← Chapters

ပြဿနာတော့ တက်ပြီ

Vol. 16 Ch. 238

ပြဿနာတော့ တက်ပြီ

Vol. 16 Ch. 238

အခန်း ၂၃၈ - ပြဿနာတော့ တက်ပြီ

"ညဝိညာဉ်.. မင်း..."

ဆူဇီမို ဘာဆက်ပြောရမည် မသိတော့ပေ။

ညဝိညာဉ်က မွေးဖွားလာသည်မှာ မကြာသေးသော်လည်း သူက အလွန်တရာ ဉာဏ်ကောင်းထက်မြက်၏။

သူက တန်လင်းတောင်ကြားမှာတုန်းက ရွှေအမြုတေအဆင့် သားရဲတစ်ကောင်ကို မယုံနိုင်ဖွယ်ရာ သတ်ဖြတ်ပြခဲ့သလို၊ ကမ္ဘာဦးအပျက်အဆီးနယ်မြေတွင်လည်း အမျိုးမျိုးသော ထူးခြားသည့် အရည်အသွေးများကို ပြသပေးခဲ့၏။ ထို့ကြောင့် ညဝိညာဉ်မှာ သာမန်မဟုတ် တစ်မူထူးခြားလွန်ကဲသည်မှာ သိသာလေသည်။

သို့သော် ဒီတစ်ကြိမ်မှာတော့ ညဝိညာဉ်က ပြဿနာရှာလေပြီဆိုတာ ဆူဇီမို နားလည်လိုက်၏။

ဒါ့အပြင် ယခုသူရှာလိုက်သော ပြဿနာက သူတို့အသက်များကိုပင် ဆုံးရှုံးသွားရနိုင်၏။

သူတို့ရှေ့မှဥက လောလောလတ်လတ် သိပ်မကြာသေးခင်ကမှ ဥထားသည်မှာ သိသာလေသည်။

ဆိုလိုသည်မှာ ဤဥကို မျိုးချထား‌သော အမည်မသိရ ကမ္ဘာဦးသက်ရှိမျိုးစိတ်က ဤအနီးအနားမှာ ရှိနေနိုင်လေသည်။

သူသည် ထိုကမ္ဘာဦးသက်ရှိ၏ စိတ်နေအမူအကျင့်နှင့် ကြောက်စရာကောင်းမှုကို မမြင်ဖူးသေးသော်လည်း သူဖြတ်ကျော်လာခဲ့သော တောအုပ်နှင့် အရိုးပင်လယ်မှတစ်ဆင့် ခန့်မှန်းကြည့်လို့ ရလေသည်။

ထိုသက်ရှိ၏ လက်လေးတစ်ချောင်းကပင် သူတို့ကို အမှုန့်ဖြစ်သွားစေဖို့ လုံလောက်တာထက် ပိုနေနိုင်၏။

"ဟီး ရ!"

ညဝိညာဉ်က ထိုအရာကို ပွေ့ဖက်ချင်သည့်အလား အသံတစ်ချက် ပြုလိုက်၏။

ဆူဇီမို၏ စိတ်က ရှုပ်ထွေးနောက်ကျိနေပြီး ညဝိညာဉ်ကို အလိုလို မ,ပေးလိုက်မိ၏။

ညဝိညာဉ်က သူ့လည်ပင်းကို ဆန့်၍ ဥကြီးနားသို့ တိုးကပ်လိုက်၏။

ဥ၏ မျက်နှာပြင်ပေါ်၌ သေးငယ်သည့် အပေါ်လေးတစ်ပေါက်ရှိနေပြီး သလင်းလိုကြည်လင်၍ တဖျတ်ဖျတ်လက် တောက်ပနေသော ရွှေရောင်အရည်များက စိမ့်ထွက်ကျနေ၏။

ချက်ချင်း.. ညဝိညာဉ်က သူ့ပါးစပ်ကိုဟ၍ အပေါက်ကနေ စုပ်ယူလိုက်၏။

ဂလု! ဂလု!

ညဝိညာဉ်က အသည်းအသန် မျိုချလိုက်၏။

"မင်း အဲ့ဒါကို စား.. စားနေတာလား!"

ဆူဇီမိုသည် မျက်လုံးပြူးမျက်ဆံပြူးနှင့် မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

သူသည် ညဝိညာဉ်ကို ပြန်လှမ်းဆွဲဖို့ ဟန်ပြင်လိုက်၏။

သို့သော် နောက်ထပ်အတွေးတစ်ခုက ၀င်လာ၏။ သူအခုနေ ညဝိညာဉ်ကို ပြန်ဆွဲယူလိုက်လျှင်တောင် ပြဿနာက ဖြစ်ပြီးနေပေပြီ။ သိပ်တော့ ထူးမနေတော့ပေ။

ထိုဥထဲမှ အကောင်က ပေါက်မလာနိုင်တော့မည်မှာ သိသာလေသည်။

ထို့အပြင် ညဝိညာဉ် မွေးလာခဲ့ကတည်းက ဆူဇီမို၊ မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့က များစွာကြိုးပမ်းအားထုတ်၍ အမျိုးမျိုးသော စားစရာများ ရှာဖွေကျွေးမွေးခဲ့ကြသော်လည်း ညဝိညာဉ်က စိတ်မ၀င်စား၊ မစားချင်ခဲ့သည်က များလေသည်။

တောရိုင်းကောင်များ၊ သာမန်စိတ်ဝိညာဉ်တောကောင်နှင့် သားရဲများ၏ အသားဆိုလျှင် ညဝိညာဉ်က လုံး၀ ထိတောင်မထိပေ။

ရှေးဦးအဆက်နွယ်တောကောင်များ၏ အသားကိုသာလျှင် ညဝိညာဉ်က အနည်းငယ် မြည်းစမ်းစားလေသည်။

ပြီးခဲ့သည် အချိန်များအတွင်း.. ညဝိညာဉ်၏ ခန္ဓကိုယ်က အနည်းငယ်မျှ ထွားသည်ဆိုရုံသာ ထွားလာခဲ့၏။ သူ့ကိုယ်အလေးချိန််ကတော့ နည်းနည်းတိုးလာခဲ့ပြီး သူ့အရေပြားက ကြမ်းတမ်းမှုရှိလာကာ အရေးအကြောင်းအကွက်အပြောက်များလည်း ခပ်ဖျော့ဖျော့ ပေါ်လာခဲ့၏။

ညဝိညာဉ် ကြိုက်နှစ်သက်သော အစားအစာကို မြင်ရဖို့မှာ ကြုံတောင့်ကြုံခဲဖြစ်၏။ သူက ယစ်မူးနေသောပုံစံနှင့် ဥအရည်များကို လောဘတကြီး ဝါးမျိုနေ၏။

ဆူဇီမို၏ နုလုံးသားက ပျော့ပြောင်းသွားပြီး သူ့ဘာသာ ညည်းတွားလိုက်၏။

"ထားလိုက်ပါတော့လေ၊ အဲ့ဒါကို မင်းကြိုက်တယ်ဆိုလဲ ပြီးတာပါပဲ"

ဥအရည်များက ညဝိညာဉ်၏ အစာအိမ်ထဲသို့ အဆက်မပြတ် စီး၀င်နေပြီး ဥအခွံက အနည်းငယ် ကြည်လင်လာခဲ့၏။

ဆူဇီမို၏ အကြည့်အောက်တွင်၊ ညဝိညာဉ်က ဥအရည်များကို တစ်ဝက်ကျသည့်အထိ သောက်ပြီးမှ နောက်ဆုံးရပ်တန့်လိုက်၏။

သားရဲဥက လူတစ်ယောက်၏ အရပ်လောက် မြင့်မား၏။

ညဝိညာဉ်က ဘယ်လောက်ရှိသေးလို့တုန်း။

သူကိုယ်တိုင်မြင်တွေ့ရခြင်းသာ မဟုတ်လျှင် ညဝိညာဉ်က သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးထဲသို့ သည်လောက်များသည့် ဥအရည်များကို ထည့်နိုင်လိမ့်မည်ဟု ဆူဇီမိုသည် စဉ်းစားကြည့်လို့ပင် မရပေ။

ညဝိညာဉ်၏ ဝမ်းဗိုက်က လေအိတ်တစ်လုံးလို တင်းရစ်ဖောင်းကားနေပေပြီ။ နည်းနည်းလောက် လှုပ်လိုက်ရုံနှင့် သူ့ကိုယ်ထဲမှ ရေသံများက ထွက်ပေါ်နေ၏။

ညဝိညာဉ်က သူ့ရှေ့မှ ဥကို အားမရသေးဟန်နှင့် ကြည့်နေ၏။ သူ့မျက်လုံးက ဝင်းလက်နေပြီး လျှာကိုထုတ်ကာ နှုတ်ခမ်းကိုသပ်နေ၏။

“မင်း စားပိုးနင့်ပြီး သေသွားမှာ မကြောက်ဘူးလား ဟမ်”

ဆူဇီမိုက ခေါင်းခါ၍ ခပ်ပေါ့ပေါ့ပင် အပြစ်တင်လိုက်၏။

သို့သော်လည်း ဒါက ဖြစ်သင့်လေသည်။

ဤကဲ့သို့သော အခွင့်အရေးမျိုးက တစ်သက်မှာတစ်ခု ကြုံတောင့်ကြုံခဲဖြစ်၏။ ညဝိညာဉ် လောဘကြီးနေသည်မှာလည်း သိပ်တော့အံ့သြစရာ မရှိပေ။

“မင်း စားလို့ ဝပြီဆိုရင်လဲ..  မြန်မြန် ပြန်ထွက်ရအောင်.. ငါတို့ ပြေးလို့လွတ်နိုင်ဦးမလား ကြည့်ရသေးတာပေ့ါ”

ထိုဥ ကွဲပျက်၍ ပေါက်သွားခြင်းက ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲရှိ ထိုဥပိုင်ရှင် ကြောက်စရာကောင်းသော တည်ရှိမှုကို သတိပေးသလို ဖြစ်သွားလောက်ပြီဟု ဆူဇီမို ခံစားမိနေလေသည်။

“ဟီးရ!”

ညဝိညာဉ်က အော်လိုက်၏။

သူ့ပါးစပ်ကို ဟလိုက်သည့်အချိန်တွင်.. အထဲမှ တဖျတ်ဖျတ်တလက်လက် တောက်ပသော အလင်းငွေ့များက ထွက်ပေါ်လာ၏။

ထိုအလင်းငွေ့များမှ အလွန်တရာ ကြွယ်ဝသန့်စင်သော အသက်ဓါတ်အဆီအနှစ်က ထွက်ပေါ်နေ၏။ ထိုအလင်းငွေ့များက ဆူဇီမို၏ အသားကို အာဟာရဓါတ်ပြုပေးနေသည်ကို ဆူဇီမိုသည် တုန်လှုပ်ဖွယ်ရာ ခံစားသိရှိလိုက်ရ၏။ သူ့ခန္ဓာကိုယ်တွင်းမှ မှော်ဆန်ဆန် ပြောင်းလဲမှုများကိုပင် သူခံစားလို့ရနေ၏။

သူ့ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး.. ညဝိညာဉ်က လက်ဟန်ခြေဟန်ဖြင့် သူ့ရှေ့မှ ဥကို ညွှန်ပြနေ၏။

“မင်းက ငါ့ကိုပါ စားစေချင်တာလား”

ညဝိညာဉ်၏ ဆိုလိုရင်းကို ဆူဇီမို သဘောပေါက်သွားပြီး တုန်လှုပ်သွား၏။

ညဝိညာဉ်က ချက်ချင်းခေါင်းညိတ်၍ ဥအရည်များကို ညွှန်ပြကာ ဆူဇီမိုကို မြန်မြန်စားသုံးဖို့ လောဆော်လိုက်၏။

ဆူဇီမိုက တုံ့ဆိုင်းနေ၏။

ညဝိညာဉ်ကက ထပ်မံ၍ လက်ဟန်ခြေဟန်ပြ၍ လောဆော်လိုက်၏။

သူ မစားလည်း ကျန်ရှိနေသည့် ဥအရည်များက အလဟဿ ဖြစ်သွားလိမ့်မည်ဟူသော သ‌ဘောပင်။

ဆူဇီမိုသည် သွားစေ့လိုက်ပြီး.. သူ့နုလုံးသားက မာကျောလာ၏။

သူတို့က ဒုဏ္ခနွံထဲ နစ်နေပြီးဖြစ်တာကြောင့် ဘာကိုထပ်ပြီး စိုးရိမ်နေရဦးမှာလဲ။

သူသည် ညဝိညာဉ်ကို သူ့ဝတ်ရုံစထဲ ထည့်လိုက်ပြီး.. ဧရာမဥကြီးနားသို့ လျှောက်လာကာ ၎င်းကို လက်နှစ်ဖက်ဖြင့်ကိုင်၍ ဥအရည်များကို သူ့ပါးစပ်ထဲသို့ စုပ်ယူသွင်းလိုက်၏။

“အရသာက နဲနဲတော့ပြင်းတယ်.. သိပ်ပြီး အရသာကောင်းနေတာတော့လဲ မဟုတ်ပါဘူး” ဆူဇီမို၏ ခေါင်းထဲတွင် ဝင်ရောက်လာသော အတွေးဖြစ်၏။

လတ်ဆတ်ချောမွေ့သော အရည်များက သူ့လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ စီးဆင်းသွား၏။

ဝုန်း!

ချက်ချင်းပင်.. ဆူဇီမိုသည် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။

ထိုအရည်များထဲတွင် ပါဝင်သော စွမ်းအင်က ဆူဇီမိုထင်ထားတာထက် များစွာပိုနေ၏။

ထိုအရည်များက သူ့အစာအိမ်ထဲသို့ ဝင်ရောက်လာသည့်ခဏ၌ စွမ်းအင်အလင်းစီးများက အရူးအမူး ဖြာထွက်လာပြီး သူ့ခြေလက်အစိတ်အပိုင်းများဆီသို့ စီးဆင်းသွား၏။

၎င်းက သူ၏ အရေပြား၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီနှင့် အာရုံခံအင်္ဂါငါးခုကို ဆက်တိုက်အာဟာရပြုပေးနေ၏။

ထိုအချိန်၌ ဆူဇီမိုနားလည်လိုက်သည်မှာ.. ထိုဥရည်က သူ့အတွက် မဟာအားတိုးဆေးကြီးပင်။

ထိုအရာက မည်သည့်သားရဲအတွင်းအမြုတေထက်မဆို ပိုကောင်းနေသေး၏။

သူသာ ထိုအရည်ထဲရှိ စွမ်းအင်များအားလုံးကို အစာချက်ချေဖျက်နိုင်လျှင် သူသည် အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် အဆင့်မြင့်တတ်ကျွမ်းမှုကိုပင် ရရှိလာနိုင်၏။

မဟာအခွင့်အရေး!

ထိုအရာက သူ့အတွက် လုံးဝမမျှော်မှန်းရဲခဲ့သည့် အခွင့်အရေးပင် ဖြစ်လေသည်။

တစ်ကယ်တော့ လောလောဆယ် သူ့အတွက် အရေးကြီးနေသည်မှာ ဤနေရာကနေ ထွက်ပြေးနိုင်ဖို့ပင် ဖြစ်လေသည်။

ဆူဇီမိုသည် အသည်းအသန် မျိုချလိုက်၏။

ညဝိညာဉ်သည် ပြည့်အင့်နေတာတောင် ထိုအရာကို ထပ်စားဖို့ ဘာကြောင့်တောင့်တနေသေးတာလဲဆိုတာ ဆူဇီမို နောက်ဆုံး နားလည်လိုက်၏။

ဤကမ္ဘာပေါ်တွင် ထိုအရည်များ၏ စွမ်းအင်ထက် သန့်စင်ကောင်းမွန်တာ ဘာမျှ မရှိတော့သလိုပင်။

ထိုစွမ်းအားက အားကောင်းလွန်း၏။

၎င်းက ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ ရုန်းကြွကာ.. သူ့မွှေးညင်းပေါက်များထဲမှ တောက်ပ‌သော အလင်းရောင်ခြည်များက ထွက်လာ၏။

တဖျတ်ဖျတ်တလက်လက် အလင်းရောင်ခြည်များက ဆူဇီမိုကို လွှမ်းခြုံလာပြီး သူက နတ်ဘုရားတစ်ပါး စျာန်ဝင်စားနေသလို ဖြစ်လာ၏။

ထိုအရည်များထဲတွင် ပါဝင်သော စွမ်းအင်ဓါတ်မျိုးက နောက်တစ်ကြိမ် ထပ်ရဖို့ မဖြစ်နိုင်တော့ကြောင်း ဆူဇီမို သိထား၏။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး.. သူ့မွှေးညင်းပေါက်များကို အလျှင်အမြန်ပိတ်လိုက်ကာ သူ့ခန္ဓာကိုယ်ထဲမှ အဆီအနှစ်စွမ်းအင်ချီများ မထွက်နိုင်အောင် ကြိုးစားလိုက်၏။

သို့သော်လည်း ထိုစွမ်းအင်က အလွန်များပြား၍ သိပ်သည်းလွန်း၏။ ထိုအရာများကို ခဏလေးအတွင်း ဆူဇီမို၏ ကိုယ်ထဲတွင် ဝင့်ဆန့်အောင် ထိန်းထားဖို့က ခက်ခဲလေသည်။

သူ့မျက်လုံး၊ နှာခေါင်းပေါက်၊ နားနှင့် ပါးစပ်တို့မှ စွမ်းအင်အလင်းငွေ့များက ကြောက်စရာကောင်းလောက်အောင် ဖြာထွက်လာ၏။

ထိုစွမ်းအားများ၏ ပွတ်တိုက်မှုအောက်တွင်.. ဆူဇီမို၏ မျက်လုံးထဲမှ ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းက ‌ပေါ်လာ၏။

သိပ်မကြာမီ.. ဆူဇီမို၏ မျက်လုံးအိမ်ထဲတွင် ကွယ်ဝှက်နေသော ဆိုးယုတ်စွမ်းအားများကို ဥအရည်များတွင် ပါဝင်သော သန့်စင်သည့် စွမ်းအားများက တွန်းထုတ်ဖယ်ရှားပစ်လိုက်လေသည်။

ထိုဆိုးယုတ်စွမ်းအားများမှာ သွေးနီရောင်ဝတ်လူငယ်သည် ဆူဇီမိုကို သွေးကျွန်ပြုဖို့ ကြိုးပမ်းတုန်းက သူ့ခန္ဓာကိုယ်ထဲမှာ ကြွင်းကျန်ရစ်ခဲ့သော စွမ်းအားအကြွင်းအကျန်များ ဖြစ်လေသည်။

ဆူဇီမိုမျက်လုံးနှစ်ဖက်၏ ထောင့်မှ အစိမ်းရောင်ရေစက်နှစ်စက်က ပြုတ်ကျလာပြီး.. ၎င်းတို့က အစိမ်းရောင်ဖျော့ဖျော့ရှိပြီး မကောင်းဆိုးဝါးဆန်သည့် အလင်းရောင်များထွက်နေ၏။

ဆူဇီမို ရွှင်ပျသွား၏။

သူသည် ဤဥရည်များကို သောက်သုံးပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ အန္တရာယ်ကို ဖယ်ထုတ်ပစ်နိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

ဆိုလိုသည်မှာ ဆူဇီမိုသည် ဤနေရာကနေ လွတ်အောင်ပြေးနိုင်ဖို့သာ လိုတော့လေသည်။ သူ့နောက်က လိုက်လာသူများက လျှို့ဝှက်ပညာရပ်ကိုသုံးပြီး သူ့တည်နေရာကို ဆက်ပြီးထောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

All Chapters