အရိုးပင်လယ်
Vol. 16 Ch. 233
အခန်း ၂၃၃ - အရိုးပင်လယ်
အစတုန်းက ဤတောအုပ်ထဲသို့ ကျင့်ကြံသူ သောင်းနှင့်ချီ၍ ဝင်ရောက်ခဲ့ကြ၏။
သို့သော်လည်း သူတို့ထဲမှ ဤတောအုပ်ထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူမှာ ၁ရာခိုင်နှုန်းထက် မပိုနိုင်ဟု ဆူဇီမို ယုံကြည်လေသည်။
သူတို့ထဲမှ တစ်ယောက်အနေနှင့် ဆူဇီမိုက ပျော်သင့်လေသည်။
သို့သော်လည်း တောထဲသို့ ဖြည်းဖြည်းချင်း ပြန်လှည့်သွားကြသော တောကောင်များစွာကို မြင်ရချိန်၌ ဆူဇီမိုသည် ရုတ်တရတ် နားလည်လိုက်၏။ သူသည် တောအုပ်ထဲမှ ရုန်းထွက်လွတ်မြောက်လာသည်နှင့် တစ်ချိန်တည်းမှာပင်.. သူသည် ကမ္ဘာဦးခေတ်က ကြွင်းကျန်ရစ်ခဲ့သော ကုန်းမြေတစ်ခုဆီသို့ ခြေချမိလျက်သား ဖြစ်နေပေပြီ။
ကမ္ဘာဦးအပျက်အဆီးနယ်မြေ!
အဲ့ဒါက မြေပုံတွင် အန္တရာယ်အရှိဆုံးနေရာအဖြစ် အမှတ်အသားပြထားသော နေရာလည်း ဖြစ်လေသည်။
ရက်စက်ကြမ်းတမ်းလှပါသည်ဆိုသော မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများပင်လျှင် ဤကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ မဝင်ရဲ စိုးရွံ့ကြ၏။
ဤနေရာ၌ ဘယ်လို လျှို့ဝှက်သည့် အရာမျိုးကို ကွယ်ဝှက်ထားပါသည်လဲ။
ဆူဇီမိုသည် ဖြည်းဖြည်းချင်းလှည့်၍ ကြည့်လိုက်၏။
ပထမအကြည့်တစ်ချက်မှာပင် ဆူဇီမို၏ သူငယ်အိမ်က တင်းကျပ်သွားပြီး.. အသက်ရှူပင် ရပ်တန့်သွား၏။
အဲ့ဒီမှာ အဆုံးမသတ်သည့် အရိုးဖြူများက ပြန့်ကျဲစုပုံထပ်နေ၏။
ထိုအရိုးဖြူများက မျက်စိဖြင့် ကြည့်၍ မဆုံးနိုင်အောင်ပင် ကုန်းမြေတစ်ခုလုံး ပြည့်နှက်နေ၏။
အချို့အရိုးများမှာ လူရိုးများဖြစ်ပုံရပြီး.. ကျန်အတော်များများကတော့ ရှေးဦးအဆက်နွယ်သားရဲအရိုးများ ဖြစ်ပုံရ၏။ ဘယ်တစ်ခုမှ အကောင်းပကတိ ရှိမနေတော့ဘဲ.. အားလုံးက မြေပြင်ပေါ်တွင် ပြန့်ကျဲ ကြေမွကျိုးပဲ့နေကြ၏။
အဲ့ဒါက တစ်ကယ့်ကို အရိုးပင်လယ်ကြီးဖြစ်၏။
အရိုးပင်လယ်ကြီး၏ အရှေ့တွင် မတ်တပ်ရပ်နေသော ဆူဇီမိုသည် မနှိုင်းယှဉ်သာလောက်အောင် သေးနုပ်သွားသည် ထင်ရ၏။ ထိုအရိုးပင်လယ်ပေါ်သို့ သူခြေချလိုက်သည်နှင့် အရိုးများက သူ့အားဆွဲယူဝါးမျိုတော့မည်အလားပင်။
အဲ့ဒီမှာ မရှင်းပြနိုင်သော အကြောက်တရား၊ ဖော်ပြခြင်းငှာမစွမ်းသာသော မွန်းကျပ်မှု၊ အတောမသတ် ဖိနှိမ်ချုပ်နှောင်မှုနှင့် ခပ်ဖျော့ဖျော့ သွေးရနံ့တို့က ရှိနေ၏။
ထိုအချိန်မှာပင် ဆူဇီမို၏ ရင်အုပ်နားက လှုပ်ရှားသွားပြီး.. ညဝိညာဉ်က ရုတ်တရတ် ခေါင်းပြူထွက်၍ လျှောဆင်းလိုက်၏။
အရှေ့ဘက်ရှိ အရိုးပင်လယ်ကြီးကို ကြည့်ပြီး ညဝိညာဉ်က သူ့နှာခေါင်းကို ပွချည်ရှုံ့ချည် ပြုလုပ်လိုက်၏။ သူ့အမူအယာက ထူးဆန်းနေပြီး.. သူ့မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတစ်စက်က တောက်ပနေ၏။
ရုတ်တရတ်!
မလှမ်းမကမ်းရှိ ကမ္ဘာဦးတောအုပ်၏ အစွန်အစပ်မှ ပုံရိပ်နှစ်ခုက အရင်ဆုံး ပြေးထွက်လာ၏။ သူတို့ကိုယ်တွင် သွေးများ ပေစွန်းနေပြီး.. ဆိုးဆိုးရွားရွားအကျိုးနည်းပုံ ပေါက်နေ၏။
“သူတို့ပဲ!”
ဆူဇီမိုသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုသူနှစ်ယောက်ကို မှတ်မိလိုက်၏။
သူတို့နှစ်ယောက်ကား ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းတို့မှ နိုးထဝိညာဉ်အဆင့် ခေါင်းဆောင်နှစ်ယောက် ဖြစ်ကြ၏။
သူတို့နှစ်ယောက်သည် အနောက်ဘက်ရှိ တောအုပ်ကို ကြောက်လန့်နေဆဲအမူအယာနှင့် လှည့်ကြည့်လိုက်ကြ၏။ သူတို့မျက်နှာကို ပြန်လှည့်လိုက်ချိန်တွင် အရိုးပင်လယ်ကြီးကို မြင်လိုက်ကြရပြီး.. သူတို့သည် ရောက်နေရာတွင် ကျောက်ချရပ်တန့်ကာ ကြောက်ရွံ့တုန်လှုပ်မှုကို ထိန်းမထားနိုင်ကြပေ။
နိုးထဝိညာဉ်အဆင့်များပင်လျှင်.. ဤအရိုးပင်လယ်ကို ရင်ဆိုင်ရချိန်၌ သိမ်နုပ်သေးငယ်သွားသည်ဟု ခံစားလိုက်ရ၏။
ဤမျှထိ ကြောက်မက်ဖွယ်ရာကောင်းသော အပျက်အဆီးနယ်မြေတစ်ခု ဖြစ်လာအောင် ဘယ်လောက်ထိဆိုးရွားတဲ့ တိုက်ပွဲမျိုး ဖြစ်ခဲ့တာပါလဲ။
“မြန်မြန်.. လွတ်အောင်ပြေးစမ်း!”
“ရှေ့နားဆို ရောက်ပြီးဟ! မြန်မြန်ဟေ့ မြန်မြန်!”
“ကယ်ပါဦး!”
တောအုပ်အစပ်မှ ကြောက်လန့်တကြား အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
သိပ်မကြာမီ နောက်ထပ်ကျင့်ကြံသူတစ်စုသည် တောအုပ်ထဲမှ ထွက်လာကြ၏။ အရေအတွက်အားဖြင့် တစ်ရာကျော်လောက်ရှိကြပြီး.. ဆံပင်များက ဖိုသီဖတ်သီ၊ အဝတ်များက စုတ်ပြဲပြတ်သတ်ထွက်နေ၏။ သူတို့သည် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ကြလိုက်ကြပြီး.. မောပန်းတကြီး ဟောဟဲဆိုက်နေကြ၏။
သူတို့ထဲတွင် အခြေတည်အဆင့်များရော၊ ရွှေအမြုတေအဆင့်များရော ပါကြ၏။
ထောင်သောင်းချီဝင်ရောက်လာခဲ့ကြသော အင်အားစုကြီးထဲတွင်.. နိုးထဝိညာဉ်များနှင့် ရွှေအမြုတေအဆင့်များ အပါအဝင် အသက်ရှင်ကျန်ရစ်နိုင်ခဲ့သူများက တစ်ရာကျော်သာ ရှိတော့လေသည်။
သူတို့ကလွဲ၍ အခြားသူများအားလုံးမှာ ကမ္ဘာဦးအပျက်အဆီးနယ်မြေကို တစ်ချက်တောင် မမြင်တွေ့လိုက်ရဘဲ တောအုပ်ထဲမှာသာ သေဆုံးခဲ့ကြရ၏။
ဆူဇီမိုသည် သူတို့ဘက်သို့ ဖျတ်ကနဲ တစ်ချက်သာ ကြည့််၍ ချက်ချင်း ပြန်လှည့်လိုက်၏။
ထိုကျင့်ကြံသူများ သူ့ကို အာရုံစိုက်မိသွားလို့ မဖြစ်ချေ။
ရုတ်တရတ်..
ညဝိညာဉ်က တအီအီ အသံပြုလိုက်၏။ သူ့ပါးစပ်ကိုဟ၍ ဆူဇီမို၏ ဝတ်ရုံစကို အသာကိုက်လိုက်ပြီး.. အရိုးပင်လယ်ရှိရာဘက်သို့ ဆွဲခေါ်လိုက်၏။
“မင်းက အဲ့ထဲကို သွားချင်တာလား”
ဆူဇီမိုက မျက်မှောင်ကြုတ်၍ အသံနှိမ့်မေးလိုက်၏။
ညဝိညာဉ်က ခေါင်းညိတ်ပြလိုက်၏။
“ဒီအရိုးပင်လယ်က မရိုးဘူး.. အထဲမှာ ဘယ်လိုအန္တရာယ်တွေ စောင့်ဆိုင်းနေမလဲ ငါတို့သိရတာ မဟုတ်ဘူး။ ငါတို့ ဒီနားတဝိုက်ကို အရင်လှည့်ပတ်ကြည့်ရအောင်.. မလောပါနဲ့ကွ” ဆူဇီမိုက ပြောလိုက်၏။
ညဝိညာဉ်က ခေါင်းခါလိုက်၏။ သူက ရုတ်တရတ် နောက်ခြေထောက်ကို မြှောက်လိုက်ပြီး ဆူဇီမိုကို သေးနှင့်ပန်းလိုက်၏။
ဆူဇီမိုက အဲ့ဒါကို အသာအယာ ရှောင်နိုင်၏။
သို့သော်လည်း သူငြိမ်နေလိုက်၏။ ညဝိညာဉ်က အသိဉာဏ်ဝင်နေပြီဖြစ်ပြီး အလွန်တရာ ဉာဏ်ကောင်းလှ၏။ ၎င်းက အကြောင်းရင်းမရှိဘဲ သူ့ကို ညစ်ပေအောင် လုပ်မည် မဟုတ်ပေ။ ၎င်းက အဲ့ဒါကို လုပ်ဖို့ ရွေးချယ်လိုက်လျှင် အဲ့ဒါရဲ့နောက်ကွယ်မှာ အကြောင်းရင်းတစ်ခု ရှိလိမ့်ပေမည်။
“ဟျောင့် မင်း ဘယ်ဂိုဏ်းကလဲ.. မင်းနာမည် ဘယ်သူလဲ!”
ထိုအချိန်မှာပင် နိုးထဝိညာဉ်အဆင့်နှစ်ယောက်က လျှောက်လှမ်းလာ၏။ သူတို့သည် ဆူဇီမိုကို အထက်စီးဆန်ဆန် ကြည့်လိုက်ကြပြီး.. သူတို့၏လေသံက အေးစက်၍ ပြန်လှန်မပြောနှင့်ဟူသော ပုံစံမျိုးဖြစ်၏။
“ကျုပ်နာမည်က ဆူဇီမို.. ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး”
ဆူဇီမိုက ဂရုမစိုက်ဟန်ဖြင့် မုသားတစ်ဝက်၊ အမှန်တစ်ဝက်ရောပြောလိုက်၏။
“အဆင်သင့်လိုက်တာ.. မင်း အဲ့အရိုးပင်လယ်ထဲကို ခဏလျှောက်ကြည့်စမ်း.. မင်းအသက်ရှင်လျှက် ပြန်လာနိုင်ရင်.. ငါတို့ကောင်းကင်အဆူရာဂိုဏ်းနဲ့ ခရမ်းတိမ်ပြာဂိုဏ်း ကြိုက်တဲ့တစ်ဂိုဏ်းကိုရွေးလိုက်၊ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက မင်းကို ဂိုဏ်းထဲဝင်ခွင့်ပေးမယ်” နိုးထဝိညာဉ်အဆင့်တစ်ယောက်က ပြောလိုက်၏။
“အမှန်ပဲ”
နောက်ထပ်နိုးထဝိညာဉ်အဆင့်တစ်ယောက်က ဝင်ရောက်ခေါင်းညိတ်ပြောလိုက်၏။
“ဆူဇီမို.. အဲ့ဒါက မင်းအတွက် တစ်ကယ့် အခွင့်အရေးပဲနော်”
ဆူဇီမိုသည် စိတ်ထဲက ကြိတ်ရယ်လိုက်ပြီး ပြန်တော့မပြောပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူက ဤအရိုးပင်လယ်ကို ဖြတ်ကျော်ရပေမည်။
သူအခု မသွားသေးလျှင်တောင်.. သူ့နောက်က လိုက်လာသူများ ရောက်လာလျှင် ဤအရိုးပင်လယ်ကို သူဖြတ်ကျော်သွားရပေမည်။
ဒါ့အပြင် ညဝိညာဉ်ကလည်း သူ့ကို သွားစေချင်နေ၏။ သူက ဆူဇီမိုကို မျှော်လင့်တကြီးကြည့်ရင်း အထဲကို ဝင်ရောက်ဖို့ လောဆော်နေ၏။
ညဝိညာဉ်ကို ကြည့်ပြီး ဆူဇီမိုသည် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ.. အရိုးပင်လယ်ထဲသို့ လှမ်းဝင်လိုက်တော့၏။
ညဝိညာဉ်က ဆူဇီမို၏ ဘေးကနေ ခွေးလေးတစ်ကောင်လို လိုက်ပါလာ၏။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားတက်ကြွနေမှုတစွန်းတစပင် ပေါ်နေ၏။
ဆူဇီမိုသည် အရိုးပင်လယ်ထဲသို့ လှမ်းဝင်လိုက်သည့်ခဏမှာပင် တစ်ခုခု ထူးခြားနေတာကို သတိထားမိလိုက်၏။
သူ့ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို မမြင်ရသောအားတစ်ခုက ချိတ်ပိတ်လိုက်ပုံရ၏။ အဲ့ဒါက စိတ်ဝိညာဉ်သော့ခတ်အစီအရင်၏ အကျိုးသက်ရောက်ပုံနှင့် ဆင်တူသော်လည်း.. ယခုဟာက ပို၍ ကြောက်စရာကောင်း၏။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက်.. ဆူဇီမိုသည် အရိုးပင်လယ်၏ အနက်ပိုင်းဆီသို့ ဦးတည်လျှောက်လိုက်၏။
ဘေးပတ်လည်တွင် အရိုးများက ခြံရံနေပြီး.. အဲ့ဒါက ထူးခြားစွာ ငြိမ်သက်၍ ထိတ်လန့်သွေးပျက်ဖွယ်ရာ ကောင်းနေ၏။
နာရီဝက်ခန့် ကြာပြီးနောက်.. ဆူဇီမိုသည် အရိုးပင်လယ်ထဲ အတော်အတန် ခရီးပေါက်နေပြီဖြစ်ပြီး.. မမျှော်လင့်ထားတာ၊ ထူးခြားတာ တစ်စုံတစ်ရာက ပေါ်မလာသေးပေ။
“ဆရာ.. ကျုပ်တို့လဲ လိုက်ဝင်ကြရအောင်.. အထဲမှာ အဖိုးတန်တာ တစ်ခုခုရှိနေရင်.. အဲ့ကောင်လေးက ယူသွားဦးမယ်”
ကောင်းကင်အဆူရာဂိုဏ်းမှ တစ်ယောက်က အကြံပြုလှုံ့ဆော်လိုက်၏။
“အမ်း”
နိုးထဝိညာဉ်အဆင့်နှစ်ယောက်က တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်၏။ အမိန့်ပေးလိုက်ပြီးနောက်.. ကျန်ရှိနေသေးသော တပည့်များကို ဦးဆောင်ကာ အရိုးပင်လယ်ထဲသို့ ခြေချလိုက်ကြ၏။
သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်ကို သော့ခတ်လိုက်သောကြောင့်.. ရွှေအမြုတေအဆင့်များတောင် လေထဲ မပျံသန်းနိုင်တော့ဘဲ လမ်းဆင်းလျှောက်ကြရ၏။
နိုးထဝိညာဉ်အဆင့်နှစ်ယောက်သာလျှင် အရိုးပင်လယ်အထက် ခပ်နိမ့်နိမ့်သာ ပျံသန်းနိုင်ကြလေသည်။
အဆိုပါကျင့်ကြံသူနှစ်ယောက်သည် ဆူဇီမိုသွားရာ လမ်းကြောင်းအတိုင်းသာ လိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။
သူတို့သည် အနောက်ကနေ အနီးလွန်းမဝေးလွန်းဘဲ လိုက်လာကြ၏။
တစ်ခုခုသာ ဖြစ်ပျက်ခဲ့လျှင် အရင်ဆုံးသေရမည့်သူမှာ ဆူဇီမိုသာလျှင်ဖြစ်ပြီး.. သူတို့ကတော့ ထွက်ပြေးဖို့ ပြင်ဆင်ချိန်ရပေလိမ့်မည်။
သို့သော်လည်း အဆိုပါကျင့်ကြံသူနှစ်ယောက် ဝင်ရောက်လာပြီးနောက် ကမ္ဘာတုန်လောက်သည့် ပြောင်းလဲမှုက စတင်ဖြစ်ပေါ်လာခဲ့၏။
ဆူဇီမိုက နောက်ပြန်လှည့်ကြည့်လိုက်၏။
အရိုးပင်လယ်ထဲမှ ကြီးမားသည့် လှိုင်းဂယက်များက ထလာ၏။
တစ်စုံတစ်ရာက သွား၍နှိုးဆွလိုက်သလို.. အဆုံးမသတ်သည့် အရိုးများသည် မြေပြင်မှ ရုန်းကန်ထကြွလာကြပြီး.. လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားများဖြင့် အမျိုးမျိုးသော ပုံသဏ္ဌာန်များကို ဖွဲ့တည်လာကြ၏။
အရိုးများထဲမှ အချို့သည် ဧရာမအရိုးဖြူလက်ဝါးကြီးပုံစံ ဖွဲ့တည်လာပြီး အရိုးပင်လယ်ထဲမှ ထွက်လာကာ လူအုပ်ကြီးကိုထဲသို့ ဖမ်းဆုပ်ဆွဲယူညှစ်လိုက်၏။
ဂိုဏ်းနှစ်ဂိုဏ်းမှာ ကျင့်ကြံသူထက်ဝက်လောက်သည် တစ်ခါတည်း ကိစ္စတုံးကုန်ကြ၏။
သွေးမြူများက ဖွားကနဲ ဖြာထွက်လာ၏။
အရိုးအချို့သည် ကြီးမားသည့်ခွန်အားမျာကို ပိုင်ဆိုင်ထားသော ကြမ်းကြုတ်သားရဲများအသွင် ပြောင်းလဲသွားပြီး.. မြင်မြင်သမျှကို ဒေါသတကြီးဖြင့် လိုက်လံသတ်ဖြတ်လေတော့၏။
ဆူဇီမို၏ ဘေးပတ်လည်မှာရှိသော အရိုးများသည်လည်း ထကြွလာကြ၏။
သို့သော်လည်း ထိုအရိုးများက ဆူဇီမိုနှင့် ညဝိညာဉ်တို့ကို မမြင်ချင်ယောင်ဆောင်သွားပြီး.. ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများဆီသို့သာ ပြေးဝင်သွားကြ၏။
“အဲ့ဒါက ညဝိညာဉ်ရဲ့ သေးကြောင့်များ ဖြစ်နေမလား”
ဆူဇီမိုသည် အဲ့ဒါကို မယုံချင်သော်လည်း.. ဖြစ်နိုင်စရာက ဤတစ်ချက်သာလျှင်ရှိ၏။
ဝုန်း!
နိုးထဝိညာဉ်အဆင့်တစ်ယောက်က အရိုးဖြူသားရဲတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်၏။
သူ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး.. ဒယီးဒယိုင်နှင့် အနောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ရ၏။
ထို့နောက် ချက်ချင်းပင်.. ထိုနိုးထဝိညာဉ်၏ ခန္ဓာကိုယ်က စေးပျစ်သော သွေးနှစ်များအဖြစ်သို့ ပေါက်ကွဲထွက်သွားပြီး ဘာမျှ မကျန်ခဲ့တော့ပေ။
အရိုးသားရဲများနှင့် ရင်ဆိုင်ရချိန်တွင်.. နိုးထဝိညာဉ်အဆင့်များပင်လျှင့် ခံနိုင်ရည်မရှိကြတော့ပေ။
ထိုသည်ကို မြင်သောအခါ.. ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းတို့ကတော့ သွားရှာပြီဟု ဆူဇီမို သိလိုက်၏။
ဤအရိုးပင်လယ်က သူတို့ခေါင်းချရာနေရာ ဖြစ်တော့ပေမည်။