ကြောက်စရာ
Vol. 16 Ch. 231
အခန်း ၂၃၁ - ကြောက်စရာ
ကမ္ဘာဦးတောအုပ်က ကန်းလန်ရိုးမထက် အဆများစွာ ပို၍ အန္တရာယ်များ၏။
ဒီနေရာမှာ ကြုံရာကျပမ်း တွေ့ကြုံရသည့် သားရဲတောကောင်များကပင်.. မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများ ဖြစ်နေတတ်ပြီး.. နိုးထဝိညာဉ်ကျင့်ကြံသူများပင်လျှင် ကြောက်လန့်တကြား ထွက်ပြေးရ၏။
အုတ်သော်အောင်းနင်း လူအုပ်ကြီးထဲမှ လွတ်မြောက်ထွက်ပြေးလာခဲ့ပြီးနောက်.. ဆူဇီမိုသည် ကိုယ်ကိုဝပ်ချ၍ သူ့ခြေလက်များကိုသုံးကာ.. နက်ရှိင်းသောတောအုပ်ထဲသို့ လျှောထိုးဝင်သွား၏။
ထိုကဲ့သို့သော ပတ်ဝန်းကျင်အနေအထားမျိုးတွင် ဆူဇီမို၏ ရှင်သန်နိုင်စွမ်းက အဆင့်တူမှာရှိသော အခြားကျင့်ကြံသူများထက် များစွာပိုလေသည်။
ဘာကြောင့်ဆိုတာ အကြောင်းပြချက်ပေးရလျှင်.. ဆူဇီမိုကိုယ်တိုင်ကကို သားရဲတစ်ကောင်လည်း ဖြစ်သောကြောင့်ပင်။
သူသည် တောတွင်းဥပဒေသ၊ အလေ့အထနှင့် နည်းလမ်းများကို ကောင်းကောင်းသိထားလေသည်။
အစတုန်းကတော့ ဆူဇီမိုသည် ညဝိညာဉ်လေး စိတ်ရူးပေါက်ပြီး လျှောက်လုပ်မှာကို စိုးရိမ်နေခဲ့မိ၏။
တန်လင်းတောင်ကြားမှာတုန်းက ထိုကောင်လေးသည် ရွှေအမြုတေအဆင့်သားရဲတစ်ကောင်ကို သတ်နိုင်ခဲ့သည်မှာ မှန်ပါ၏။
သို့သော်လည်း ညဝိညာဉ်၏ တစ်ကယ့်ခွန်အားသည် ရွှေအမြုတေအဆင့်သားရဲတစ်ကောင်အောက် များစွာ နိမ့်ကျနေသေးကြောင်း ဆူဇီမို ရှင်းရှင်းလင်းလင်း သိလေသည်။
အခုချိန်၌ ဆူဇီမို အံ့အားသင့်ရသည်မှာ.. ညဝိညာဉ်သည် ကြောက်ရွံ့မှုမရှိရုံမျှမက.. ၎င်းသည် အလွန်တရာ သိမ်မွေ့ပါးနပ်စွာနှင့် ဆူဇီမို၏ ရင်ခွင်ထဲ၌ နေနေပြီး.. သူ့ခေါင်းလေးကို ပြူသည်ဆိုရုံမျှပြူ၍ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းချောင်းမြောင်း ကြည့်ရှုနေ၏။
သိပ်မကြာမီ.. နောက်ဆုံးမှာတော့.. ဆူဇီမိုသည် ရေနဂါး၏ တိုက်ခိုက်နိုင်မှု အတိုင်းအတာနယ်ပယ်မှ လွတ်မြောက်လာခဲ့၏။
သူ အသက်တောင် ကောင်းကောင်းမရှူရသေးခင်မှာပင်.. ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။ ပိုကြီးသည့် အန္တရာယ်က အလွန်လျှင်လျှင်မြန်မြန်နှင့် ချည်းကပ်လာနေသည်ကို သူခံစားမိလိုက်၏။
“အခြေအနေ မဟန်ဘူး.. ငါတို့ ဒီနေရာကနေ အမြန်ဆုံးထွက်ခွာမှ ဖြစ်တော့မယ်!”
ကန်လန်းရိုးမမှာတုန်းက သူ၏ ရှင်သန်မှုအတွေ့အကြုံအရ.. စောစောက တိုက်ခိုက်မှုတွင် ထွက်ပေါ်လာခဲ့သော သွေးညှီနံ့များက ပို၍ အားကောင်းသော သားရဲတောကောင်များကို ဆွဲဆောင်စေလိမ့်ပေမည်။
ထိုတောကောင်များက စောစောကရေနဂါးထက်ပင် ပိုအားကောင်းနေနိုင်၏။ သူတို့အားလုံးက မူလသွေးမျိုးဆက်ကြမ်းကြုတ်များလည်း ဖြစ်နေနိုင်၏။
သူသာ ဤနေရာ၌ မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများ၏ ဝိုင်းရံခြင်းကို ခံရလျှင် သေချာပေါက် သေရမည်။
ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းတို့က သူတို့နောက်ကနေ လိုက်လာသည့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများကို ဘာကြောင့် မောင်းမထုတ်ခဲ့တာလဲဆိုတာ အခုမှ ဆူဇီမို သဘောပေါက်လေတော့သည်။
ထိုဂိုဏ်းနှစ်ဂိုဏ်း၏ ရည်ရွယ်ချက်မှာ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကို ငါးစာချ၍ ဤတောထဲရှိ ကြမ်းကြုတ်သားရဲများအား ဆွဲဆောင်ပြီး.. ထိုဝရုန်းသုန်းကား အခွင့်အရေးကို အသုံးချကာ လွတ်မြောက်ထွက်ပြေးနိုင်ဖို့ပင် ဖြစ်လေသည်။
ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများက ဂိုဏ်းနှစ်ဂိုဏ်း၏ အင်အားကို အသုံးချလိုခဲ့သလို.. ဂိုဏ်းနှစ်ဂိုဏ်းကလည်း သူတို့အပေါ် တူညီစွာ အသုံးချခဲ့ခြင်း ဖြစ်လေသည်။
. . .
ကျင့်ကြံသူအများစုနှင့် ရေနဂါးတို့ ငြိတွယ်တိုက်ခိုက်နေကြစဉ်မှာပင် ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းတို့မှ နိုးထဝိညာဉ်အဆင့်ကျင့်ကြံသူများက သူတို့၏ တပည့်ဂိုဏ်းသားများကို ဦးဆောင်ခေါ်ယူကာ ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ ဦးတည်ဝင်ရောက်လိုက်ကြ၏။
ထိုဂိုဏ်းနှစ်ဂိုဏ်း၏နောက်တွင် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူအချို့ကလည်း လိုက်ပါလာကြ၏။ ထိုသူများထဲတွင် ဆူဇီမိုလည်း ပါဝင်လေသည်။
ရေနဂါး၏ တိုက်ခိုက်မှုအောက်မှ ရုန်းထွက်နိုင်ခဲ့ကြသူ အများစုမှာ သူ့ဟာနှင့်သူတော့ ကိုယ်ပိုင်အစွမ်းအစရှိကြသူများသာ ဖြစ်ကြလေသည်။
ဆူဇီမိုက တစ်ချက်ကြည့်လိုက်၏။
ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများထဲတွင်မှ ဆူဇီမို၏ အာရုံကို ဖမ်းစားနိုင်သူတစ်ယောက်ရှိ၏။
ထိုလူက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထား၏။ အသက်က သုံးဆယ်ကျော်ကျော်လောက်၊ မျက်နှာက ဖြူတူတူ၊ အမွှေးအမျှင်မရှိ ပြောင်ချောနေ၊ လုံးဝန်းသောကိုယ်ခန္ဓာနှင့် သာမန်ရုပ်ရည်သွင်ပြင်များရှိ၏။ သို့သော်လည်း သူ့မျက်လုံးများကတော့ အထူးတလည် အသက်ဓါတ်ပြည့်ဝနေ၏။
သူတို့ အပြင်ဘက်မှာ ရှိခဲ့စဉ်က.. ဆူဇီမိုသည် ထိုလူနှင့် စကားစမြည် ပြောဆိုခဲ့ဖူး၏။
အဓိပ္ပါယ်မရှိ ပေါက်တတ်ကရတွေနှင့် ကြွားဝါချဲ့ကား ပြောဆိုနေသူမှာ သူပင် ဖြစ်လေသည်။
သည့်အရင်က နဂါးတစ်ကောင်၏ ကြေးခွံက လူတစ်ယောက်ထက်ပင် ပိုကြီးကြောင်း ပြောဆိုခဲ့သူမှာလည်း သူပင် ဖြစ်လေသည်။
သူ၏ ကြွားဝါချဲ့ကားပြောဆိုခဲ့သော စကားများကို မည်သူကမျှ မယုံခဲ့ကြပေ။
ထိုလူ၏ ကျင့်ကြံမှုအဆင့်ကို ဆူဇီမို ထောက်လှမ်းကြည့်သောအခါ.. သူက အစောပိုင်းအခြေတည်အဆင့်မျှသာ ရှိသေးလေသည်။
“သူက တစ်ခုခုတော့ တစ်ခုခုပဲ”
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ပြောရမည်ဆိုလျှင် ဆူဇီမိုသည် သည်နေရာအထိ ရောက်အောင် ပြေးထွက်လာနိုင်ခဲ့သည်မှာ သူ၏ သားရဲကျင့်ကြံမှုနည်းစနစ်များကြောင့် ဖြစ်လေသည်။
ဤမီးခိုးရောင်ဝတ်လူကတော့.. အစောပိုင်းအခြေတည်တစ်ယောက်၏ ခွန်အားနှင့် ဤနေရာအထိ ရောက်လာနိုင်ခဲ့ခြင်းမှာ အတော်လေး အထင်ကြီးဖို့ ကောင်းလေသည်။
တစ်စုံတစ်ရာကို ခံစားသိရှိလိုက်သလို.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက နောက်ပြန်လှည့်၍ ဆူဇီမိုကို ကြည့်လိုက်ပြီး.. အလွန်တရာ ရင်းနှီးဖော်ရွေဟန်ဖြင့် ပြုံးပြလိုက်၏။
ထိုအချိန်မှာပင်.. သူတို့ရှေ့၌ အုတ်အော်သောင်းနင်း နောက်ထပ်တစ်ခုက ပေါ်လာပြန်လေသည်။
တောထဲမှ ကြီးမားသည့်ကျားကြီးတစ်ကောင်က ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်က ပေနှစ်ဆယ်လောက်မြင့်ပြီး ဒေါမာန်အဟုန်ပြင်းထန်စွာနှင့် လူအုပ်ကြီးထဲသို့ ခုန်ဝင်လာ၏။
ပို၍ ကြောက်စရာကောင်းသည်က ထိုကျားမှာ အမြီးကိုးခုတောင် ပါရှိလေသည်။
“အမြီးကိုးခု.. ကျားပုံစံနဲ့က!”
ဆူဇီမိုသည် ပြန်လည်ပုံဖော်စဉ်းစားရင်း.. သူ့အမူအယာက အတည့်အတံ့ ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲ.. လူဝူ!”
တစ်ချိန်တည်းမှာပင်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူကလည်း မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။
“လူဝူလိုအကောင်မျိုးတောင် ပေါ်လာပါ့လား”
လူဝူသည် ရှေးကျသော ကြမ်းကြုတ်သားရဲမျိုးနွယ်ဖြစ်၏။ သူသည် ကျားပုံစံနှင့် အမြီးကိုးချောင်းပါရှိပြီး.. အလွန်ကြောက်စရာကောင်းသောခွန်အားကို ပိုင်ဆိုင်လေသည်။
လူအုပ်ကြီးထဲသို့ လူဝူခုန်ဝင်လာချိန်တွင်.. ရွှေခြင်္သေ့က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး.. လူဝူကို ပြန်လှန်တိုက်ခိုက်သတ်ဖြတ်ဖို့ပင် ကြိုးပမ်းလိုက်၏။
သို့သော်လည်း လူဝူက သူ့အမြီးကိုးချောင်းကို လှုပ်ရမ်း၍ ရှေ့သို့ခုန်အုပ်လိုက်၏။ ပထမတစ်ချီမှာပင်.. လူဝူက ရွှေခြင်္သေ့၏ လည်ပင်းကို ကိုက်ခဲလိုက်ပြီး လှုပ်ခါလိုက်သောအခါ.. သွေးများက မြင်မကောင်းအောင် ပန်းထွက်လာ၏။
တောက သွေးရနံ့များဖြင့် ထုံမွမ်းသွား၏။
ရွှေခြင်္သေ့၏သခင်၊ နိုးထဝိညာဉ်အဆင့်ကျင့်ကြံသူသည် ဘာမျှစဉ်းစားမနေဘဲ ထွက်ပြေးလိုက်၏။
များစွာသော ကျင့်ကြံသူများသည်လည်း အမိန့်တွေ၊ ညွှန်ကြားချက်တွေ စောင့်ဆိုင်းနာခံမနေတော့ဘဲ.. ဝရုန်းသုန်းကား ဦးတည့်ရာ ထွက်ပြေးလိုက်ကြ၏။
သို့သော်လည်း တောက သူတို့ထင်သလောက် ရိုးရှင်းမနေပေ။
ကမ္ဘာဦးတောအုပ်ဆိုတော့ ပိုဆိုးသည်ပေ့ါ။
သူတို့ ဝင်လာဖို့က လွယ်၏။ ပြန်ထွက်ဖို့ကတော့.. ...
ဖျောက်.. ဖျောက်!
တောထဲတွင် ဆယ်မီတာထက် ပိုရှည်သော ကင်းခြေများကြီးတစ်ကောင်က တွားသွား၍ ရောက်ချလာ၏။ တစ်ကိုယ်လုံးနီရဲနေပြီး အကြည့်က ဒေါမာန်ထနေကာ သူ၏ ခြေလက်တစ်ထောင်ကျော်ဖြင့် ရွေ့လျားလာနေ၏။
လူအုပ်ကြီးထဲသို့ တိုးဝင်လာပြီး ၎င်းက လူအုပ်ကြီးကို နှစ်ခြမ်းခွာခြားပစ်လိုက်၏။
စွမ်းအားကြီးသော တောကောင်များက တောထဲမှ တစ်ကောင်ပြီးတစ်ကောင် ပေါ်ပေါက်လာ၏။ သူတို့ထဲမှ အများစုမှာ မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများ ဖြစ်ကြ၏။ ဆူဇီမိုသည် သူတို့နှင့် လုံးဝရင်ဆိုင်စရာ အကြောင်းမရှိဘဲ ဝရုန်းသုန်းကားကြားထဲ ရအောင်ထွက်ပြေးလိုက်၏။
ဤတောထဲ၌ နိုးထဝိညာဉ်အဆင့်များတောင် ဘာမျှသုံးစားမရတော့ပေ။
မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများကို မြင်တွေ့ရချိန်၌ သူတို့သည်လည်း အခြားသူများနည်းတူ ထွက်ပြေးကြရလေသည်။
သူသာ ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ အမှန်တစ်ကယ် ရောက်သွားလျှင်.. ဘယ်လောက်ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို ထပ်မံမြင်တွေ့ရဦးမလဲဆိုတာ ဆူဇီမိုသည် တွေးတောင်မတွေးရဲတော့ပေ။
ထိုအရာက အလွန်ရက်စက်ပြီး ကြောက်ဖို့ ကောင်းလှ၏။
ဤတောအုပ်ထဲသို့ ကျင့်ကြံသူ သုံးသောင်းကျော် ဝင်ရောက်လာခဲ့ကြ၏။ ယခုအခါ.. ကျင့်ကြံသူ ထောင်ဂဏန်းအနည်းငယ်လောက်သာ ကျန်ရှိတော့ပြီး.. အခြားသူများမှာ ဤတောအုပ်ထဲ၌ သေဆုံးမြှုပ်နှံ့ခြင်း ခံလိုက်ကြရပေပြီ။
သူတို့သည် ဤတောအုပ်ထဲသို့ ဖြတ်သန်းဝင်လာရုံသာ ရှိသေးလေသည်။ နောက်ဆုံး အဆုံးသတ်၌ သူတို့ထဲက ဘယ်နှစ်ယောက်များ အသက်ရှင်နိုင်ပါမည်နည်း။
. . .
ကမ္ဘာဦးအပျက်အဆီးနယ်မြေမှ ကီလိုမီတာငါးဆယ်လောက်အကွာတွင်.. ကြီးမားနက်မှောင်နေသည့် ကျီးကန်းကြီးတစ်ကောင်သည် သူ့တောင်ပံများကို ရိုက်ခတ်၍ အလွန်တရာလျှင်မြန်စွာ ခရီးနှင်လာနေ၏။
ထိုကျီးကန်းကြီး၏ ကျောပေါ်တွင် သွေးနီရောင်ဝတ်သက်လတ်ပိုင်းရွယ်လူတစ်ယောက်က မတ်တပ်ရပ် လိုက်ပါလာ၏။
သွေးကျီးကန်းဘုရင်နှင့် သွေးကျီးကန်းနန်းတော်သခင်တို့ ဖြစ်ကြလေသည်။
“အို့”
သူသည် ခြေရာကောက်လျှို့ဝှက်အတတ်ကို ထုတ်ဖော်နေရင်း.. နန်းတော်သခင်က တဖြည်းဖြည်း မျက်မှောင်ကြုတ်လိုက်ပြီး.. သူ့အကြည့်က တောက်ပလာ၏။
“သခင်.. ဘာဖြစ်လို့လဲ.. အဲ့ဆူဇီမိုက ကျိရွှေမြစ်ထဲ ထပ်ငုပ်သွားပြန်ပြီလား” သွေးကျီးကန်းဘုရင်က မေးလိုက်၏။
“မဟုတ်ဘူး”
သုန်မှုန်နေသော မျက်နှာထားနှင့် နန်းတော်သခင်က သူ့မျက်မှောင်ကြုတ်၊ အံကြိတ်လိုက်၏။
“အဲ့ကောင်လေးက ဟိုနယ်မြေထဲကို ဝင်တော့မယ်”
“အာ”
သွေးကျီးကန်းဘုရင်က ရုတ်တရတ် သဘောမပေါက်ဘဲ ခဏမျှ ကြောင်အနေ၏။
ခဏနေပြီးနောက်.. သွေးကျီးကန်းဘုရင်သည် နားလည်သဘောပေါက်သွားပြီး သူ့မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုက ပေါ်လာ၏။ သူက မရေမရာ အကဲစမ်းသလို မေးလိုက်၏။
“အဲ့နယ်မြေလား”
“အမ်း” နန်းတော်သခင်က ခေါင်းညိတ်လိုက်၏။
သွေးကျီးကန်းဘုရင်က ချင့်တွက်စဉ်းစားလိုက်၏။
“အဲ့ကောင်လေးက တစ်ခုခု ကြံစည်နေတာပဲ.. သူက တမင်သက်သက် သခင့်ကို အဲ့နယ်မြေထဲရောက်လာအောင် မြှားခေါ်နေတာပဲ.. သခင် သူ့အကွက်ထဲ ဝင်မသွားမိစေနဲ့နော်”
ခဏနေပြီးနောက် သွေးကျီးကန်းဘုရင်က ဆက်ပြောလိုက်၏။
“နောက်ပြီး အဲ့ဒါက ဘယ်လိုနေရာလဲ ကျတော်တို့ သိနေတာပဲ.. နိုးထဝိညာဉ်အဆင့်တွေ၊ မူလနတ္ထိအဆင့်တွေတောင် အဲ့ထဲကနေ ခလုတ်မထိဆူးမငြိ ပြန်ထွက်လာနိုင်ဖို့ လွယ်တာမဟုတ်ဘူး.. သူ့လိုမျိုး အခြေတည်အဆင့်တစ်ယောက်ကတော့ အဲ့ထဲရောက်ရင် ကျိန်းသေ သေမှာပဲ!”
“ဒီကောင်လေးက တော်တော် အကြံကြီးတာပဲ!”
နန်းတော်သခင်က သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်၏။
“ဒါက လှည့်ကွက်ပဲ! သူ ဘာဖြစ်ချင်တာလဲ ငါသိနေရင်တောင် ငါသွားရမှာပဲ! သူသေသွားတယ်ဆိုရင်တောင်.. သူ့အလောင်းကို ငါကိုယ်တိုင် မျက်စိနဲ့ မြင်ရမှဖြစ်မယ်!”
“သခင်.. သတိထားမှ ဖြစ်မယ်နော်.. အရမ်းကာရောလုပ်လို့.. ..”
“အဲ့ဒါက တော်တော်ကောင်းတဲ့ လှည့်ကွက်ပဲ.. ဒါပေမယ့် သူလွဲမှားတွက်လိုက်တာ တစ်ခုရှိတယ်.. နှမြောစရာပဲ”
နန်းတော်သခင်က လက်ကာပြလိုက်ရင်း အေးစက်စက် သရော်လိုက်၏။
“သူက ငါ့ရဲ့သရုပ်မှန်ကို မသိသေးဘဲကိုး.. အဲ့နယ်မြေထဲမှာ ဘာရှိသလဲ ဆိုတာလဲ သူ,မသိဘူး.. အဲ့နယ်မြေက ဟိုသတ္တဝါကို ငါတို့သွားနှောင့်ယှက်မိရင်တောင်.. ငါ့ရဲ့ သရုပ်သကန် အဆင့်အတန်းနဲ့ဆို.. ပြန်ထွက်လာဖို့က ဘာပြဿနာမှ မရှိဘူး”
“လာပါ သွားကြရအောင်.. အဲ့ဆူဇီမိုက နောက်ထပ်ဘယ်နေရာထိ ဆက်ပြေးနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”