သားရဲချုပ်နှောင်ကျော့ကွင်း
Vol. 16 Ch. 235
အခန်း ၂၃၅ - သားရဲချုပ်နှောင်ကျော့ကွင်း
သူအကြည့်ကို ချုံ့လိုက်ပြီး.. ဆူဇီမိုသည် စိုးရိမ်ပူပန်လာ၏။
သူ့ရှေ့မှ မီးခိုးရောင်ဝတ်ကျင့်ကြံသူက အစောပိုင်းအခြေတည်အဆင့်သာ ဖြစ်သော်လည်း.. ဆူဇီမိုက နမော်နမဲ့ မလုပ်ရဲပေ။
ထိုလူထံမှ ထူးဆန်း၊ အံ့မခန်းအော်ရာတစ်မျိုးက ထွက်ပေါ်နေ၏။
ထို့အပြင်.. ထိုလူက ကမ္ဘာဦးတောအုပ်နှင့် အရိုးပင်လယ်ကို ဖြတ်ကျော်လာနိုင်ခဲ့သည်ဟူသော အချက်တစ်ချက်တည်းကတင်.. ဆူဇီမိုကို စိုးရိမ်စိတ်ဝင်လာစေဖို့ လုံလောက်လေသည်။
ဆူဇီမိုရှေ့ ဆယ်မီတာဝန်းကျင်လောက် ရောက်လာပြီးနောက်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက သူ့ခြေလှမ်းကို ရုတ်တရတ် ရပ်တန့်လိုက်၏။ သူက မျက်ခုံးပင့်လိုက်ပြီး၊ အပြုံးတစ်ခုကို လုပ်ယူလိုက်ရင်း.. မေးလိုက်၏။
“တာအိုရောင်းရင်း.. မင်းက တစ်ကယ်ကြီး ငါ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာတာပဲ.. ငါဘယ်လိုမှ မင်းကို ခါချလို့ မရခဲ့ပါလား”
ဆူဇီမိုက ထိုလူကို တည်ငြိမ်စွာကြည့်၍ ဆိတ်ဆိတ်နေလိုက်၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်ခြင်းက ပေါ်လာပြီးနောက် သူ့အမူအယာက တည့်တံ့လာ၏။ သူ့အပြုံးက ရုတ်တရတ် ပျောက်ကွယ်သွားပြီဖြစ်ပြီး အေးစက်စွာ မေးလိုက်၏။
“ပြောပါဦး.. မင်းနောက်ခံက ဘာလဲ.. ဘာလို့ မင်းငါ့နောက်က လိုက်လာရတာလဲ”
ထိုသို့ပြောပြီးနောက် မီးခိုးရောင်ကျင့်ကြံသူက ဆူဇီမို၏ အမူအယာမှတစ်ဆင့် သဲလွန်စတစ်ခု ရလို့ရငြား သူ့ကို သေချာစူးစိုက်ကြည့်နေလိုက်၏။
“ကျုပ်က ခင်ဗျားနောက်ကို လိုက်မလာပါဘူး”
ဆူဇီမိုက ဂရုမစိုက်သလို ခေါင်းခါပြလိုက်၏။
အဲဒါက အမှန်ပင်။
ဘာသဲလွန်စမှ မရရှိလိုက်ဘဲ.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက မျက်မှောင်ကြုတ်၍ စိတ်ထဲကနေ တွေးလိုက်၏။
“တစ်ကယ်ပဲ သွားတိုက်ဆိုင်တာလား”
“မဟုတ်သေးပါဘူး”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက သူ့စိတ်ကို ပြောင်းလဲလိုက်၏။
“တိုက်ဆိုင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ကွာ.. ငါသူ့ကို ဒီအတိုင်းလွှတ်ထားလိုက်လို့ မဖြစ်တော့ဘူး.. ဒီလူကြောင့်သာ ငါ့အစီအစဉ်တွေ ပျက်ကုန်ရရင်.. ပြီးမှ ငါငိုနေရမယ်”
“မင်း ဘယ်လိုလုပ်ပြီး အရိုးပင်လယ်ကို ဖြတ်လာခဲ့တာလဲ” မီးခိုးရောင်ဝတ်ကျင့်ကြံသူက ရုတ်တရတ် မေးလိုက်၏။
“လမ်းလျှောက်ပြီးလေ”
ထိုစကားကို ကြားသောအခါ မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ နှုတ်ခမ်းထောင့်က တဆတ်ဆတ် လှုပ်လာ၏။ သူသည် တစ်ခုခုပြောချင်သော်လည်း ပြောမရ ရပ်တန့်နေ၏။
ဆူဇီမိုကို ဖြတ်၍ မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ဆူဇီမို၏ ခြေထောက်နားရှိ ညဝိညာဉ်ကို ကြည့်လိုက်၏။
ညဝိညာဉ်ကို မြင်ပြီးနောက် မီးခိုးရောင်ဝတ်ကျင့်ကြံသူက မျက်လုံးကို ကလယ်လိုက်၏။
သူက လှောင်လိုက်၏။
“တာအိုရောင်းရင်းရယ် မင်းပုံစံက ထူးကဲရဲ့သားနဲ့.. တိုက်ခိုက်ဖော်လိုချင်တယ်ဆိုလဲ ရှေးဦးအဆက်နွယ်တို့၊ မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲ အကောင်ပေါက်တို့ကို မွေးပါတော့လား.. အခုတော့ ကြည့်စမ်းပါဦး.. ခွေးပေါက်နက်လေးတဲ့...”
“မင်းအပူ မပါပါဘူး”
ဆူဇီမိုက လှောင်ရယ်၍ ခွန့်တုံ့ပြန်လိုက်၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက စိတ်တိုမသွားဘဲ.. သူ့ခေါက်ယပ်တောင်ကိုသာ တဖျတ်ဖျတ်ခတ်၍ ပြုံးရင်းပြောလိုက်၏။
“ဒီမှာကိုယ့်လူ.. ငါမင်းကို စေတနာနဲ့ အကြံပေးလိုက်မယ်.. မင်း အရိုးပင်လယ်ကို ဖြတ်ကျော်လာခဲ့ပြီးပြီ ဆိုရင်လဲ.. ဒီမှာပဲရပ်ပြီး နောက်ပြန်ခေါက်လိုက်တော့.. ဆက်မလိုက်နဲ့တော့”
“ဒီနေရာက မင်းရှိနေသင့်တဲ့ နေရာ မဟုတ်ဘူး”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဘေးဘက်ရှိ တောင်ကို ညွှန်ပြလိုက်ပြီး.. တည်တံ့သောပုံစံနှင့် စကားတစ်လုံးချင်းစီကို အလေးပေး ဖိပြောလိုက်၏။
ဆူဇီမိုက ဘာမျှ ပြန်မပြောပေ။
သူလည်းပဲ လှည့်ပြန်ချင်ပါ၏။
အတိအကျပြောရလျှင် ဆူဇီမိုသည် အစကတည်းက ဤနေရာသို့ လာချင်သောကြောင့် လာခဲ့ရတာ မဟုတ်ပေ။
အကြောင်းရင်းမှာ သူ့မှာ အခြားသွားစရာ နေရာ မရှိတော့သောကြောင့်သာ ဖြစ်လေသည်။
သူသာ အခုနေ နောက်ပြန်လှည့်လျှင် သူ့နောက်သို့ လိုက်လာသူများနှင့် ဆုံပေလိမ့်မည်။
ဒါ့အပြင် သူသည် လက်ရှိနေရာထိ ညဝိညာဉ်၏ လမ်းပြမှု၊ ကြိုးပမ်းမှုတို့ကို မှီခိုအားထား၍ ရောက်လာခဲ့ခြင်းဖြစ်၏။ ဆူဇီမိုအတွက် နောက်ပြန်ဆုတ်ဖို့က သိပ်တော့ လွယ်ကူမနေပေ။
“မင်း နောက်ပြန်မလှည့်ဘူးလား”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက မျက်မှောင်ကြုတ်၍ တတွတ်တွတ် ရေရွတ်လိုက်၏။
“ပြဿနာပဲကွာ.. ငါ့အစီအစဉ်တွေ မပျက်ရအောင် ငါကလဲ မင်းကို လိုက်ခွင့်မပေးနိုင်ဘူးဆိုတော့..”
“ခင်ဗျားလဲ ကိုယ်လမ်းကိုယ်သွားလေ.. ကျုပ်လဲ ကျုပ်လမ်းကျုပ်သွားမယ်.. ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်ပေးစရာမှ မရှိတာ” ဆူဇီမိုက မီးခိုးရောင်ဝတ်ကျင့်ကြံသူကို အနည်းငယ် လန့်နေသောကြောင့် တတ်နိုင်လျှင် ထိုသူနှင့် အခုအခံ မဖြစ်လိုပေ။
ခဏမျှ တိတ်ဆိတ်နေပြီးနောက်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ခေါင်းခါလိုက်၏။
“မရဘူး.. အဲ့ဒါက စိတ်မချရဘူး.. မင်း ဆက်ပြီး ငြင်းဆန်နေဦးမယ်ဆို.. ပြီးမှ ငါ့အဆိုး မဆိုနဲ့နော်”
“အို့”
ထိုသည်ကို ကြားပြီးနောက် ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။ ဘာမှစဉ်းစားမနေတော့ဘဲ သူက အရင်ဦးအောင် စတင်တိုက်ခိုက်လိုက်၏။
သူတို့နှစ်ယောက်က နီးကပ်လွန်းနေ၏။
ပုံမှန်အတိုင်းသာဆိုလျှင်.. ဆူဇီမိုက မီးခိုးရောင်ဝတ်ကျင့်ကြံသူကို လှဲသိပ်ဖို့ သူ့မှာ ၇၀%ယုံကြည်မှု ရှိလေသည်။
ဘုန်း!
ကောင်းကင်ထယ်သွားခြေလှမ်းနှင့်အတူ.. မြေပြင်တွင် ရှင်းလင်းသည့် ခြေရာတစ်ခုက ပေါ်လာပြီး.. မြေခဲများက အဘက်ဘက်သို့ လွင့်ပျံသွား၏။
ချက်ချင်းဆိုသလိုပင်.. ဆူဇီမိုသည် မီးခိုးရောင်ကျင့်ကြံသူ၏ ရှေ့တွင်ပေါ်လာပြီး သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ ဆူနာမီနှင့် မိုးကြိုးသံများက ကြောက်လန့်စရာ ထွက်ပေါ်လာ၏။
“အဲ့”
ဆူဇီမို တိုက်ခိုက်ချိန်၌.. ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အသံများကို ကြားရသည့်အခါ မီးခိုးရောင်ဝတ်ကျင့်ကြံသူက လုံးဝထိတ်လန့်မသွားခဲ့ပေ။ ထို့အစား သူသည် အာမေဋိတ်သံတစ်ခု ပြုလိုက်ပြီး သူ့မျက်လုံးထဲတွင် စူးစမ်းလိုရိပ်က ပေါ်လာ၏။
“ကောင်းလိုက်တဲ့ မျိုးဆက်သွေး”
“အဲ့လောက်ထိ ဖြစ်လာအောင် မင်းဘယ်လိုများ လေ့ကျင့်ခဲ့လဲကွ”
ဘာစကားမှ ပြောမနေဘဲ.. ဆူဇီမိုက သူ့လက်ကို ဝေ့ရမ်း၍ မီးခိုးရောင်ကျင့်ကြံသူ၏ ဦးခေါင်းကို ထိုးနှက်လိုက်၏။ ကြီးမားသည့် ချိတ်စည်းကြီးက ရုတ်တရတ် ကျဆင်းလာ၏။
“မဆိုးဘူးပဲ.. မဆိုးဘူးပဲ”
ဆူဇီမို၏ တိုက်ခိုက်မှု၌.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ရှောင်ခြင်းတိမ်းခြင်း မရှိဘဲ.. ခေါင်းညိတ်ကာ ချီးကျူးစကားပင် ပြောလိုက်သေး၏။
ရုတ်တရတ်.. မီးခိုးရောင်ကျင့်ကြံသူက သူ့ခေါက်ယပ်တောင်ကို ဆန့်ထုတ်လိုက်ပြီး.. ဆူဇီမို၏ လက်ကောက်ဝတ်ကို လှမ်းခေါက်လိုက်၏။
ထိုခေါက်ချက်က အလွန်တရာ လျှင်မြန်၏။ ပကတိ တိကျစွာ ကျဆင်းလာပြီး တိုင်ပင်ကိုက်ကလည်း ပြီးပြည့်စုံနေ၏။
ဖန်း!
ဆူဇီမို၏ လက်ကောက်ဝတ်က ထုံကျင်သွားပြီး သူထိုးနှက်လိုက်သော ခွန်အား၊ စွမ်းအားကလည်း ရုတ်ချည်း ပြတ်တောက်သွား၏။
ထို့နောက် ဆူဇီမိုသည် လက်ကောက်ဝတ်မှ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရ၏။ သူ့လက်ကောက်ဝတ်က ကျိုးသွားပြီလားဟု ထင်လိုက်ရ၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက တခစ်ခစ်ရယ်လိုက်၏။ ဘယ်ကဘယ်လိုမသိ.. သူ့ထံမှ ကြိုးတစ်ကြိုးက ထွက်ပေါ်လာပြီး ဆူဇီမိုရှိရာသို့ လှမ်းပစ်လိုက်၏။
“ချုပ်နှောင်လိုက်”
ချက်ချင်းပင် ကြိုးက ဆူဇီမို၏ ခြေလက်များပေါ်မှ အုပ်၍ သူ့ခန္ဓာကိုယ်ကို တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်ချည်နှောင်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း.. ဆူဇီမိုသည် ဘာမှန်းမသိရသောကြိုး၏ ပကတိချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး လုံးဝမလှုပ်နိုင်တော့ပေ။
အနက်ရောင်အရိပ်တစ်ခုက ခုန်ထွက်လာ၏။
“ညဝိညာဉ်.. မသွားနဲ့”
ဆူဇီမိုက ညဝိညာဉ်ကို ချက်ချင်း ပြန်ခေါ်လိုက်၏။
တစ်ကယ်ဆို.. မီးခိုးရောင်ဝတ်ကျင့်ကြံသူ လှုပ်ရှားမှုစတင်လိုက်ကတည်းက ထိုလူက အစောပိုင်းအခြေတည်အဆင့် လုံးဝမဟုတ်ဆိုတာ ဆူဇီမို နားလည်လိုက်၏။
သူက ရွှေအမြုတေအဆင့်.. သို့မဟုတ်.. နိုးထဝိညာဉ်အဆင့်တောင် ဖြစ်နိုင်၏။
ဘာပဲပြောပြော အနည်းဆုံးတော့ မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်က သူ့ထက် များစွာ သာလွန်လေသည်။
ထိုကဲ့သို့သော စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်မည်ဆိုလျှင်.. ညဝိညာဉ်က သူ့ထံခုန်ဝင်သွားလည်း အလကားပင်။ ညဝိညာဉ်က တိုက်ခိုက်နိုင်ဖို့ထက်.. အသတ်ခံရဖို့က ပိုများလေသည်။
ညဝိညာဉ်က လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး.. မီးခိုးရောင်ဝတ်ကျင့်ကြံသူကို အေးစက်စိန်းဝါးစွာ စိုက်ကြည့်လိုက်၏။ သူက ခေါင်းကိုမော့၍ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော ရင်ခေါင်းသံဖြင့် မာန်ဖီဟိန်းဟောက်လိုက်၏။
“ဟေ့ဟေး”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ညဝိညာဉ်ရှေ့သို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူက ပြုံးပြီး ပြောလိုက်၏။
“ခွေးမည်းလေး.. မင်းအဲ့လောက်တောင် သတ္တိကောင်းတယ်ပေ့ါ.. ငါ့ကိုတောင် တိုက်ခိုက်မလိုဆိုပဲ”
လူသားနှင့် တောကောင်၏ အကွာအဝေးက အလွန်နီးကပ်လွန်း၏။
ညဝိညာဉ်က သူ့လက်သည်းကိုထုတ်၍ လှမ်းပုတ်လိုက်ရုံသာ။
သို့သော်လည်း ညဝိညာဉ်က သူ့ကို အေးစက်စက်ဖြင့်သာ စိုက်ကြည့်နေပြီး.. မည်သည့်လှုပ်ရှားမှုမျှ မလုပ်ပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ပြုံးပြီး.. ညဝိညာဉ်၏ ခေါင်းကို သူ့ယပ်တောင်ဖြင့် ပုတ်လိုက်၏။
“မင်းက မဆိုးဘူးကွ.. တော်တော်ပါးနပ်သားပဲ.. မင်းကံကောင်းသွားတယ်မှတ်”
ဆူဇီမိုက အသက်ကို ပြင်းပြင်း ရှူလိုက်၏။
စောစောက မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ညဝိညာဉ်ကို သူ့အားတိုက်ခိုက်ရန် တမင်သက်သက် ဖြားယောင်းလိုက်ခြင်းဖြစ်ကြောင်း ဆူဇီမို သိလေသည်။
ထိုအချိန် ညဝိညာဉ်သာ တိုက်ခိုက်လိုက်လျှင် သူက မီးခိုးရောင်ဝတ်ကျင့်ကြံသူကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ဘဲ.. ထိုသည်ကို အကြောင်းပြကာ ဟိုလူက သူ့ကို သတ်ပစ်လိုက်နိုင်လေသည်။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက မတ်တပ်ထရပ်လိုက်ပြီး.. ကူကယ်ရာမဲ့နေသော ဆူဇီမိုကို ကြည့်လိုက်၏။ သူက လက်ကိုထုတ်၍ အပျင်းကြောဆန့်လိုက်ပြီး ပြောလိုက်၏။
“မင်းက နောက်ပြန်မလှည့်ချင်ဘူးဆိုမှတော့လဲ.. ငါက မင်းကို ဒီနေရာမှာ ထိန်းထားခဲ့ရမှာပေါ့”
“ဒါနဲ့လေ.. အဲ့ဒါက သားရဲချုပ်နှောင်ကျော့ကွင်းလို့ ခေါ်တယ်သိလား.. အို့.. ပြောသာပြောရတယ် မင်းကြည့်ရတာ အဲ့ဒါကို ကြားဖူးမှာလဲ မဟုတ်ပါဘူး”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဆက်ပြောလိုက်၏။
“မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတွေတောင်.. သားရဲချုပ်နှောင်ကျော့ကွင်းနဲ့မိသွားရင် ရုန်းနိုင်မှာမဟုတ်တော့ဘူး။ မင်းခန္ဓာကိုယ်က ကြံ့ခိုင်ပေမယ့်လဲ.. မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတွေတော့ ယှဉ်လို့မရသေးဘူး.. အဲ့ဒါကြောင့်.. အပင်ပန်းခံပြီး ရုန်းကန်မနေနဲ့.. မင်းကိုယ်မင်း ထိခိုက်နာကျင်စေရတာပဲ အဖတ်တင်လိမ့်မယ်”
ဆူဇီမိုက ပြန်မပြောပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက လှည့်ထွက်ပြီး ကျောခိုင်းလျှောက်သွားလိုက်၏။ သူက စိုးရိမ်ဟန်ဖြင့် လှမ်းပြောလိုက်၏။
“ဒီနေရာပဲ အေးဆေးနေနှင့်ဦး.. နောက်နည်းနည်းကြာရင် ငါပြန်လာခဲ့မယ်.. အဲ့ကျမှ သားရဲချူပ်နှောင်ကျော့ကွင်းကို ငါပြန်ဖြုတ်ပေးမယ်”
ထိုသို့ပြောပြီးနောက် မီးခိုးရောင်ဝတ်ကျင့်ကြံသူက တောအုပ်ထဲသို့ လျှင်မြန်စွာ လျှောက်လှမ်းဝင်သွာ၏။ တောင်ထွတ်ပေါ်သို့ ဦးတည်သွားရင်း.. မကြာခင် သူ့ပုံရိပ်က ပျောက်ကွယ်သွား၏။