ဒါကို အမှန်အဖြစ်သာ ယုံကြည်လိုက်ချင်သည်။
Vol. 2 Ch. 15
‘ဒါက တကယ့်ကို ရှက်စရာပဲ။’
သို့ပေမည့် ချင်းကျီ ဒါကို ထုတ်မပြောနိုင်ပေ။
အစောပိုင်းအချိန် ဤမိန်းကလေးအား စတင် စောင့်ကြည့်ရစဥ်ကတည်းက သူသည် မိန်းကလေးရှဲ့၏ အလွန်နှေးကွေးသော လမ်းလျှောက်နှုန်းကြောင့် အထင်သေးခဲ့သည်။
သည့်အပြင် သူသည် ထိုအကြောင်းအား အမှန်တကယ်မဖြစ်နိုင်ဟု တွေးထားခဲ့သည်။
ဘယ်လိုလုပ် သူက သူ့အဖေရဲ့ သားအရင်း မဟုတ်ရမှာလဲ? သူ့အဖေသည် သူ့အား အလွန်အမင်းချစ်ခင်လှသည်လေ။
ဒါပေမယ့် သခင်လေးက အရူးတစ်ယောက် ဖြစ်ပြီး လှည့်စားခံ နေရသည်ဟုလည်း သူ မပြောနိုင်ပေ။ ထို့ကြောင့် သူ့၏ ခေါင်းအား ခပ်တင်းတင်း လှုပ်ယမ်း လိုက်သည်။
" မဟုတ်ဘူး။ ခဏလောက် စောင့်ပြီးတော့သာ ကြည့်လိုက်၊ ကျွန်တော် အဆင်ပြေမယ်ဆိုတာ သေချာတယ်။ ပြီးရင် သခင်လေးလည်း ဒီမိန်းမလှလေးက လူတွေကို လှည့်စားတဲ့နေရာမှာ ဘယ်လောက် တော်တယ် ဆိုတာ သိသွား လိမ့်မယ်"
သူ့အဖေကို သူ ယုံကြည်သည်! သူက သူ့အဖေနှင့် အလွန်တူသည်လေ!
နန်းတွင်း သက်တော်စောင့် ကျို့သည် အတော်ပင် ဒေါသထွက် သွားကာ ချင်းကျီအား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ သူသည် မိန်းကလေးရှဲ့အား မှီရန်သာ အမြန်လိုက်လိုက်သည်။
" မိန်းကလေးရှဲ့..."
သူသည် သူမအား နှစ်ကြိမ် ခေါ်ခဲ့ပေမယ့် မိန်းကလေးရှဲ့သည် လှည့်ကြည့်မလာခဲ့ပေ။ နန်းတွင်း သက်တော်စောင့်ကျို့သည် စိုးရိမ်တကြီးဖြင့် သူမအား ထပ်မံခေါ်လိုက်သည်။
" ကြီးမြတ်လှတဲ့ အမတအရှင်၊ ကျွန်တော့်ကို စောင့်ပါဦး"
ရှဲ့ချောင် လှည့်လာခဲ့သည်။
" ဘာကိစ္စလဲ? "
"..."
နန်းတွင်း သက်တော်စောင့် ကျို့၏ မျက်ခုံးများ အပေါ်တက် သွားကာ သူချက်ချင်းပင် ပြောလိုက်သည်။
" မနေ့က မင်း ကံကြမ္မာဖတ်ပေးလိုက်တဲ့ သူက ကျွန်တော့်မိတ်ဆွေလို့ ယူဆလို့ရတဲ့ ချင်းကျီ ဆိုတဲ့တစ်ယောက်ပါ။ မင်း သူ့ကို ကူညီပေးနိုင်မလား? သူက အသက်ငယ်သေးတဲ့အပြင် သူ့ဇနီးသည် ကလည်း ကိုယ်ဝန်ရှိ နေတာပါ။ တကယ်လို့ တစ်ခုခု ဆိုးရွားတာ သူ့ဆီမှာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့မိသားစု တစ်ခုလုံး ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်း ရပါလိမ့်မယ်။"
ရှဲ့ချောင်သည် အခြားတစ်နေရာသို့ စိုက်ကြည့် နေခဲ့သည်။
၎င်းမှာ သခင်မလု၏ သုန်မှုန်နေသော မျက်နှာအား သူမ တွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။
သူမ စိတ်ထဲ၌ တစ်စုံတစ်ခုရှိနေခဲ့ပြီး သူမထပ်မံ မပြောချင်တော့ပေ။ ဘေးကင်းစေသော အဆောင်အား သူမ ထုတ်ယူလိုက်ကာ
" ဒီဟာကို သူ့ကိုယ်နဲ့ မကွာ ဆောင်ထားဖို့ ပြောလိုက်။ အချိန်တစ်ခု လောက်အထိတော့ ဆောင်ထား နိုင်ပေမယ့် သူ့ တစ်ဘဝလုံးတော့ မဟုတ်ဘူး။ သူ့ အခြေအနေက ကွဲပြားတယ်။ တကယ်လို့ အဓိကပြဿနာတွေကို သူ မဖြေရှင်းဘူးဆိုရင် သေခြင်းတရားကို အနှေးနဲ့အမြန် သူရင်ဆိုင် ရလိမ့်မယ်။"
" ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျွန်တော် သူ့ကို ဖျောင်းဖျ လိုက်ပါ့မယ်။"
နန်းတွင်း သက်တော်စောင့် ကျို့ ချက်ချင်းပင် ပြောလိုက်သည်။
'တခြားထက် ဒါက မှန်ကန်မယ်လို့ ယုံကြည်ချင်တယ်။ '
ဤမိန်းကလေးသည် လူလိမ် တစ်ယောက် ဖြစ်စေ၊ ကြီးမြတ်သော အမတအရှင် တစ်ယောက် ဖြစ်စေ စိတ် သက်သာရာရစေဖို့ အရင်ရှာဖွေသည်က ပိုကောင်းသည်လေ။
နန်းတွင်းသက်တော်စောင့်ကျို့သည် စည်းမျဥ်း များကို သိပေသည်။ ကံကြမ္မာဖတ်ခြင်း အတွက် သူပေးချေရမည်။
ကြေးဒင်္ဂါးပြား၂၀အား သူထုတ်ယူ လိုက်သည်။
ရှဲ့ချောင်သည် ၎င်းအား အထင်သေးခြင်း မပြုခဲ့ချေ။ အခကြေးငွေယူခြင်းသည် စည်းမျဉ်းဥပဒေအရ လုပ်ဆောင်နေခြင်းသာဖြစ်သည်။
သူမ၏ ဘေးကင်းစေသော အဆောင်မှာ ရောဂါလက္ခဏာများကိုသာ ကုသနိုင်သည် ဖြစ်ပြီး မူလအကြောင်းအရာ အရင်းအမြစ်ကို မဟုတ်ပေ။ သူမ ငွေကြေး များစွာ မယူခဲ့ခြင်းမှာ ထိုအရာသည် မသင့်တော်ကာ ကောင်းသောကံများ စုဆောင်းရာတွင်လည်း အထောက်အကူမပြုသောကြောင့် ဖြစ်သည်။
သူမ ပစ္စည်းများကို လွှဲပြောင်း ပေးပြီးနောက် ရှဲ့ချောင်သည် သခင်မလု နှင့် သူ့သမီးအား တွေ့ရန် သွားတော့သည်။
ကြက်ဖကြီးတစ်ကောင်က သူမ ဘေးတွင် ရှိနေသည့်အပြင် ကြီးမားသော ဝါးသေတ္တာတစ်ခု သည်လည်း သူမ ကျောပေါ်တွင် သယ်ဆောင် ထားကာ သူမ၏လက်ထဲတွင် အထုပ်တစ်ထုပ်ကို ကိုင်ဆောင်ထားသေးသည်။ သူမ၏ ပုံစံမှာ သူမအား ဒုက္ခသည် တစ်ယောက် နှင့်တူအောင် လုပ်ထားလေသည်။
သခင်မလုသည် ခေါင်းကို လှည့်ကာ သူမကို တစ်ချက် ကြည့်ပြီးနောက် ချက်ချင်း ဒေါသူပုန် ထလေသည်။
" ငါ ဒီနေ့ ကံကောင်း မနေတာ အံ့သြစရာ မရှိတော့ဘူး။ သူမကို ကြည့်လိုက်ဦး! ငါက သူ့ကို အနိုင်ကျင့် နေပါတယ်လို့ လူတွေ တွေးနေကြတော့မှာပဲ! သူ့မှာ စီးဖို့ ရထားလုံး ရှိပေမယ့် ခြေကျင် လမ်းလျှောက် လာဖို့ကိုပဲ ရွေးခဲ့ပြီး ကိုယ့် ဂုဏ်သတင်းကို ဂရုမစိုက်ပဲ တစ်ညလုံး မြက်တောထဲမှာ အိပ်ခဲ့တယ်။ အနာဂတ်မှာ မင်းကို သူက ဒုက္ခ ရောက်အောင်လုပ်ခဲ့ရင် ဘယ်လို လုပ်မလဲ?! "
သခင်မလုသည် ဒေါသထွက်စွာဖြင့် ခပ်အုပ်အုပ် ပြောလိုက်သည်။
ယနေ့ သူမ၏ ငွေများစွာ ဆုံးရှုံးခဲ့သည်!
သူမ တကယ့်ကို ဒေါသထွက် နေ၏။
" အမေ အဲဒီလို မပြောပါနဲ့။ သူမက အနာဂတ်မှာ သမီးရဲ့ အစ်မအကြီးဆုံး ဖြစ်လာမှာလေ။ အမေသာ အရမ်း ခက်ထန် နေမယ်ဆိုရင် တခြားလူတွေက အမေက သမီးကိုချစ်ပြီးတော့ သူမကိုအထင်သေးတယ် လို့ ထင်သွားကြလိမ့်မယ်"
ဖေဝမ်ယွဲ့သည် သခင်မလုအား အမြန်ပင် စိတ်ငြိမ် စေလိုက်သည်။
" သမီးတို့ အခု ငွေတွေ အများကြီး ဆုံးရှုံးခဲ့တယ်လေ။ သမီးတို့ ပြန်ရောက်တဲ့ အချိန်ကျရင် ရှင်းပြဖို့ မလွယ်မှာကို သမီး စိုးရိမ်မိတယ်..."
သခင်မလု၏ မျက်နှာမှာ ပို၍ပင် ဖြူဆုတ် သွားလေသည်။
ဤသည်မှာ ဒီအတိုင်း ငွေများ ဆုံးရှုံးလိုက်ရ သည်ထက်ပိုပေသည်။
သူတို့ မနက်ပိုင်း အပြင်ထွက်ခဲ့စဥ်က ကျောက်စိမ်းရောင်းသည့် ဈေးနေရာတစ်ခုထံ ချက်ချင်း သွားခဲ့ကြသည်။ ကျောက်စိမ်းတုံး အသေးနှစ်ခု ဝယ်ကာ ဈေးတစ်ဝိုက် ပတ်သွား နေစဉ်တွင် သူတို့၏ ပိုက်ဆံအိတ်အား ဆုံးရှုံးလိုက် ရမည်ဟု ဘယ်တုန်းကမှ မမျှော်လင့် ထားခဲ့ကြပေ။
ပိုက်ဆံအိတ်မှာ ဆွဲပြား အသေးလေး တစ်ခုနှင့်အတူ ငွေလက်မှတ် ၂၀၀အား သိမ်းထည့် ထားသည်ဖြစ်သည်။
ကျောက်စိမ်းဆွဲပြားသည် တစ်စုံတစ်ယောက်ကိုပို့ပေးရန် သူမ၏ခင်ပွန်းမှ သူမအား ပေးထားခြင်းဖြစ်သည်။ သူမ၏ သမီးအတွက် တစ်ခုနှင့် အခြားတစ်ခုမှာ ရှဲ့ချောင်အတွက် စုစုပေါင်း နှစ်ခု ရှိခဲ့သည်ဖြစ်သည်။
ရှဲ့ချောင်အတွက် ရည်ရွယ်ထားသော ကျောက်စိမ်းဆွဲပြားအသေးလေးသည် ကျောက်စိမ်းဖြူနှင့်တူပေသည်။ ဦးချိုနှစ်ခုနှင့် တောင်ပံ နှစ်ခုရှိသော ဒဏ္ဍာရီလာသတ္တဝါ ဖီရှို့ သဏ္ဍာန် ထွင်းထုထားခြင်း ဖြစ်သည်။ ထိုအရာမှာ မည်သည်ကို ညွှန်းဆိုသော အဓိပ္ပာယ် ဖြစ်ကြောင်း သူမ မသိပေ။
ဆွဲပြားလေးသည် အရွယ်အစား မကြီးသော်လည်း အလွန် ဈေးကြီးပုံတော့ ပေါ်လေသည်။
သူမ၏ သမီးထံ ပေးခဲ့သော ဆွဲပြားသည်လည်း အကောင်းပင် ဖြစ်ကာ ဆင်စွယ်ရောင် ဖြစ်လေသည်။
ထွင်းထု ထားသည်မှာ ရိုးရှင်းသည့် မက်မွန်ရောင် ဖြစ်ကာ ရှဲ့ချောင်အား ပေးခဲ့သည့် တစ်ခုနှင့် နှိုင်းယှဥ်၍ပင် မရချေ။ နှိုင်းယှဥ် မှုများအား စတင် ပြုလုပ် မိသည်က သူမအား ပို၍ပင် ဒေါသ ထွက်လာ စေသည်။
သူမ တွေးထားခဲ့သည်မှာ ဆွဲပြားကို ရက်အနည်းငယ် သိမ်းထားမည်။ နန်းမြို့တော်သို့ ရောက်သည့်အခါ သူမ၏ခင်ပွန်း ထုတ်ပြောမှသာ သူမဟာ မိန်းကလေး အတွက် သိမ်းထား ပေးခဲ့ကြောင်း ပြော၍ ပြန်ပေးရန် ဖြစ်ကာ သူထုတ်ပြော မလာခဲ့လျှင်တော့...
သူမ ၎င်းအား ဆက်လက် ယူထားမည် ဖြစ်သည်။
' ဒါက အခိုးခံလိုက်ရမယ်လို့ ဘယ်သူက သိမှာလဲ! '
•••••••••