ကြိုမမြင်နိုင်သော အခြေအနေ
Vol. 16 Ch. 239
အခန်း ၂၃၉ - ကြိုမမြင်နိုင်သော အခြေအနေ
သိပ်မကြာမီ ဆူဇီမိုသည် သားရဲဥထဲမှ ဥအရည်များအားလုံးကို ကုန်စင်အောင် သောက်လို့ပြီးသွား၏။
သူ့ခန္ဓာကိုယ်ထဲရှိ အဆီအနှစ်စွမ်းအင်များကို အလေအလွင့် မဖြစ်စေဖို့ရာ.. သူသည် မွှေးညင်းပေါက်၊ နား၊ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်ပေါက်တို့ကို ပိတ်ထားလိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးထဲတွင် ပူနွေးသော စီးကြောင်းများက လှည့်ပတ်ရုန်းကြွနေပြီး သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ခံစားနေရ၏။
ခန္ဓာမီးဆေးခြင်း၊ အရွတ်အသွင်ပြောင်းလဲခြင်း၊ အရိုးကြံ့ခိုင်စေခြင်း၊ ခြင်ဆီသန့်စင်ခြင်း၊ အင်္ဂါသန့်စင်ခြင်း... စသည့် သုတ္တန်အပိုင်းငါးပိုင်းသည် ဆူဇီမို၏ စိတ်အာရုံထဲတွင် ဆက်တိုက်ပေါ်လာ၏။
သူ့ခန္ဓာကိုယ်ထဲမှ ရုန်းကြွလာသော စွမ်းအင်များကို ဖိနှိမ်ဖို့အတွက် အကောင်းဆုံး သူကြိုးစားလိုက်၏။
ခဏကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ ရုန်းကြွနေသော စွမ်းအင်များက သိသိသာသာ တည်ငြိမ်လာ၏။
ထိုသို့ဆိုလျှင်တောင်.. ဆူဇီမိုသည် သူ့ဒွာရပေါက်များကို မဖွင့်ရဲသေးပေ။
ရုတ်တရတ်..
ဆူဇီမို ရင်ထိတ်သွား၏။ ဝတ်ရုံစလှုပ်ခတ်သံ တဖျတ်ဖျတ်နှင့် တစ်ယောက်ယောက်က သူတို့ရှိရာသို့ အသည်းအသန် ပြေးလာနေကြောင်း ဆူဇီမို ခံစားသိရှိလိုက်ရ၏။
သူ့အမူအယာက ပြောင်းလဲသွားပြီး အနောက်သို့ အမြန်လှည့်ကြည့်လိုက်၏။
. . .
လိုဏ်ဂူထဲသို့ ရောက်လာပြီးနောက် မီးခိုးရောင်ဝတ်ကျင့်ကြံသူက မြေကမ္ဘာစိတ်ဝိညာဉ်ပေတံကို ပြန်သိမ်းထားလိုက်၏။
လိုဏ်ဂူက အရမ်းကြီးမားပြီး လူသားများ ပြုလုပ်ထားသည့်ပုံစံ မဟုတ်သော်လည်း.. အတွင်းပိုင်းက အရမ်းရိုးရှင်း၏။
သူသည် ဒီအတိုင်း လျှောက်သွားရုံနှင့် လိုဏ်ဂူ၏ အတွင်းဆုံးအပိုင်းကို ကျိန်းသေပေါက် ရောက်နိုင်လေသည်။
ခဏကြာပြီးနောက်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ရုတ်တရတ် ရပ်တန့်လိုက်ပြီး.. မျက်မှောင်ကြုတ်လိုက်၏။
“တစ်မျိုးပဲ.. တစ်ခုခုလွဲနေတယ်လို့ ငါဘာလို့ ခံစားမိနေပါလိမ့်”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက တီးတိုးရေရွတ်ပြီးနောက်.. ရှေ့သို့ဆက်လျှောက်လိုက်၏။ သူ့လက်တစ်ဖက်ကို ဖြန့်ထားပြီး.. လက်မနှင့် ကျန်လက်လေးချောင်းကို တစ်လှည့်စီ လိုက်ထိ၍ မနောဗေဒင်တွက်ချက်လာ၏။
“အို့”
ခဏကြာပြီးနောက်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး.. ပင့်သက်ရှိုက်လိုက်၏။
“ကြိုမမြင်နိုင်တဲ့ အခြေအနေဆိုပါလား.. ဘယ်လိုများ ဖြစ်ရတာလဲဟ”
သူသည် အံကြိတ်၍ အရှိန်တင်ကာ လိုဏ်ဂူအတွင်းပိုင်းထဲသို့ အလောတကြီး ပြေးဝင်လိုက်၏။
“တစ်ယောက်ယောက်က ငါ့အရင်ရောက်သွားပြီး ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်မှာများလား”
“သူက ဘယ်သူဖြစ်နိုင်မလဲ”
“မဖြစ်နိုင်တာ.. ကမ္ဘာဦးတောအုပ်နဲ့ အရိုးပင်လယ်ကို ဖြတ်လာနိုင်တဲ့သူက ငါတို့နှစ်ယောက်ပဲရှိတာကို.. အဲ့လူကို ငါ သားရဲချုပ်နှောင်ကျော့ကွင်းနဲ့ သေချာတုပ်ထားခဲ့တာပဲ.. သူလွတ်လာစရာ အကြောင်းကို မရှိတာ”
“ဘာတွေမှားနေတာလဲကွာ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ စိတ်က ရှုပ်ထွေးလားပြီး သူ့ခေါင်းထဲ အတွေးပေါင်းစုံက ဝင်ရောက်လာ၏။
ထောင့်တစ်ထောင့်ကို ရောက်လာပြီးနောက် မြင်ကွင်းက ရှင်းလင်းသွား၏။
ဧရာမဥကြီးတစ်လုံးကို သူမြင်လိုက်ရ၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် နောက်ဆုံး ဟင်းချနိုင်သွား၏။ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်၏။
“ဘုရားကို ကျေးဇူးတင်လိုက်တာဗျာ.. တော်သေးတာပေ့ါ.. ငါနောက်မကျသေးဘူးပဲ”
သို့သော်လည်း နောက်တစ်ခဏ၌ မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ပြောင်းလဲသွား၏။
ထိုဥကြီး၏ဘေးတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက ရောက်နှင့်နေ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူ့ခြေသံကို ကြားသွားပုံရပြီး.. ရုတ်တရတ် လှည့်ထွက်လိုက်၏။ ထိုလူ၏ အင်္ကျီရင်ဘတ်နားက ဟနေပြီး ထိုအထဲမှ ခွေးလေးတစ်ကောင်၏ ဦးခေါင်းက ပြူထွက်နေ၏။
ထိုလူနှင့် တောကောင်က ထူးဆန်းသော အမူအယာနှင့် သူတို့၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကြပြီး အသက်ရှူအောင့်ထားကြ၏။
“မင်းတို့ပဲလား”
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ခဏမျှ ကြောင်ငေးသွား၏။
တောင်ခြေမှာကျန်ရစ်ခဲ့သော ထိုလူက သားရဲချုပ်နှောင်ကျော့ကွင်းကနေ လွတ်မြောက်၍ ဘာကြောင့် သူ့အရင်ရောက်နှင့်နေသလဲ သူ မတွေးတတ်တော့ပေ။
“သူပဲဟ”
ဆူဇီမိုသည်လည်း ခဏမျှ ငေးကြောင်သွား၏။
ထိုမီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ဤနေရာသို့ ရောက်လာခဲ့သော ရည်ရွယ်ချက်က သူ့ဘေးမှ သားရဲဥအတွက်ပင်ဖြစ်ကြောင်း ဆူဇီမို နားလည်လာ၏။
ဆူဇီမိုက မလုံမလဲနှင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူနှင့် အကြည့်လွှဲလိုက်၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ စိတ်အာရုံက သားရဲဥပေါ်တွင်သာ ကျရောက်နေသောကြောင့် ဆူဇီမို၏ တစ်မူထူးခြားနေမှုကို သူသတိမထားမိသေးပေ။ တစ်ချိန်တည်းမှာပင် သူသည် ရှေ့သို့လျှောက်သွားပြီး ပြောလိုက်၏။
“တာအိုရောင်းရင်း.. သားရဲချုပ်နှောင်ကျော့ကွင်းကနေ မင်းဘယ်လိုလွတ်လာလဲ ငါအရေးမလုပ်တော့ဘူး.. ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီဥကတော့ ငါ့အပိုင်ပဲ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ယုံကြည်မှုအပြည့်နှင့် ဆူဇီမိုကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
ဆူဇီမိုက ဘာမျှ ပြန်မပြောနိုင်ပေ။ သူက အသက်တောင် မရှူရဲပေ။
ယခုအချိန်တွင် ဆူဇီမိုသည် စကားပြောဖို့ ပါးစပ်ဟမည်ဆိုသည်နှင့်.. သူ့ပါးစပ်ထဲမှ လှပသော ရောင်ခြည်များက တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် ထွက်ပေါ်လာပေလိမ့်မည်။
ထိုအချိန်မှာပင် မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် သားရဲဥရှေ့သို့ ရောက်လာပေပြီ။ သူက ဥမျက်နှာပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးပြောလိုက်၏။ “အဲ့မှာ ဘာလို့ တလက်လက်ထနေတဲ့ အဖြူကွက်လေး ရှိနေ...”
သူ့စကားသံက ရုတ်ချည်း ပြတ်တောက်သွား၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူ ဆက်လက် မပြောဆိုနိုင်တော့ပေ။
သူသည် သားရဲဥပေါ်ရှိ သေးငယ်သောအပေါက်လေးကို စိုက်ကြည့်လိုက်၏။ ဒေါသပြင်းစွာ ထွက်လာပုံရပြီး.. သူ့နှုတ်ခမ်းက တဆတ်ဆတ်တုန်ကာ.. ပြိုလဲကျလုတော့မတတ် ဖြစ်လာ၏။
“ဖူး...”
ဘာပဲဖြစ်ဖြစ် ညဝိညာဉ်က ငယ်လွန်းသေးပြီး.. သူသည် ဆက်လက်မအောင့်အည်းနိုင်တော့ဘဲ ပါးစပ်ကိုဟကာ အော်လိုက်၏။
စွမ်းအင်အဆီအနှစ်အော်ရာက ထောင်းကနဲထွက်ပေါ်လာ၏။
“အို့”
တစ်ခုခုကို အာရုံခံမိလိုက်ပြီး.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက လှည့်ကြည့်လိုက်၏။
ထိုသည်ကို မြင်သောအခါ သူတို့ဆက်လက် မဖုံးကွယ်ထားနိုင်တော့ဘူးဆိုတာ နားလည်လိုက်ပြီး ဆူဇီမိုသည်လည်း ပါးစပ်ကိုဟ၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။
ထို့နောက် ဆူဇီမို၏ ပါးစပ်နှင့် နှာခေါင်းပေါက်တို့မှ တောက်ပစူးရှသော အလင်းများက တဖျတ်ဖျတ်တလက်လက် ထွက်ပေါ်လာ၏။
“ငါ့ ဠိ..”
ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် မေးစရာမလိုဘဲ သိနှင့်လိုက်၏။ ချက်ချင်းပင်.. သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာပြီး ဒေါသဖြင့် နှုတ်ခမ်းက ပွယောင်းလာကာ သွေးအန်လုနီးပါး ဖြစ်သွားရ၏။
ဆူဇီမိုသည်လည်း ဆက်လက်ကြန့်ကြာမနေရဲတော့ဘဲ.. နတ်မြင်းလျှပ်တပြက် ပြေးထွက်ခြင်းဖြင့် ချက်ချင်းပြေးထွက်လိုက်၏။
“သောက်ခွေး.. မင်းက ထွက်ပြေးချင်သေးတယ်ပေါ့”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက လှမ်းအော်လိုက်၏။ သူ့မျက်လုံးများက နီရဲနေ၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဆူဇီမို၏ အရှေ့သို့ ဖျတ်ကနဲ ရောက်ချလာပြီး သူ့ကို ပြန်ဆွဲထားလိုက်။
“ဟေ့ မင်းဘာလုပ်တာလဲ”
အခြေအနေက မည်သို့ပင် ရှိနေပါစေ.. ဆူဇီမိုက ပြန်လှန်မေးခွန်းထုတ်လိုက်၏။ အမှတ်တမဲ့နှင့်ပင်.. သူ့ပါးစပ်ကို ဖွင့်ဟလိုက်သည့်အချိန်၌ ရောင်ခြည်အလင်းများက ထွက်ပေါ်လာပြီး မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာကို သွားရိုက်၏။
“ငါ ဠိဒဲ့မှ ပဲကွာ”
မီးခိုးရောင်ကျင့်ကြံသူသည် ဒေါသထွက်လွန်းလို့ အသားတဆတ်ဆတ် တုန်နေပြီး ဆူဇီမို၏ အင်္ကျီရင်ဘတ်ကို ဆောင့်ဆွဲကာ သွားစေ့ပြောလိုက်၏။
“မင်း တစ်ကယ်ပဲ ဥကို စားလိုက်တာပေါ့.. မင်း သောက်ခွေးကောင်ကွာ.. ဥကို စားပစ်လိုက်တာလား.. တစ်ကယ့် ရတနာကို အလကားဖြုန်းတီးပစ်လိုက်တာပဲ.. အဲ့ဒါ ဘာဥလဲဆိုတာရော မင်းသိရဲ့လား.. ဟမ် ဟေ့ကောင်!”
မှုန်ယိုဒေါသကြီးနေသော ထိုလူကို မြင်ရသည်အခါ ဆူဇီမိုပင် အနည်းငယ် ထိတ်လန့်သွားပြီး.. စိတ်လွတ်သွားကာ အမှတ်တမဲ့ ပြန်ဖြေလိုက်၏။
“ဘာဥလဲ ကျုပ်မသိဘူး”
“ဘာ.. ဘာမှန်းတောင် မသိဘဲ.. ဘာလို့စားပစ်လိုက်တာလဲကွ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဆူဇီမိုကို လွှတ်လိုက်ပြီး သူ့မိဘများ ဆုံးပါးသွားသလို ဝမ်းနည်းပက်လက်လေသံနှင့် ညည်းတွားလိုက်၏။
“ငါ့မှာတော့ ဒီနေရာထိ ရောက်လာအောင် ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲနဲ့ အပင်ပန်းခံပြီး လာခဲ့ရတာ.. ဒါပေမယ့် မင်းက အဲ့ဒါကို အရင်စားပစ်လိုက်တယ်ပေါ့လေ.. သေလိုက်ပါတော့လားကွား”
ထိုအချိန်၌ မီခိုးရောင်ဝတ်ကျင့်ကြံသူက သူ့ကိုယ်သူ သတ်သေတော့မလားတောင် ထင်ရ၏။
ဘယ်ဆီဘယ်ကမှန်း မသိရသော ဤအခြေတည်အဆင့် ကျင့်ကြံသူက သူ့ကို သေချင်စိတ်ပေါက်သွားအောင်ပင် ဒုဏ္ခပေးဖို့ တမင်သက်သက် ရောက်လာသလားမှတ်ရ၏။
ဟိုအဖိုးကြီးသာ ဒီအကြောင်းကို ပြန်သိလျှင် သူ့ကို သေလောက်အောင် ထပ်လှောင်ပေဦးတော့မည်။
“ကောင်လေး.. မင်းက သေရတော့မှာ စောင့်ကြည့်နေလိုက်ဦး.. အဲ့ဥကိုတောင် မင်းက သွားစားရဲတယ်ဆိုတော့.. ဟီးဟီး”
ဆူဇီမိုကို ကြည့်ပြီး မီးခိုးရောင်ဝတ်ကျင့်ကြံသူက ရုတ်တရတ် ရယ်ချလိုက်၏။
ဆူဇီမိုက ပြန်မပြောဖြစ်ပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ပမာမခန့်ပုံစံနှင့် ဆူဇီမိုကို မြင်ရသောအခါ ပို၍ မချင့်မရဲ ဖြစ်လာ၏။ သူသည် ရှေ့သို့ တစ်ဖန်ပြန်တိုးလိုက်ပြီး အံကြိတ်၍ ပြောလိုက်၏။
“မင်း အဲ့ဒါကို ဘယ်လောက်တောင် စားပစ်လိုက်တာလဲ ဟမ်.. ကြည့်စမ်း မင်းပါစပ်ကနေတောင် အလင်းရောင်တွေ ထွက်နေပြီ.. မင်း ဘာလို့ အဲ့လောက်အများကြီတောင် စားနိုင်ရတာလဲကွာ”
“အေ့..”
ထိုအချိန်မှာပင် ဆူဇီမို၏ ဝတ်ရုံစထဲတွင် ပုန်းနေသော ညဝိညာဉ်သည် ခေါင်းပြူထွက်လာပြီး လေတက်လိုက်၏။ သူ့ပါးစပ်နှင့် နှာခေါင်းပေါက်တို့မှ တောက်ပသော ရောင်ခြည်အလင်းများက ထွက်လာ၏။
“လခွမ်းကွာ..”
မီးခိုးရောင်ကျင့်ကြံသူသည် မျက်ဖြူလန်ပြီး သတိလစ်တော့မတတ် ဖြစ်သွားရ၏။
“မင်းက အဲ့ခွေးကိုတောင် အဲ့ဒါတွေ အများကြီး ပေးကျွေးလိုက်သေးတယ်ပေါ့.. မင်း.. မင်း.. မင်းကွာ..!”
သူသည် ဆူဇီမို၏ မျက်နှာကို လက်ညိုးထိုးရင်း.. ပြောစရာစကား မရှိတော့အောင်ပင် ဒေါသထွက်လာ၏။
ရုတ်တရတ်.. မီးခိုးရောင်ကျင့်ကြံသူသည် တစ်ခုခုကို တွေးမိသွားပြီး ဥရှိရာသို့ ပျာပျာသလဲ ပြေးသွားလိုက်၏။ သူသည် ခေါက်ယပ်တောင်ဖြင့် ၎င်းကို ဖြန်းကနဲ အစိတ်စိတ်ကွဲသွားအောင် ရိုက်ချလိုက်၏။
ဥထဲတွင် ဥရည်များက မရှိတော့သလောက်ပင်။ ဥခွံများတွင် ကပ်ကျန်နေသော အနည်းငယ်လေးသာ ရှိတော့၏။
“ဘာပဲဖြစ်ဖြစ်ကွာ ငါဂရုမစိုက်တော့ဘူး.. ငါ ရသလောက်တော့ ကြိုးစားကြည့်ရမှာပဲ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက သူ့ဘာသာ တီးတိုးပြောလိုက်ပြီး.. ကျန်တာတွေကို အရေးမလုပ်တော့ပေ။ သူသည် ဥခွံပိုင်းအပိုင်းစတစ်ခုကို လက်နှစ်ဖက်ဖြင့် ကောက်ယူမလိုက်ပြီး.. ဘယ်လိုပုံပေါက်နေမည်ကိုပင် ဂရုမထားတော့ဘဲ ထိုဥခွံကို လျှာဖြင့်လျှက်လေတော့၏။