← Chapters

ကမ္ဘာမြေပြိုလောက်သော

Vol. 16 Ch. 240

ကမ္ဘာမြေပြိုလောက်သော

Vol. 16 Ch. 240

အခန်း ၂၄၀ - ကမ္ဘာမြေပြိုလောက်သော

သွေးကျိန်စာစွမ်းအား၏ လမ်းပြမှုဖြင့်.. သွေးကျီးကန်းနန်းတော်သခင်က နတ်တောင်၏ ခါးလယ်တွင်ရှိသော လိုဏ်ဂူရှေ့သို့ ရောက်ချလာခဲ့၏။

“ဒီလိုဏ်ဂူက..”

သူသည် ခေါင်းမော့၍ ကြီးမားသည့် ဝင်ပေါက်ကြီးကို ကြည့်ပြီး.. သူ့မျက်လုံးအနက်ပိုင်းထဲတွင် စိုးရွံ့ထိတ်လန့်မှုက ပေါ်လာ၍ ချီတုံချတုံ ဖြစ်နေ၏။

“အဲ့ကောင်လေးက တစ်ကယ်ပဲ အထဲရောက်သွားတာလား”

နန်းတော်သခင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးကို ပုတ်ခတ်ကာ ခဏမျှ ငိုင်နေ၏။

သူ၏ သရုပ်သကန်အရ.. ကမ္ဘာဦးတောအုပ်နှင့် အရိုးပင်လယ်ကို အတင်းဝင်ရောက်ဖြတ်ကျော်လာခြင်းက ဤနေရာရှိ ကြောက်စရာကောင်းသောသက်ရှိကို သိပ်ပြီး ဒေါသထွက်စေလိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး သူဘယ်သူဘယ်ဝါဆိုတာကို ထုတ်ပြောလိုက်ရုံသာ။

သို့သော်လည်း ဤလိုဏ်ဂူထဲသို့ ခြေချတော့မည်ဆိုလျှင်တော့ ပြဿနာရှိလာပေပြီ။

နန်းတော်သခင်က တွန့်ဆုတ်နေတုန်းမှာပင်.. နတ်တောင်၏ အ‌နောက်ဘက်မှ သေလောက်သည့် သတ်ဖြတ်လိုစိတ်နှင့် အလွန်တရာ ကြောက်စရာကောင်းလှသည့် အော်ရာတစ်မျိုးက ရုတ်တရတ် ထွက်ပေါ်လာ၏။

ထိုအော်ရာကို အာရုံခံမိလိုက်သောအခါ.. နန်းတော်သခင်၏ အမူအယာက တောင့်တင်းသွား၏။

. . .

လိုဏ်ဂူအတွင်းဆုံးအပိုင်းတွင်..

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဥခွံကွဲအပိုင်းတစ်ခုစီကို လျှာဖြင့်လိုက်လျှက်နေ၏။

ဥခွံပိုင်းများက မှန်ကြည့်လို့ ရလောက်အောင်ပင် ပြောင်လက်သွား၏။

ဆူဇီမိုက ငေးကြည့်နေ၏။

သူက ညဝိညာဉ်ကို ငုံ့ကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်၏။

“ညဝိညာဉ်လျှက်ရင်တောင် အဲ့လောက်ပြောင်မှာ မဟုတ်ဘူး.. ဒီလူရဲ့ ရာသီခွင်က ခွေးတစ်ကောင်ပုံပဲ ဖြစ်ရမယ်”

ဥခွံတွင် ကပ်ကျန်နေသော အရည်များကပင် မီးခိုးရောင်ဝတ်ကျင့်ကြံသူကို အရူးအမူး ဖြစ်စေဖို့ လုံလောက်ကြောင်း ဆူဇီမို မသိရှာပေ။

ဥအရည်တွင် ပါဝင်သော စွမ်းအင်က အလွန်တရာ သန့်စင်နေ၏။ ထိုစွမ်းအင်ကို ခန္ဓာကိုယ်က ကုန်စင်အောင် စုပ်ယူနိုင်လျှင် ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာက အလွန်သိသာစွာ တိုးတက်ပြောင်းလဲလာပေလိမ့်မည်။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဘေးမှာရပ်နေသော ဆူဇီမိုနှင့် ညဝိညာဉ်ကို အံ့ကြိတ်၍ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ အဲ့ဒါကို သူတွေးလေလေ.. စိတ်တိုရလေလေ ဖြစ်၏။

ထိုလူနှင့် တောကောင်တို့သည် အများကြီး စားသောက်ခဲ့ကြပြီး အဲ့ဒါကို သူတို့၏ ခန္ဓာကိုယ်က ဝင်ဆန့်အောင် မထိန်းသိမ်းနိုင်တော့ဘဲ.. သူတို့၏ ပါးစပ်များကို ဟလိုက်တိုင်း.. စွမ်းအင်စီးကြောင်း အလင်းရောင်များက ထွက်ပေါ်လာနေ၏။ ဘယ်လောက်တောင် ဖြုန်းတီးရာကျလိုက်သလဲ။

အဲ့ဒါကို သူတို့က လူတင်စားခဲ့တာမဟုတ်.. ခွေးတစ်ကောင်ကိုပါ ကျွေးခဲ့သေး၏။

ဘေးဘက်တွင်တော့.. ဆူဇီမို၏ ရင်ထဲတွင် မအီမသာခံစားချက်ကြီးက ပေါ်လာပြီး.. မျက်မှောင်ကြုတ်လိုက်၏။

သူသည် ဤနေရာမှ ထွက်သွားချင်သည်မှာ ကြာနေပြီဖြစ်၏။ သို့သော်လည်း မီးခိုးရောင်ဝတ်ကျင့်ကြံသူက သူ့ကို အသာတကြည် ပေးသွားလိုဟန် မရသေးပေ။

မည်သို့မျှ မတတ်နိုင်ဘဲ.. ဆူဇီမိုသည် မီးခိုးရောင်ကျင့်ကြံသူ ဥခွံများအား အရူးအမူး လျှက်နေသည်ကိုသာ စောင့်ကြည့်နေရ၏။

မီးခိုးရောင်ဝတ်ကျင့်ကြံသူက ‌နောက်ထပ်ဥခွံတစ်ပိုင်းကို လျှက်ဖို့ ကောက်ကိုင်လိုက်စဉ်မှာတော့ ဆူဇီမိုသည် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။

“တာအိုရောင်းရင်း.. ခင်ဗျား အဲ့ဥခွံတွေကို ယူလာခဲ့ပါလား.. အဲ့ဒါဆို ပြန်ရင်းနဲ့ လမ်းမှာ ဆက်ပြီးလျှက်လာလို့ ရတာပဲ မဟုတ်ဘူးလား”

မီးခိုးရောင်ကျင့်ကြံသူသည် လုပ်လက်စကို ရပ်တန့်လိုက်ပြီး.. သူ့နှုတ်ခမ်းက တဆတ်ဆတ် တုန်ယင်လာကာ သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။

ဥခွံတဲ့လား!

ငါ့အတွက် ဘာလို့များ အဲ့ဥခွံတွေပဲ ကျန်နေရတာလဲ!

အဲ့ဒါတွေ အကုန်လုံးက မင်းနဲ့ မင်းရဲ့ အဲ့ခွေးမည်းကြောင့်ပဲ မဟုတ်ဘူးလား!

မီးခိုးရောင်ဝတ်ကျင့်ကြံသူ ဒေါသထွက်လို့ မပြီးသေးခင်မှာပင် ဆူဇီမိုက သူ့ကို သတိပေးလိုက်၏။

“အဲ့ဒါက ဘာသတ္တဝါရဲ့ဥလဲဆိုတာ ကျုပ်တစ်ကယ် မသိပါဘူး.. ဒါပေမယ့် ကျုပ်သိတာက‌တော့ အခုနေ ကျုပ်တို့ ထွက်မသွားသေးဘူးဆိုရင်.. ကျုပ်တို့ သေချာပေါက် သေရတော့မှာပဲ!”

“မင်းတို့ဘာသာသေလေ.. ငါကတော့ မသေနိုင်ဘူး”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

တစ်ခုခုကို အတွေးပေါက်သွားသလို မီးခိုးရောင်ဝတ်ကျင့်ကြံသူက ဆက်ပြောလိုက်၏။

“ဟုတ်တာပေါ့.. ထပ်ပြီးပြောရမယ်ဆိုရင်.. မင်းအခုနေ ထွက်ပြေးရင်တောင် နောက်ကျနေပြီ။ သူ့ဥကို စားလိုက်တဲ့အတွက် ဒီနေရာက သတ္တဝါက သတိထားမိလောက်သွားပြီ။ မင်းဘာသာ မြေပဲလျှိုးလျှိုး၊ မိုးပဲပျံပျံ.. မင်းက သေကို သေရမှာပဲ!”

“ခင်ဗျားလဲ အဲ့ဒါကို စားထားတာပဲ မဟုတ်ဘူးလား”

ဆူဇီမိုက မီးခိုးရောင်ဝတ်ကျင့်ကြံသူလက်ထဲ ကိုင်ထားသော ဥခွံစကို လက်ညိုးထိုးပြ၍ လှောင်ရယ်လိုက်၏။

“အဲ့သတ္တဝါက ခင်ဗျားကိုပဲ ကွက်ပြီး ချမ်းသာပေးလိမ့်မယ်လို့ ကျုပ်တော့မထင်ဘူး”

“ဟီးဟီး”

မီးခိုးရောင်ဝတ်ကျင့်ကြံသူ ရယ်ချ၍ ‌ခေါင်းခါလိုက်၏။

“အဲ့ကိစ္စ မင်းပူပေးစရာ မလိုပါဘူး.. ဒီနေရာက ထွက်သွားဖို့ ငါ့နည်းငါဟန်နဲ့ငါ ရှိပြီးသား.. မင်းသာ သေခြင်းတရားကို အသာတကြည်ခံယူဖို့ စောင့်နေလိုက်”

ထိုသည်ကို ကြားရသောအခါ ဆူဇီမိုသည် အပေါ်ယံတွင် ဘာမျှမဖြစ်သလို ဟန်ဆောင်နေသော်လည်း သူ့ရင်ထဲတွင်တော့ ဗလောင်ဆူလာ၏။

ရွှစ်..

ထိုအချိန်မှာပင်.. အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသည့် အော်ရာတစ်ခုက ဆင်းသက်လာပြီး.. နတ်တောင်တစ်တောင်လုံးကို လွှမ်းခြုံလိုက်ကာ လိုဏ်ဂူထဲသို့ပါ တိုးဝင်လာ၏။

ဂါး.. ဂါး.. ဂါးး!

ဆက်တိုက်ဆိုသလို.. ကျယ်လောင်ပီသ‌သော မာန်ဖီဟိန်းဟောက်သံကြီးက နတ်တောင်အနောက်ဘက် ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ကန်းလန်ရိုးမတွင် တစ်နှစ်ပတ်လုံး နေခဲ့ဖူး‌ပြီး မရေမတွက်နိုင်သော သားရဲတောကောင်များကို မြင်ဖူးခဲ့၏။

သို့သော်လည်း.. ထိုကဲ့သို့သော ဟိန်းဟောက်သံကိုတော့ တစ်ခါမျှ သူမကြားဖူးပေ။

ထိုဟိန်းဟောက်သံထဲတွင် အကန့်အသတ်မဲ့ ဒေါသနှင့် စွမ်းအားများက ပါဝင်နေ၏။

ဘန်း.. ဘုန်း.. ဘုန်း.. ဝုန်း..

နတ်တောင်တစ်ခုလုံးက စတင်တုန်လှုပ်လာပြီး.. လိုဏ်ဂူထဲတွင် အက်ကွဲကြောင်းများက ပေါ်လာ၏။ မရေမတွက်နိုင်‌သော ကျောက်တုံး၊ ကျောက်သားများက ပြုတ်ကျ၊ ကွာကျလာပြီး.. ဖုန်မှုန့်များက တထောင်းထောင်းထလာ၏။

တစ်ကယ့်ကမ္ဘာပြိုတော့မည့် အတိုင်းပင်။

ဟိန်းဟောက်သံတစ်ခုတည်းနှင့်ပင်.. နတ်တောင်က အက်ကွဲလာပြီး ပြိုကျတော့မည် လက္ခဏာပြလာ၏။

ထိုကြောက်စရာ ဟိန်းဟောက်သံအောက်၌ ဆူဇီမို၏ ခန္ဓာကိုယ်မှ သွေးများက စိမ့်ထွက်လာ၏။ သူ့ကြွက်သားများနှင့် အသားများသည် အက်ကွဲလာပြီး.. ကြောက်စရာပုံစံ သွေးစီးကြောင်းများက ပေါ်လာ၏။

ဆူဇီမိုသည် ညည်းညူအော်ဟစ်လိုက်၏။ သူ့ခေါင်းက အစိတ်စိတ်ကွဲထွက်တော့မည် ခံစားလာရပြီး.. မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာ၏။

ထိုအသံ၏ စွမ်းအားက အတော်ကို ကြောက်စရာကောင်းလွန်းနေ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က ရွှေအမြုတေအဆင့် အများစုထက်ပင် ပို၍ သန်မာကြံ့ခိုင်သေး၏။

ယခုအခါမှာတော့.. ဤဟိန်းဟောက်သံအောက်၌ သူ့ခန္ဓာကိုယ်က အမှန်တစ်ကယ်ကို ဆုတ်ပြဲပျက်ဆီးတော့မလို့ ဖြစ်လာ၏။

သူ့အရွတ်များက ပြတ်ထွက်ကုန်ပြီး.. အရိုးများတွင် အက်ရာများ ပေါ်လာကာ.. သူ့ကိုယ်တွင်းအင်္ဂါများက တုန်လှုပ်ဖွယ်ရာ နေရာရွေ့ကုန်၏။

ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းအပိုင်းကို မလေ့ကျင့်ရသေးသည့် အရင်အချိန်တုန်းကသာ ဖြစ်ခဲ့လျှင်.. ထိုဟိန်းဟောက်သံအောက်၌ ဆူဇီမို၏ ခန္ဓာကိုယ်က သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားလောက်ပေပြီ။

သို့သော်လည်း.. ယခုအခါ ဆူဇီမို၏ ခန္ဓာကိုယ်က ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး.. သူ့ခန္ဓာကိုယ်ထဲတွင် ရုန်းကြွနေသော အဆီအနှစ်စွမ်းအင်များက ပျက်ဆီးလာနေ‌သော သူ့အသား၊ အရွတ်၊ အရိုးနှင့် အင်္ဂါများဆီသို့ တိုးဝင်သွား၏။

အစတုန်းက ဆူဇီမို၏ ခန္ဓာကိုယ်က ထိုများပြားလှသည့် အဆီအနှစ်စွမ်းအင်များကို ဝင်မဆန့်၊ ထိန်းမထားနိုင်အောင် ဖြစ်နေ၏။

သို့သော်လည်း ယခုသူရရှိသွားသော ဒဏ်ရာများက ပိုလျှံနေ‌‌သော စွမ်းအင်များကို သိမ်းဆည်းချိတ်ပိတ်ပေးလိုက်သလို ဖြစ်သွား၏။

နောက်ကျလျှင် သူက ထိုစွမ်းအင်များကို ဖြည်းဖြည်းချင်း ပြန်၍ စုပ်ယူနိုင်လေသည်။

ညဝိညာဉ်သည်လည်း အခြေအနေ မကောင်းလှပေ။

ဟိန်းဟောက်သံအောက်၌ သူ့တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး.. အသက်မျှင်းမျှင်းသာ ရှူနိုင်တော့၏။

သို့စေကာမူ.. ညဝိညာဉ်က နည်းနည်းကလေးမျှ ကြောက်ရွံ့ဟန် မပြပေ။

ဆူဇီမိုသည် သေချာအာရုံစိုက်ကြည့်မိမည်ဆိုလျှင်.. အခုချိန်၌ ညဝိညာဉ်၏ အကြည့်က အလွန်တရာ ကြောက်စရာ‌ကောင်းနေကြောင်း သူတွေ့ရပေလိမ့်မည်။ သူ့မျက်လုံးများက ပိန်းပိတ်အောင် နက်မှောင်နေပြီး.. အေးစက်စက် သတ်ဖြတ်လိုစိတ်က တငွေ့ငွေ့လောင်ကျွမ်းထွက်ပေါ်နေ၏။

တစ်ချိန်တည်းမှာပင်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ဘေးပတ်လည်၌ မှုန်ဝါးဝါး မြူခိုးလွှာတစ်ခုက ပေါ်လာ၏။

ထိုမြူခိုးထဲတွင် ကစင်ကလျားများပင် မဖြစ်ပေါ်သေးသော စကြာဝဠာ၏ အစကို ပြန်လည်ရောက်ရှိသွားသည့်အလား.. ရှေးကျလွန်းသည့် အော်ရာတစ်မျိုး ရှိနေ၏။ ထိုမြူလွှာက မီးခိုးရောင်ဝတ်ကျင့်ကြံသူကို လွှမ်းခြုံထားပြီး.. သူက နတ်ဘုရားတစ်ပါးလို ဖြစ်နေ၏။

“ရွှေအမြုတေနယ်မြေဟ!”

ဆူဇီမိုသည် ရွှေအမြုတေအဆင့်သို့ မရောက်သေးသော်လည်း ထိုမြူခိုးလွှာအော်ရာ၏ ဇာတ်မြစ်ကို ပြောနိုင်၏။

သည့်အရင်က သူသည် ရွှေအမြုတေနယ်မြေနှစ်ခုကို မြင်ဖူးခဲ့၏။

ပထမတစ်ခုက စိတ်ဝိညာဉ်တောင်ထွတ်သခင်၊ ဝမ်ရွှမ်း၏ ဆန်းကြယ်ဓါးမိုး ဖြစ်လေသည်။ ဒုတိယတစ်ခုကတော့ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းမှ ရွှေအမြုတေတစ်ယောက်၏ အရိုးဆွေးမဟူရာလေ ဖြစ်လေသည်။

ဤမြူခိုးလွှာက‌တော့ ဆူဇီမိုမြင်ဖူးသည့် တတိယမြောက်အမြုတေနယ်မြေ ဖြစ်လာလေသည်။

ဤမြူခိုးလွှာ၏ အော်ရာက သူအရင်မြင်ဖူးခဲ့သည့်နှစ်ခုထက်ပင် ပို၍ သန်မာအားကောင်းနေ၏။

ပြောရမည်ဆိုလျှင်.. သူ့အရင်မြင်ဖူးခဲ့သည့် ရွှေအမြုတေနယ်မြေနှစ်ခု ပေါင်းစပ်တိုက်ခိုက်လျှင်ပင်.. မီးခိုးရောင်ကျင့်ကြံသူ၏ ရွှေအမြုတေနယ်မြေကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဒါဆို သူက ရွှေအမြုတေအဆင့်ပေါ့”

မီးခိုးရောင်ဝတ်ကျင့်ကြံသူက လျှို့ဝှက်အတတ်တစ်ခုကို သုံးပြီး သူ၏ ကျင့်ကြံမှုအဆင့်အား ဖုံးကွယ်၍ အစောပိုင်းအခြေတည်အဆင့်တစ်ယောက်ဟု အမြင်မှားအောင် လုပ်ဆောင်ထားခြင်း ဖြစ်ရပေမည်။

စွမ်းအားကြီးသော ထိုသတ္တဝါ၏ ဟိန်းဟောက်သံအောက်တွင် မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် မျက်မှောင်ကြုတ်၍ အကာအကွယ်အလွှာအဖြစ် သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်ရ၏။

All Chapters