← Chapters

မျိုးသုန်းသွားပြီးဖြစ်‌သော သက်ရှိပုံစံ

Vol. 16 Ch. 237

မျိုးသုန်းသွားပြီးဖြစ်‌သော သက်ရှိပုံစံ

Vol. 16 Ch. 237

အခန်း ၂၃၇ - မျိုးသုန်းသွားပြီးဖြစ်‌သော သက်ရှိပုံစံ

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ခိုးကြောင်ခိုးဝှက် စိုးထိတ်စွာနှင့် တောင်ကုန်းတစ်လျှောက် ခြေဖျားထောက်၍ တက်သွား၏။

သူသည် လက်တစ်ဖက်က ခေါက်ယပ်တောင်ကို ကိုင်ထားပြီး.. အခြားတစ်ဖက်မှာတော့ လက်ညိုးလုံးလောက်ရှိသော သတ္တုတုတ်ချောင်းတစ်ချောင်းကို ကိုင်ထား၏။

သတ္တုတုတ်ချောင်း၏ ထိပ်ဖျားတွင် သေးသွယ်သော ပင်အပ်လေးတစ်ချောင်းရှိပြီး ထိုအရာ‌လေးက ဆက်တိုက်လှည့်လည်၍ ဦးတည်ဘက်တစ်ခုကို လမ်ညွှန်ပြပေးနေ၏။ (သံလိုက်အိမ်မြှောင်ကဲ့သို့မျိုး)

ရံဖန်ရံခါဆိုသလို.. မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် သွားနေရာမှ ရပ်တန့်၍ ပင်အပ်လေး ဦးတည်ဘက်တစ်ခု၌ တည်ငြိမ်သွားသည့်အထိ စောင့်ပြီးမှ.. ထိုဦးတည်ဘက်သို့ ဆက်လက်သွား‌လေ၏။

မကြာခဏ ရပ်နားနေရသောကြောင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ အမြန်နှုန်းက လျော့ကျလာ၏။

“အဖိုးကြီးရဲ့ မြေကမ္ဘာစိတ်ဝိညာဉ်ပေတံက သိပ်လဲ အားမကိုးရပါဘူးကွာ.. ခဏခဏ လျှောက်လှည့်ပြနေမှတော့ သေချာတဲ့ ဦးတည်ဘက်ကို ငါဘယ်လို ရွေးရပါ့မလဲ”

မီးခိုးရောင်ဝတ်ကျင့်ကြံသူက လမ်းလျှောက်ရင်း ညည်းတွားလာ၏။

အခြားတစ်ဖက်မှာတော့..

ညဝိညာဉ်က အလွန်တရာ လျှင်မြန်သောနှုန်းဖြင့် နတ်တောင်ကုန်းပေါ်ရှိ တောအုပ်ကိုဖြတ်၍ ဆူဇီမိုကို ခေါ်လာ၏။

ညဝိညာဉ်က သွားနေရင်း တစ်ခုခုကို အနံ့ခံနေသလို.. နှာခေါင်းကို ပွချည်ရှုံ့ချည်လုပ်၍ နတ်တောင်ကုန်းပေါ်သို့ ဝေးသထက်ဝေးဝေး တက်ရောက်လာ၏။

အတန်ကြာပြီးနောက်.. ညဝိညာဉ်သည် ဧရာမလိုဏ်ဂူကြီးရှေ့အရောက်၌ ရပ်တန့်လိုက်၏။

ဆူဇီမိုသည် ခေါင်းမော့၍ လိုဏ်ဂူကြီးကို တုန်လှုပ်စွာ ကြည့်လိုက်၏။ သူသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြောလို့ ပြောရမလဲတောင် မသိတော့ပေ။

လိုဏ်ဂူ၏ အရွယ်အစားက သူစိတ်ကူးနိုင်တာထက် ကျော်လွန်နေ၏။

လိုဏ်ဂူကြီး၏ ဝင်ပေါက်ရှေ့၌ ဆူဇီမိုသည် ခမ်းနားထည်ဝါသော နန်းတော်ကြီးရှေ့ ရောက်နေသော ပုရွက်ဆိတ်တစ်ကောင်လို.. မနှိုင်းယှဉ်သာအောင် သေးငယ်နေ၏။

လိုဏ်ဂူ၏ အနားသတ်များ၌ မည်သည့်ဆေဘာ သို့မဟုတ် ပုဆိန်ရာကိုမျှ မတွေ့ရပေ။

ထိုကဲ့သို့သောလက်ရာမျိုးက နတ်ဘုရားလက်ရာလို့ပင် ပြောရပေမည်။

ဒီလိုဏ်ဂူကြီးက ဘာကောင်နေမှာမို့ ဒီလောက်တောင် ကြီးနေရတာလဲ။

“အူး.. အူး”

ညဝိညာဉ်က ဆူဇီမို၏ အဝတ်စကိုကိုက်ကာ ရှေ့သို့ ဆက်ဆွဲသွားပြီး.. သူ့အား လိုဏ်ဂူထဲသို့ မြန်မြန်ဝင်ဖို့ အချက်ပြနေ၏။

လေများကို ပြင်းပြင်း ရှူရှိုက်လိုက်ပြီး.. ဆူဇီမိုသည် လိုဏ်ဂူထဲသို့ မဝင်ရောက်ခင် နောက်သို့ ပြန်လှည့်ကြည့်၏။

ပထမအကြည့်တစ်ချက်မှာပင် ဆူဇီမိုကို ငေးမောသွားစေပြီး သူ့အကြည့်ကို မဖယ်ရှားနိုင်အောင် ဖြစ်သွားရ၏။

ကြီးမားသည် လိုဏ်ဂူကြီးက တောင်ကုန်း၏ ခါးလယ်တစ်ဝက်နားမှာဖြစ်၏။

ယခုအခါ ဆူဇီမိုသည် အတော်အတန် မြင့်မြင့်နေရာသို့ ရောက်ရှိနေပြီး.. သူ့နောက်ရှိ အရိုးပင်လယ်ကို အ‌ပေါ်စီးကနေ ကြည့်ရှုနိုင်ပြီဖြစ်၏။

အရိုးပင်လယ်ထဲတွင် ကျောက်တိုင်ကြီးများ အတန်းလိုက် နှစ်တန်းရှိနေပြီး.. ၎င်းတို့က တောင်ကုန်း၏ တစ်ဝက်‌လောက်ထိ မြင့်မားကြ၏။

ကျောက်တိုင်ကြီးများနှစ်တန်း၏ အပေါ်ပိုင်းသည် အလယ်ဘက်ဆီသို့ ကိုင်းညွှတ်နေကြပြီး အလယ်တွင် ဆူးချွန်များအပြည့်နှင့် တုတ်ခိုင်သည့် ‌‌ရောင်ခြည်တန်းကြီးတစ်တန်းကို ဖြစ်ပေါ်နေစေကာ ထိုရောင်ခြည်တန်းက ကျောက်တိုင်များထက် အဆများစွာ ကြီးမား၏။

“အဲ့ဒါက ဘာပါလိမ့်”

ဆူဇီမို၏ မျက်လုံးက သံသယများဖြင့် ပြည့်လာ၏။

ထိုကျောက်တိုင်ကြီးများနှင့် ရောင်ခြည်တန်းကြီးကို ပေါင်းစပ်ကြည့်လျှင် တစ်ခုခုနှင့် သွားတူနေသည်ဟု သူခံစားမိနေ၏။

ခဏကြာ ချင့်တွက်စဉ်းစားနေပြီးနောက်.. ဆူဇီမိုသည် ဘာသဲလွန်စမျှ မရတော့သည့်နောက်ဆုံး ညဝိညာဉ်နှင့်အတူ လိုဏ်ဂူထဲသို့ ဝင်လိုက်၏။

. . .

တစ်ချိန်တည်းမှာပင်.. သွေးကျီးကန်းနန်းတော်သခင်က အရိုးပင်လယ်ကို အောင်မြင်စွာ ဖြတ်ကျော်လာခဲ့ပြီး.. စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

နန်းတော်သခင်က မလှုပ်မယှက်နှင့် သူ့စိတ်အာရုံကို စုစည်းလိုက်ပြီးနောက် လှောင်ရယ်လိုက်၏။

“ပြေးနေတုန်းပဲပေါ့လေ.. မင်းဘယ်လောက်ဝေးဝေး ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

သွေးကျိန်စာ၏ လမ်းပြမှုနောက်ကိုလိုက်၍ နန်းတော်သခင်က နတ်တောင်ကုန်းပေါ်သို့ ပြေးတက်လိုက်၏။

သိပ်မကြာမီ.. မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် တောင်ခါးလယ်ရှိ လိုဏ်ဂူကြီးရှေ့သို့ ရောက်ချလာ၏။

“ဟီးဟီး.. အဖိုးကြီးက ငါ့ကို မညာခဲ့ဘူးပဲ၊ မြေကမ္ဘာစိတ်ဝိညာဉ်ပေတံက ခရီးဖင့်ပေမယ့်လဲ နောက်ဆုံးမှာ လိုရာတော့ ရောက်အောင် ပြနိုင်သားပဲ”

သူ့ရှေ့ရှိ ဧရာမလိုဏ်ဂူကြီးကိုကြည့်၍ မီးခိုးရောင်ကျင့်ကြံသူက ဘဝင်ခိုက်နေသော အမူအယာနှင့် တဟီးဟီးရယ်မောလိုက်၏။

. . .

သူတို့သည် ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ ခြေချလာကတည်းက ညဝိညာဉ်သည် ပုံမှန်နှင့်မတူ ကွဲပြားထူးခြားနေသည်ကို ဆူဇီမိုသတိထားမိနေ၏။

သူက အနည်းငယ် စိတ်လှုပ်ရှားတက်ကြွနေကြီး.. တစ်ချိန်တည်းမှာပင် စိုးရွံ့နေတတ်ပြန်၏။

ညဝိညာဉ်မွေးလာခဲ့ကတည်းက ဤကဲ့သို့ စိတ်ခံစားချက်များ ရောထွေးနေသည်မှာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

တာအိုအရှင်အဆုံးစွန်မီး သေခါနီးတုန်းက သူသည် ညဝိညာဉ်ကို ကမ္ဘာဦးအပျက်အဆီးနယ်မြေက ရလာခဲ့တာလား၊ ရှေးဟောင်းအပျက်အဆီးနယ်မြေက ရလာခဲ့တာလားဆိုတာ ရှင်းလင်းအောင် ပြောမသွားခဲ့ပေ။

ညဝိညာဉ်က ဤကမ္ဘာဦးအပျက်အဆီးနယ်မြေနှင့် တစ်နည်းတစ်ဖုံ ပတ်သတ်ဆက်နွယ်နေသည်ဟု ဆူဇီမိုသည် သံသယဝင်နေမိ၏။

သည့်ထက်ပို၍ ရဲရဲတင်းတင်း ခန့်မှန်းရလျှင်.. ညဝိညာဉ်၏ ဇာတ်မြစ်က ဤကမ္ဘာဦးအပျက်အဆီးနယ်မြေ ဖြစ်နေနိုင်၏။

ဘာပဲပြောပြော ခရီးစဉ်တစ်လျှောက် ညဝိညာဉ်၏ အပြုအမူများက ထူးခြားနေ၏။

လိုဏ်ဂူက အလွန်တရာ ရှင်းလင်းနေပြီး.. မည်သည့် အဟန့်အတားမျှ ရှိ‌မနေပေ။

အတန်ကြာ ပြေးလာကြပြီးနောက် လူတစ်ယောက်နှင့် တောကောင်တစ်ကောင်သည် လိုဏ်ဂူ၏ အနက်ဆုံးအပိုင်းသို့ နောက်ဆုံး ရောက်လာခဲ့၏။

“ဒါက...”

လိုဏ်ဂူ၏ အဆုံး၌ လူ့တစ်ရပ်လောက်ရှိသော ဘဲဥသဏ္ဌာန် အဖြူရောင်သန်းနေသည့် အရာတစ်ခု ရှိနေ၏။

ဆူဇီမိုက မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်၏။

“အဲ့ဒါက.. ဥကြီးလား”

ဘယ်လိုသားရဲဥကများ ဒီလောက်ထိ ကြီးမားနေရတာပါလိမ့်။

ဆူဇီမိုသည် ဧရာမဥကြီးရှေ့သို့ ရောက်လာပြီး.. သူ့လက်ဖြင့် ထိကြည့်လိုက်၏။

ဥပေါ်၌ မည်သည့် အရေးအကြောင်းအကွက်အပြောက်မျှ ရှိမနေပေ။ ဆိုလိုသည်မှာ ၎င်းက မွေးဖွားလာသည်မှာ မကြာသေးဘဲ အလွန်ဆုံးရှိလှ တစ်လပင်။

ပြောရမည်ဆိုလျှင်.. လွန်ခဲ့သည့်တစ်လက ကျင့်ကြံသူများ မြင်ခဲ့ရသည့် တောအုပ်ထဲမှ ထူးခြားသည့်ဖြစ်စဉ်ဆိုသည်မှာ ဤသားရဲဥပေါက်ဖွားမှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ရပေမည်။

ဆူဇီမိုသည် သားရဲဥများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ပြန်လည်စဉ်းစားကြည့်လိုက်၏။

ခဏကြာသော်လည်း သည်လောက်ကြီးမားသည့်ဥကို မွေးဖွားနိုင်သည့် တောကောင်အမျိုးအစားကို သူတစ်ခုမျှ စဉ်းစားကြည့်လို့မရပေ။

ညဝိညာဉ်က ဆူဇီမို၏ ဝတ်ရုံစမှတစ်ဆင့် တွယ်တက်၍ သူ့ရင်အုပ်နားသို့ ရောက်လာပြီး ‘ဘယ်လိုလဲ’ ဟူသည့်အထာနှင့် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကိုကြည့်နေ၏။

သူ့ရှေ့မှ ဥကို ငေးကြည့်ရင်း ဆူဇီမိုသည် မျက်မှောင်ကြုတ်စဉ်းစားနေမိ၏။

သူသည် ခရီးစဉ်တစ်လျှောက် သတင်းအချက်အလက်များကို ပေါင်းစပ်ကြည့်ရင်း အဖြေတစ်ခုကို ရိုးတိုးရိပ်တိတ် ခန့်မှန်းမိလာ၏။

ကျောက်တိုင်ကြီးတွေ.. ရောင်ခြည်တန်းကြီး.. လိုဏ်ဂူ.. ဒီဥ..

ဆူဇီမိုစိတ်ထဲတွင် ဖျတ်ကနဲလက်သွား၏။

ဖြစ်နိုင်ခြေတစ်ခုကို တွေးမိရင်း.. ဆူဇီမို၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

သူသည် အရိုးပင်လယ်ထဲမှာ အဖြူရောင်သန်းနေသော ကျောက်တိုင်ကြီးများကို ပထမဆုံး မြင်ခဲ့ရစဉ်က ဝေခွဲမရ ဖြစ်နေခဲ့၏။

အရိုးပင်လယ်ထဲမှာ ဒီလောက်ကျောက်တိုင်တွေအများကြီး ဘာလို့ ရှိနေရတာလဲပေ့ါ။

နောက်ပြီး.. ထိုကျောက်တိုင်ကြီးများ၏ မျက်နှာပြင်က ကျောက်စိမ်းသားကဲ့သို့ ချောမွတ်နေ၏။ ကမ္ဘာဦးခေတ်ကနေ လက်ရှိခေတ်အထိ ဖြတ်သန်းလာခဲ့ရတာတောင်.. အဲ့ဒါတွေက ဘာလို့ အိုမင်းဟောင်းနွမ်းဟန် မရတာလဲ။

ဘယ်‌လိုကျောက်အမျိုးအစားကများ အဲ့လောက်ထိအရည်အသွေးကောင်းရတာလဲ။

ယခုနောက်ဆုံးခဏ‌လေးမှသာ ဆူဇီမိုသည် နားလည်လိုက်၏။

ထိုအရာများက ကျောက်တိုင်များ မဟုတ်ပေ။

ထိုအရာများက... အရိုးများသာ။

အတိတ်ကာကလက မနှိုင်းယှဉ်သာအောင် သန်မာခဲ့သော သက်ရှိတစ်ကောင်၏ အရိုးစု!

တစ်ကယ်တော့ ‌ကျောက်တိုင်နှစ်တန်းက ထိုစွမ်းအားကြီးသောသက်ရှိ၏ နံရိုးများပင်။

အလယ်မှာ ဆူးချွန်များဖြင့် ပြည့်နေသော တုတ်ခိုင်သည့် ရောင်ခြည်တန်းကြီးက ထိုသက်ရှိ၏ ကျောရိုးဖြစ်ရပေမည်။

အဲ့ဒါက အရိုးပင်လယ်ထဲမှာ ရှိနေရခြင်းမှာ အစကတည်းက သူတို့ကိုယ်တိုင်က အရိုးဖြစ်‌နေသောကြောင့်ပင်။

ယခု သူရောက်နေသော ဤလိုဏ်ဂူကို ထိုကြောက်စရာကောင်းသော သက်ရှိတို့၏ မျိုးနွယ်က ဖွင့်လှစ်ပုံဖော်ထားတာ ဖြစ်ရပေမည်။

ကမ္ဘာဦးသက်ရှိ မျိုးစိတ်!

မျိုးတုံးပျောက်ကွယ်သွားပြီးဖြစ်သော ကမ္ဘာဦးသက်ရှိမျိုးစိတ်ကို ထျန်ဟွမ်ကမ္ဘာ၏ ဤနေရာမှာ လာရောက်မြှုပ်နှံ့ထားသည်ဆိုတော့...

တွေးကြည့်ရင်း ဆူဇီမိုသည် ပင့်သက်ရှိုက်လိုက်၏။

ဖောက်!

သူ့နောက်ဘက်မှ ကျွတ်ဆတ်ဆတ် အသံတစ်သံက ရုတ်တရတ် ပေါ်လာ၏။

ညဝိညာဉ်က သူ့ရင်ဘတ်ပေါ်မှ ကိုင်းညွတ်၍ လက်သည်းများကိုထုတ်ကာ ကြီးမားသည့်ဥကြီးကို ထိုးဖောက်လိုက်လေသည်။

All Chapters