပျာကယာ ထွက်ပြေးလိုက်၏။
ဆူဇီမို၏ မျက်လုံးက လှုပ်ခတ်သွား၏။
အနာကွန်ဒါ၏ ဦးခေါင်းပေါ်တွင် လက်သီးဆုပ်အရွယ်လောက်ရှိ ဦးချိုကဲ့သို့ ဘို့နှစ်ခုရှိနေ၏။
“အနာကွန်ဒါ မဟုတ်ဘူးဟ.. အဲ့ဒါ ရေနဂါးပဲ!”
၎င်းက အနာကွန်ဒါသာဖြစ်လျှင် ၎င်းကို ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်အဖြစ် သတ်မှတ်လို့ ရလေသည်။
သို့သော်လည်း ထိုအနာကွန်ဒါက ရေနဂါးအဖြစ်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့လျှင်တော့.. ၎င်းကို မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲအဖြစ် သတ်မှတ်ရပေတော့မည်။
နိုးထဝိညာဉ်အဆင့်များပင် စတင်ထွက်ပြေးကုန်ကြပြီဖြစ်သောကြောင့် နောက်မှာကျန်ရစ်ခဲ့သော ကျင့်ကြံသူများစွာသည်လည်း ဆက်လက်ကြန့်ကြာ မနေရဲတော့ဘဲ.. လိုက်ပါထွက်ပြေးကြကုန်၏။
လူအုပ်ကြီးက ဝရုန်းသုန်းကားနှင့် အားလုံးသည် တတ်စွမ်းသမျှအားနှင့် ထွက်ပြေးကြကုန်လေ၏။
ဘုန်း!
ရေနဂါး၏ အမြီးက ရုတ်တရတ် ကျဆင်းလာပြီး.. လူအုပ်ကြီးပေါ်သို့ ကျရောက်သွားချိန်တွင် လေထဲသို့ သွေးမြူများက ဖွားကနဲ စင်ထွက်လာ၏။
ကြောက်စရာ ကောင်းလွန်းလှ၏။
တစ်ချက်တည်းနှင့် ကျင့်ကြံသူရာချီ အသက်ပျောက်ကုန်ကြ၏။
ချီစုဖွဲ့အဆင့်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ၊ ရွှေအမြုတေအဆင့်ဖြစ်စေ.. သူတို့အားလုံးသည် ရေနဂါးနှင့် ရင်ဆိုင်ရချိန်တွင် ပုရွက်ဆိတ်များပမာ.. တစ်ချက်တည်းနှင့် အသက်ပျောက်ကုန်ကြ၏။
ထိုအချိန်တွင် လူတိုင်းသည် ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ ခြေတစ်လှမ်းပင် မချရသေးပေ။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကတော့ အခုမှ စတင်ရုံသာ ရှိသေး၏။