← Chapters

လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်ကြီးများ

Vol. 16 Ch. 234

လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်ကြီးများ

Vol. 16 Ch. 234

အခန်း ၂၃၄ - လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်ကြီးများ

အရိုးပင်လယ်က ရုန်းကြွလာပြီးနောက်.. လေတိုက်ခတ်ပုံနှင့် တိမ်များက ရုတ်တရတ် ပြောင်းလဲသွား၏။

အတောမသတ်သည့် အရိုးဖြူများသည် လှုပ်ရှားလာကြပြီးနောက် အမျိုးမျိုးသော ရှေးဦးအဆက်နွယ်သားရဲများအသွင် ပြောင်းလဲသွားကြ၏။

ကြောက်စရာကောင်းသော တည်ရှိမှုများက အရိုးပင်လယ်ထဲမှ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

ရန်လိုစိတ်က လေထုထဲတွင် ပြည့်နှက်လာပြီး.. သွေးရောင်များကို အဆက်မပြတ် မြင်လာရ၏။

သူတို့သည် အရိုးစုပုံစံသာ ရှိနေသောကြောင့် ထိုရှေးဦးအဆက်နွယ်သားရဲများ၏ အမျိုးအစားကို ဆူဇီမိုသည် မခွဲခြားနိုင်ပေ။ သို့သော်လည်း သူတို့ထဲမှ အချို့မှာ လူပုံသဏ္ဌာန်ရှိပြီး.. တိုက်ခိုက်ရည်ကလဲ အတော်ကို ကြောက်စရာကောင်း၏။

ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းမှ ကျန်ရှိနေသော ကျင့်ကြံသူတစ်ရာကျော်ကျော်မှာ နိုးထဝိညာဉ်များနှင့် ရွှေအမြုတေများ အပါအဝင် အကုန်လုံးသည် မရေမတွက်နိုင်သော အရိုးသားရဲများ၏ မညှာအတာ သတ်ဖြတ်သုတ်သင်ခြင်းကို ခံလိုက်ကြရ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး ဆူဇီမိုသည် ခေါင်းနားပန်းကြီး၍ ခြေလက်များပါ အေးစက်လာ၏။

ဒါက ကမ္ဘာဦးအပျက်အဆီးနယ်မြေရဲ့ စွမ်းအားလား။

ဤသက်ရှိများက သေပြီး အရိုးဖြစ်သွားတာတောင် သည်လောက်ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်စွမ်းအားများကို ပိုင်ဆိုင်သေးသည်ဆိုတော့.. မသေခင်က သူတို့က ဘယ်လိုဖြစ်တည်မှုမျိုးတွေလဲ။

ဒီလိုမျိုး အတောမသတ် အရိုးပင်လယ်ကြီးဖြစ်လာအောင်.. သူတို့ကို ဘယ်သူတွေကို လာရောက်မြှုပ်နှံသွားခဲ့တာလဲ။

သည်အရိုးပင်လယ်၏ အနက်ဆုံးအပိုင်း၌ ဘာရှိနေမလဲ။

ချက်ချင်းဆိုသလို.. ဆူဇီမို၏ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာက ဝင်ရောက်လာ၏။

ထိုအချိန်၌ သူသည် ဘယ်လောက်မျှ အရေးမပါ အရာမရောက်သေးကြောင်း ခံစားသိရှိလိုက်ရ၏။

သူသည် အခြေတည်အဆင့် ရောက်နှင့်နေပြီး ဓါးပျံစီးနင်းနိုင်သော်လည်း.. သူသည် မော်တယ်အကာအရံကို အခုထိ ခွာမချနိုင်သေးပေ။

ဆူဇီမိုသည် အရိုးပင်လယ်၏ အနက်ပိုင်းဆီသို့ လျှောက်လာခဲ့၏။

သူသည် အလွန်တရာ စိမ်းသက်လှသောခေတ်တစ်ခုဆီသို့ ရောက်လာခဲ့သလိုပင်။

အချိန်မြစ်ထဲမှ နစ်မြှုပ်ပျောက်ကွယ်သွားပြီး ဒီဘက်ခေတ်တွင် မည်သူမျှ မသိရှိနိုင်‌တော့သည့် နေထိုင်ယဉ်ကျေးမှုတစ်ခုဆီသို့ သူသည် ဝင်ရောက်လာနေ၏။

သူ့နောက်မှ ဆိုးဆိုးရွားရွား အော်ဟစ်သံများက တဖြည်းဖြည်း ဖျော့၍ ပျောက်ကွယ်သွားလေပြီ။

စွမ်းအားကြီးသော အရိုးဖြူကြမ်းကြုတ်သားရဲများက မြေပြင်ပေါ်တွင် ပြန့်ကျဲကျရောက်၍ ငြိမ်သက်သွားကြ၏။

အရိုးပင်လယ်က တစ်ဖန်ပြန်၍ တိတ်ဆိတ်ကျသွားလေပြီ။

ထိုသို့ တိတ်ဆိတ်နေတာကပင် အတော်ကြောက်စရာကောင်းနေ၏။

စောစောက သတ်ဖြတ်သုတ်သင်မှုများသည် ဆူဇီမို၏ စိတ်ကူးယဉ်မှုများသာဖြစ်ပြီး ဘာမျှ မဖြစ်ပျက်သလိုပင်။

လေပြေလေးများက တိုက်ခတ်လာသောအခါ.. ဆူဇီမိုသည် ကျောရိုးတစ်လျှောက် ချမ်းတုန်သွား၏။

မသိလိုက်မသိဖာသာနှင့်ပင်.. သူသည် အေးစက်စက် ချွေးစေးများ ထွက်နေလေပြီ။

သူသည် ဘေးဘက်ရှိ ညဝိညာဉ်ကို စောင်းငဲ့ကြည့်လိုက်၏။

အရိုးပင်လယ်ထဲမှ စွမ်းအားကြီးသည့် တည်ရှိမှုများက သူ့ကို မတိုက်ခိုက်ခဲ့သည်မှာ ညဝိညာဉ်နှင့် တစ်နည်းတစ်ဖုံ ပတ်သတ်နေရမည်ဟု ဆူဇီမိုသည် ဝိုးတဝါး ခန့်မှန်းမိလိုက်၏။

ညဝိညာဉ်က သတိကြီးစွာနှင့် အနံ့ခံနမ်းရှုံ့၍ ဆူဇီမိုကို ဦးဆောင်ခေါ်သွား၏။

အဆုံးမသတ်သည့် အရိုးပင်လယ်ထဲတွင် လူတစ်ယောက်နှင့် တောကောင်တစ်ကောင်သာ ရှိ၏။ ပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ် ညှိုးငယ်နေပြီး အသက်ဓါတ်ကို လုံးဝမမြင်တွေ့ရပေ။

သူတို့ရှေ့တွင် မြူများက တဖြည်းဖြည်း ထူထပ်လာပြီး ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းက အလွန် နိမ့်ကျလာ၏။

သိပ်သည်းသော မြူများထဲတွင်.. စိုစွတ်မှုနှင့် သွေးရနံ့တို့က ရောယှက်ပါဝင်နေ၏။

အတန်ကြာပြီးနောက်.. သူ့ရှေ့တွင် အဖြူရောင်သန်းနေသော ကျောက်တိုင်ကြီးတစ်တိုင်ကို ဆူဇီမို တွေ့လိုက်ရ၏။ အလွန်တရာ တုတ်ခိုင်ကြီးမားပြီး.. အဲ့ဒါက မြေပြင်ပေါ်မှ ထိုးထွက်၍ ကောင်းကင်ထဲသို့ ထောင်တက်နေ၏။

ထိုကျောက်တိုင်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက အလွန်တရာ သေးငယ်သွားသည်ဟု ထင်ရ၏။

သူက လက်ဆန့်ထုတ်၍ ကျောက်တိုင်ကြီးကို ထိကြည့်လိုက်၏။

၎င်းက သူမျှော်လင့်ထားသည်ကို ကျော်လွန်နေ၏။

ဤဧရာမကျောက်တိုင်ကြီးက ကမ္ဘာဦးခေတ်မှ ကြွင်းကျန်ရစ်ခဲ့သော အရာတစ်ခုဖြစ်၏။ ၎င်းက မရေမတွက်နိုင်သော အချိန်ကာလများကို ဖြတ်‌ကျော်၍ ရာသီဥတု၏ တိုက်စားမှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ရ၏။ ထိုသို့ဆိုလျှင်တောင်.. ၎င်း၏ မျက်နှာပြင်က အနည်းငယ်ကလေးတောင် ကြမ်းတမ်းခက်ထန်မှု မရှိဘဲ ကျောက်စိမ်းသားကဲ့သို့ ချောမွတ်‌နေ၏။

ပုံမှန်အားဖြင့်ဆိုလျှင် ကျောက်တိုင်တစ်တိုင်ကို မဆိုထားနှင့်.. ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုဆိုလျှင်တောင်.. နှစ်ပေါင်း သိန်းနှင့်ချီ၍ အပြင်ဘက်မှာ ဒီအတိုင်း ပစ်ထားလျှင် ၎င်း၏ စိတ်ဝိညာဉ်ဓါတ်ကို ဆုံးရှုံးရပေလိမ့်မည်။

နောက်ပြီး.. ကမ္ဘာဦးခေတ်ကနေ ဒီနေ့အချိန်ထိဆိုလျှင် အနည်းဆုံး နှစ်ပေါင်းဆယ်သန်းလောက် ကြာခဲ့ပေပြီ။

“ဒီ‌ကျောက်တိုင်ကြီးက ရတနာပဲ.. ငါသာ ဒါကြီးကို သယ်သွားလို့ရရင်တော့..”

ဆူဇီမိုသည် ကျောက်တိုင်ကြီးကို နှစ်ပတ်လောက် လှည့်ကြည့်ပြီးနောက် သူ့ဘာသာတွေးလိုက်၏။

တစ်ကယ်တော့ သူက ဒီအတိုင်း တွေးတောလိုက်ရုံသာ ဖြစ်လေသည်။

ဆူဇီမို၏ လက်ရှိခွန်အားအရ.. ကျောက်တိုင်ကြီးကို သူ့သိုလှောင်အိတ်ထဲ ထည့်ဖို့ပင် မ,ယူနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ထိုသိုလုပ်နိုင်စွမ်းရှိခဲ့လျှင်တောင် ထိုသို့လုပ်စရာ အကြောင်းမရှိပေ။

သူသာ ဒီကျောက်တိုင်ကြီးကို မ,ယူလိုက်လို့ အရိုးပင်လယ်ထဲက ကြောက်စရာကောင်းသည့် တည်ရှိမှုများက ထကြွလာလျှင် ဘယ်လိုလုပ်မလဲ။

ကျောက်တိုင်ကြီးကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဆူဇီမိုသည် ၎င်း၏ မျက်နှာပြင်ပေါ်၌ မည်သည့်သင်္ကေတ၊ လက္ခဏာကိုမျှ မြင်တွေ့ရခြင်း မရှိပေ။

“ထူးတော့ထူးသား”

ဆူဇီမို၏ မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ပေါ်လာ၏။

အစက သူတွေးမိသည်မှာ.. ဤ‌ကျောက်တိုင်ကြီးပေါ်၌ သတင်းအချက်အလက်အချို့ကို ရေးထွင်းထားလိမ့်မည်ဟုပင်။ ကမ္ဘာဦးခေတ်က ရုပ်ပုံများ သို့မဟုတ် ဂါထာမန္တန်များကိုပင် မြင်တွေ့ရဖို့ သူမျှော်လင့်ထား၏။

သို့သော်လည်း ကျောက်တိုင်၏ မျက်နှာပြင်က ဘာတစ်ခုမျှ မရှိဘဲ ချောမွတ်နေ၏။

ထိုအချိန်တွင် အရိုးပင်လယ်ကို ဖြတ်၍ အားကောင်းသည် လေးများက တိုက်ခတ်လိုက်ပြီး မြူခိုးများကို အနည်းငယ် လွင့်ပြယ်သွား‌စေ၏။

ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဆူဇီမို၏ အကြည့်က တောင့်ခဲသွားကာ အံ့အားတသင့် ရေရွတ်လိုက်မိ၏။

ဤကျောက်တိုင်နှင့် တစ်တန်းတည်း ပေတစ်ထောင်လောက် အကွာအဝေးတွင် နောက်ထပ် ‌ကျောက်တိုင်တစ်တိုင်ကို စိုက်ထူထား၏။

ဆူဇီမိုသည် ထိုနေရာသို့ လျှောက်လှမ်းသွားပြီး ကြည့်ရှုလိုက်၏။

ဤကျောက်တိုင်ကလည်း ပထမတစ်ခုနှင့် အတိအကျ တူညီနေ၏။

၎င်း၏ မျက်နှာပြင်ကလည်း ကျောက်စိမ်းသားကဲ့သို့ ‌ချောမွတ်၍ ဘာသင်္ကေတ၊ လက္ခဏာမျှ မရှိပေ။

သူသည် ကျောက်တိုင်များ တန်းထားသည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားကြည့်လိုက်သည့်အခါ.. ပေတစ်ထောင်ရောက်တိုင်း တူညီသော ကျောက်တိုင်တစ်တိုင်စီကို တွေ့ခဲ့ရ၏။

“ဘာလဲဟ”

ဆူဇီမိုသည် ခဏကြာ တွက်ဆစဉ်းစားကြည့်သော်လည်း ဘာသဲလွန်စမျှ ရှာမရပေ။ ညဝိညာဉ်၏ လှုံ့ဆော်မှုဖြင့် သူသည် ဆက်လက်လျှောက်လှမ်းလာခဲ့၏။

သိပ်မကြာမီ ဆူဇီမိုသည် သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။

သူသည် အရိုးပင်လယ်၏ အစွန်အစပ်ကို ရောက်ရှိလာခဲ့ပေပြီ။

အရိုးပင်လယ်၏ အဆုံးသတ်၌ မိုးထိတိုင် ငွားငွားစွင့်စွင့် မြင့်မားလှသည့် တောင်တစ်တောင်က ရှိနေ၏။ တောင်ထိပ်သည် စိမ်းလန်းစိုပြေတောက်ပနေပြီး.. ရွှင်လန်းတက်ကြွသောအသက်ဓါတ်၊ ကြယ်ဝပေါများသော သစ်ပင်ဝါးပင်များနှင့် ပြည့်နှက်နေ၏။

တောင်ခြေပတ်လည်တွင် လှည့်ပတ်စီးဆင်းနေသော ကြည်လင်စိမ်းမြနေသည့် ရေများနှင့် စမ်းချောင်းကလေးပင်ရှိပြီး.. သုခဘုံတစ်ခုလို ဖြစ်နေ၏။

အသက်ဓါတ်ကင်းမဲ့၍ သိပ်သည်းလေးလံခြောက်ကပ်နေသော အရိုးပင်လယ်ထဲမှ ထွက်လာ၍ စိမ်းလန်းစိုပြေသာယာလှပသော တောင်ထွတ်တစ်ခုကို ရုတ်တရတ် မြင်တွေ့လိုက်ရသောအခါ ဆူဇီမိုသည် ပြောင်းလဲမှုအောက်၌ အံ့သြတုန်လှုပ်နေကာ အသားမကျနိုင်ဖြစ်နေ၏။

ရုတ်တရတ် ဖြစ်နိုင်ချေတစ်ခုကို သူတွေးမိလာ၏။

သူဖြတ်ကျော်လာခဲ့သော အရိုးပင်လယ်က ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ နယ်နမိတ်အစွန်ဖြစ်ပြီး..

ယခုသူ့ရှေ့က တောင်က ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ အလယ်ဗဟိုများ ဖြစ်နေမလား။

ဤတောင်က ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ အလယ်ဗဟို မဟုတ်သေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်၏။

ကမ္ဘာဦးတောအုပ်ဖြစ်စေ.. အရိုးပင်လယ်ဖြစ်စေ.. အဲ့ဒါတွေက ကမ္ဘာဦးအပျက်အဆီးနယ်မြေ၏ အလယ်ဗဟိုကို ကာကွယ်ဖို့အတွက် အဟန့်အတား အကာအရံများ ဖြစ်ပုံရ၏။

“ဟီးရ!  ဟီးရ!”

ညဝိညာဉ်က အော်ဟစ်၍ ဆူဇီမိုကို ရှေ့သို့ဆက်သွားဖို့ လှုံ့ဆော်လိုက်၏။

တောင်ခြေသို့ ရောက်လာချိန်တွင်.. တစ်ခုခုကို အာရုံခံမိလိုက်ပြီး.. ဆူဇီမို ရင်ထိတ်သွား၏။

ဘေးဘက်တောအုပ်ထဲသို့ သူလှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းရှိ သစ်ပင်အိုကြီးနောက်မှ လူတစ်ယောက်က ထွက်လာ၏။ မီးခိုးရောင်ဝတ်စုံနှင့် သူသည် အနည်းငယ် လုံးဝန်းပြီး.. အမွှေးအမျှင်မရှိသောမျက်နှာကို ပိုင်ဆိုင်ထားကာ လက်ထဲတွင် ခေါက်ယပ်တောင်တစ်‌ချောင်းကို ကိုင်ထား၏။

“မင်းပဲ!”

“မင်းကိုး!”

လူနှစ်ယောက်သည့် အကြည့်ချင်းဖလှယ်ကြပြီးနောက် ခဏမျှ ကြောင်အသွားကြကာ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

မီးခိုးရောင်ဝတ်ကျင့်ကြံသူနှင့် ဤနေရာ၌ နောက်တစ်ကြိမ် ဆုံတွေ့ရဦးမည်ဟု ဆူဇီမိုသည် လုံးဝမျှော်လင့်မထားမိခဲ့ပေ။

ကမ္ဘာဦးတောအုပ်ထဲမှာတုန်းက.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ရိုးရိုးသာမန်မဟုတ်ဘဲ သူ့အိတ်ကပ်ထဲ၌ ဝှက်ဖဲပေါင်းများစွာရှိကြောင်း ဆူဇီမိုသည် သတိထားမိခဲ့၏။

သို့သော်လည်း အရိုးပင်လယ်ကို ဖြတ်ကျော်လာချိန်၌ သူတွေးမိသည်မှာ.. ထိုလူက သေဆုံးပျောက်ကွယ်သွားလောက်ပြီဟူ၍ပင်။

ထိုလူက သူ့ရှေ့မှ တောင်ဆီသို့ ရောက်အောင်လာနိုင်ခဲ့လိမ့်မည်ဟု သူလုံးဝ မထင်ထားပေ။

ဆူဇီမိုက အံ့အားသင့်နေစဉ်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ပိုလိုပင် အံ့အားသင်တုန်လှုပ်သွားသေး၏။

သူ့အမြင်အာရုံအရ.. ဆူဇီမိုက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ကြောင်း သူတန်းပြီးပြောနိုင်လေသည်။ ထိုသူက သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာမျိုး လုံးဝမဖြစ်နိုင်ပေ။

ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ ခြေချခဲ့သည့် ကျင့်ကြံသူတစ်သောင်းကျော်က အကုန်သေဆုံးကုန်ကြမည်ဖြစ်ကြောင်း အစကတည်းက သူသိထားလေသည်။

သူကလွဲလျှင် မည်သူမျှ မရှင်နိုင်ပေ။

သူလုံးဝမထင်မှတ်ထားသည်မှာ.. သာမန်ဟုသာ ထင်ရသော ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူလေးက အရိုးပင်လယ်ကို အမှန်တစ်ကယ်ကြီး ဖြတ်ကျော်လာနိုင်ခဲ့လိမ့်မည်ကိုပင်။

ဘာပဲပြောပြော.. ဒီလူက အတော်လေး ဉာဏ်ကောင်းပါးနပ်ပြီး.. တောအုပ်ထဲမှာတုန်းက သူ့နောက်ကနေ လိုက်လာခဲ့၏။

သို့သော်လည်း တောအုပ်ထဲကနေ ထွက်ခါနီး၌ သူသည် ဤလူကို မျက်ခြေဖြတ်ထားခဲ့ပြီးဖြစ်၏။

“စိတ်ဝင်စားစရာပဲ”

ဆူဇီမိုရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး မီးခိုး‌ရောင်ဝတ်ကျင့်ကြံသူက ကောက်ကျစ်စွာ ပြုံးလိုက်၏။

All Chapters