← Chapters

ပုံမှန်မဟုတ်ခြင်း

Vol. 30 Ch. 457

ပုံမှန်မဟုတ်ခြင်း

Vol. 30 Ch. 457

မြောက်ဘက်ကောင်းကင်သည် တောင်ဘက်ကောင်းကင်ထက် စောလျင်စွာ မှောင်လာပြီး နေဝင်ဆည်းဆာမှာလည်း မှိန်ဖျော့လာ၏။

ထိုနည်းဖြင့် အမှောင်ထုမှာလည်း တဖြေးဖြေး ချဉ်းနင်းဝင်ရောက်လာသည်။

အကြောင်းကား ဖြူစွေးသော နှင်းထုသည် နေရောင်မကြိုက်သလို ကောင်းကင်ကလည်း ဆည်းဆာကို မုန်းတီးနေသည် မဟုတ်ပါလား။

မကြာမီ ကောင်းကင်တစ်ခုလုံး နက်မှောင်သွား၏။

သို့တိုင်အောင် ညတာရှည်မှုသည် လွမ်းဆွတ်တမ်းတမှုကို နှိုင်းယှဉ်ပါမည်လား။

ရွှီချင်းသည် သူ၏ဖျင်တဲရှေ့တွင် ရပ်လျှက် အမှောင်ထုအောက်တွင် နန်ဟွမ်ဒေသဘက်သို့ ငေးကြည့်နေသည်။

ဤနေရာသည် နန်ဟွမ်ပြည်နယ်နှင့် ဝေးကွာလွန်း၏။

“ချန်ဖေးယွမ်နဲ့ ထင်းယွီတို့ အခုဘယ်လိုများဖြစ်နေကြပြီလဲ။ သူတို့ရှိနေရင်တော့ ဆရာ့အုတ်ဂူမှာ ပူဇော်မှုတွေ လစ်ဟင်းမှာ မဟုတ်ဘူး။”

ရွှီချင်း ရေရွတ်လိုက်ပြီး တဲအတွင်း ပြန်ဝင်လာသည်။

သူ ထိုင်ချလိုက်ပြီး သက်ပြင်းဖွဖွတစ်ချက်ချကာ မျက်လုံးများအား မှိတ်လိုက်သည်။

အချိန်အတန်ကြာလျှင် သူ့စိတ်နှလုံးထဲမှ လှိုင်းများငြိမ်သက်သွားသည်။ ထို့နောက် သူက ရွှံ့ပုလင်းငယ်လေးကို ထုတ်ယူလိုက်၏။

“အသုံးဝင်ပါစေလို့‌ မျှော်လင့်ရတာပဲ”

ရွှီချင်းက ရွံ့ပုလင်းလေးကို ဘေးသို့ချကာ သူနဲ့အတူ နှစ်ပေါင်းများစွာ အဖော်ပြုလာခဲ့သော သံ‌ချောင်းအား ထုတ်ယူလိုက်သည်။ သူက ညာလက်ဖြင့် သံချောင်းအား ညင်သာစွာပွတ်သပ်လိုက်သည်။

သူ ထိုသံချောင်း၏ အသေးစိတ်သွင်ပြင်အားလုံးကို သိနေသည်။

အသက်ကြီးသူများသည် အောက်မေ့လွမ်းဆွတ်မှုများအား မကြာခဏ ခံစားရတတ်သည်ဟု သူ ကြားဖူး၏။ သို့သော်လည်း ရွှီချင်းကား အသက်ကြီးလှသည် မဟုတ်သော်လည်း ထိုခံစားချက်များအား ရနေသည်။

လူများဖြစ်စေ အရာဝတ္ထုများဖြစ်စေ သူ့အား ကူညီပေးခဲ့သည့်အရာမှန်သမျှကို သူက အမှတ်ရနေမည် ဖြစ်သည်။

ရွှီချင်းက ရွှံ့ပုလင်းလေးအား ဖွင့်လိုက်သည်။ ထို့နောက် သူက သံချောင်းအား ထိုပုလင်းထဲသို့ ထည့်လိုက်ပြီး စိတ်အာရုံကို သံချောင်းထဲသို့ ပေါင်းစပ်ကာ ၎င်း၏အပြောင်းအလဲ အသေးစိတ်အား ဆန်းစစ်ထားသည်။

မကြာခင် ထိုရွှံ့ပုလင်းငယ်ထဲတွင် ရွှေရောင်မြူခိုးတို့ စတင်ဖြစ်ပေါ်လာသည်ကို ရွှီချင်း အာရုံခံမိ၏။

မြူခိုးသည် သံချောင်းထံသို့ စတင်စီးဝင်လာကြ၏။ သို့သော်လည်း မြူခိုးအများစုသည် သံချောင်းအပြင်ဘက်ပတ်လည်တွင်သာ ရစ်ပတ်သိုင်းထားကြသည်။

ထိုလုပ်ငန်းစဉ်မှာ တိုတောင်းခြင်း မရှိပါ။ တစ်ညတာ ကုန်ဆုံးသွားပြီးနောက် ပြင်ပကောင်းကင်သည် အလင်းရောင်များ စတင်ဖြန့်ကျက်လာ၏။ ထို့အတူ သံချောင်းပတ်လည်၌ ရစ်သိုင်းထားသော မြူခိုးများမှာလည်း ကွယ်ပျောက်သွားပြီ ဖြစ်သည်။

မြူခိုးများအားလုံး သံချောင်းနှင့် ပေါင်းစပ်သွားခဲ့ကြသည်။

ရွှီချင်းက သံချောင်းကို ထုတ်လိုက်ပြီး မျက်လုံးရှေ့သို့ ယူကာ အသေအချာ ကြည့်သည်။ ထို့နောက် တစ်ချက် ပြုံးလိုက်၏။

သံချောင်းပေါ်ရှိ အက်ကြောင်းများမှာ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ထို့အပြင် ပို၍ သန်မာလာသော ခံစားချက်အား ရ၏။ သို့သော်လည်း သူက မည်မျှ ပိုကောင်းလာသည်ကို မပြောတတ်ပေ။

ကျင်းကန်းဂိုဏ်းဘိုးဘေးက ထိုကိစ္စကို အသေးစိတ် ပြောပြနိုင်လောက်၏။ ထို့ကြောင့် ရွှီချင်းက သူ့အား ဆင့်ခေါ်လိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးက သံချောင်းကို အာရုံခံမိပြီး အလေးအနက် ပြောသည်။

“ဆရာ ဒီသံချောင်းရဲ့ ပါဝင်ပစ္စည်းက ပြောင်းလဲနေတာကို ကျုပ် အာရုံခံမိတယ်။ ကျင့်ကြံသူတွေ အဆင့်တက်သလိုပဲ သံချောင်းကလည်း အဆင့်တက်နေတာပါ။ ဒီအတိုင်း ဆက်သွားရင် ဒီသံချောင်းက ပြောင်းလဲမှုတစ်ခု ဖြစ်သွားမှာပါ။ ဒီသံချောင်းက သာမန်ရတနာကနေ မှော်ဝင်လက်နက်အဖြစ်ပြောင်းလဲသွားမှာပါ။ ပြီးတော့ ကျုပ်ရဲ့ အားဖြည့်ပေးမှုကိုလည်း ရထားတော့ ဒါက မှော်ဝင်လက်နက်ဖြစ်လာရင်တောင် ဝိညာဉ်လက်နက်အဆင့်ထက် နိမ့်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဝိညာဉ်လက်နက်လို့တောင် ခေါ်လို့ရနေပါပြီ။ ဒါပေမဲ့ နောက်ထပ် သန့်စင်ပေးဖို့ လိုပါသေးတယ်”

ရွှီချင်းက အတွေးနက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ထိုတော်ဝင်သတ္တုချီက ဈေးကြီးလွန်းလှသော်လည်း အနည်းဆုံး ဝယ်ယူရရှိနိုင်သေး၏။၊ သို့သော်လည်း များများစားစားဝယ်ယူရန်တော့ မလွယ်ကူကြောင်း သူ သိသည်။

“အရင်ရှာကြည့်တာပေါ့။ ပြီးတော့ သိပ်မကြာခင် လီယုံကျောက်တိုင်ကိုသွားပြီး ဒီတော်ဝင်သတ္တုချီရနိုင်ဦးမလား စမ်းကြည့်ရဦးမယ်။”

ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး သံချောင်းကို သိမ်းဆည်းကာ ဆက်လက်ကျင့်ကြံလိုက်သည်။

နေမင်းကြီးသည် အလင်းရောင်အား စတင်ထုတ်လွှတ်နေပြီ ဖြစ်သည်။ ရွှီချင်းက မျက်လုံးများကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်ကာ ဈေးများထဲတွင် သတ္တုချီတို့ လိုက်လံရှာဖွေ၏။

သူ တွက်ဆထားခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။ လီယုံမြို့ထဲ၌ တစ်နေကုန် လိုက်ရှာပြီးတွင်မှ ချီသုံးစခန့်သာ ရရှိခဲ့၏။

အကယ်၍ သံချောင်း အဆင့်တက်လိုပါက အနည်းဆုံး ချီစ သုံးဆယ်ခန့် လိုလောက်ပေသည်။

နေဝင်လျှင် ရွှီချင်းသည် စခန်းချရာနေရာသို့ အပြန်လမ်း၌ တာအိုယဇ်ပလ္လင်ကို ပြန်တွေ့၏။ အဘိုးကြီသည် တင်ပျဉ်ခွေထိုင်ကာ နွယ်မြက်သစ်ပင်တို့အကြောင်းရှင်းပြနေသည်ကို တွေ့ရသည်။

“ညနက်အလောင်းကောင်မြစ်ဟာ မိုးမခတောင်ထိပ်က ဂန္ဓမာပန်းအဆိပ်မြစ်လို့လည်း သိကြတယ်။ အဲဒါဟာ ဂန္ဓမာပန်းရဲ့ပင်စည်နဲ့ အမြစ်တို့ပဲ။ စမ်းချောင်း၊ စိမ့်စမ်းနဲ့ တောအုပ်တွေထဲမှာ ပေါက်လေ့ရှိတယ်…”

သူက အသံက ရှေးဆန်နေပြီး အရပ်မျက်နှာမျိုးစုံသို့ ပဲ့တင်ထပ်နေသည်။ သို့ရာတွင် တာအိုယဇ်ပလ္လင်ပြင်ပရှိ လေ့လွင့်ကျင့်ကြံသူတို့မှာကား ယခင်ကထက် နည်းပါးလာ၏။ ယနေ့တွင် လူဆယ့်နှစ်ယောက်ခန့်သာ ကျန်တော့သည်။

ရွှီချင်းသည် အချိန်အတန်ကြာ နားထောင်ပြီးနောက် တိတ်တဆိတ်ထွက်လာ၏။ ဤတစ်ကြိမ်တွင်ကား သူ ထွက်မလာခင် ဝိညာဉ်ကျောက်တစ်တုံး ပေးခဲ့သည်။

ဤသို့ဖြင့် အချိန်တို့ တရွေ့ရွေ့ကုန်လွန်ကာ လဝက်ကြာသွားသည်။

ထိုလဝက်၌ လူသားအဖွဲ့အစည်းများစွာတို့၏ တပည့်များသည် လီယုံမြို့သို့ တဖွဲဖွဲရောက်ရှိလာကြရာ မြို့မှာ ပို၍စည်ကားသိုက်မြိုက်လာ၏။ ထို့အပြင် ကျောက်တိုင်ပေါ်သို့ တက်သည့် ကျင့်ကြံသူများလည်း ပိုမိုများပြားလာသည်။

နံပါတ် ၁နေရာတွင် မပြောင်းမလဲ တည်ရှိနေသူကား ထိုက်စီရှန်းမုန်ဂိုဏ်းမှ လီကျစ်လျန် ဖြစ်သည်။ သူသည် ပေရှစ်ထောင်နီးပါးသို့ ရောက်ခါနီးနေလေပြီ။ ၎င်းထက် မြင့်မားစွာ တက်ရန်ကား သူ့အတွက်ပင် အတော်လေး ခက်ခဲဟန်ရှိ၏။

ထိုအချိန်ကာလအတွင်း၌ သူသည် မဟာမိတ်အဖွဲ့သို့ စိန်ခေါ်စာသုံးစောင် ထပ်ပို့ခဲ့သေးသည်။ ပုံမှန်အားဖြင့် သူ စိန်ခေါ်သူမှာ ရွှီချင်း ဖြစ်သည်။

ရွှီချင်းကတော့ စိန်ခေါ်စာများအားလုံးကို လစ်လျူရှုထားသည်။ ထိုအချိန်တွင်းတွင် သူသည် သတ္တုချီတို့ မကြာခဏထွက်ဝယ်ခြင်းမှ လွဲလျှင် တာအိုယဇ်ပလ္လင်တွင်သာ သွားရောက်နားထောင်နေတတ်၏။ အပြင်မှ ပြန်လာတိုင်း ထိုနေရာ၌ ရပ်တန့်ကာ နားထောင်ခြင်းက အလေ့အထတစ်ခုပင် ဖြစ်လာသည်။

အဘိုးကြီးသည် အာခီမီနည်းစနစ်တို့ စတင်ရှင်းလင်းချိန်သို့ရောက်လာချိန်တွင်မှ သူက တာအိုယဇ်ပလ္လင်ဘေးတွင် ထိုင်ကာ နားထောင်ရန်ဆုံးဖြတ်လိုက်၏။

ထိုစဉ်က သမားတော်ကြီးပိုင်သည် သူ့အား နွယ်မြက်သစ်ပင်တို့အကြောင်းကိုသာ ရှင်းပြခဲ့ပြီး အာခီမီပညာကိုတော့ သင်ပေးခဲ့ခြင်းမရှိပါ။ ရွှီချင်းက အကြောင်းအရာအများစုကို ကိုယ်တိုင် အဖြေရှာခဲ့ရသည်။

သူသည် ဆေးဝါးပညာ၌ ကျွမ်းကျင်မှုအချို့ရရှိခဲ့သော်လည်း အာခီမီပညာရပ်တွင်ကား လိုအပ်ချက်များစွာရှိနေသေးသည်။ ထိုကြောင့် သူက အတော်လေး အလေးအနက်ထား နားထောင်သင်ယူ၏။ ထိုနေ့ရက်တို့သည် ရှားပါးသော အေးချမ်းတည်ငြိမ်မှုများ ယူဆောင်လာသဖြင့် ရွှီချင်းက ရတနာရှာစခန်းသို့ ပြန်ရောက်သွားသည့်အလား ခံစားရ၏။

တစ်ချိန်တည်းမှာပင် ထိုသာမန်သွင်ပြင်နဲ့ အဘိုးကြီး၏ အာခီမီပညာရပ်မှာ လွန်စွာနက်ရှိုင်းကြောင်းကိုလည်း သူ သတိထားမိသည်။ ထိုအဘိုးကြီး၏ စကားတစ်ခွန်းမှ များစွာသော ပညာဗဟုသုတများ အတွေးအမြင်သစ်များအား သူ ရရှိသည်။

“ယင်နဲ့ ယန်အစွန်းနှစ်ခု ပြောင်းလဲမှုနည်းလမ်းက နည်းလမ်းအများကြီးထဲက တစ်ခုပဲ။ အာခီမီဟာ ကျယ်ပြန့်နက်ရှိုင်းလွန်းတယ်။ ယခုအချိန်ထိ လူသားမျိုးနွယ်မှာ အာခီမီနည်းစနစ် ခြောက်ထောင်ကျော်ရှိနေပြီ။”

“ဒီအာခီမီနည်းစနစ်တွေကို လိုက်သင်နေဖို့တော့ သိပ်အ‌လေးမပေးချင်ပါဘူး။ သူတို့က  အပြင်ပိုင်းနည်းစနစ်တွေပဲ။ ဒါကြောင့် ငါက ယင်ယန်အစွန်းနှစ်ခု ပြောင်းလဲခြင်းနည်းစနစ်ကိုပဲ သင်ပေးမယ်။ နည်းစနစ်ဆိုတာတွေက နွယ်မြက်သစ်ပင်အသိပညာကို အသုံးချနည်းတစ်မျိုးပဲလေ”

“ဒီတော့ အားလုံးမှတ်ထားဖို့က လမ်းကြောင်းပေါင်းထောင်ချီရှိနေပေမဲ့ ပန်းတိုင်ကတော့ တစ်ခုတည်းပါပဲ။”

“ဒါကြောင့် အခြေခံဟာ အာခီမီပညာရပ်မှာ အရေးကြီးဆုံးဖြစ်တယ်။ အဲဒီနောက်မှာ ကိုယ်တိုင်သင့်တော်ရာနည်းစနစ်ကို ရှာဖွေလေ့လာကြည့်ရမှာဖြစ်တယ်။ ဘယ်လိုပြောပြော အင်မတန် ရိုးစင်းတဲ့ ပေါင်းစပ်နည်းစနစ်တောင်မှ အထိရောက်ဆုံးနည်းလမ်းထဲက တစ်ခုပဲလေ”

“ဆေးဖော်စပ်ခြင်းအတွက်ကတော့ ဒီအဘိုးကြီးအမြင်အရဆိုရင် ဆေးပင်တွေရဲ့ ဆေးဂိုဏ်သတ္တိကို လှုံ့ဆောင်ကျိုချက်တာက အကောင်းဆုံးပဲ”

“ဒီနည်းလမ်းတွေက အာခီမီနည်းစနစ်တွေဖြစ်နေပေမဲ့ ငါ့ရဲ့ အာခီမီနည်းစနစ်တွေကို နားထောင်ကြတဲ့သူတွေဟာ အနှစ်သာရကို သဘောပေါက်ဖို့ လိုတယ်။ ဒါမှသာ နောက်ပိုင်း အောင်မြင်မှုတစ်ခုခုရမှာ ဖြစ်တယ်”

ရွှီချင်းမှာ ထိုစကားလုံးတို့အားလုံးနားထောင်ပြီးနောက် တွေဝေငေးမောမိသွားသည်။ သူ့ရှေ့က ထိုအဘိုးကြီးသည် သမားတော်ကြီးပိုင်ဖြစ်လာသည်ဟုပင် ခံစားမိ၏။

သူက အလိုလိုထရပ်လိုက်ပြီး ထိုစကားများအား မှတ်သားထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ထိုစကားတို့အား လေ့လာသည်နှင့်အမျှ အာခီမီအား ပိုမိုနားလည်လာသည်ဟု ခံစားရ၏။ ထို့အပြင် သူ့တွင် အလွန်နည်းစနစ်ကျသော အခြေခံရှိသည်။

သူ့အခြေခံအုတ်မြစ်သည် သမားတော်ကြီးပိုင်က သင်ကြားဆောက်တည်ပေးခဲ့ခြင်းဖြစ်ပြီး လွန်စွာခိုင်မာ၏။

နောက်ပိုင်း သူ၏ကိုယ်ပိုင်လေ့လာမှုများက အတော်လေး ရောထွေးသွားကာ အဆိပ်အတတ်အပေါ် အလေးအနက်ထားလာခြင်းက သူ့အာခီမီအတတ်အား ပြိုလဲမသွားစေသည့်တိုင် ယိုင်နဲ့နဲ့သာ ကျန်တော့သည်။

ယခု သင်ကြားရေးအစီအစဉ်က နဂိုလမ်းလွဲနေသော ရွှီချင်းအား အာခီမီပညာတွင် ဦးတည်ရာတစ်ခု ပြန်ရလာစေ၏။

ရွှီချင်းအား တစ်ချိန်က တစေအင်ပါယာတောင်ကုန်းသို့ခေါ်လာခဲ့သော  အမှတ်ခုနစ်သခင်ကြီးပြောခဲ့သည့်စကားအရဆိုလျှင် အခြားနတ်ဘုရားတစ်ပါးက ရွှီချင်းနှလုံးသားထဲ ဝင်ရောက်လာသည်ဟု ဆိုနိုင်သည်။ ၎င်းသည် သူ့အာခီမီလမ်းကြောင်းကို အလင်းပြသည့် နတ်ဘုရားတစ်ပါးဖြစ်ပေသည်။

ထိုကြောင့် ရွှီချင်းမှာ ဝမ်းသာအားရဖြစ်ရသည်။ သူက ထိုသို့ ဝမ်းသာအားရ မဖြစ်ခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီ။

ထိုအသိပညာတိုးပွားမှုက သူအား စိတ်ကြေနပ်စေ၏။ သို့ရာတွင် မတော်တဆဟူသည် အမြဲတမ်း ပေါ်လာတတ်ကာ သူ့ သင်ကြားခြင်းမှာလည်း တခန်းရပ်ရန် ဖြစ်လာသည်။

သူ ရှင်းလင်းစရာ ကိစ္စတစ်ခု ရှိနေသည်။

ထိုပြဿနာအကြောင်းရင်းကတော့ ပြင်းထန်လှသည်မဟုတ်သော အငြင်းပွားမှုအချို့သာ ဖြစ်သည်။ ရွှမ်ယုံဂိုဏ်းနဲ့ ချီယွဲ့ထုံဂိုဏ်းမှ တပည့်များသည် ထိုက်စီရှန်းမုန်ဂိုဏ်းနဲ့ ရန်ပွဲအချို့ဖြစ်ခဲ့ကြသည်။ ထိုကိစ္စက ရွှီချင်းနဲ့ အနည်းနဲ့အများသက်ဆိုင်နေ၏။

ထိုအချိန်အတွင်းတွင် သူက လီကျစ်လျန်၏ စိန်ခေါ်မှုများကို ကြိမ်ဖန်များစွာ လစ်လျူရှုထားခဲ့သဖြင့် ကောလဟာလများစွာ ပြန့်လာစေခဲ့သည်။ ထိုစကားတို့က ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့က တပည့်များအား ဒေါပွဲစေသည်။

ထို့ကြောင့် အငြင်းပွားမှုများ ခိုက်ရန်ဖြစ်မှုများမှာလည်း အလိုအလျောက် ဖြစ်ပေါ်လာရ၏။

ထိုရန်ပွဲတွင် ရွှမ်ယုံဂိုဏ်းနဲ့ ချီယွဲ့ထုံဂိုဏ်းမှ တပည့်များအား လီကျစ်လျန်က ဖမ်းဆီးချုပ်နှောင်လိုက်၏။ ထို့အပြင် သူက အင်အားသုံးကာ ချုပ်နှောင်ခဲ့ခြင်းလည်း ဖြစ်သည်။

သူက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့နှင့် ရွှီချင်းအားအတိအကျနာမည်တပ်ကာ တပည့်များ ပြန်ခေါ်လိုလျှင် တောင်းပန်ရမည်ဟု အကြောင်းကြားခဲ့သေးသည်။ ၎င်းက ရွှီချင်းအား သူနှင့် တိုက်ခိုက်ရန် အတင်းအကြပ်ပြုနေခြင်းဖြစ်ကြောင်း ထင်ရှား၏။

ထိုကိစ္စမှာ လျင်မြန်စွာပျံ့နှံ့သွားပြီး လီယုံမြို့တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွား၏။ အဖွဲ့အစည်းမျိုးစုံတို့က ထိုကိစ္စကို အာရုံစိုက် စောင့်ကြည့်ကြသည်။

ရွှီချင်းကလည်း ယခင်က စိန်ခေါ်မှုမှန်သမျှကို ငြင်းပယ်ခဲ့ခြင်းမှာ အမှန်ဖြစ်သည်။ ရွှီချင်းအား နားမလည်သူတို့အမြင်တွင် ထိုကိစ္စက ကြောက်ရွံ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။ ယခုလီကျစ်လျန်က ဤသို့ပြုခဲ့သည်ဖြစ်ရာ ရွှီချင်းက စိန်ခေါ်မှုကို ဆက်ရှောင်နေဦးမည်လားဟု သူတို့သိချင်လာကြသည်။

“အတော်လေး စိတ်ရှုပ်စရာပဲ”

ထိုကိစ္စအား ကြားသိသောအခါ ရွှီချင်း မျက်မှောင်ကြုတ်မိ၏။ သူက သိသိသာသာ လီကျစ်လျန်နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်လာသည်။

တစ်ဘက်လူက သူ့ကိုအသုံးချပြီး ထင်ပေါ်လိုခြင်းဖြစ်ကြောင်း သူ နားလည်၏။ ထိုနည်းဖြင့် ဓားကိုင်စမ်းသပ်မှု၌ အမှတ်များ ပိုရနိုင်သည်။

ထိုသို့တွေးခြင်းက မှားသည်ဟု မဆိုနိုင်သေးပေ။ သို့သော် လိုချင်သည့်အရာတစ်ခုအတွက် တခြားလူများအား အသုံးချကာ ကြံစည်ခြင်းသည် နည်းလမ်း မမှန်ပေ။

ထို့အပြင် သူက မူမမှန်မှုတစ်ခုကိုလည်း ခံစားရသည်။

ဥပမာ ထိုတစ်ဖက်လူက သူ့အား ကြိမ်ဖန်များစွာစိန်ခေါ်နေခြင်းတွင် အခြားရည်ရွယ်ချက်တစ်ခုခု ရှိနေသေးသည်လား။

ထိုသို့ ရည်ရွယ်ချက် ရှိနေသည်ဆိုင်သည့်တိုင် ၎င်းက သေချာပြင်ဆင်ထားပုံတော့ မရချေ။ ထို့ကြောင့် သူ့အား စိန်ခေါ်မှုကိုသာ လက်ခံရန်အတင်းအကြပ်ပြုနိုင်ပြီး သေခြင်းရှင်ခြင်း တိုက်ပွဲမျိုးအတွက် တစ်ဘက်လူက တွန့်ဆုတ်နေခဲ့သည်။ ကောက်ချက်ချရပါက တစ်ဘက်လူက သူ့ခွန်အားအစစ်အမှန်ကို စမ်းသပ်လိုနေ၏။

သူ့ အတွေ့အကြုံများအရ ထိုကိစ္စအား ဖြေရှင်းရန် ရွှီချင်းတွင် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။

ထိုနည်းကတော့ တစ်ဖက်လူအား နောက်တစ်ကြိမ် ပြန်မတိုက်နိုင်အောင် လုပ်ခြင်းသာဖြစ်သည်။ သူက ရန်သူကို ပထမတိုက်ပွဲတွင်ပင် အသေသတ်ရမည်။

သူ အမုန်းဆုံးကိစ္စမှာ တိုက်ပွဲပြီးချိန်တွင် ရန်သူအား မသတ်နိုင်ခြင်းပင်ဖြစ်သည်။ သူ့ခွဲခြမ်းစိတ်ဖြာမှုများအရ တစ်ဘက်လူတွင် မကောင်းသော အကြံအစည်ရှိနေသည်မှာ သေချာ၏။ ထိုသို့သော အခြေအနေတွင် အမုန်းတရားသည် သေချာပေါက် မွေးဖွားလာပေလိမ့်မည်။

ထို့ကြောင့် တစ်ဘက်လူ အသက်ရှင်နေသရွေ့ ရွှီချင်းတစ်ယောက် စိတ်လုံခြုံမှုကို ခံစားရမည် မဟုတ်ပါ။

ရွှီချင်းက ကျောက်စိမ်းပေလွှာတစ်ခု ထုတ်လိုက်ပြီး ဘိုးဘေးထံ အသံပို့လွှတ်မေးလိုက်သည်။

“ဘိုးဘေး လီယုံကျောက်တိုင်ဝန်းကျင်မှာ သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ်ဆိုတာ နယ်မြေတစ်ခုလုံးလား။ ဒီမြို့တစ်ခုတည်းကို ပြောချင်တာလား။”

အချိန်အတန်ကြာလျှင် ဘိုးဘေးက ပြန်ဖြေသည်။

“ဒီမြို့.. ဒီကောင်လေးကတော့.. ထားလိုက်တော့.. စိတ်ကြိုက်သာလုပ်ပေတော့။”

ရွှီချင်း ခေါင်းညိတ်လိုက်သည်။ တာအိုယဇ်ပလ္လင်ပြင်ပတွင် သူက ဆေးပင်များအကြောင်းရှင်းပြနေသည့် အဘိုးကြီးအား လက်သီးနှင့် လက်ဖမိုးအုပ်ကာ နှုတ်ဆက်လိုက်သည်။ ထိုအဘိုးကြီးသည် သူ့အား သိပ်အာရုံမစိုက်ကြောင်း သူ သိသည်။ သို့တိုင်အောင် သူက လေးစားမှုကို ပြသရပေမည်။

သူက ဦးညွတ်လိုက်ပြီးနောက် ကိုယ်ကိုဖျပ်ခနဲလှုပ်ကာ ကောင်းကင်သို့ ပျံတက်သွားလိုက်သည်။ အချိန်ခဏကြာလျှင် သူသည် မြို့ပြင်သို့ ရောက်ရှိလာ၏။ သူက လေထဲတွင်ရပ်ကာ တည်ငြိမ်စွာပြောလိုက်တော့သည်။

“လီကျစ်လျန် မင်း သေခြင်းရှင်ခြင်းတိုက်ပွဲကို လက်ခံရဲသလား”

သူ့စကားကို ကြားသည်နှင့် တစ်မြို့လုံးမှ အင်အားစုများနှင့် ကျင့်ကြံသူများအကြား၌ ဆူညံပွတ်လောရိုက်သွားသည်။

***

All Chapters