← Chapters

လွတ်မြောက်ပြီ

Vol. 16 Ch. 236

လွတ်မြောက်ပြီ

Vol. 16 Ch. 236

အခန်း ၂၃၆ - လွတ်မြောက်ပြီ

ပုံရိပ်နှစ်ခုက ဒယီးဒယိုင်နှင့် ကမ္ဘာဦးတောအုပ်ထဲကနေ ထွက်လာခဲ့ကြပြီး အရိုးပင်လယ်ရှေ့သို့ ရောက်လာကြ၏။

“ကျုပ်အသက်ကို ကယ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ် သခင်”

သွေးကျီးကန်ဘုရင်က အကြောက်မပြေသေးဟန်နှင့် ပြောလိုက်၏။

သွေးကျီးကန်းနန်းတော်သခင်ကြောင့် မဟုတ်ဘဲ၊ သူ့ကိုယ်ပိုင်ခွန်အားသက်သက်နှင့်သာဆိုလျှင် သူသည် ကမ္ဘာဦးတောအုပ်၏ အပြင်ဘက်ကို ရအောင် ထွက်နိုင်ဖို့ လုံးဝမဖြစ်နိုင်ပေ။

နန်းတော်သခင်က ခေါင်းညိတ်၍ နောက်ပြန်လှည့်ကြည့်လိုက်၏။ ကြမ်းကြုတ်သားရဲများက တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားတာကို မြင်ရမှသာ သူသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

နိုးထဝိညာဉ်အဆင့်ဟူသော သူ့ခွန်အားနှင့်ပင်.. ထိုကမ္ဘာဦးတောအုပ်ကို ဖြတ်စဉ် သူသည် သတိကြီးကြီးထားခဲ့ရ၏။

သူသည် တောဘုရင်သတ္တဝါနှင့်သာ ကြုံတွေ့ခဲ့ရမည်ဆိုလျှင်.. သူ့ကိုယ်သူသာ အနိုင်နိုင်ကာကွယ်၍ ကိုယ်လွတ်ရုန်းပြေးရပေလိမ့်မည်။

“သခင်.. ကျုပ်တို့က ဆက်လိုက်ဦးမှာလား.. အဲ့ကောင်လေးက အခြေတည်အဆင့်ပဲ ရှိသေးတာကို.. သူက ဘယ်လိုလုပ် ကမ္ဘာဦးတောအုပ်အပြင်ဘက်ကို ရအောင် ထွက်နိုင်မှာလဲ” သွေးကျီးကန်းဘုရင်၏ လေသံက သံသယများဖြင့် ပြည့်နေ၏။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရင်း.. နန်းတော်သခင်သည် ကောင်းကင်အဆူရာဂိုဏ်းနှင့် ခရမ်းတိမ်ပြာဂိုဏ်းတို့ ချန်ရစ်ခဲ့သော သဲလွန်စများကို သတိပြုမိလိုက်၏။ သူက ခေါင်းညိတ်လိုက်၏။

“အင်း.. အဲ့ကောင်က တော်တော်ကံကောင်းတာပဲ.. သူက ကျင့်ကြံသူတစ်အုပ်စုနဲ့ ပေါင်းမိပြီး အမှတ်မထင် ထွက်လာနိုင်ခဲ့တာ ဖြစ်ရမယ်”

သူ့အမြင်အာရုံကို ချုံ့လိုက်ပြီး.. နန်းတော်သခင်က သူ့ရှေ့ရှိ အရိုးပင်လယ်ကို တိတ်တဆိတ် ကြည့်နေလိုက်၏။

နန်းတော်သခင်၏ မျက်လုံးအနက်ပိုင်းထဲတွင် တုန်လှုပ်မှုက ပေါ်လာ၏။

အရိုးများက များပြားလွန်းပြီး ပင်လယ်ကြီးတစ်ခုလို ဖြစ်နေ၏။

ထို့အပြင် ကမ္ဘာဦးခေတ်ကတည်းက တည်ရှိခဲ့သော သတ္တဝါများ၏ အရိုးက အခုချိန်ထိ မဆွေးသေးပေ။ ထိုအရိုးပိုင်ရှင်များသည် သူတို့အသက်ရှိခဲ့စဉ်က ဘယ်လောက်တောင် သန်မာလိုက်မလဲ။

“သခင်.. ကျုပ်တို့က ဒီအရိုးပင်လယ်ကြီးကို ဖြတ်ကြဦးမှာလား” သွေးကျီးကန်းဘုရင်က စိုးရိမ်ပူပန်စွာ မေးလိုက်၏။

ဤအနီးအနားတွင် ဆူဇီမို၏ အရိပ်အယောင်ကို မမြင်တွေ့ရမှတော့ ယုတ္တိကျကျပြောရလျှင် သူက အရိုးပင်လယ်ထဲသို့ ဝင်ရောက်သွားတာပဲ ဖြစ်ရပေမည်။

သို့သော်လည်း.. ဘာကြောင့်ရယ်မသိ.. အရိုးပင်လယ်နှင့် ရင်ဆိုင်ရချိန်တွင်.. သွေးကျီးကန်းဘုရင်၏ ရင်ထဲတွင် တလျှပ်လျှပ်ကြောက်ရွံ့ခံစားလာရ၏။

နန်းတော်သခင်က ခေါင်းညိတ်လိုက်၏။

“အမ်း.. ငါ လျှို့ဝှက်ပညာရပ်ကို သုံးပြီး သူ့ကို ရှာရလိမ့်မယ်”

“သွေးကျိန်စာဆွဲဆောင်ခြင်း!”

နန်းတော်သခင်က ညင်သာစွာ ‌အော်လိုက်သောအခါ.. သူ့မျက်လုံးများထဲမှ အနက်ရောင်အလင်းက ဖြာထွက်လာ၏။

မင်များကဲ့သို့ ထိုအနက်ရောင်ဖြာနေသောအလင်းက ပြန့်ကားထွက်ပြီးနောက် ‘အစိမ်း’ဆိုသော စာလုံးအဖြစ် ပြန်လည်စုဖွဲ့သွား၏။

“အို့”

နန်းတော်သခင်က အာမေဋိတ်သံတစ်ချက်ပြုလိုက်ပြီးနောက် စာလုံးက ပျက်ပြယ်သွား၏။

သွေးကျီးကန်းဘုရင်က မေးလိုက်၏။

“တစ်ခုခုဖြစ်လို့လား သခင်”

နန်းတော်သခင်က မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်၏။

“အဲ့ဒါက သိပ်တော့ အဓိပ္ပါယ်မရှိဘူး.. အဲ့ကောင်လေးရဲ့ တည်နေရာက.. သူက အရိုးပင်လယ်ကို ဖြတ်ကျော်ပြီးသွားပြီလို့ ပြပေးနေတယ်.. သူက အခြေတည်အဆင့်ပဲ ရှိသေးတာကို ဘယ်လိုလုပ် အရိုးပင်လယ်ကို ဖြတ်ကျော်နိုင်မှာလဲ”

“ဒီကောင်လေးက ငါတို့အပေါ်ယံသိထားတာထက် ပိုပြီး နောက်ခံအင်အားရှိသေးတာများလား”

နန်းတော်သခင်သည် အတွေးနက်နေပြီး.. သူ့မျက်လုံးများက တဖျတ်ဖျတ် အရောင်ပြောင်းသွား၏။

“မင်း ဒီမှာ စောင့်နေ.. ငါ့ဘာသာ အရင်သွားကြည့်လိုက်ဦးမယ်”

နန်းတော်သခင်က သွေးကျီးကန်းဘုရင်ကို ပြောလိုက်ပြီးနောက် အရိုးပင်လယ်၏ အစပ်နားသို့ လျှောက်သွားကာ လျှို့ဝှက်ဆန်းကြယ်သော ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

ထို့နောက် နန်းတော်သခင်က သူ့လျှာကို ညင်သာစွာကိုက်၍ သွေးအဆီအနှစ်တစ်စက်ကို ထွေးချလိုက်၏။

မန္တန်များရွတ်ဖတ်မှုအောက်တွင် ထိုသွေးအဆီအနှစ်သည် တိုးပွားလာပြီး.. သွေးနီရောင်အကာအရံတစ်ခုကို ဖြစ်ပေါ်လာစေကာ နန်းတော်သခင်ကို လွှမ်းခြုံလိုက်၏။

နန်းတော်သခင်က အရိုးပင်လယ်ထဲသို့ လျှောက်လှမ်းဝင်သွားလိုက်၏။

သူ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်.. တစ်ခုခုကို အာရုံခံမိလိုက်သလို အရိုးပင်လယ်ထဲမှ ဝဲဂယက်လှိုင်းများက ထကြွလာ၏။

မရေမတွက်နိုင်သော အရိုးဖြူများသည် မြေပြင်မှ ရုန်းကြွလာပြီး.. အရိုးဖြူသားရဲများ၏ ပုံသဏ္ဌာန်ကို ဖွဲ့တည်လိုက်ကြ၏။ သူတို့က အလွန်တရာ ကြောက်စရာကောင်း၊ ကြမ်းကြုတ်နေပြီး.. သူတို့၏ အရိုးခေါင်း အခေါင်းပေါက်များထဲတွင် တစ်မူဆန်းပြားသော မီး‌တောက်များက ကခုန်နေ၏။

“ဂါး!”

လေများ၊ တိမ်ခိုးများက ရုန်းကြွာလာပြီးနောက်.. အရိုးပင်လယ်ထဲမှ ဟိန်းဟောက်သံများက ထွက်ပေါ်လာ၏။

အရိုးပင်လယ်အစပ်မှ မြင်ကွင်းကိုကြည့်ပြီး.. သွေးကျီးကန်းဘုရင်၏ ခြေထောက်များက ပျော့ခွေယိုင်လာ၏။

သူ၏ ကျင့်ကြံမှုအဆင့်အရ.. ထိုအရိုးဖြူကြမ်းကြုတ်တောကောင်များမှ ဖြာထွက်နေသော အော်ရာများက ဘယ်လောက်ကြောက်စရာကောင်းကြောင်း သူသိလေသည်။

မည်သည့်အရိုးဖြူကြမ်းကြုတ်တောကောင်မဆို သူ့အား လွယ်လင့်တကူ တစ်စစီဆုတ်ဖြဲပစ်နိုင်စွမ်း ရှိလေသည်။

အရိုးဖြူတောင်ကောင်များစွာက ဝိုင်းပတ်ခြံရံထားသော်လည်း.. နန်းတော်သခင်က တည်ငြိမ်သော အမူအယာနှင့် ရှေ့သို့ဆက်သွားလိုက်၏။

အရိုးဖြူကြမ်းကြုတ်တောကောင်များက နန်းတော်သခင်ကို စိုက်ကြည့်၍ သူ့ကို လွှမ်းခြုံထားသော သွေးမြူလွှာအား စစ်ဆေးကြည့်နေ၏။ အတန်ကြာသည့်အထိ တုံ့ဆိုင်းနေကြပြီးနောက် သူတို့သည် အရိုးပင်လယ်ထဲသို့ ပြန်၍ လှဲလျောင်းလိုက်ကြ၏။ အရာရာက ‌နောက်တစ်ဖန်ပြန်၍ တည်ငြိမ်သွားလေသည်။

. . .

နန်းတော်သခင်က လျှို့ဝှက်ပညာရပ်ကိုသုံး၍ ဆူဇီမို၏ ဘယ်ဆီဘယ်ဝယ်ရောက်နေရာကို ထောက်လှမ်းကြည့်လိုက်၏။

အရိုးပင်လယ်၏ အဆုံး.. နတ်တောင်ခြေရင်းတွင်.. ဆူဇီမို၏ မျက်လုံးများသည် အစိမ်းဖျော့ဖျော့ အရောင်ပြောင်းသွားပြီး.. သူ့ခေါင်းထဲတွင် ရုတ်တ‌ရတ် စူးရှနာကျင်သောဝေဒနာကို ခံစားလိုက်ရ၏။

ထို့နောက် ဆူဇီမို၏ အမြင်အာရုံက ဝေဝါးသွားပြီး.. သူ့လက်ချက်နှင့် သေဆုံးခဲ့သော သွေးနီရောင်ဝတ်လူငယ်က မကောင်းဆိုးဝါးဆန်ဆန်ပြုံး၍ သူ့ဆီသို့ လာနေသည် မြင်လိုက်ရ၏။

ရုတ်တရတ် ပေါ်လာသော နာကျင်မှုနှင့် ပုံရိပ်ယောင်တို့က ခဏလေးအတွင်း ပြန်လည်ပျောက်ကွယ်သွား၏။

သိပ်မကြာမီ.. တစ်ယောက်ယောက်က အတင်းဝင်ရောက်လာသလို.. သူ့နောက်ဘက်ရှိ အရိုးပင်လယ်က အုတ်အော်သောင်းနင်း ထကြွလာ၏။

“သူတို့က တစ်ကယ်ပဲ ဒီနေရာထိအောင် လိုက်လာကြသေးတာပဲ”

ဆူဇီမို မျက်နှာပျက်သွား၏။

အစက သူတွေးထားမိသည်မှာ ကမ္ဘာဦးတောအုပ်တစ်ခုထဲနဲ့တင်.. သူ့နောက်သို့လိုက်လာသူများသည် သတ္တိကြောင် နောက်ပြန်လှည့်သွားကြလိမ့်ဟုပင်။

ယခုအခါ ဖြစ်လာနိုင်ခြေက နှစ်မျိုးရှိ၏။

တစ်ဖက်အဖွဲ့က အရိုးပင်လယ်ကို ဖြတ်ကျော်လာနိုင်ခဲ့လျှင် သူကား သေချာ‌ပေါက် သေရပေတော့မည်။

နောက်တစ်ခု ဖြစ်နိုင်တာကတော့.. အရိုးပင်လယ်ထဲမှ အရိုးဖြူကြမ်းကြုတ်တောင်များက သူ့နောက်သို့ လိုက်လာသူအကုန်လုံးကို သတ်ပစ်လိုက်နိုင်၏။

ဆူဇီမိုသည် ထိုအရာကို အလောင်းအစား မလုပ်ရဲပေ။

သူ့အား ရစ်ပတ်ထားသော ကြိုးကိုကြည့်ပြီး.. ဆူဇီမိုသည် လှုပ်လှည့်ကြည့်လိုက်၏။ သို့သော် ကြိုးက နည်းနည်းလေးတောင် ‌‌လျော့မသွားပေ။

ဆူဇီမိုသည် ကြိတ်ရယ်လိုက်ပြီး သူ့သွေးချီစွမ်းအားကို ထုတ်လွှတ်လိုက်၏။

ဘန်း.. ဘုန်း..ဘုန်း..

သူ့မျိုးဆက်သွေးထဲမှ ကြွယ်ဝသော သားရဲချီများက ထွက်ပေါ်လာကာ သူ့အသားထဲသို့ တိုးဝင်လာပြီး သူ့အရွတ်များက လှုပ်ခါလာ၏။ ဆူဇီမို၏ ခန္ဓာကိုယ်က ပြန့်ကားလာ၏။

“ဇီ..”

သားရဲချုပ်နှောင်ကျော့ကွင်းက တောက်ပစွာ လင်းလက်၍ ရောင်ဝါများ ထွက်ပေါ်လာပြီးနောက်.. ဆူဇီမို၏ သွေးချီစွမ်းအားကို ချက်ချင်း ဖိနှိမ်ပစ်လိုက်၏။

“အ!”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားပြီး ခပ်အုပ်အုပ် ညည်းတွားလိုက်၏။

သားရဲချုပ်နှောင်ကျော့ကွင်းက လုံးဝလျော့မသွားခဲ့ပေ။ ထို့အစား ၎င်းက ဆူဇီမို၏ အသားထဲသို့ နစ်ဝင်သွားပြီး.. သွေးများက စိမ့်ထွက်လာကာ သူ့အစိမ်းရောင်ဝတ်စုံက နီစွေးသွား၏။

ချက်ချင်းပင် ဆူဇီမိုက သူ့သွေးချီကို ပြန်လည်တည်ငြိမ်စေလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်လိုက်၏။

သားရဲချုပ်နှောင်ကျော့ကွင်းကနေ ဖြစ်ပေါ်လာစေသော ဒဏ်ရာများက အပေါ်ယံမျှသာ ဖြစ်လေသည်။

ဆူဇီမို၏ အားကောင်းသော ဒဏ်ရာကျက်နှုန်းနှင့်ဆိုလျှင် သိပ်မကြာမီ ပြန်ကောင်းသွားပေလိမ့်မည်။

သို့သော်လည်း သူသည် ဤနေရာကနေ ထွက်ခွာဖို့ သေရေးရှင်ရေးတမျှ လိုအပ်နေ၏။

မီးခိုးရောင်ဝတ်ကျင့်ကြံသူ ပြန်လာ၍ သားရဲချူပ်နှောင်ကျော့ကွင်းကို လာပြန်ဖြုတ်ပေးမည့် အချိန်ကိုပဲ သူစောင့်နေရမလား။

အဲ့အချိန်လောက်ဆိုလျှင်တော့ သူက သေလူတစ်‌ယောက် ဖြစ်နေလောက်ပေပြီ။

ဆူဇီမို၏ စိတ်ထဲတွင် အတွေးတစ်ခုက ပေါ်လာ၏။

သူက အဲ့ဒါကို တိုက်ရိုက် ချိုးဖြတ်လို့ မရဘူးဆိုမှတော့.. အရိုးအသွင်းပြောင်းလဲခြင်းကိုသုံး၍ ကြိုးပမ်းကြည့်လျှင် မကောင်းပေဘူးလား။

ဆူဇီမို၏ အရွတ်များနှင့် အရိုးများက တစ်ချိန်တည်းမှာ တုန်ခါလာပြီး ဖျိုးဖျိုးဖျစ်ဖျစ် မြည်သံများက သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။

ဆူဇီမို၏ ပုံပန်းသဏ္ဌာန်က သိသာထင်ရှားစွာ ကျုံ့ဝင်သွား၏။

နောက်တစ်ခဏအတွင်း.. သူ့အရပ်က တစ်မီတာလောက်သာ ရှိတော့လေသည်။

သို့သော်လည်းပဲ.. သူနှင့်အတူ.. သားရဲချုပ်နှောင်ကျော့ကွင်းက လိုက်ပါကျုံ့လာသည်ကို ဆူဇီမိုတစ်ယောက် တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။ ၎င်းက သူ့ခန္ဓာကိုယ်က တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားဆဲဖြစ်ပြီး.. မည်သို့မျှ ရုန်းထွက်မရပေ။

ဤအရာကို ဘာကြောင့် သားရဲချုပ်နှောင်ကျော့ကွင်းဟုခေါ်လဲ အခုမှ ဆူဇီမို နားလည်လေတော့သည်။

သားရဲများသည် အတွင်းအမြုတေရရှိအောင် ကျင့်ကြံနိုင်ခဲ့လျှင်.. သူတို့၏ မူလပုံစံက မည်သည့်သားရဲအမျိုးအစားပင် ဖြစ်ပါစေ.. လူသားအသွင်သို့ ပြောင်းလဲနိုင်စွမ်း ရှိလာပေမည်။

သို့သော်လည်းပဲ သူတို့သည် သားရဲချုပ်နှောင်ကျော့ကွင်းနှင့် ဖမ်းချုပ်ခံထားရလျှင် မည်သည့်ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲပါစေ.. လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ထိုသည်ကို ကိုယ်တိုင် ခံစားတွေ့ကြုံလိုက်ရ၏။

ထိုအချိန်မှာပင်.. ညဝိညာဉ်က ရောက်ချလာပြီး.. သူ၏ ထက်ရှ‌သောလက်သည်းများကိုထုတ်ကာ ကြိုးကို ဆက်တိုက် ပွတ်ဆွဲဆုတ်ဖြဲလိုက်၏။

ခဏကြာပြီးနောက်... သားရဲချုပ်နှောင်ကျော့ကွင်းက အမှန်တစ်ကယ်ပင် ပြတ်ထွက်သွားလေပြီ။

ထိုကြိုးပြတ်ထွက်သွားသည့်ခဏ၌ သားရဲချုပ်နှောင်ကျော့ကွင်းမှ အလင်းသည် မှိန်ကျသွားပြီး ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်မှ ကွာကျသွားလေသည်။

ဆူဇီမိုတစ်ယောက် ရွှင်ပျသွား၏။

“ဟီး ရ!”

ညဝိညာဉ်က လောဆော်သံတစ်ချက်ပြုလိုက်ပြီး.. တောင်ကုန်းပေါ်သို့ တက်လိုက်၏။

ဆူဇီမိုက နောက်ကနေ အလောတကြီး လိုက်လိုက်၏။

All Chapters