← Chapters

တောအုပ်၏ အပြင်ဘက်

Vol. 16 Ch. 232

တောအုပ်၏ အပြင်ဘက်

Vol. 16 Ch. 232

အခန်း ၂၃၂ - တောအုပ်၏ အပြင်ဘက်

ကမ္ဘာဦးတောအုပ်က စူးရှပြင်းထန်သော သွေးရနံ့များဖြင့် ထုံမွမ်းနေ၏။ သစ်ကိုင်းများ၊ သစ်ရွက်များကြားထဲသို့ သွေးမြူများက ပျံနှံ့စိမ့်ဝင်လာပြီး.. သွေးစက်သွေးပေါက်များက တိတ်တဆိတ် လျှောကျနေ၏။

ဆူးခြုံများ၊ ကျောက်စရစ်မြေပြင်များနှင့် သစ်ကိုင်းများပေါ်တွင်.. စုတ်ပြတ်သတ်နေသော အလောင်းများက ပြန့်ကျဲနေ၏။ သူတို့အားလုံးသည် ဆိုးဆိုးရွားရွားပုံစံနှင့် သေဆုံးနေကြပြီး တချို့က နှစ်ပိုင်းပြတ်၊ တချို့က ချွဲကျိသော အသားစုများအဖြစ်နှင့် လုံးဝလူရုပ်မပေါ်ကြတော့ပေ။

တောအုပ်က သက်ရှိငရဲခန်းတစ်ခု ဖြစ်လာခဲ့၏။

သွေးများ၊ ရက်စက်မှုများနှင့် ပြည့်နှက်နေပြီး.. တောရိုင်းကောင်များ တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လိုက်တိုင်း.. သစ်ပင်ကြီးများက လှုပ်ခါရမ်း၍ မြေပြင်ကတုန်ခါနေလာတတ်၏။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို မြင်တွေ့ရချိန်၌ ဤတောအုပ်ထဲသို့ ဝင်လာမိခဲ့သည်ကို နောင်တရနေသည့်သူများလည်း ရှိလိမ့်မည်ဟု ဆူဇီမို ယုံကြည်လေသည်။

သို့သော်လည်း အခုမှ ကမ္ဘာဦးတောအုပ်ထဲကနေ ပြန်ထွက်ဖို့မှာ သူတို့အတွက် နောက်ကျလွန်းသွားလေပြီ။

တောအုပ်ထဲရှိ သားရဲတောရိုင်းကောင်များက သူတို့နောက်ပြန်လှည့်မည့် လမ်းကြောင်းများကို လုံးဝဖြတ်တောက်ပစ်လိုက်ပေပြီ။

ကျန်ရှိနေသေးသော လူအရေအတွက်က နည်းသထက်နည်းလာခဲ့၏။

ရှေ့မှလျှောက်လှမ်းနေသော နိုးထဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို သာမန်အတိုင်းအန္တရာယ်မပေးနိုင်ဟု ထင်ရသော ပန်းတစ်ပွင့်က ဆွဲငင်စုပ်ယူလိုက်ပြီးနောက်.. ခဏလေးစူးစူးဝါးဝါးအော်သံကလွဲလျှင် တိတ်ဆိတ်ငြိမ်သက်၍ ဘာမျှ မကျန်ရှိခဲ့တော့သည်ကို ဆူဇီမိုသည် သူ့မျက်စိနှင့် ကိုယ်တိုင်တပ်အပ်မြင်တွေ့ခဲ့ရ၏။

တောအုပ်ထဲ၌.. ကမ္ဘာဦးခေတ်က ချန်ရစ်ခဲ့သော သာမန်အကျဆုံး သစ်ပင်လေးတစ်ပင်ကပင် အလွန်တရာ ကြောက်စရာကောင်းလှသော တည်ရှိမှုတစ်ခု ဖြစ်နေတတ်၏။

ဖိအားက ပို၍ ပြင်းထန်သိပ်သည်းအားကောင်းလာ၏။

ဆူဇီမိုသည် တောတွင်းဥပဒေသများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော်လည်း.. နိုးထဝိညာဉ်အဆင့်များတောင် အာမခံချက်မရှိသော ဤတောအုပ်ထဲ၌ သူအနေနှင့် ရုန်းထွက်နိုင်ဖို့မှာလည်း ခက်ခဲလှ၏။

ထိုအချိန်၌ မီးခိုးရောင်ဝတ်ကျင့်ကြံသူက ရုတ်တရတ် ဦးတည်ရာ ပြောင်းလိုက်သည်ကို ဆူဇီမို သတိထားမိလိုက်၏။ သူသည် ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းတို့၏ အနောက်မှ လူအုပ်ကြီးနှင့်အတူ ဆက်လက် မလိုက်ပါတော့ဘဲ.. အခြားခြုံတောတစ်ခုဆီသို့ ခွဲထွက်လိုက်၏။

ဆူဇီမို၏ ရင်သည် လှုပ်ခတ်သွားပြီး ချင့်တွက်စဉ်းစားလိုက်၏။

ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းတို့ကို ယခုအခါ နိုးထဝိညာဉ်အဆင့်များကို ဦးဆောင်နေပြီး အလွန်တရာ အင်အားတောင့်တင်းသော်လည်း.. အဲ့ဒါက ကမ္ဘာဦးသားရဲများ၏ ကြီးမားသည့် ပစ်မှတ်လည်း ဖြစ်နေပြန်၏။

သူတို့နှင့် ခွဲထွက်၍ နောက်ထပ်လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းက ပို၍ အန္တရာယ်ကင်းလောက်သည်ဟု ဆိုနိုင်လေသည်။

တစ်ကယ်တော့ ဒါကလည်း ခန့်မှန်းခြေ အကြမ်းဖျင်းတွက်ချက်မှုသာ ဖြစ်လေသည်။

ဤတောအုပ်တွင်း၌ အန္တရာယ်က နေရာတိုင်းမှာရှိပြီး အလုံးစုံအန္တရာယ်ကင်းသည့်နေရာရယ်လို့တော့ မရှိပေ။

ဆူဇီမို၏ မျက်လုံးက တစ်ဖျတ်ဖျတ်လှုပ်ခတ်သွားပြီး သူသည်လည်းပဲ ဦးတည်ရာကို ပြောင်းလိုက်ပြီး မီးခိုးရောင်ဝတ်ကျင့်ကြံသူသွားရာ လမ်းကြောင်းနောက်သို့ လိုက်လိုက်၏။

ဆူဇီမိုသည် အနာကွန်ဒါတစ်ကောင်ကဲ့သို့ တောထဲတွင် လျှောထိုးတွားသွားလိုက်ပြီး.. သိပ်မကြာမီ မီးခိုးရောင်ဝတ်ကျင့်ကြံသူကို မီလာကာ.. အနောက် ခပ်လှမ်းလှမ်းကနေ လိုက်ပါသွား၏။

မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ပြေးနှုန်းက သိပ်မမြန်လှဘဲ ရံဖန်ရံခါ အရှိန်တောင်လျော့ကျသွားသေး၏။

ထို့အပြင် မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ အပြုအမူများက အတော်လေး ထူးခြားနေ၏။ သူသည် ညာဘက်လက်က ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး.. ဘယ်ဘက်လက်ကတော့ ဖြန့်ထားကာ သူ့လက်မနှင့် အခြားလက်ချောင်းများကို အလွန်တရာလျှင်မြန်စွာ ထပ်ကာထပ်ကာ ထိနေလိုက်၏။ သူက တစ်ခုခုကို တွက်ချက်နေသလိုပင်။

ဆူဇီမိုကို ပို၍ တွေးရကျပ်စေသည်မှာ ဤတောအုပ်ထဲ၌ ကျင့်ကြံသူထောင်သောင်းချီ၍ သေဆုံးပျောက်ကွယ်ခဲ့ကြသော်လည်း.. ထိုလူ၏ မျက်နှာပေါ်၌ ကြောက်ရွံ့မှု တစိုးတစိကိုမျှ သူ မမြင်ရ‌ပေ။

ထိုကဲ့သို့သော စိတ်နေစရိုက်မျိုးက အလွန်ကြောက်စရာကောင်း၏။

ထိုအချိန်မှာပင်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ရုတ်တရတ် ရပ်တန့်လိုက်ပြီး သူ့ကိုယ်သူ ပုန်းလျှိုးလိုက်၏။

ထိုသည်ကို မြင်သောအခါ.. ဆူဇီမိုသည်လည်းပဲ နမော်နမဲ့ မပြုမူရဲတော့‌ပေ။ သူသည် မြေပေါ်သို့ ပြားပြားဝပ်ချလိုက်ပြီး.. အသက်အောင့်၍ စောင့်ဆိုင်းလိုက်၏။

ခဏနေပြီးနောက် ဆူဇီမို၏ စိတ်ထဲတွင် သတိပေးချက်က မြည်လာ၏။

ထိုအချိန်မှာပင်.. ကောင်းကင်တစ်ခွင်ပြည့်နှက်နေပြီး သွေးဆာအော်ရာထွက်ပေါ်နေသော ကြီးမားသည့် အရိပ်ကြီးတစ်ခုက သူတို့၏ ခေါင်းပေါ်မှ ဖြတ်ကျော်ကာ.. ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းသို့ ရှိရာသို့ အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် ပျံသန်းသွား၏။

ဆူဇီမို၏ မျက်နှာက ဖြူလျော့သွားပြီး ချွေးသီးချွေးပေါက်များ ကျလာ၏။

ဤကမ္ဘာဦးတောအုပ်ထဲ၌ ဆူဇီမို၏ အာရုံခံသတိစိတ်က အန္တရာယ်ကို ကြိုတင်၍ သူ့အား သတိပေးနိုင်၏။

သို့သော်လည်း ထိုသို့သတိပေးချိန်တွင် နောက်ကျသွားလောက်ပေပြီ။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ကျုံးထ၍ ရှေ့သို့ ဆက်လက်ပြေးသွား၏။

“ဒီလူက စွမ်းတော့စွမ်းသားပဲဟ.. ငါ သူ့နောက်ကို လိုက်သွားရင် ဒီတောအုပ်ထဲကနေ အပြင်ဘက်ကို ထွက်နိုင်ကောင်းလောက်ရဲ့”

ဆူဇီမိုက အနောက်ကနေ နီးကပ်စွာ လိုက်ပါသွား၏။

ထင်သည့်အတိုင်းပင်.. ထိုလူသွားသည့်အတိုင်း ရပ်နားလိုက်၊ ထသွားလိုက်နှင့်.. ဆူဇီမိုသည် ကြမ်းကြုတ်သားရဲများ၏ တိုက်ခိုက်ခံရမည့်ရန်မှ အကြိမ်အတော်များများ ရှောင်နိုင်ခဲ့၏။

ဆူဇီမို၏ မျက်လုံးထဲတွင်.. ထိုမီးခိုးရောင်ဝတ်ကျင့်ကြံသူက တစ်ကယ့်အံ့မခန်း ဖြစ်လာ၏။

သိပ်မကြာမီ.. ရှေ့မှသွားနေသော မီးခိုးရောင်ဝတ်လူသည် တစ်ခုခုကို အာရုံခံသိရှိလိုက်သလို ရုတ်တရတ် အ‌နောက်သို့ လှည့်ကြည့်လိုက်၏။

ဆူဇီမိုက ချက်ချင်းကိုယ်ကို ဝပ်ချ၍ ပုန်းကွယ်လိုက်၏။

မီးခိုးရောင်ဝတ်လူက တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆူဇီမိုပုန်းနေရာနေရာသို့ အရောက်တွင် သူ့အကြည့်က ခဏရပ်တန့်သွား၏။ သူက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ရှေ့သို့ ပြန်လှည့်ကာ ဆက်လက်ပြေးသွားလိုက်၏။

သည်တစ်ကြိမ်တွင်တော့.. မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ခြေလှမ်းများက ထူး‌ဆန်းနေပြီး ဘယ်မှညာ၊ ညာမှဘယ် အဆက်မပြတ် ပြောင်းလဲနေ၏။ ရုတ်တရတ် သူသည် တစ်ချက်ချိုးကွေ့ပြီးနောက် ဆူဇီမို၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။

ဆူဇီမိုက ကပျာကယာ အမီပြေးလိုက်လိုက်သော်လည်း.. သူသည် မီးခိုးရောင်ဝတ်ကျင့်ကြံသူကို မျက်ခြေပြတ်သွားပြီဖြစ်ကြောင်း နားလည်လိုက်၏။

သူ၏ နောက်ယောင်ခံလိုက်ခြင်းက ပေါ်သွားလေပြီ။ မီးခိုးရောင်ဝတ်လူက သူလိုက်လာသည်ကို အာရုံခံမိသွားသောအခါ ဆူဇီမိုကို ခါချမျက်ခြေဖြတ်ဖို့ ကြိုးစားလိုက်၏။

“ဟဲဟဲ”

ဆူဇီမိုသည် ခပ်ယဲ့ယဲ့ပြုံး၍ ဘေးပတ်ဝန်းကျင်ကို စေ့စစပ်သေချာစွာ ကြည့်ပြီးနောက်.. လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ ပြေးထွက်လိုက်၏။

တောထဲတွင် ခရီးသွားသည့်အခါ သဲလွန်စများက သေချာပေါက် ကျန်ရစ်ခဲ့လေသည်။

အခြားသူများကတော့ ထိုအရာကို မမြင်ချင်မမြင်ဘဲနေမည်။ သို့သော် တောတွင်းရှင်သန်မှု အတွေ့အကြုံကောင်းကောင်းရှိခဲ့သော ဆူဇီမိုအတွက်တော့.. သူသည် သဲလွန်စသေးသေးလေး ရှာတွေ့မိရုံနှင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူ ထွက်ခွာသွားသည့် လမ်းကြောင်းကို ဆုံးဖြတ်နိုင်လေသည်။

တစ်ကယ်တော့ ထိုသို့ သဲလွန်စရှာ နောက်ယောင်ခံလိုက်ခြင်းက ဆူဇီမို၏ အမြန်နှုန်းကို သိသိသာသာ လျော့ကျစေ၏။

အတန်အသင့် ကြာပြီးနောက်.. သူလှမ်းမျှော်ကြည့်လိုက်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ကမ္ဘာဦးတောအုပ်၏ အစွန်အနား အဆုံးသတ်က ရှေ့နားမှာ မြင်နေရပေပြီ။

ရုတ်တရတ်!

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး နှစ်ခါမစဉ်းစားဘဲ ဘေးဘက်သို့ ခုန်ရှောင်လိုက်၏။

ချွမ်း!

နားပင်မတတ် ကျယ်လောင်သည့် မြည်သံက ထွက်ပေါ်လာ၏။

နောက်လှည့်ကြည့်ရင်း.. ဆူဇီမိုသည် ပင့်သက်ကိုရှိုက်လိုက်ပြီး တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွား၏။

ခြေရှစ်ချောင်း၊ ကိုယ်ပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေသည့် ကြီးမားသည့် တောကောင်ကြီးက ဆူဇီမို၏ရှေ့တွင် ရပ်နေပြီး ‌‌ဒေါသူပုန်ထစွာ ကြည့်နေ၏။

မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲ.. နတ်မီးတောက်ပင့်ကူ!

နတ်မီးတောက်ပင့်ကူက ပိုးချည်မျှင်များကို မထုတ်နိုင်သော်လည်း.. သူ့ခြေရှစ်ချောင်းက မည့်သည့်လက်နက်ထက်မဆို ထက်ရှနေ၏။

စောစောက နတ်မီး‌တောက်ပင့်ကူ၏ ခြေသည်းကျရာ မြေပြင်သည် ပိုင်းပြတ်ထွက်သွားပြီး မြေပြင်တွင် နက်ရှိုင်းသည့် ကွဲကြောင်းကြီးတစ်ခုကို ဖြစ်လာစေ၏။

ဆူဇီမိုသာ ခြေတစ်လှမ်းလောက် နောက်ကျခဲ့လျှင် သူ့ကိုယ်က နှစ်ပိုင်းပြတ်သွားလိမ့်ပေမည်။

ဆူဇီမို၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ.. နတ်မီးတောက်ပင့်ကူ၏ မီးတောက်အနည်းငယ်မျှလေးနှင့် ထိတွေ့လိုက်လျှင်တောင် သူ့ကိုယ်က ဘာမျှမကျန်အောင် ပြာကျသွားလိမ့်ပေမည်။

ဆူဇီမိုသည် ဆက်လက်ကြန့်ကြာမနေရဲတော့ဘဲ.. လှည့်ထွက်ပြေးလိုက်၏။

ချွမ်း.. ချွမ်း.. ချွမ်း!

နတ်မီးတောက်ပင့်ကူက သူ့နောက်ကနေ နီးကပ်စွာဖြင့် အလွန်တရာ လျှင်မြန်စွာ လိုက်ပါလာ၏။ သူ့ခြေသည်းများချရာ ကျောက်သားများသည် ကွဲအက်၍ မီးပွားများက ဆက်တိုက်ထွက်ပေါ်နေ၏။

ဘန်း.. ဘုန်း.. ဘုန်း..!

ရုတ်တရတ် ဆူဇီမို၏ အနောက်တွင် ကျယ်လောင်သည့် မြည်ဟည်းသံကြီးက ထွက်ပေါ်လာ၏။

သူနှင့် မလှမ်းမကမ်း.. နတ်မီးတောက်ပင့်ကူ၏ အောက်ဘက်တွင် ဘယ်ကဘယ်လိုမသိ နက်မှောင်နေသည့် တွင်း‌ပေါက်ကြီးက ပေါ်လာ၏။ ၎င်းတွင်းပေါက်ထဲမှ စူးရှသည့် သတ်ဖြတ်လိုစိတ်က ထွက်ပေါ်နေ၏။

နတ်မီးတောက်ပင့်ကူ၏ မျက်လုံးထဲတွင် စိုးရွံထိတ်လန့်မှုက ပေါ်လာပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်၏။

ဘုန်း!

ရုတ်တရတ်.. နက်မှောင်နေသော တွင်းကြီးထဲမှ ဆင်နှာမောင်းကဲ့သို့ အသားချောင်းကြီးတစ်ခုက ထွက်ပေါ်လာပြီး.. နတ်မီးတောက်ပင့်ကူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ တွင်းကြီးထဲသို့ ဆွဲယူသွင်းလိုက်၏။

“ကီ ကီ ကီ!”

နတ်မီးတောက်ပင့်ကူထံမှ စူးရှသည့် အော်သံက ဆက်တိုက်ထွက်ပေါ်လာ၏။ သူ အရူးအမူးကြိုးစားရုန်းကန်လိုက်သော်လည်း အချည်းနှီးပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင်.. ပင့်ကူကြီးသည် တွင်းပေါက်ကြီးထဲသို့ ရုန်ကန်းရင်း ပါသွားပြီး.. မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

ဆူဇီမိုသည် တံတွေးမျိုချလိုက်၏။

ထိုတွင်းပေါက်ကြီးထဲတွင် ဘယ်လိုသတ္တဝါရှိသည်ကို သူစဉ်းစားနေချိန်ပင်မရပေ။

ရွှစ်!

မလှမ်းမကမ်း တောအုပ်ထဲမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာ၏။

သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသော ကြမ်းကြုတ်သားရဲ၏ ခြေသံများကို သူကြားလိုက်ရ၏။

ဆူဇီမိုသည် ရုတ်တရတ် သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ကို သားရဲချီများက လွှမ်းခြုံလာ၏။ နတ်မြင်းလျှပ်တပြက်ပြေးထွက်ခြင်းကို ထုတ်ဖော်လိုက်ပြီး.. ရှေ့သို့ ခြေကုန်သုတ်၍ သူပြေးလိုက်၏။

သူ့နောက်တွင် သားရဲအမျိုးအစားပေါင်းစုံက မကောင်းဆိုးဝါးများကဲ့သို့ ရန်လိုစိတ်အပြည့်ဖြင့် ပြေးလိုက်လာကြ၏။

ဆူဇီမိုသည် အံကိုကြိတ်လိုက်၏။

ပေငါးဆယ်..

ပေသုံးဆယ်..

ဆယ်ပေ!

ရွှစ်!

နောက်ဆုံးမှာတော့ သူ့ရှေ့မှမြင်ကွင်းက ရှင်းလင်းသွား၏။

နောက်ဆုံးမှာတော့ ဆူဇီမိုသည် ကမ္ဘာဦးတောအုပ်၏ အပြင်ဘက်ကို ရအောင် ထွက်နိုင်ခဲ့လေပြီ။

များစွာသော ရှေးဦးကြမ်းကြုတ်သားရဲများသည် တောအုပ်၏ အစွန်အစပ်သို့ ရောက်ကြသောအခါ အားလုံးသည် ကြိုတင်တိုင်ပင်ထားကြသလို တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများကို မြင်နေရပြီး.. တဖြည်းဖြည်း အနောက်သို့ ပြန်လည်ဆုတ်ခွာသွားကြ၏။

All Chapters